အခန်း (၂၀၃+၂၀၄)
Vol. 9 Ch. 203+204
အခန်း(၂၀၃) မရီးရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာ
လက်ဆောင်ဘူးတွေထဲမှာ လက်ဝတ်ရတနာတွေနဲ့ ပြည့်နှက်နေသည်။
ချင်းမိသားစုအိမ်မှာနေဖို့ ဟွာချန့်မြို့ကို ဟွော်ထျင်း ရောက်လာခဲ့တုန်းက လိုရမယ်ရ လက်ဆောင်ပစ္စည်းတွေယူသွားဖို့ အိမ်တော်ထိန်းလျို့ကို ဟွော်ချန်းယီ ပြောခဲ့သည်။
သို့သော်လည်း ဟွော်ထျင်းက သူများတွေကို လက်ဆောင်လိုက်ပေးဖို့ အပျင်းထူနေခဲ့ပါသည်။ လက်ဆောင်ပေးစရာ လိုသည်ဟုလည်း မထင်မိပါ။ ထို့ကြောင့် ထိုပစ္စည်းတွေနဲ့ သူ့ခရီးဆောင်အိတ်ကို သူ့နောက်လိုက်တွေကသာ တာဝန်ယူ သိမ်းဆည်းပေးထားခဲ့သည်။
တောင်းပန်သည့်အခါ လက်ဆောင်ပေးရမည်ဟု စူစူလေးသာ မပြောခဲ့လျှင် ဟွော်ထျင်း သူ့အဖေထည့်ပေးလိုက်သည့် လက်ဆောင်ပစ္စည်းတွေကို သတိတောင်ရမှာ မဟုတ်ပါ။
ဟွော်ထျင်းထံမှ လက်ဆောင်တွေကို မြင်သောအခါ မိစ္ဆာဘုရင်လေး တကယ်တောင်းပန်နေတာဖြစ်မှန်း သူဌေးကတော်များ ယုံကြည်သွားပါသည်။
လက်ဆောင်တွေက ကိစ္စမရှိသော်လည်း တောင်းပန်သည့် လုပ်ရပ်က အဓိက ဖြစ်သည်။
ယခုတော့ သူတို့ ရှက်ရွံ့နေကြလေပြီ။
“ရပါတယ် ရပါတယ်။ သခင်လေးဟွော် တောင်းပန်စရာ မလိုပါဘူး။ ကျွန်မတို့ကိုက စိတ်ပျော့လို့ပါ”။
“ဟုတ်ပါတယ် သခင်လေးဟွော် စိတ်မပူနဲ့နော်။ အရေးကြီးတဲ့ ကိစ္စမဟုတ်ပါဘူး။ ကျွန်မတို့ ဒီတိုင်း နည်းနည်း လန့်သွားတာပါ”
“သခင်လေးဟွော်က သဘောကောင်းလိုက်တာ။ ကျွန်မတို့ ဘာမှမဖြစ်ဘူး။ အဲ့လောက်ကြီး တောင်းပန်ဖို့ မလိုပါဘူး”
“… … …”
သူဌေးကတော်တွေအားလုံး ခွင့်လွှတ်ပေးလိုက်ကြပါသည်။
အိမ်တော်ထိန်းလျို့ ကြည်နူးလွန်းသဖြင့် မျက်ရည်တောင် ဝဲသွားသည်။
သူတို့ သခင်လေး အမှားကို ပြန်တောင်းပန်တတ်နေပြီပေါ့!
ဒါပထမဆုံး ခြေလှမ်းပဲ!
မီးရှူးမီးပန်းနဲ့ ဗြောက်အိုးဖောက်ခွင့်သာ ပိတ်ပင်မထားလျှင် အခုချက်ချင်း အောင်ပွဲခံမိလိမ့်မည်။
--- --- ---
ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့ အိပ်ခန်းထဲတွင်…
ဝမ်ချင်း ကုတင်ပေါ်မှာ လှဲလျောင်းရင်း သတိပြန်လည်လာလေပြီ။ မကြာသေးခင်က မိသားစုဆရာဝန် ရောက်လာပြီး စစ်ဆေးပေးသွားတာဖြစ်သည်။
သူမ စိတ်အလွန်ချောက်ချားကာ ရှော့ခ်ရသွားခြင်းဖြစ်သည်ဟု ဆရာဝန်က ဆို၏။
ဇနီးဖြစ်သူ၏ ဖြူရော်နေသော မျက်နှာကို ချင်းရှင်းကျစ် စိတ်မကောင်းဖြစ်စွာ ကြည့်လိုက်သည်။
“အာ့ချင်း နေရထိုင်ရတာ သက်သာရဲ့လား”။ ချင်းရှင်းကျစ်က နူးညံ့စွာ မေးလိုက်သည်။
ဝမ်ချင်းက မျက်နှာကြက်ကိုသာ ငေးကြည့်နေပြီး စိတ်နဲ့လူနဲ့ ပြန်မကပ်သေးပါ။
“ယောက်ျား…”
“ကိုယ်ရှိတယ် မိန်းမ။ ဘေးမှာ တစ်ချိန်လုံး ရှိနေပါတယ်”
“စူစူလေးကို အဲ့လိုပြောဖို့ မရည်ရွယ်ပါဘူး”။ ဝမ်ချင်းက မျက်ရည်ဝဲလျက် ပြောလိုက်သည်။
ချင်းရှင်းကျစ်က သက်ပြင်းချလျက် ပြန်ပြောလိုက်ပါသည်။ “အဲ့တာတွေ လောလောဆည် မတွေးပါနဲ့။ မိန်းမ ပြန်သက်သာလာမှ ပြောလို့ရတယ်။ အဖေနဲ့အမေကို ကိုယ်ပြောလိုက်မယ်”
“အဖေနဲ့ အမေ အရမ်းစိတ်ဆိုးနေလား”
“မသိဘူး။ ဒါပေမယ့် စိတ်မကောင်းတော့ဖြစ်နေလိမ့်မယ်။ အာ့ချင်း… တကယ် အဲ့လို မပြောခဲ့သင့်ဘူး။ စူစူလေးက ကလေးလေးပဲ ရှိသေးတာ။ သူက နည်းနည်း သန်မာပေမယ့် ကိုယ်တို့ မိသားစုဝင်ပဲလေ။ ကိုယ့်ညီမလေးပဲ”
သူ့မိဘတွေတင်မဟုတ်ဘဲ ချင်းရှင်းကျစ်လည်း စိတ်မကောင်းဖြစ်နေပါသည်။
သို့သော်လည်း ဒီအမျိုးသမီးက သူ့ဇနီးဖြစ်သည်။ တစ်သက်တာ ကာကွယ်ပေးမည်ဟု သစ္စာဆိုထားသောသူ ဖြစ်သည်။
“ယောက်ျား၊ စူစူလေးကို မကောင်းဆိုးဝါးလေးလို့ ခေါ်မိတာ မှားမှန်း ကျွန်မ ဝန်ခံပါတယ်။ ဒါပေမယ့် ရုတ်တရက်ကြီး ယောက်မတစ်ယောက် ရလာလို့ နေသားမကျတာကို ကျွန်မကို အပြစ်တင်လို့ မရဘူးလေ။ အဖေနဲ့ အမေက ဒီအသက်အရွယ်ရောက်မှ ကလေးတစ်ယောက် မွေးလာတယ်။ လူတွေက ကျွန်မတို့ရှေ့မှာ ဂုဏ်ပြုနေပေမယ့် နောက်ကွယ်မှာ ဘာတွေပြောနေကြမလဲ”။
ဝမ်ချင်းက မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ရှင်းပြလိုက်သည်။
“အာ့ချင်း…”။ ဒါကိုကြားတော့ ချင်းရှင်းကျစ် ဝမ်းနည်းသွားသည်။ “အဲ့ဒီကိစ္စ ကိုယ်တို့ ပြောပြီးပြီ မဟုတ်ဘူးလား။ ကိုယ်ထင်ထားတာ…”
သူ့မိန်းမလည်း သူ့လိုပဲ ထိုကိစ္စကို လက်ခံနိုင်ပြီဟု ထင်ထားခဲ့တာ ဖြစ်သည်။
သို့သော်လည်း ဝမ်ချင်းက အခုချိန်ထိ နားမလည်နိုင်သေးသည့်ပုံပင်။
“စူစူလေးကို ရှင်က အရမ်းချစ်တော့ ရှင်စိတ်မကောင်းဖြစ်မှာစိုးလို့ ကျွန်မ နေသားကျအောင် ကြိုးစားကြည့်ပါသေးတယ်။ ဒါပေမယ့် ရင်ထဲမှာတော့ အခုချိန်ထိ ဆူးတစ်ချောင်းရှိနေသလို ခံစားနေရသေးတယ်။ ယောက်ျား… ရှင်လည်း ကျွန်မကို ဒေါသထွက်နေတယ် မဟုတ်လား”။ ဝမ်ချင်းက ချင်းရှင်းကျစ်ကို ကြည့်ကာ မေးလိုက်ပါသည်။
… … …
အခန်း(၂၀၄) စူစူလေးကို စော်ကားတဲ့သူ
“ဟာကွာ အဲ့လို မလုပ်စမ်းပါနဲ့။ မင်းကို ကိုယ် အပြစ်မတင်ရက်ပါဘူး။ မင်းသတိလစ်သွားတယ် ဆိုတဲ့အကြောင်း ကြားတာနဲ့တင် ကိုယ်ရင်နာရတယ်။ ဒါပေမယ့်… ဟူး…”
ချင်းရှင်းကျစ်က မျက်မှောင်ကြုတ်လျက် နာကျင်စွာ သက်ပြင်းထပ်ချလိုက်သည်။
တစ်ဖက်မှာတော့ နှစ်ပေါင်းများစွာ ချစ်လာသည့် သူ့ဇနီးသည်ရှိနေပြီး နောက်တစ်ဖက်မှာတော့ သူ့ညီမလေးရှိနေသည်။
ဘယ်ဘက်ကပဲ ထိခိုက်ပါစေ သူရင်နာရသည်။
“ကျွန်မ ဘာမှမလုပ်ခဲ့ဘူးလေ။ မွေးစားထားတာလို့ ပြောဖို့ တအဖေနဲ့အမေကို တိုက်တွန်းတာကလွဲလို့ စူစူလေးကို စတွေ့တဲ့အချိန်ကစလို့ အခုချိန်ထိ သူ့အကြောင်း မကောင်းတာ တစ်ခွန်းမပြောခဲ့ဖူးဘူး။ လူတွေရှေ့မှာ ဘာမှ မပြောခဲ့ဘူး။ သူ့ကို ထိခိုက်အောင် လုပ်တာဆို ပိုတောင်ဝေးသေးတယ်”
“အာ့ချင်း ဘယ်လောက်တောင် နေရခက်နေမလဲ ကိုယ်နားလည်ပါတယ်။ သည်းခံဖို့ ကြိုးစားနေတာကိုလည်း ကိုယ် နားလည်တယ်။ ဒါပေမယ့် ဒီနေ့ လူတွေအများကြီး ရှေ့မှာ… စူစူလေးက ကလေးပဲ ရှိပါသေးတယ်။ ပြီးတော့ မင်းပြောခဲ့တဲ့ စကားကလည်း တကယ် မှားတယ်လေ”။ ချင်းရှင်းကျစ်က ဆိုသည်။
“ဒီနေ့ စိတ်ညစ်နေလို့ ပြောလိုက်မိတာပါ”။ ဝမ်ချင်းက မျက်ရည်တွေကျကာ ပြောလိုက်သည်။
ဒီနေ့ သူမ အကြောက်လွန်ကာ သတိလစ်ခဲ့ရရုံတင်မကဘဲ ယောက်မဖြစ်သူအကြောင်း အတင်းတုပ်မိသည့်အတွက် ယောက္ခမများ၏ ဆုံးမမှုကိုလည်း ခံခဲ့ရသည်။
စိတ်ရော ကိုယ်ပါ အလွန်ထိခိုက်ခဲ့ရပါသည်။
မိန်းမဖြစ်သူကို မျက်ရည်တွေနဲ့ တွေ့လိုက်ရသောအခါ ချင်းရှင်းကျစ်က အမြန် ဖက်ထားလိုက်သည်။ “အာ့ချင်း မငိုပါနဲ့ကွာ။ မင်းငိုနေတာကို မြင်ရတာ ကိုယ်ရင်နာတယ်”
“ယောက်ျား ကျွန်မ ဘယ်လိုလုပ်ရမလဲ”
“ငိုမနေနဲ့တော့။ စူစူလေးကိစ္စအတွက် အဖေတို့အမေတို့နဲ့ စူစူလေးကို ပြန်တောင်းပန်သင့်တယ်။ အဖေနဲ့ အမေက နားလည်မှုရှိတဲ့လူတွေပါ။ မိန်းမ တောင်းပန်ရင် ခွင့်လွှတ်ပေးမှာပါ”
“ကျွန်မ ဒီနေ့ ဒုက္ခခံစားခဲ့ရတာတွေ အတွက်ကော”။ ဝမ်ချင်း စိတ်ဓာတ်ကျစွာ မေးလိုက်သည်။
“အဲ့တာ ဟွော်ထျင်းရဲ့ လက်ချက်လေ။ သူက ဟွော်မိသားစုရဲ့ သခင်လေးမို့လို့ သွားစော်ကားလို့ မရဘူး။ ပြီးတော့ မင်းဘက်က အမှားလုပ်ခဲ့မိတာပဲဥစ္စာ။ သူက စူစူလေးကို ကာကွယ်ပေးခဲ့ရုံပဲ။ ဒီကိစ္စမှာ ရင့်ကျက်တဲ့လူတစ်ယောက် ဖြစ်ပေးလိုက်ပါ”။ ချင်းရှင်းကျစ်က သူ့မိန်းမကို ချော့မြူကာ ပြောလိုက်သည်။
ဝမ်ချင်း ဘာမှမပြောတော့ပါ။ ယောက်ျားဖြစ်သူ ပြောတာမှန်မှန်း သူမ သိပါသည်။
သို့သော် ရင်ထဲမှာတော့ မတရားမှုကို ခံစားနေရဆဲပင်။
ထို့ကြောင့် ချင်းရှင်းကျစ်ရင်ခွင်ထဲတိုးကာ ငိုနေရုံသာ ရှိတော့သည်။
--- --- ---
ဟွော်ထျင်းက စကားတည်သူဖြစ်သည်။ ဝမ်ချင်းကို လုံးဝ ခွင့်လွှတ်မပေးခဲ့ပါ။
သူ့ကြောင့် ထိတ်လန့်သွားသည့် သူဌေးကတော်တွေကို နှုတ်ဆက်ပြီးနာက် စူစူလေးနဲ့အတူ စာကြည့်ခန်းထဲ လိုက်သွားကာ ရုပ်ပြစာအုပ်တွေ အတူတူဖတ်ပြီး ကာတွန်းကားတွေ အတူတူ ကြည့်နေခဲ့သည်။
တစ်ညနေခင်းလုံး ဝမ်ချင်းလည်း အောက်ထပ်သို့ ဆင်းမလာခဲ့ပေ။ ညစာကိုတောင် ချင်းရှင်းကျစ်က အခန်းထဲ ယူလာပေးရသည်။
နောက်တစ်နေ့ မနက်စောစောတွင် စူစူလေး ကျောပိုးအိတ်လွယ်ကာ တံခါးဝတွင် ဟူကျစ်အား မှာစရာရှိတာ မှာခဲ့ပြီး ကျောင်းသွားဖို့ အသင့်ဖြစ်နေပါပြီ။
အဘွားချင်း၏ လက်ကို တွဲလျက် တံခါးဝသို့ ရောက်နေပြီဖြစ်သည်။
ထိုအချိန်တွင် အိမ်ထဲသို့ မြောက်ကြွမြောက်ကြွနဲ့ အမျိုးသမီးတစ်ယောက် ဝင်လာခဲ့သည်။
ထိုအမျိုးသမီးကို စူစူလေး သေချာ မကြည့်နိုင်ခင် ထိုအမျိုးသမီးက စူစူလေးကို ရုတ်တရက်ပွေ့ချီလိုက်ပြီး တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။
ထို့နောက် စူစူလေး၏ ပါးကို တမွမွမြည်အောင် အနမ်းမိုးတွေ ခြွေပြစ်လိုက်လေသည်။
စူစူလေး မျက်လုံးပြူးသွားပြီး “အား”ခနဲအော်ကာ ထိုအမျိုးသမီးကို လက်နှစ်ဖက်ဖြင့် တွန်းထုတ်လိုက်သည်။
“အောင်မယ်လေး ငါ့ရတနာလေးက ချစ်ဖို့ကောင်းလိုက်တာ နည်းနည်းလောက် ထပ်နမ်းပါရစေဦး
တွန်းထုတ်ခံရတာတောင် အမျိုးသမီးက ဂရုမစိုက်ဘဲ စူစူလေးကို ထပ်နမ်းဖို့ ကြိုးစားသည်။
“နင်ဘယ်သူလဲ?! ငါ့ကို အခွင့်အရေးမယူနဲ့! ထိုးမှာနော်!”။ စူစူလေးက မျက်နှာစူပုတ်စွာဖြင့် ခြိမ်းခြောက်လိုက်လေသည်။
“ဟားဟားဟား ဘယ်သူသင်ပေးထားတာလဲ။ စကားတတ်လိုက်တာ!”
အမျိုးသမီးက အားရပါးရ ရယ်မောလိုက်ပြီး စူစူလေး၏ ခြိမ်းခြောက်စကားကို လုံးဝ မကြောက်ဘဲ ပိုလို့တောင် အတင့်ရဲလာပါသည်။