← Chapters

အခန်း (၂၀၅+၂၀၆)

Vol. 9 Ch. 205+206

အခန်း (၂၀၅+၂၀၆)

Vol. 9 Ch. 205+206

အခန်း(၂၀၅) စိတ္တဇ မရီး ရှောင်းပေပေ

စူစူလေးဘေးမှ အဘွားချင်းက ရွှင်မြူးစွာ ရှင်းပြပေးလိုက်ပါသည်။ “မကြောက်ပါနဲ့ သမီးလေး။ ဒါသမီးရဲ့ ဒုတိယ မရီးပါ။ သမီး အစ်ကိုလတ်ရဲ့ မိန်းမပေါ့။ သမီးတူချောလေးရဲ့ အမေလေ။ သူက အဲ့လိုပဲ နေတတ်လို့ပါ။ လူဆိုးမဟုတ်ဘူး”

ထို့နောက် စူစူလေးကို အပိုင်သိမ်းထားပြီး အနမ်းမိုးတွေခြွေနေသည့် အမျိုးသမီးအား အဘွားချင်း ပြောလိုက်သည်။ “ရှောင်းပေ နင်လုပ်တာနဲ့ ငါ့သမီးလေး လန့်သွားပြီ!”

“လန့်သွားတယ် ဟုတ်လား။ မှန်းစမ်း”။ ရှောင်းပေပေက စူစူလေး၏ မျက်နှာလေးကို သေချာ ကြည့်လိုက်သည်။ သေချာ ကြည့်မိလေလေ ပိုပြီးနမ်းချင်စိတ်ဖြစ်လာမိလေလေပင်။ “မျက်နှာလေးက ချစ်ဖို့ကောင်းလိုက်တာ။ နူးညံ့ပြီး ချောမွတ်နေတာပဲ။ တို့ဟူးတုံးလေး ကျနေတာပဲ။ နည်းနည်းလောက် ကိုက်စားချင်လိုက်တာ…”

စူစူလေးက အဘွားချင်းပြောသည့် စကားတွေကို စဉ်းစားရင်း သူမ ရှေ့က အမျိုးသမီးကို ကြောင်စီစီ စိုက်ကြည့်နေပါသည်။

“ဒီရွပိုးစိန်ကတော့ ချစ်စရာကောင်းတဲ့ မိန်းကလေးတွေမြင်တိုင်း လိုက်နမ်းနေလို့ရမလား?! ငါ့သမီးလေးကို ငိုသွားအောင် မလုပ်နဲ့နော်! အရင်တစ်ခေါက်က နင့်သူငယ်ချင်းရဲ့ မြေးမလေးကို ငိုသွားအောင် လုပ်လိုက်တာ မေ့သွားပြီလား”

ရှောင်းပေပေက အလွန်သွက်လက်ပြီး တက်ကြွသဖြင့် ရွပိုးစိန်ဟု နာမည်ပြောင်ပေးခံထားရခြင်း ဖြစ်သည်။

“အမေကလည်း အဲ့ဒီကလေးမလေးက ချစ်ဖို့ကောင်းလို့ပါ။ ချစ်ဖို့ကောင်းပေမယ့် စူစူလေးကိုတော့ မမှီပါဘူးနော်။ စူစူလေးရဲ့ မျက်နှာကို ကြည့်ပါဦး။ မျက်လုံး ပြူးပြူးလေး၊ နှာခေါင်း သေးသေးလေးနဲ့-- အောင်မယ်လေး နည်းနည်းလောက် ထပ်နမ်းဦးမယ်!”

ပြောပြောဆိုဆိုနဲ့ ရှောင်းပေပေက စူစူလေးကို ထပ်နမ်းဖို့ ပြင်လိုက်သည်။

စူစူလေးက သူမရဲ့ လက်ကလေးတစ်ဖက်နဲ့ ရှောင်းပေပေ၏ ပါးစပ်ကို ပိတ်ကာထားလိုက်ပါသည်။

“မေမေ-“ စူစူလေးက အဘွားချင်းကို အကူအညီ လှမ်းတောင်းသည်။

ဘယ်လိုလုပ်ရမလဲ။ ဒုတိယမရီးကို ထိုးလိုက်လို့လည်း မရဘူး။ ဒါပေမယ့် ဒီလို အသားယူခံရတာလည်း မကြိုက်ဘူး။

ရှောင်းပေပေက ဂရုမစိုက်ပါ။ စူစူလေး၏ လက်ကလေးက သူမပါးစပ်ရှေ့ရောက်လာသောအခါ အခွင့်ကောင်းယူပြီး သူမ လက်ကလေးကို ခပ်ဖွဖွကိုက်လိုက်သည်။

စူစူလေး ထိတ်လန့်သွားပြီး လက်ကို အမြန်ရုတ်သိမ်းလိုက်ပါသည်။

ထပ်လုပ်ပြန်ပြီ!

“ရှောင်းပေ ငါ့သမီးကို ဆက်ပြီး အနိုင်ကျင့်နေဦးမယ်ဆိုရင် နင့်သားကို ငါသွားရိုက်မှာနော်!”။ အဘွားချင်းက သတိပေးလိုက်သည်။

“သွားလေ။ သမီးရဲ့ သား ၃ ယောက်စလုံးကို စိတ်ကြိုက် ရိုက်ချင်သလောက် သွားရိုက်စမ်းပါ!”။ ရှောင်းပေပေက ရက်ရောစွာ ပြောလိုက်၏။ “ရိုက်ချင်ရင် သမီးက ချုပ်တောင်ပေးထားဦးမယ်”

သူမကို ဒီလို ခြိမ်းခြောက်လို့ အသုံးမဝင်ပါ။

သူမက အကြောက်တရား မရှိပေ။

ဒီလို နူးညံ့မွှေးပျံ့သော ကလေးမလေးနဲ့ ယှဉ်လိုက်ရင် သားတွေက ဘာတန်ဖိုးရှိသေးလို့လဲ။

ထို့အပြင် သူမ သားတွေ အကုန်လုံးက အရွယ်ရောက်ပြီးသားတွေဖြစ်သဖြင့် သူမ သည်းသည်းမလှုပ်တော့ပါ။

“နင်က ယန်ကျစ်လိုပဲ!”။ အဘွားချင်းက ရယ်မောကာပြောလိုက်သည်။

“ဒါပေါ့! အစောကြီးကတည်းက စိတ်ချင်းတူလို့ ယူထားတာပဲ ဥစ္စာ!”။ ရှောင်းပေပေက ရွှင်မြူးစွာ ပြန်ပြောလိုက်ပါသည်။

ရှောင်းပေပေက ပေကျင်းမြို့ရှိ ဂုဏ်သရေရှိ မိသားစုတစ်စုမှ ပေါက်ဖွားလာသော သူဌေးသမီးတစ်ယောက် ဖြစ်သည်။ အမြဲတမ်း ယောက်ျားလေး တစ်ယောက်လို ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် နေတတ်သည်။ ချင်းမိသားစု၏ ဒုတိယသား ဖြစ်သော ချင်းယန်ကျစ်နဲ့ စိတ်ချင်းလည်းတူသည်။

ပေကျင်းမြို့တွင် ချင်းယန်ကျစ် အလုပ်သွားလုပ်စဉ်က ရှောင်းပေပေနဲ့ ဆုံပြီး ချက်ချင်းဆိုသလို ချစ်ကြိုက်သွားကြသည်။

နှစ်ယောက်စလုံးက ဟန်ဆောင်မှုကင်းကာ ပွင့်ပွင့်လင်းလင်း နေတတ်ပြီး အကျင့်စရိုက်ချင်းလည်း တူညီကြသည်။ သူတို့သာ အနားမှာရှိနေလျှင် အဘွားချင်း ဘယ်တော့မှ မပျင်းရပေ။

“ဟုတ်ပါပြီ။ နောက်မနေနဲ့တော့။ ငါ့သမီးလေးကို တကယ်လွှတ်ပေးတော့။ သူ မူကြိုသွားရမယ်။ နင့်ကြောင့် နောက်ကျသွားမယ်နော်” အဘွားချင်းက ပြောလိုက်သည်။

“ဒါဆို သမီးလည်း လိုက်ခဲ့မယ်။ သူ့ကို ခဏလောက် ဆက်ချီထားပါရစေ။ ဒါမှ သံယောဇဉ်တွေ ခိုင်မာသွားမှာ”။ ရှောင်းပေပေက ပြန်ပြောလိုက်ပါသည်။

“အလုပ်ကိစ္စကြောင့် ရောက်လာတာဆို။ အခုလေးတင် ရောက်တာကို ပြန်ထွက်သွားမလို့လား”

“အလုပ်ကိစ္စက ခဏစောင့်လို့ရပါတယ်”။ ရှောင်းပေပေက စူစူလေးကို ချီပြီး အပြင်ထွက်သွားပါသည်။

“သမီးဖာသာ လမ်းလျှောက်တတ်တယ်။ ချီစရာမလိုဘူး!!” စူစူလေးက ကန့်ကွက်သည်။

“သိပါတယ် သိပါတယ်။ ငါတို့ ရတနာလေးက အတော်ဆုံးပဲ။ ဒါပေမယ့် မရီးက စူစူလေးကို တကယ်ချီထားချင်လို့ပါ။ အရမ်းနူးညံ့ပြီး ချစ်ဖို့ကောင်းတော့ ချီလို့ကောင်းတယ်လေ။ ကျေးဇူးပြုပြီး ဒုတိယမရီးဆန္ဒကို လိုက်လျောပေးလို့ မရဘူးလား”။ ရှောင်းပေပေက သနားစရာကောင်းစွာ တောင်းဆိုလိုက်ပါသည်။

… … …

အခန်း(၂၀၆) တက်ကြွသော ဒုတိယမရီး

“ဪ အင်းပါလေ”။ စူစူလေးက မငြင်းရက်ဘဲ တွန့်ဆုတ်စွာ သဘောတူလိုက်ပါသည်။

ဟူး… မတတ်နိုင်ဘူးလေ။ ဒီမရီးက သနားစရာကောင်းပြီး အပြုံးကလည်းချိုတော့ ခဏလောက် ထပ်ချီခွင့် ပေးလိုက်ပါ့မယ်။

စူစူလေး၏ ခွင့်ပြုချက်ရသောအခါ ရှောင်းပေပေက အခွင့်ကောင်းယူပြီး ဖက်ရုံတင်မကဘဲ စူစူလေးရဲ့ ပါးဖောင်းဖောင်းလေးတွေကိုပါ ထပ်နမ်းလိုက်သည်။

နမ်းပြန်ပြီ…!

ဒီမရီးက သူများကို တကယ် အသားယူတာပဲ!

မူကြိုက အိမ်ရာအတွင်းမှာရှိပြီး မိနစ်အနည်းငယ်သာ လမ်းလျှောက်သွားရသည်။

စူစူလေးကို မူကြိုသို့ လိုက်ပို့ပေးပြီးနောက် အဘွားချင်းနဲ့ ရှောင်းပေပေတို့ ချင်းအိမ်တော်သို့ အတူတူ ပြန်လာခဲ့ကြသည်။

လမ်းတွင် အဘွားချင်းက ရှောင်းပေပေအား မေးလိုက်သည်။ “ရုတ်တရက်ကြီး ဘာလို့ ရောက်လာတာတုန်း”

စနောက်နေတာရပ်ပြီး အတည်ပေါက် မေးဖို့ အချိန်ကျပြီဖြစ်သည်။

“သမီးယောက်မအကြီးဆုံး အကြောက်လွန်ပြီး နေမကောင်းဖြစ်သွားတယ်လို့ သတ်ငးကြားလို့လေ။ အဲ့တာကြောင့် လာခဲ့တာပါ”။ ရှောင်းပေပေက ပြန်ပြောလိုက်သည်။

သူတို့ ယောက်မတွေက အမြဲတမ်း ဆက်ဆံရေးကောင်းမွန်ခဲ့ပါသည်။

ထို့ကြောင့် ဝမ်ချင်း၏ အကြောင်းကို ကြားသောအခါ ရှောင်းပေပေ ညတွင်းချင်း လေယာဉ်လက်မှတ်ဝယ်ယူပြီး လာခဲ့ခြင်း ဖြစ်သည်။

“ပြီးတော့ အာ့ချဲကိုလည်း တွေ့ချင်လို့။ အမေတို့သိတဲ့အတိုင်း ဒီကောင်လေးက လူရာမဝင်ဘူး။ အပြင်လည်း မထွက်ဘူး။ သမီးတို့လည်း ဘာမှ မတတ်နိုင်ဘူးလေ။ ပတ်ဝန်းကျင်ပြောင်းသွားရင် အကူအညီဖြစ်မှာပါလို့ပဲ ဖြေသိမ့်ရတာပဲ”။ ရှောင်းပေပေက ရှင်းပြလိုက်သည်။

ချင်းမိသားစုအတွင်း အကြီးမားဆုံး ဆန်းကြယ်မှုကြီးတစ်ခုမှာ ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့လို သွက်သွက်လက်လက် လူရာဝင်ဆံ့သူတွေက ချင်းယုချဲလို သားကို ဘယ်လိုမွေးပေးခဲ့သလဲဆိုတာပဲဖြစ်သည်။

ရှောင်းပေပေ ကိုယ်တိုင်လည်း မပြောတတ်ပါ။။

အမှန်ပင်။ စူစူလေးကို တွေ့ချင်တာလည်း ပါပါသည်။ သူမ ယောက်ျားထံမှ စူစူလေးအကြောင်း ကြားပြီးကတည်းက ရှောင်းပေပေ လာလည်ချင်တာ တစ်ပိုင်းသေနေခဲ့သည်။ ယောက္ခမနဲ့ ဗီဒီယိုကောပြောပြီး စူစူလေးကို ကြည့်ဖို့ စိတ်ကူး ရှိသော်လည်း မအားလပ်ခဲ့ပါ။

“အမေတို့က တကယ်ပဲနော်။ ဒီလောက် ချစ်ဖို့ကောင်းတဲ့ သမီးလေးတစ်ယောက် ရထားတာတောင် သမီးတို့ကို မပြောဘဲ နှစ်တွေအကြာကြိး လျှို့ဝှက်ထားတယ်နော်”။ ရှောင်းပေပေက အပြစ်ဆိုလိုက်သည်။

“ငါက လျှို့ဝှက်ထားတယ်ဟုတ်လား။ မဟုတ်တာတွေ”

“လျှို့ဝှက်မထားဘူးပေါ့လေ။ စူစူလေးကိုမွေးထားတဲ့ ၃ နှစ်ခွဲကာလပတ်လုံး သမီးတို့ ဘာမှ မသိခဲ့ရဘူးလေ! အောင်မယ်လေး အဲ့တုန်းကဆို စူစူလေး အရမ်းချစ်ဖို့ကောင်းခဲ့မှာပဲ!”

“နင်မကျေနပ်ရင် ကိုယ့်ဖာသာကိုယ် မွေးပါလား!”

“မွေးချင်ပါတယ်။ ဒါပေမယ့် မွေးလို့ ရပါ့မလား မသေချာဘူး”။ ရှောင်းပေပေက ပြောလိုက်သည်။ “ဒါနဲ့ အဖေနဲ့ အမေတို့ ဘယ်လိုဆေးဝါးတွေ မှီဝဲနေတာလဲ။ ပိုပြီး နုပျိုလာကြသလိုပဲ! လျှို့ဝှက်ချက်တွေ မထားဘဲ သမီးနဲ့ ယန်ကျစ်ကို ပြောပြ စမ်းပါ!”

“ဘာမှ မမှီဝဲပါဘူး။ စူစူလေးနဲ့ ကျေးရွာဘက်မှာ ခဏလောက်နေလိုက်လို့”။ အဘွားချင်းက ပြောလိုက်သည်။

“ဟုတ်ပြီ။ နောက်နှစ်နည်းနည်းလောက် နေရင် သမီး လုပ်ငန်းတွေကို ကလေးတွေဆီ လွှဲပြောင်းပေးခဲ့ပြီး ယန်ကျစ်နဲ့အတူတူ ကျေးရွာဘက်မှာ သွားနေရမယ်! အဲ့တာဆို သမီးလည်း နောက်တစ်ယောက် မွေးလာလောက်တယ်။ ဒါပေမယ့် မိန်းကလေးဖြစ်မှ ရမှာ။ ယောက်ျားလေးတွေကို စိတ်ကုန်နေပြီ”။

ရှောင်းပေပေ နောက်နေတာ မဟုတ်ပါ။

“ဒါနဲ့ အမေ… စူစူလေးကို ဘယ်တော့ ပေကျင်းမြို့ဆီ ခေါ်သွားလို့ရမလဲ။ သမီးနဲ့ ယန်ကျစ်တို့ ခဏလောက် ခေါ်ထားချင်လို့”။ ရှောင်းပေပေ မေးလိုက်သည်။

“နင်နဲ့ ယန်ကျစ်တို့က အလုပ်များလွန်းလို့ ဘယ်လိုလုပ် ကလေးထိန်းနိုင်မှာလဲ”။

“ဘယ်သူပြောလဲ။ အာ့ချဲ အသုံးမကျတာကြောင့်သာ မဟုတ်ရင် သမီးတို့ မြေးချီဖို့ အသင့်ဖြစ်နေပြီ! စူစူလေးကို သမီးတို့နဲ့ ထည့်သာပေးလိုက်စမ်းပါ။ ချက်ချင်း အလုပ်တွေနားပြီး ကလေးထိန်းပြမယ်!”။ ရှောင်းပေပေ အတည်ပေါက် ပြောလိုက်ပါသည်။

“စူစူလေး နည်းနည်း အရွယ်ရလာမှ အဲ့အကြောင်း ပြောစမ်းပါ။ ပေကျင်းမြို့က ရှုပ်ထွေးလွန်းတယ်။ ဟွာချန့်မြို့က ရိုးရှင်းပါတယ်”။ အဘွားချင်းက ဆိုသည်။

“ပြီးရော အမေ့သဘောပဲ။ အမေတို့ ပေကျင်းမြို့ကို လာချင်တဲ့အခါကျရင် သမီးကို ကြိုအသိပေးနော်”။

အဘွားချင်းနဲ့ ရှောင်းပေပေတို့ လမ်းလျှောက်ရင်း လုအိမ်တော်ရှေ့သို့‌ ရောက်လာခဲ့ကြသည်။

ရှောင်းပေပေ ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားပြီး လုအိမ်တော်အတွင်းသို့ စိုက်ကြည့်လိုက်ပါသည်။

“ဘာဖြစ်လို့လဲ”

“အဲ့ဒီလူကို မြင်ဖူးသလိုလိုပဲ…”။ ရှောင်းပေပေက ဆိုသည်။

All Chapters