အခန်း (၂၀၇+၂၀၈)
Vol. 9 Ch. 207+208
အခန်း(၂၀၇) ရုပ်တူတာ နေမှာပါ
အဘွားချင်းလည်း ရှောင်းပေပေအကြည့်နောက်ကို လိုက်ကြည့်လိုက်သည်။ “ဪ အဲ့တာ ငါတို့ အိမ်နီးချင်းအိမ်က အိမ်တော်ထိန်းကြီးလေ။ သူ့ကို အိမ်တော်ထိန်းကျန်းလို့ ခေါ်တယ်ထင်တယ်”
“အိမ်တော်ထိန်းဟုတ်လား”
“ဘာဖြစ်လို့လဲ”
“ဘာမှမဖြစ်ပါဘူး။ နည်းနည်း မြင်ဖူးနေလို့”။
“မြင်ဖူးတယ်ဟုတ်လား။ ဘယ်သူနဲ့ တူလို့လဲ”
“ပေကျင်းမြို့က တစ်ယောက်ယောက်နဲ့ တူလို့၊ ဒါပေမယ့် ရုပ်တူတာ နေမှာပါ”။ ထိုလူက ဟွာချန့်မြို့ရှိ သာမန် အိမ်တစ်လုံးမှာ အိမ်တော်ထိန်းအလုပ် ဝင်လုပ်နေရမည့် အဆင့်အတန်းမဟုတ်ပါ။
“ဒီအိမ်ကို လူသစ်တွေ ပြောင်းလာတာလား”။ ဒီအိမ်ကြီးမှာ လူမနေတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်မှန်း ရှောင်းပေပေ မှတ်မိပါသည်။
“အင်း ငါတို့ သတိထားမိတာလည်း မကြာသေးဘူး။ သဘောကောင်းတဲ့ ကလေးလေး တစ်ယောက် ပြောင်းလာတာ။ စူစူလေးနဲ့ သူငယ်ချင်းတောင် ဖြစ်နေပြီ။ အရင်တစ်ခေါက် စူစူလေး ပျောက်သွားတုန်းက ကူရှာပေးခဲ့သေးတယ်”။ အဘွားချင်း က ရှင်းပြလိုက်ပါသည်။
“ဒါဆို ကျေးဇူးတင်ရမှာပေါ့”။ ရှောင်းပေပေက ဆိုသည်။
ချင်းအိမ်တော်သို့ ပြန်ရောက်သောအခါ ခြံထဲတွင် ကစားနေသော ဟွော်မိသားစု၏ မိစ္ဆာဘုရင်လေး ဟွော်ထျင်းအား ရှောင်းပေပေ မြင်လိုက်ရပါသည်။
ပေကျင်းမြို့မှာ နေထိုင်သူဖြစ်သည့် ရှောင်းပေပေက ဟွာချန့်မြို့ကလူတွေထက် ဟွော်ထျင်းအကြောင်း ပိုသိသည်။
ဟွော်ချန်းယီ၏ တစ်ဦးတည်းသော သားဖြစ်သဖြင့် ဟွော်ထျင်းက ကလေးဆိုး ဆိုတာထက် ပိုပါသည်။
တခြား ကလေးဆိုးတွေက သာမန် ဆိုးသွမ်းတာဖြစ်သော်လည်း ဟွော်ထျင်း ဆိုးသွမ်းတာက ဘယ်သူမှ မတားနိုင်သော ဆိုးသွမ်းမှုမျိုး ဖြစ်သည်။ မိသားစုက အရှိန်အဝါကြီးမားလွန်းတာကြောင့် ဖြစ်၏။
မိစ္ဆာဘုရင်လေး ချင်းအိမ်တော်ကို ရောက်နေသည်ဟု ရှောင်းပေပေ ပထမဆုံး သတင်းကြားခဲ့စဉ်က ကောလဟာလ ဖြစ်မည်ဟုသာ တွေးထားတာဖြစ်သည်။
အကြိမ်ကြိမ်စုံစမ်းပြီးမှ မိစ္ဆာဘုရင်လေး တကယ်လာနေနေတာကို အတည်ပြုနိုင်ခဲ့သည်။ အချိန်အတော်ကြာအောင် အေးအေးချမ်းချမ်းနေခဲ့တာဖြစ်သော်လည်း မနေ့က သူမ ယောက်မကို အကြောက်လွန်ပြီး သတိလစ်သွားသည့်အထိ နှိပ်စက်ခဲ့လေသည်။
တစ်ယောက်ယောက် စိုက်ကြည့်နေတာကို ခံစားမိသောအခါ ဟွော်ထျင်းက မျက်နှာလွှဲလိုက်ပြီး မသိချင်ယောင် ဆောင်လိုက်ပါသည်။ ဟူကျစ်၊ မဲလုံးတို့နဲ့သာ ဆက်ကစားနေလိုက်သည်။
စူစူလေး မူကြိုမသွားခင် မှာထားခဲ့သဖြင့် ဟူကျစ်က မဲလုံးကို စောင့်ကြည့်ဖို့ တာဝန်ယူထားရသည်။
ရှောင်းပေပေက ထိုကလေးကို ရန်သွားမစရဲပါ။ မျက်နှာလွှဲသွားတာကိုမြင်တော့ ရှောင်းပေပေ ဆက်မနှောင့်ယှက်တော့ဘဲ အိမ်ထဲ ဝင်လာခဲ့ပါသည်။
ထို့နောက် အပေါ်ထပ်သို့ တက်လာပြီး ဝမ်ချင်းနဲ့ သွားတွေ့ခဲ့သည်။
မနေ့ကအဖြစ်အပျက် ဖြစ်ပြီးကတည်းက ဝမ်ချင်း အောက်ထပ်သို့ ဆင်းမလာတော့ပါ။
ရှောင်းပေပေ ရောက်လာတာကိုမြင်တော့ ဝမ်ချင်း မျက်နှာရွှင်လန်းသွားသည်။
“ယောက်မ စူစူလေးက ဒီလောက်ချစ်ဖို့ကောင်းတာကို ဘာလို့ သဘောမကျရတာလဲ”။ ရှောင်းပေပေ နားမလည်နိုင်ပါ။
ရှောင်းပေပေက သမီးမိန်းကလေးတွေကို အမြဲတမ်း ချစ်ခဲ့သည်။ သို့သော်လည်း ကံမပါသဖြင့် ကိုယ်တိုင် မမွေးနိုင်ခဲ့ပါ။ သား ၃ ယောက်သာ မွေးခဲ့သည်။ တခြား ချင်းမိသားစုတွေကလည်း သားတွေချည့်ပဲ မွေးထားသည်။
“နင် ဘာမှ စိတ်မပူဘူးလား”။ ဝမ်ချင်းက ရှောင်းပေပေ၏ စကားကြောင့် အံ့အားသင့်သွားသည်။
“ဘာစိတ်ပူစရာ ရှိလို့လဲ။ သမီးတစ်ယောက် မွေးခွင့်ရမယ်ဆို ကျွန်မထပ်မွေးဦးမှာ!”။ ရှောင်းပေပေက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်ပါသည်။
“ငါတော့ နင့်လို ပေါ့ပေါ့ပါးပါး မတွေးတတ်ဘူး။ ငါတို့ မိဘတွေ ဒီအသက်အရွယ်ရောက်မှ ကလေးယူတာ မသင့်တော်ဘူးလို့ ထင်မိတယ်။ သူများတွေ အတင်းပြောစရာဖြစ်တယ်လေ…”
ရှောင်းပေပေကို ဝမ်ချင်း စိတ်ထဲရှိရာ ပြောလိုက်ပါသည်။
“ငါ့ယောက်မကတော့ အတွေးလွန်နေပြန်ပါပြီ။ အဲ့လောက် မရှုပ်ထွေးဘူး။ အပြင်လူတွေ ပြောချင်တာ ပြောကြပါစေ။ သူတို့ ပါးစပ်နဲ့သူတို့ပြောတာ ကျွန်မတို့ထိန်းချုပ်လို့မှ မရတာ။ ကျွန်မတို့ ဘဝကို တိုက်ရိုက်ထိခိုက်မှု မရှိသရွေ့ ဘာမှ ဂရုစိုက်စရာ မလိုဘူး။ ဂရုစိုက်နေလို့လည်း မတန်ပါဘူး”
ရှောင်းပေပေ၏ တွေးခေါ်ပုံက အလွန်ရိုးရှင်းသည်။
“ငါလည်း နင့်လို ပြဿနာတွေကို ရိုးရိုးရှင်းရှင်း တွေးတတ်ချင်လိုက်တာ”။ ဝမ်ချင်းက ပြောလိုက်သည်။
“ကဲပါ ယောက်မရေ ကြည့်ပါဦး အမြဲတမ်း အတွေးလွန်ပြီး ကိုယ့်ကိုယ်ကို ခေါင်းမူးအောင် လုပ်နေတာ။ ကျန်းမာရေးထက် အရေးကြီးတာ ဘာမှ မရှိဘူး။ အဲ့လို ထူးထူးဆန်းဆန်းတွေ တွေးပြီး အချိန်ဖြုန်းမယ့်အစာ စားသောက် ပျော်ပါးနေလိုက်စမ်းပါ”
ရှောင်းပေပေက အသက် ၄၀ ကျော်ပြီဖြစ်သော်လည်း တက်ကြွလန်းဆန်းနေဆဲဖြစ်ပြီး အသက် ၁၇ - ၁၈ နှစ်အရွယ် ကောင်မလေးတစ်ယောက်၏ စိတ်ဓာတ်မျိုး ရှိသည်။
“အဖေနဲ့ အမေ ငါ့ကို စိတ်ဆိုးနေတုန်းလား”။ ဝမ်ချင်းက မေးလိုက်သည်။
… … …
အခန်း(၂၀၈) ဟွော်ချန်းယီ ဟွာချန့်မြို့ကို ရောက်လာခြင်း
“နောက်တစ်ခါ အဲ့လို ထပ်မလုပ်နဲ့ပေါ့။ အဖေနဲ့ အမေက ယောက်မကို အပြစ်မတင်ပါဘူး။ အားလုံးက မိသားစုတွေပဲ။ မိသားစုတွေဆိုတာ တစ်ယောက်ကိုတစ်ယောက် ပွင့်ပွင့်လင်းလင်း ရှိသင့်တယ်။ ပြဿနာတစ်ခုရှိရင် အားလုံး မျက်နှာချင်းဆိုင်ပြီး ပြောလိုက်မယ်။ အားလုံး အဆင်ပြေသွားမှာပါ”
“ဒါဆို ငါ့ကိုယ်စား အဖေနဲ့အမေကို ပြောပေးပါ”
“ရတယ် ဘာမှမဖြစ်ဘူး!”။ ရှောင်းပေပေက ပြောလိုက်သည်။ “ကဲပါ။ အခု ကတိပေးပြီးသွားပြီဆိုတော့ စိတ်ညစ်မနေနဲ့တော့။ ပြီးတော့ စူစူလေးကိုလည်း ထပ်ပြီး အတင်းမပြောနဲ့တော့နော်။ သူက အရမ်းချစ်ဖို့ကောင်းတာ ကျွန်မတို့ရဲ့ ယောက်မ သေးသေးလေးလေ။ ကျွန်မဆို နေ့တိုင်းချီထားချင်တာ ယောက်မက သူ့ကို ဘာလို့ သဘောမကျရတာလဲ?!”
ဝမ်ချင်း ခေါင်းငုံ့လိုက်သည်။ သဘောလည်းမတူသလို ကန့်လည်းမကန့်ကွက်ပါ။
ရှောင်းပေပေက သဘောတူသည်ဟုပဲ ကောက်ချက်ချလိုက်ပါသည်။
“အဲ့ဒီ ဟွော်ထျင်းကိုလည်း ဒေါသထွက်မနေပါနဲ့။ သူလည်း ကလေးပဲရှိသေးတာ”။ ရှောင်းပေပေက အကြံပေးလိုက်သည်။
ဝမ်ချင်း မျက်နှာလွှဲကာ တီးတိုး ရေရွတ်လိုက်ပါသည်။ “ငါ့မှာ တခြားဘာလုပ်စရာ ရှိသေးလို့လဲ။ ကလေးနှစ်ယောက်နဲ့ ဖက်ပြီး ရန်ဖြစ်လို့မှ မရပဲ”
“ကောင်းတာပေါ့။ အဲ့တာဆို လက်ခံတယ်လို့ပဲ ယူဆလိုက်မယ်နော်။ နေမြန်မြန် ပြန်ကောင်းအောင်လုပ်။ အာ့ချဲကို အရသာရှိတာတစ်ခုခု ချက်ခိုင်းလိုက်မယ်။ စားသောက်ပြီး ကောင်းကောင်း နားလိုက်ရင် လုံးဝ လန်းဆန်းတက်ကြွ သွားမှာ!”
ရှောင်းပေပေ မစ်ရှင်အောင်မြင်သွားပြီဟု ကောက်ချက်ချလျက် ပြုံးပြုံးရွှင်ရွှင်ဖြင့် မီးဖိုချောင်ထဲဝင်ကာ သားဖြစ်သူ ချင်းယုချဲကို သွားတွေ့လိုက်ပါသည်။
--- --- ---
နေ့လည်ခင်းတွင် ဂုဏ်သရေရှိ အကျော်အမော် သူဌေးကြီး တစ်ယောက် ဟွာချန့်မြို့သို့ ရောက်ရှိလာခဲ့သည်။ ထိုသူက တခြားသူ မဟုတ်ဘဲ ဟွော်အုပ်စု၏ ဟွော်ချန်းယီ ဖြစ်သည်။
ထိုသတင်းကြောင့် ဟွာချန့်မြို့ရှိ စီးပွားရေး အသိုင်းအဝိုင်းတစ်ခုလုံး တုန်လှုပ်သွားကြပြီး အထက်တန်းလွှာတစ်ခုလုံးလည်း ယောက်ယက်ခတ်ကုန်ကြလေသည်။
ဟွာချန့်မြို့တွင် သခင်လေးဟွော် ပြဿနာတွေ ရှာနေမှန်း အားလုံးသိကြပါသည်။ သို့သော်လည်း ဟွော်ချန်းယီ ကိုယ်တိုင် ဟွာချန့်မြို့သို့ ရောက်လာလိမ့်မည်ဟု ဘယ်သူမှ ကြိုတွက်မထားခဲ့ကြပါ။
ဟွာချန့်မြို့ကို ရောက်တာနဲ့တစ်ပြိုင်နက် ဟွော်ချန်းယီတစ်ယောက် ချင်းမိသားစုဆီ တန်းတန်းမတ်မတ် သွားခဲ့သည်။
ဟွော်ချန်းယီ ရောက်မလာခင် မိနစ် ၂၀ အလိုတွင် ချင်းမိသားစုဝင်တွေလည်း ထိုသတင်းကို ကြားသွားကြသည်။
ရှောင်းပေပေတစ်ယောက် အလွန်တုန်လှုပ်သွားခဲ့သည်။
ပေကျင်းမြို့မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တာတောင် ဟွော်ချန်းယီကို အပြင်မှာ တကယ် မမြင်ဖူးခဲ့ပါ။
အဖေဖြစ်သူ ရောက်လာမှာကို သိသွားသောအခါ ဟွော်ထျင်းတစ်ယောက် စိတ်မကျေမနပ်ဖြစ်သွားရုံတင်မကဘဲ အခန်းထဲမှာ တံခါးပိတ်ပြီး တစ်ယောက်တည်း နေခဲ့ပါသည်။
သူ့အဖေရောက်လာတာ မနေ့က ကိစ္စကြောင့်ဖြစ်မှန်း ဟွော်ထျင်းသိသည်။ မဲလုံးကို အသုံးချပြီး သူများတွေကို ခြောက်လှန့်မိခဲ့၍ ဖြစ်သည်။
အဆူခံရမှာကို ရှောင်လွှဲလို့ မရတော့ပါ။ သူ နေသားကျနေပါပြီ။
သူ ငယ်ငယ်လေးကတည်းက ဒီလိုပဲဖြစ်သည်။ သူ့အဖေက အမြဲတမ်း သူ့ကို လျစ်လျူရှုထားပြီး အလုပ်တွေကိုသာ အာရုံစိုက်ခဲ့သည်။ သို့သော် သူအမှားလုပ်မိပါက အဆူခံရပြီး ပိုက်ဆံပေးကာ ဘော်ဒီဂတ်တွေ အများကြီး ပိုခန့်ခဲ့သည်။
သူ့အဖေ ဆူတာကို နားထောင်ဖို့ စိတ်ကူးမရှိပါ။
ညနေ ၄ နာရီထိုးသောအခါ ဟွော်ချန်းယီတစ်ယောက် ချင်းအိမ်တော်သို့ ရောက်လာခဲ့ပါသည်။
အနက်ရောင် Mercedes-Benz ကားတန်းကြီးတစ်ခု ချင်းအိမ်တော်ရှေ့မှာ ရပ်တန့်နေပါသည်။
သားသားနားနား ဝတ်ဆင်ထားသည့် ဘော်ဒီဂတ်တွေ တန်း ၂ တန်းခွဲစီလျက် ကားတစ်စီးမှ ချင်းအိမ်တော် ခြံတံခါးဝထိ လမ်းကြောင်း သွယ်ပေးလိုက်သည်။
ကားတံခါးပွင့်လာပြီ ဟွော်ချန်းယီ ဆင်းလာခဲ့ပါသည်။
အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင် သားရေဖိနပ်များ စီးထား၏။
အသက် ၃၀ အရွယ်တုန်းက သူအထူးချွန်အထက်မြက်ဆုံး ကြည့်ရအကောင်းဆုံး အရွယ်ဖြစ်သည်။ မျက်လုံးများက စူးရှပြီး အနည်းငယ် ရှည်မျောသည်။ နှာတံက ဖြောင့်စင်းပြီး မျက်နှာက တည်တံ့လွန်းပါသည်။
ကားထဲမှ ဆင်းလာပြီးနောက် ချင်းအိမ်တော်ထံ လျှောက်လာခဲ့သည်။
အဘိုးချင်းနဲ့ အဘွားချင်းတို့က တခြား ချင်းမိသားစုဝင်တွေနဲ့အတူ ဝင်ပေါက်မှာ စောင့်ကြိုနေကြပါသည်။
အဘိုးချင်းနဲ့ အဘွားချင်းတို့ကိုမြင်သောအခါ ဟွော်ချန်းယီက အဘိုးချင်းနဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။
“သခင်ကြီးချင်း။ ကျွန်တော့်သား ပြဿနာရှာတဲ့ကိစ္စအတွက် တကယ် တောင်းပန်ပါတယ်”။ ဟွော်ချန်းယီက သခင်ကြီးချင်းကို ချက်ချင်း တောင်းပန်လိုက်ပါသည်။
“ကိစ္စမရှိပါဘူး ကိစ္စမရှိပါဘူး။ ဒီတစ်ခေါက်ဖြစ်တဲ့ ပြဿနာမှာ သခင်လေးဟွော်ကိုပဲ အပြစ်တင်လို့ မရဘူး။ သူက ကျုပ် သမီးလေးကို ကာကွယ်ပေးဖို့ ကြိုးစားခဲ့တာ။ အဲ့ဒီအတွက် သူ့ကို ကျေးဇူးတောင် တင်မိပါတယ်”။ အဘိုးချင်းက ပြန်ပြောလိုက်ပါသည်။
ဟွော်ချန်းယီက အဘိုးချင်းတို့နောက်က မိသားစုဝင်တွေကို ကြည့်လိုက်ပြီး မေးလိုက်သည်။ “စူစူလေးက ဘယ်မှာလဲ။ ကျွန်တော် သူနဲ့ တွေ့ချင်လို့ပါ”။
ဟွော်ချန်းယီက သူ့သားအရင်းကို တွေ့ဖို့ထက် စူစူလေးကို အရင်တွေ့ချင်နေသဖြင့် အားလုံး အံ့အားသင့်သွားကြသည်။