← Chapters

အခန်း (၂၀၉+၂၁၀)

Vol. 9 Ch. 209+210

အခန်း (၂၀၉+၂၁၀)

Vol. 9 Ch. 209+210

အခန်း(၂၀၉) စူစူလေး Vs ဟွော်ချန်းယီ

“စိတ်မရှိပါနဲ့ မစ္စတာဟွော်။ ကျုပ်သမီးလေး မူကြိုမဆင်းသေးလို့ပါ”။ အဘိုးချင်းက ပြန်ပြောလိုက်သည်။

“ဒါဆို ကျွန်တော် ခဏစောင့်နေလိုက်မယ်။ သူ ကျောင်းဆင်းရင် သူနဲ့တွေ့ချင်တယ်။ သခင်ကြီးချင်းနဲ့ သခင်မကြီးချင်းတို့ လက်ခံနိုင်ပါ့မလားမသိဘူး”။ ဟွော်ချန်းယီ၏ မျက်နှာက တည်တံ့သော်လည်း ဖော်ရွေစွာ ပြောလိုက်ပါသည်။

“သဘောတူပါတယ် မစ္စတာဟွော် အဆင်ပြေရင် ပြီးတာပါပဲ”။ အဘိုးချင်းက ပြန်ပြောလိုက်သည်။

ဟွော်ချန်းယီက အလွန်အလုပ်များသူဖြစ်သည်။ ရက်ချိန်းကြိုယူမထားပါက သူနဲ့ဆုံဖို့ဆိုတာ အလွန်ခက်ခဲပါသည်။

ဒီလိုလူက သူတို့ သမီးလေးနဲ့တွေ့ရဖို့အတွက်နဲ့ အချိန် ၁ နာရီလောက် စောင့်နေရသည့် သတင်းသာ ထွက်သွားလျှင် ဘယ်သူ ယုံနိုင်မည်နည်း။

“ဒီနေ့ညအတွက် ကျွန်တော် အလုပ်ကိစ္စတွေ အချိန်ရွှေ့ပြောင်းထားလို့ ကျွန်တော် စောင့်နိုင်ပါတယ်။ စူစူလေးက ကျွန်တော့်ကို အများကြီး ကူညီပေးထားတာ။ စောင့်သင့်ပါတယ်”။ ဟွော်ချန်းယီက ပြောလိုက်သည်။

စူစူလေးက သူ့ကို အများကြီး ကူညီထားတယ်?

“မစ္စတာဟွော်။ ကျုပ်သမီးက ခင်ဗျားနဲ့ တစ်ခါမှလည်း မဆုံဖူးပါဘူး။ ဘာတွေ ကူညီပေးထားတာကို ပြောနေတာလဲ”။ အဘိုးချင်းက မေးလိုက်သည်။

“မကြာသေးခင်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေအကြောင်း အိမ်တော်ထိန်းလျို့က ကျွန်တော့်ကို ပြန်ပြောပြထားပါတယ်။ စူစူလေးကြောင့် ကျွန်တော့်သား ဆန်ကုန်မြေလေး သူများတွေကို ပြန်တောင်းပန်တတ်နေပြီ။ သူများတွေကို အနိုင်မကျင့်ဘဲ သက်ညှာပေးတတ်နေပြီလို့လည်း ကြားတယ်”။ ဟွော်ချန်းယီ ရှင်းပြလိုက်သည်။

“ဪ အဲ့လိုလား…။ ဟုတ်ပါပြီ ဒါဆို အိမ်ထဲဝင်ပါဦး မစ္စတာဟွော်။ သခင်လေးဟွော်က သူ့အခန်းထဲမှာရှိပါတယ်”။ အဘိုးချင်းက အပြုံးဖြင့် ပြောလိုက်သည်။

အဘိုးချင်းက ဟွာချန်းယီကို အိမ်ထဲ ဖိတ်ခေါ်လိုက်ပြီး ဟွော်ထျင်း၏ အခန်းဆီ လိုက်ပို့ပေးဖို့ အိမ်စေတစ်ယောက်ကို တာဝန်ပေးလိုက်ပါသည်။

ဟွော်ချန်းယီက ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် အဘိုးချင်းအမြင်မှာတော့ သူက သူ့သမီးလေး သူငယ်ချင်းရဲ့ မိဘတစ်ယောက်သာ ဖြစ်သည်။

သားတွေ သမီးတွေအကြောင်းသာ ပြောပြီး အလုပ်ကိစ္စ တစ်ခါမှ မဟခဲ့ပါ။

စူစူလေး ကျောင်းဆင်းသောအခါ ဘော်ဒီဂတ်တစ်ယောက်နဲ့ စန်းကျစ်တို့က ချင်းအိမ်တော်သို့ ပြန်လိုက်ပို့ပေးခဲ့ကြသည်။

အိမ်ထဲမဝင်ခင် ခြံအပြင်မှာ ကားတန်းအရှည်ကြီးတစ်တန်းကို မြင်ခဲ့ရပြီး ခြံထဲမှာလည်း ဘော်ဒီဂတ်တွေနဲ့ ပြည့်နှက်နေတာကို မြင်ခဲ့ရပါသည်။

ဧည့်ခန်းထဲ ‌ရောက်သောအခါ စူစူလေး ကြောင်စီစီ ဖြစ်နေစဉ် အရပ်ရှည်ရှည်နဲ့ အလွန်ကြည့်ကောင်းသော လူကြီး တစ်ယောက်က ဆောင့်ကြောင့်ထိုင်ကာ မေးလိုက်သည်။ “သမီးက ချင်းစူစူဖြစ်မယ် ဟုတ်တယ်မလား”

“ဟုတ်တယ် ဦးလေးက ဘယ်သူလဲ”။ စူစူလေးက ထိုလူကြီး၏ မျက်လုံးများကို မကြောက်မရွံ့ဘဲ ပြန်စိုက်ကြည့်လိုက်သည်။

ဟွော်ချန်းယီလို အရှိန်အဝါကြီးသည့် လူတစ်ယောက်ကို မျက်လုံးချင်းဆုံအောင် ကြည့်ရဲသူ အလွန်ရှားပါသည်။

သူ့သားအရင်း ဟွော်ထျင်းကတောင် သူ့ကို အတိုင်းအတာတစ်ခုထိ ကြောက်ရွံ့သည်။

သို့သော် စူစူလေးက အားလုံးထဲမှာ အငယ်ဆုံးဖြစ်သည်။

“ဦးလေးက ဟွော်ထျင်းရဲ့ အဖေပါ”။ ဟွော်ချန်းယီက မိတ်ဆက်လိုက်ပါသည်။

“ဪ တွေ့ရတာ ဝမ်းသာပါတယ်။ ဟွော်ထျင်းရဲ့ အဖေ”။ စူစူလေးက ဟွော်ချန်းယီနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးလိုက်သည်။

သူမရဲ့ အပြုအမူကြောင့် ဟွော်ချန်းယီ၏ ဘော်ဒီဂတ်တွေအကုန် ကြက်သေသေသွားကြသည်။

ဟွော်ထျင်းလည်း ထိတ်လန့်သွားပါသည်။

သိုသော်လည်း ဟွော်ထျင်း ချက်ချင်း စိတ်ထိန်းလိုက်သည်။ ဒီကလေးမလေးက ဒီလိုပဲ မဟုတ်လား။ ဘယ်သူ့ကိုမှ မကြောက်တတ်ပါ။

ဟွော်ချန်းယီက စူစူလေး၏ လက်သေးသေးလေးကို ကြည့်လိုက်ပြီး ‌ခေတ္တ အံ့အားသင့်သွားသော်လည်း ပြုံးလိုက်ပါသည်။

ထို့နောက် စူစူလေးနဲ့ လက်ဆွဲနှုတ်ဆက်လိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ်”။ စူစူလေးအား ဟွော်ချန်းယီ ပြောလိုက်သည်။ “ဒီနေ့ စူစူလေးကို ကျေးဇူးတင်ဖို့ လာခဲ့တာပါ”

“ကျေးဇူးတင်ဖို့ဟုတ်လား” (╹-╹)?

“ဦးလေးရဲ့သား ဟွော်ထျင်းနဲ့ အတူတူ အဖော်ပြု ကစားပေးပြီး သင်ခန်းစာတွေ အများကြီး သင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်”။ ဟွော်ချန်းယီက ပြောလိုက်သည်။

“မဟုတ်သေးပါဘူး”။ စူစူလေးက ဟွော်ချန်းယီ၏ စကားကို ကန့်ကွက်လိုက်သည်။

မဟုတ်သေးပါဘူး???

ဟွော်ချန်းယီရဲ့ စကားကို မမှန်ကန်ဘူးလို့ ပြောလိုက်တာလား?!

ဟွော်ချန်းယီ ဒီလို ကန့်ကွက်တာမျိုး မခံရတာ နှစ်တွေတော်တော်ကြာပြီမဟုတ်လား။

“ဘာက မဟုတ်တာလဲ”။ ဟွော်ချန်းယီ စိတ်မဆိုးပါ။

“ထျင်းထျင်းနဲ့ သမီးနဲ့က သူငယ်ချင်းတွေဖြစ်နေပြီ။ သူငယ်ချင်းတွေက အတူတူကစားရတယ်။ တာဝန်ကြီးတစ်ခုလို အဖော်ပြုပေးရတာ မဟုတ်ဘူး!” စူစူလေးက ခေါင်းလေးစောင်းလျက် သေချာ ရှင်းပြလိုက်သည်။

ဟွော်ချန်းယီ အံ့အားသင့်သွားသည်။ သို့သော်လည်း စူစူလေးရဲ့ အမြင်ကို နားလည်ပြီး ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ “အဲ့တာလည်း ဟုတ်ပါတယ်”

“ပြီးတော့ ကျန်သေးတယ်”။ စူစူလေး ပြောလို့ မပြီးသေးပါ။

ကျန်သေးတယ်ဟုတ်လား?!! ဒီကလေးမလေး တကယ် အကြောက်တရားမရှိဘူးပဲ!!

“ဘာပြောချင်သေးလို့လဲ”။ ဟွော်ချန်းယီက မေးလိုက်သည်။

… … …

အခန်း(၂၁၀) ဟွော်ချန်းယီကို ဝေဖန်ခြင်း (၁)

“ပြီးတော့ ဦးလေးက အလုပ်တွေပဲ လုပ်နေပြီး သူ့ကို အချိန်မပေးဘူးလို့ ထျင်းထျင်းက ပြောတယ်! အဲ့လိုလုပ်တာ မကောင်းဘူး! အဲ့တာ အရည်အချင်းရှိတဲ့ ဖေဖေ တစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ဘူး! ဦးလေးကို ဆုံးမသင့်တယ်!”

စူစူလေး၏ မျက်နှာက အလွန်ခက်ထန်ပြီး တည်တံ့နေပါသည်။

သူမ စကားတွေက ပြတ်သားသည်။ ကလေးဆန်သော သူမရဲ့ အသံလေးနဲ့ ဂုဏ်သရေရှိ ဟွော်ချန်းယီအား ဝေဖန် ပြစ်တင်လိုက်သည်။

စူစူလေး စကားအဆုံးသတ်သွားသောအခါ ဧည့်ခန်းထဲမှာ အေးစိမ့်လာသလို ခံစားရသည်။

ချင်းမိသားစုဝင်တွေအားလုံးလည်း သူမ စကားကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့ တုန်လှုပ်သွားကြပြီး အစ်ကိုအကြီးဆုံး ချင်းရှင်းကျစ်က ကြက်သေသေကာ ဒုတိယမရီး ရှောင်းပေပေကတော့ ကြမ်းပြင်ပေါ် မေးရိုးပြုတ်ကျမတတ် ဖြစ်နေသည်။

သူတို့ အသဲလေးက ဟွော်ချန်းယီကို တကယ် ဝေဖန်လိုက်တာပဲ!!

ဟွော်ထျင်းလည်း မှင်သက်သွားသည်။ သူ့အဖေက သူ့ကိုအချိန်မပေးဘဲ ပစ်ထားသည်ဟု စူစူလေးကို သူပြောဖူးပါသည်။

သို့သော်လည်း သူပြောခဲ့တုန်းက စူစူလေးရဲ့ မိဘတွေကို အားကျသည်ဟု ဒီတိုင်း ဘာမှမစဉ်းစားဘဲ ငြီးတွားလိုက်မိတာဖြစ်သည်။ အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော်လည်း စူစူလေးကို အမြဲတမ်း အချိန်ပေးကြသည်။ ဟွော်ထျင်းမှာ အမေမရှိသော်လည်း ရှိသည့်အဖေက အမြဲတမ်း အလုပ်ကိုပဲ ဦးစားပေးကာ သူ့ကို အချိန်မပေးခဲ့ပါ။

စူစူလေး မှတ်မိနေလိမ့်မည်ဟု ဟွော်ထျင်းလုံးဝ ထင်မထားပေ။ သူ့အဖေရှေ့မှာ ဒီလို ထုတ်ပြောဖို့ဆို ပိုဝေးပါသည်။

ဘယ်သူမှ သူ့အဖေကို ဒီလိုလေသံမျိုးနဲ့ မပြောရဲကြပါ။

သူ့အဖေကို စော်ကားမိသူတိုင်း ဘာဖြစ်သွားသလဲ စူစူလေး မသိလောက်ပေ။

သူ့အဖေ ဒေါသထွက်သွားမှာကို ဟွော်ထျင်းအလွန်စိုးရိမ်သွားပါသည်။

“ဟဲ့ဟာမလေး ဘာမှမပြောနဲ့တော့!”။ ဟွော်ထျင်း ရှေ့ထွက်လာပြီး စူစူလေးကို ဆွဲခေါ်ဖို့ ကြိုးစားလိုက်သည်။

“မရဘူး ပြောမှဖြစ်မယ်။ သူ အမှားတွေလုပ်နေတာ အမှန်ပြင်ပေးရမယ်။ မပြင်ရင် ဖင်ကို နာနာရိုက်ရမယ်! ဒါမှ မှတ်သွားမှာ!”။ စူစူလေးက ဟွော်ထျင်းအား ရှင်းပြလိုက်သည်။

ဟွော်ချန်းယီရဲ့ တင်ပါးကိုတောင် ရိုက်ချင်တယ်တဲ့လား?!!

ရဲတင်းလိုက်တာ!!

ချင်းမိသားစုဝင်တွေအားလုံး အသက်ရှူရပ်မတတ်ဖြစ်နေကြလေပြီ။

ဟွော်ချန်းယီက သူ့သားနဲ့ စူစူလေးတို့ကို တစ်လှည့်စီကြည့်လိုက်ပြီး အပြုံးများ ပျောက်ကွယ်သွားသည်။

သူ့မျက်လုံးတွေက နက်ရှိုင်းနေပြီး အန္တရာယ်များသည့် အရှိန်အဝါတစ်ခုကို ပေးစွမ်းနေပါသည်။

ဧည့်ခန်းထဲကလူတွေအားလုံး အလွန်စိတ်ဖိစီးနေကြသည်။ အချိန်မရွေး ပေါက်ကွဲနိုင်သည့် ချိန်ကိုက်ဗုံးကြီးတစ်လုံးကို ရှေ့ချထားရသလိုပင်။

အခြေအနေကို မရိပ်မိတာ စူစူလေး တစ်ယောက်တည်းသာ ရှိပြီး နည်းနည်းလေးမှ မကြောက်ပါ။ ဟွော်ချန်းယီ၏ တင်ပါးကို ရိုက်နှက်ဖို့ အသင့်ပြင်နေသည်။

ထျင်းထျင်းရဲ့ အဖေသာ မလိမ္မာလျှင် စကားနားထောင်သည့်အထိ တင်ပါးကို ရိုက်ပါမည်။

“ဦးလေးမှားတယ်လို့ စူစူလေးက ထင်တယ်ပေါ့”။ ဟွော်ချန်းယီ မေးလိုက်သည်။

“အွန်း!”

စူစူလေး တစ်စက္ကန့်တောင် မတွန့်ဆုတ်ဘဲ ခေါင်းငြိမ့်လိုက်သည်။ တခြားဘယ်သူမှ ဝင်တားလို့ မရပါ။

ဒီကျေးဇူးရှင်လေးကတော့!!! ချင်းရှင်းကျစ် မျက်ရည်မကျဘဲ ငိုချင်စိတ်တွေ ပေါက်လာပါသည်။ ဟွော်ချန်းယီသာ ဒေါသ ပေါက်ကွဲသွားလျှင် သူ့ညီမလေးကို ဘယ်လို ကာကွယ်ပေးရမလဲ စိတ်ထဲမှာ ကြိုတင်စဉ်းစားနေလေပြီ။

ရှောင်းပေပေလည်း ဘာပြောရမှန်း မသိတော့ပါ။ ဒီလူက သာမန်လူမဟုတ်ပါ။ ဟွော်ချန်းယီဖြစ်သည်။ သူမရဲ့ ယောက်မ သေးသေးလေးက သူမတို့ တစ်သက်လုံး တွေးတောင် မတွေးရဲမည့် လုပ်ရပ်မျိုးကို လုပ်နေသည်။

အားလုံးရဲ့ စိုးရိမ်ပူပန်မှုကို စူစူလေး သတိမထားမိဘဲ ထပ်ပြောလိုက်၏။ “ဖေဖေနဲ့ မေမေက ပြောဖူးတယ်။ ဖေဖေနဲ့ မေမေရယ်လို့ ဖြစ်လာရင် ကလေးကို အချိန်ပေးရမယ်တဲ့! ဖေဖေနဲ့ မေမေက သမီးကို နေ့တိုင်း အဖော်လုပ်ပေးတာ။ ပုံပြင်တွေပြောပြလိုက် ရုပ်ပြစာအုပ်တွေ တူတူဖတ်လိုက်နဲ့။ ဦးလေးက ထျင်းထျင်းရဲ့ ဖေဖေဖြစ်ပြီး ဘာလို့ ပုံပြင်တွေ မပြောပြတာလဲ”

ဟွော်ချန်းယီက ရှင်းပြလိုက်သည်။ “စူစူလေး လူကြီးတွေမှာ ကိုယ့်အခက်အခဲနဲ့ကိုယ် ရှိကြတယ်။ အလုပ်လုပ်ရပြီး သားသမီးတွေကို အမြဲတမ်း အချိန်ပေးနိုင်မှာမဟုတ်ဘူး”

“အမြဲတမ်း အချိန်ပေးစရာမလိုဘူး။ ဒါပေမယ်… ဒါပေမယ့်…”။ စူစူလေး စကားရပ်တန့်သွားပြီး သေချာစဉ်းစားလိုက်သည်။ တစ်ရက်ကို ဘယ်နှခါအတူတူနေပေးရင် လုံလောက်ပြီလဲ?။ ခေတ္တစဉ်းစားပြီးနောက် စူစူလေး ဆက်ပြောလိုက်သည်။ “အနည်းဆုံး SpongeBob ကာတွန်းကား ၂ ပိုင်းစာလောက် အချိန်ပေးဖို့လိုတယ်!”

ဟွော်ချန်းယီက ထပ်မေးလိုက်သည်။ “အလုပ်တွေ အရမ်းရှုပ်နေရင် ဘယ်လိုလုပ်မလဲ။ လူကြီးတစ်ယောက်ရဲ့ အချိန်တွေက အမြဲတမ်း အလုပ်ပေါင်းစုံနဲ့ ပြည့်နှက်နေတာ။ ကလေးတစ်ယောက်လို အားလပ်မနေဘူး။ တစ်ခါတလေ အချိန် ၁ နာရီတောင် မပေးနိုင်တဲ့အခါမျိုးဆိုတာ ရှိတယ်”

ဒီစကားကို စူစူလေး ဘယ်လို တုန့်ပြန်မ်လဲဆိုတာ ဟွော်ချန်းယီ စိတ်ဝင်စားနေပါသည်။

All Chapters