← Chapters

အခန်း (၂၁၁+၂၁၂)

Vol. 9 Ch. 211+212

အခန်း (၂၁၁+၂၁၂)

Vol. 9 Ch. 211+212

အခန်း(၂၁၁) ဟွော်ချန်းယီကို ဝေဖန်ခြင်း (၂)

စူစူလေးက ပြန်ပြောလိုက်သည်။ “ဦးလေးက အရမ်း ချမ်းသာတယ်လို့ ထျင်းထျင်းက ပြောတယ်။အလုပ်လုပ်တယ် ဆိုတာ ပိုက်ဆံရှာဖို့လို့ ဖေဖေနဲ့ မေမေက ပြောဖူးတယ်။ အဲ့တာကြောင့် ပိုက်ဆံနည်းနည်း လျှော့ရှာလိုက်ပေါ့! သမီးတို့ကို မွေးဖို့ ပိုက်ဆံအဲ့လောက်မကုန်ပါဘူး။ အဲ့လောက်အများကြီး မလိုဘူး! ပိုက်ဆံ မလုံလောက်တော့ရင်… အဲ့တာဆို ထျင်းထျင်းကို အစားလျှော့စားခိုင်းလိုက်!”

စူစူလေး၏ စကားလုံးများက အလွန်ကလေးဆန်ပါသည်။ ကလေးတစ်ယောက်ရဲ့ အမြင်နဲ့ ပြောဆိုနေတာတွေသာ ဖြစ်သည်။

စူစူလေးကို ဟွော်ချန်းယီ အချိန်အကြာကြီး စိုက်ကြည့်နေပြီး ဘာမှ ပြန်မပြောနိုင်ပါ။

ဘေးနားကလူတွေလည်း အသက်တောင် ဝဝမရှူရဲတော့ပေ။

ဟွော်ချန်းယီ ဒေါသထွက်ပြီး စူစူလေးကို ကိုင်ပေါက်လိုက်မှာ စိတ်ပူနေကြသည်။

စူစူလေးကို စိုက်ကြည့်ပြီးနောက် ဟွော်ချန်းယီက ဟွော်ထျင်းဘက်သို့ လှည့်ကာ မေးလိုက်သည်။ “အာ့ထျင်း အဖေ အလုပ်တွေလျှော့လုပ်ပြီး မင်းကို အချိန်ပိုပေးရင် ကောင်းမှာပဲလို့ တကယ် တွေးဖူးတာလား”

ဟွော်ထျင်းက မျက်နှာလွှဲလိုက်ပြီး ပြန်မဖြေပါ။

စူစူလေးက ဟွော်ထျင်း၏ လက်ကို ဆွဲကာ အားပေးလိုက်သည်။ “ထျင်းထျင်း ပြောလိုက်လေ! ပြောချင်တာ ပြောပလိုက်! ကိုယ့်ဖေဖေနဲ့ မေမေကို စိတ်ထဲရှိတာမပြောရင် သူတို့ သိမှာမဟုတ်ဘူး!”

စူစူလေး၏ အားပေးမှုကြောင့် ဟွော်ထျင်း အားတက်သွားပြီး မျက်နှာဖြည်းဖြည်းချင်း ပြန်လှည့်လာသည်။ ထို့နောက် ဟွော်ချန်းယီ၏ မျက်လုံးများကို တည့်တည့်ကြည့်လိုက်သည်။

ထို့နောက် ဟွော်ချန်းယီအား ဟွော်ထျင်း ပြောလိုက်သည်။ “အဖေက ကျွန်တော့်ကို ပိုက်ဆံပေးဖို့ပဲသိတယ်။ ပစ္စည်းတွေ အများကြီး ဝယ်ပေးပြီး ဘေးနားမှာ လူတွေ အများကြီး ထားထားပေးတယ်! ဒါပမယ့် အဖေကိုယ်တိုင်ကျတော့ တစ်ခါမှ ဂရုမစိုက်ဖူးဘူး! ကျောင်းမှာ ပွဲတွေရှိလည်း တစ်ခါမှ မလာဖူးဘူး။ မိဘဆရာတွေ့ဆုံပွဲတွေလည်း တစ်ခါမှ မတက်ရောက်ဘူး! ကျွန်တော်အမှားလုပ်တဲ့ အခါကျမှ ပေါ်လာပြီး ဆူတယ်! တခြားကလေးတွေမှာ အဖေတွေ အမေတွေ ရှိတယ်။ ကျွန်တော့်မှာ နှစ်ယောက်စလုံး မရှိဘူး!”

စူစူလေး၏ ရဲရင့်မှုကြောင့် သူ့အဖေကို မကျေနပ်ချက်များ ထုတ်ပြောဖို့ ဟွော်ထျင်း သတ္တိရှိသွားသည့်ပုံပင်။

သူလည်း သူ့အဖေ အမေတို့နားမှာ နေချင်သည်။

သို့သော်လည်း သူ့အမေက ဆုံးသွားပြီဖြစ်သည်။ တစ်ခါမှလည်း မမြင်ခဲ့ရပါ။

သူ့အဖေက အမြဲတမ်း အလုပ်လုပ်နေပြီး တစ်ခါတလေ တစ်ပတ်လုံးနေမှ တစ်ခါတောင် မတွေ့ရပါ။

ဘယ်သူမှ မလိုချင်သည့် ကလေးတစ်ယောက်လို သူခံစားရသည်။

ဟွော်ချန်းယီ အကြည့်များ လေးလံသွားပြီး မျက်လုံးတွေထဲ ဝမ်းနည်းမှုတချို့ ဖြစ်ပေါ်လာသည်။

သူ့မိန်းမ သေဆုံးသွားပြီးနောက်ပိုင်း နာကျင်မှုတွေကို မေ့နိုင်ရန် အလုပ်ထဲမှာသာ စိတ်နှစ်ထားခဲ့သည်။

သူ့သားအတွက် ဥစ္စာပစ္စည်းပိုင်းမှာ လိုချင်တာမှန်သမျှ ပေးခဲ့သည်။

သူမွေးလာကတည်းက သူ့ကို ဂရုစိုက်ပေးဖို့ သက်ဆိုင်ရာနယ်ပယ်မှာ အကျွမ်းကျင်ဆုံးလူတွေကိုသာ ငှားပေးခဲ့သည်။

သူ့အတွက် အရာရာ ဖြည့်ဆည်းပေးခဲ့သည်။ သူမဖြည့်ဆည်းနိုင်သော တစ်ခုတည်းသော အရာက မေတ္တာနဲ့ အဖော်ပြုပေးခြင်းပင်။

ဟွော်ထျင်း ပြဿနာ ရှာတိုင်း ဒေါသထွက်ရသလို လိပ်ပြာမလုံစိတ်လည်း ဖြစ်မိသည်။

သူ့ကို ဆုံးမရသော်လည်း ဟွော်ထျင်း၏ ခေါင်းမာသော မျက်နှာကို မြင်တိုင်း မရက်စက်နိုင်ပါ။ ထို့ကြောင့် သွန်သင်ဆုံးမမှုတိုင်းက ဟိုမရောက် ဒီမရောက် လမ်းတစ်ဝက်မှာ ပြီးဆုံးသွားတတ်သည်။

ဟွော်ချန်းယီက ဟွော်ထျင်းအား ဆက်မေးလိုက်သည်။ “အာ့ထျင်း။ မင်းကို အဖော်လုပ်ပေးဖို့ အဖေ လူတွေအများကြီး စီစဉ်ပေးထားတယ်လေ။ အားလုံးက အဖေ့ထက်တောင် ပိုတော်ကြသေးတယ်။ မင်းကို ပျော်အောင် ဘယ်လိုထားရမလဲ သူတို့ သိကြတယ်။ အဲ့တာကို သဘောမကျဘူးလား”

“ဘယ်လိုလုပ်တူမှာလဲ!”။ ဟွော်ထျင်းကိုယ်စား စူစူလေးက ဝင်ပြောပေးလိုက်သည်။ “မိဘတွေနဲ့ သူစိမ်းတွေနဲ့ ဘယ်လိုလုပ်တူမှာလဲ! ကလေးတွေနားမှာ မိဘတွေရှိမှ ဖြစ်မှာပေါ့။ သူစိမ်းတွေက ကလေးထိန်းတာ ဘယ်လောက် တော်တော် သူစိမ်းက သူစိမ်းပဲ! ဖေဖေ မေမေ အရင်းနဲ့ ယှဉ်လို့ရမလား?!”

“စူစူလေးပြောတာမှန်တယ်!”။ ဟွော်ထျင်းကလည်း ထောက်ခံသည်။

သူတို့ စကားလုံးများက အလွန် ရိုးစင်းပြီး လေသံလေးတွေကလည်း နူးညံ့သည်။ သို့သော်လည်း သူပြောသည့် စကားကြောင့် စီးပွားရေးလောကရဲ့ အကျော်အမော်ကြီး ဟွော်ချန်းယီ အတွေးများ နက်ရှိုင်းသွားရသည်။

အဖေဖြစ်သူ စကားမပြောတော့တာကို မြင်ပြီး ဟွော်ထျင်း ထပ်မံစိတ်ပူလာပြန်သည်။

သူ့အဖေ စိတ်တိုသွားပြီလား။

စိတ်ပူစွာဖြင့် ဟွော်ထျင်း ထပ်ပြောလိုက်သည်။ “ကျွန်တော်တို့ပြောတာ မမှန်ဘူးလို့ထင်ပြီး ဒေါသထွက်ချင်ရင် ကျွန်တော့်ကိုပဲ ဒေါသထွက်။ ဒီကောင်မလေးကို အပြစ်မတင်နဲ့!”

စူစူလေးကို သူ့အဖေ ဒေါသထွက်မှာ စိုးသဖြင့် ဟွော်ထျင်းက စူစူလေး၏ ရှေ့မှာ ရပ်ကာ ပြောလိုက်သည်။

ဟွော်ထျင်း၏ အပြုအမူကို ကြည့်ပြီး ဟွော်ချန်းယီ ရင်ထဲ တုန်ခါသွားရသည်။

… … …

အခန်း(၂၁၂) ဟွော်ချန်းယီရဲ့ ကတိ (၁)

သူ အတော်လေး တုန်လှုပ်သွားသော်လည်း ဒေါသတော့ မထွက်ပေ။

ဟွော်ချန်းယီက ဟွော်ထျင်း၏ ခေါင်းကို ပွတ်ပေးလိုက်ပါသည်။ ထိုလုပ်ရပ်ကြောင့် ဟွော်ထျင်း ကြက်သေသေသွား၏။

မျက်နှာက အနည်းငယ် နေရခက်သွားသော်လည်း မရှက်ပါ။

ဟွော်ချန်းယီက ပြောလိုက်သည်။ “အာ့ထျင်း အဖေ ဒေါသမထွက်ပါဘူး။ စိတ်မကောင်းဖြစ်မိလို့ပါ။ ဒါပေမယ့် ပျော်လည်း ပျော်တယ်။ မင်းရဲ့ ခံစားချက်ကို တစ်ချိန်လုံး သေချာ နားမထောင်ခဲ့မိလို့ စိတ်မကောင်းဖြစ်မိတာ။ ဒါပေမယ့် သူငယ်ချင်းအစစ်တွေ ရပြီး သူများကို ကာကွယ်ပေးတတ်နေပြီမို့လို့ ဝမ်းသာမိတာပါ”

“အဖေမပြောလည်း ကျွန်တော့်ဖာသာ လုပ်မှာပဲ!”။ ဟွော်ထျင်းက မျက်နှာလွှဲလိုက်ပြီး ရှက်နေတာတွေကို ဒေါသဖြစ်ချင်ယောင် ဆောင်ကာ ဖုံးကွယ်လိုက်ပါသည်။

သားဖြစ်သူ၏ ခေါင်းမာသော မျက်နှာကို ကြည့်ခြင်းအားဖြင့် သူ့တောင်းပန်စကားကို သဘောပေါက် လက်ခံမှန်း ဟွော်ချန်းယွီ ပြောနိုင်ပါသည်။

ဟွော်ချန်းယီ ခပ်တိုးတိုး ရယ်မောလိုက်၏။

သူ့ရယ်သံကြောင့် အားလုံး မှင်သက်သွားကြသည်။

ဟွော်ထျင်းလည်း သူ့အဖေကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

သူ့အဖေရဲ့ အပြုံးကို သူ့မှတ်ဉာဏ်ထဲမှာ မမြင်ဖူးသလောက် ရှိသည်။ ပုံမှန်ဆို အလွန်ခက်ထန်နေတတ်ပြီး တည်တံ့နေသော မျက်နှာထားမျိုး ရှိသူဖြစ်၏။

စူစူလေးက ဝင်ပြောလိုက်သည်။ “မရယ်နဲ့! အရေးကြီးတဲ့ကိစ္စ ပြောနေတာာကို!”

ဒီဦးလေးကြီးက တကယ် မလိမ္မာပါ။

“ဟုတ်ပါပြီ ဟုတ်ပါပြီ မရယ်တော့ပါဘူး”။ ဟွော်ချန်းယီ စကား နားထောင်လိုက်သည်။ “ဦးလေး တောင်းပန်ပြီး ကြိုးစားပါ့မယ်။ အဲ့တာဆို အာ့ထျင်းနဲ့ စူစူလေးတို့ ခွင့်လွှတ်ပေးမှာလား”

“ဒါပေါ့! ကိုယ့်အမှားကိုယ် ဝန်ခံပြီး မှန်ကန်အောင် လုပ်တာ လိမ္မာတဲ့ ကလေးတစ်ယောက်ရဲ့ လမ်းစဉ်ပဲ!”။ စူစူလေးက ပြန်ပြောလိုက်သည်။

“ဒါဆို အခုချိန်ကစပြီး နေ့တိုင်း အလုပ်လျှော့လုပ်ပြီး အာ့ထျင်းအတွက် အချိန်ပေးမယ်။ လူကိုယ်တိုင် မရှိပေးနိုင်ရင် ဗီဒီယိုကော ခေါ်လိုက်မယ် ဟုတ်ပြီလား ဘယ်လိုသဘောရလဲ”။

ဟွော်ချန်းယီက စူစူလေး၏ သဘောထားကို မေးလိုက်သည်။

“အိုကေ!”။ စူစူလေး ခေါင်းငြိမ့်လိုက်ပြီး ဟွော်ချန်းယီ၏ အစီအစဉ်ကို လက်ခံလိုက်ပါသည်။

ဒီဦးလေးက တော်သားပဲ! ပြောစကားနားထောင်တယ် လိမ္မာတယ်။

စူစူလေးက အိတ်ကပ်ထဲမှ သကြားလုံး တစ်လုံးထုတ်လိုက်ပြီး ဟွော်ချန်းယီအား ပေးလိုက်သည်။ “ဒါ ဦးလေးကို ဆုချတာ”

ဟွော်ချန်းယီက သကြားလုံးလေးကို ရီဝေစွာ ကြည့်လိုက်သည်။

ထို့နောက် စူစူလေး၏ လက်ထဲမှ သကြားလုံးကို ယူလိုက်ပါသည်။

“ဆုချတာတဲ့လား”။ ဟွော်ချန်းယီက သကြားလုံးလေးကို ကြည့်ကာ မေးလိုက်သည်။

“အွန်း လိမ္မာလို့ သကြားလုံးတစ်လုံး စားလို့ရတယ်!”။ စူစူလေးက ရှင်းပြသည်။

“ဟုတ်ပါပြီ”။ ဟွော်ချန်းယီက သကြားလုံးကို သေသေချာချာ လက်ခံလိုက်ပြီး ရယ်မောလိုက်သည်။

ဟွော်ထျင်းက ဘေးမှ ရပ်ကြည့်ရင်း ဝင်ပြောလိုက်ပါသည်။ “ဟိုကောင်မလေး ငါ့ကျတော့ သကြားလုံး တစ်ခါမှ မကျွေးဖူးဘူး!”

“နင်က လိမ်မှ မလိမ်မာတာ”။ စူစူလေး ခေတ္တစဉ်းစားကာ ပြန်ဖြေလိုက်သည်။

“ခုတလော ငါ လိမ်လိမ်မာမာ နေနေတယ် မဟုတ်ဘူးလား။ ငါ့ကို နင့်သူငယ်ချင်းအဖြစ် အသိအမှတ်ပြုလိုက်ပြီ မဟုတ်ဘူးလား”

ဟွော်ထျင်း မကျေနပ်ပါ။ ဒီကောင်မလေး ပြောသည့်အတိုင်း သူပြောင်းလဲ နေထိုင်ခဲ့သည်။ ခုတလော ခြံထဲမှာတောင် မဲလုံးနဲ့အတူတူ ပုံမှန် လမ်းလျှောက်ထွက်ပေးသည်။

ထိုမိန်းမကြီးကို ခြောက်လိုက်တာကလွဲပြီး တခြားဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့ပါ။

“အဲ့တာဆို…”။ စူစူလေး အတွေးများသွား၏။

“ပြီးတော့ သူက ပြောင်းလဲမယ်လို့ စကားနဲ့ ပြောရုံနဲ့ နင်သကြားလုံးပေးလိုက်တာ! ငါက လက်တွေ့ ပြောင်းလဲ ပြတာတောင် နင်အခုထိ သကြားလုံး မပေးသေးဘူးး!”

သကြားလုံးတစ်လုံးအတွက်နဲ့ ကိုယ့်အဖေအရင်းကို မနာလိုဖြစ်ရလိမ့်မည်ဟု ဟွော်ထျင်း တစ်ခါမှ မတွေးဖူးပါ။

သားဖြစ်သူ၏ မျက်နှာကိုကြည့်ရင်း ဟွော်ချန်းယီ အပြုံးပိုကျယ်သွားပါသည်။

အလုပ်တွေအားလုံး ဘေးဖယ်ပြီး ဒီနေ့ လာခဲ့ရတာ တန်ပါသည်။

အမှန်ပင်။ သူ့ရှေ့က ချစ်စရာ ကောင်မလေးကိုလည်း ကျေးဇူးတင်ရမည်။

“စူစူလေး ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်တဲ့အနေနဲ့ စူစူလေး တောင်းဆိုချင်တာ ၃ ခု တောင်းဆိုလို့ရတယ်”။ ဟွော်ချန်းယီက စူစူလေးကို ပြောလိုက်သည်။

ဟွော်ချန်းယီကို တောင်းဆိုချင်တာ ၃ ခု တောင်းဆိုလို့ရမယ်တဲ့လား???

ဘုရား ဘုရား!

ချင်းမိသားစုဝင်တွေအားလုံး အံ့အားသင့်ကုန်ကြသည်။

ဘော်ဒီဂတ်တွေနဲ့ အိမ်စေတွေလည်း အံ့အားသင့်ကုန်ကြပါသည်။ အထူးသဖြင့် အိမ်တော်ထိန်းလျို့က ပိုပြီး မှင်သက်ရသည်။ သူတို့ရဲ့ ဥက္ကဌဟွော် သူများကို ဒီလိုကတိမျိုးပေးဖူးတာ ပထမဆုံးအကြိမ် ဖြစ်သည်။

သူတို့သခင်ကြီးဟွော်က ကတိတည်တတ်သည့် လူကြီးလူကောင်း တစ်ယောက်ဖြစ်ပါသည်။ သူ့ထံမှ ဒီလို ကတိမျိုး ရထားတာ ရွှေတွေငွေတွေထက် အများကြီး ပိုတန်ဖိုးရှိသည်။

All Chapters