အခန်း (၂၁၃+၂၁၄)
Vol. 9 Ch. 213+214
အခန်း(၂၁၃) ဟွော်ချန်းယီရဲ့ ကတိ (၂)
စူစူလေးကို တောင်းဆိုခွင့် ၃ ခုတောင် ပေးခဲ့သည်။
ဘယ်လောက်တောင် ဂုဏ်ရှိလိုက်သလဲ။
သူတို့ ဥက္ကဌဟွော် စူစူလေးကို တကယ် အသိအမှတ်ပြုလိုက်တာဖြစ်မည်ဟု အိမ်တော်ထိန်းလျို့ ခံစားမိသည်။
“အခုချက်ချင်း တောင်းဆိုလို့ရလား”။ စူစူလေးက မေးလိုက်သည်။
“ဒါပေါ့”။ ဟွော်ချန်းယီက အတည်ပြုလိုက်ပါသည်။
“ဒါဆို ပထမဆုံး ဒီနေ့ကစပြီး နေ့တိုင်း ထျင်းထျင်းနဲ့ SpongeBob နှစ်ပိုင်းစာ အချိန် အဖော်လုပ်ပေးရမယ်”။ စူစူလေးက ပထမ တောင်းဆိုခွင့်ကို နည်းနည်းလေးတောင် မစဉ်းစားဘဲ အသုံးချလိုက်သည်။
ဟမ်?
ဟမ်?!! (°ロ°)
ပထမဆုံး တောင်းဆိုချက်က ဒါလား???
ရွှေတွေငွေတွေထက် အဖိုးတန်တဲ့ တောင်းဆိုချက်ကို ဒီနည်းနဲ့ အသုံးချလိုက်တာလား???
ဘယ်လိုတောင် ဖြုန်းတီးလိုက်တာလဲ?!!
ဟွော်ချန်းယီက စူစူလေးကို အပြုံးဖြင့် ပြန်ပြောလိုက်သည်။ “အဲ့တစ်ခုကို တောင်းဆိုစရာတောင် မလိုပါဘူး။ စူစူလေးနဲ့ ပတ်သတ်တဲ့အရာတွေကိုပဲ တောင်းဆိုပါ”
စူစူလေးက ခေါင်းခါလိုက်သည်။ “အဲ့တာပဲ လိုချင်တယ်! ပြောပြီးသားစကား ပြန်မရုတ်သိမ်းနဲ့နော်!”
စူစူလေးက အလွန်ခေါင်းမာနေသည်။
ဟွော်ထျင်းက စူစူလေး၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို မြင်ပြီး ရင်ထဲ ထူးထူးဆန်းဆန်း ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဟွော်ချန်းယီလည်း ပြုံးရင်း သူ့ရှေ့က ဆုံးဖြတ်ချက် ခိုင်မာပြတ်သားနေသော ကလေးမလေးကို ကြည့်ကာ သိမ်သိမ်မွေ့မွေ့ ပြောလိုက်ပါသည်။ “ဟုတ်ပါပြီ။ ဒါက စူစူလေးရဲ့ ပထမဆုံး တောင်းဆိုချက်ပေါ့။ ၂ ခု ကျန်သေးတယ်နော်။ ကမ္ဘာပေါ်မှာ ရှိပြီး ဦးလေးဖြည့်ဆည်းနိုင်တဲ့ အတိုင်းအတာအတွင်းက ဘယ်အရာကိုမဆို တောင်းဆိုလို့ရတယ်”
စူစူလေးက လေးလေးနက်နက် စဉ်းစားလိုက်ပါသည်။
ပထမတောင်းဆိုချက်ကလွဲပြီး လောလောဆယ် ဘာမှ စဉ်းစားလို့မရသေးပါ။
သူမမှာ လိုအပ်ချက် မရှိသည့် ပုံစံပင်။
“တော်ပြီ ဘာမှ မလိုတော့ဘူး”။ စူစူလေးက ပြန်ပြောလိုက်ပါသည်။
ဟမ်? တော်ပြီ???
တောင်းဆိုခွင့် ၃ ခု ရှိတာကို ၁ ခုတည်း တောင်းဆိုပြီး ရပ်လိုက်ပြီလား?
ဒါလူပေါင်းများစွာ အိပ်မက်ထဲတောင် ထည့်မမက်နိုင်တဲ့ အခွင့်အရေးနော်!! ဒီတိုင်း လွှင့်ပစ်လိုက်တော့မလို့လား?!!
ဟွော်ချန်းယီ၏ ဘော်ဒီဂတ်တွေအကုန်လုံး စူစူလေးကိုယ်စား ထိုတောင်းဆိုချက် ၂ ချက်ကို တောင်းဆိုခွင့်ရှိလျှင် ကောင်းမည်ဟု စိတ်ကူးယဉ်မိကြသည်။
ဟွော်ချန်းယီက စူစူလေးအား ပြောလိုက်သည်။ “နောက်မှစဉ်းစားလည်း ရပါတယ် မလောပါနဲ့။ စူစူလေး လိုအပ်တာရှိမှ ဦးလေးကို ဖုန်းဆက်လည်း ရတယ်။ သမီး ဖေဖေနဲ့ မေမေမှာ ဦးလေးရဲ့ ဖုန်းနံပါတ်ရှိတယ်”
“ဟုတ်ပြီ”။ စူစူလေး သဘောတူလိုက်သည်။
စူစူလေးနဲ့ စကားပြောလို့ ပြီးသွားပြီဖြစ်သဖြင့် ဟွော်ချန်းယီ မတ်တပ်ရပ်လိုက်ပါသည်။ ဆောင့်ကြောင့်ထိုင်နေတာ ကြာပြီ ဖြစ်သဖြင့် ခြေထောက်တွေတောင် ထုံကျင်နေသည်။
ဟွော်ချန်းယီက ဟွော်ထျင်းကို ပြောလိုက်၏။ “အာ့ထျင်း အဖေ့ခြေထောက်တွေ ညောင်းနေတယ်။ အပြင်မှာ အဖေနဲ့အတူ လမ်းခဏထွက်လျှောက်ရအောင်”
ဟွော်ထျင်း ကြက်သေသေသွားသည်။
သူတို့ သားအဖ တစ်ခါမှ လမ်းအတူတူ မလျှောက်ဖူးပါ။
သူများကလေးတွေ မိဘတွေနဲ့အတူတူ လမ်းလျှောက်ရင်း ဈေးဝယ်ထွက်နေတာတွေကိုမြင်တိုင်း ဟွော်ထျင်း မနာလို ဖြစ်ခဲ့ရသည်။
ထို့ကြောင့် ထိုနေ့က တစ်ယောက်တည်း လမ်းလျှောက်မထွက်ချင်တော့ဘူးဟု သူ့အဖေကို အိမ်တော်ထိန်းလျို့မှတဆင့် ပြောခိုင်းလိုက်လေသည်။
သို့သော်လည်း သူ့အဖေက အချိန်မရှိဘူးဟု ဆိုကာ ခွေးတစ်ကောင်ဝယ်ပေးရမလားဟု ပြန်မေး၏။
ဟွော်ထျင်း အလွန်ဒေါသထွက်သွားပြီး အရွဲ့တိုက်ကာ အလွန်တန်ဖိုးကြီးသည့် Tibetan Mastiff ခွေးကြီးတစ်ကောင် လိုချင်သည်ဟု ပြောလိုက်သည်။
ထို့နောက် သူ့အဖေက သူ့ကို တကယ်ကြီး Tibetan Mastiff ခွေးကြီးတစ်ကောင် ဝယ်ပေးခဲ့ပါသည်။
ထိုနေ့ကစလို့ အပြင်ထွက်တိုင်း မဲလုံးကိုသာ ခေါ်သွားရသည်။
ဟွော်ထျင်း အချိန်အတော်ကြာသည့်အထိ စကားပြန်မပြောခဲ့ပါ။ ထို့ကြောင့် ဟွော်ချန်းယီက ထပ်မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။ အဖေနဲ့ လမ်းလျှောက်မထွက်ချင်ဘူးလား။ မဲလုံးကြီးကိုလည်း ခေါ်ခဲ့လို့ရတယ်လေ”
“အင်း… အဖေက လမ်းလျှောက်ထွက်ချင်တယ် ဆိုတော့လည်း ကျွန်တော့်ဘက်က လိုက်လျောပေးရမှာပေါ့! ဘယ်တတ်နိုင်မလဲ ယောက်ျားရင့်မာကြီးဖြစ်ပြီး ခြေထောက်ညောင်းတဲ့ ဒဏ်ကိုတောင် မခံနိုင်ဘူးဆိုတော့”။ ဟွော်ထျင်းက စိတ်ကြီးဝင်စွာ ပြောလိုက်ပြီး သူ့အဖေရဲ့ လက်ကို ဆွဲလိုက်ပါသည်။
ထို့နောက် သားအဖနှစ်ယောက် ချင်းအိမ်တော်ခြံဝန်းထဲ လမ်းလျှောက်ထွက်သွားကြသည်။
သူတို့သားအဖ ထွက်သွားမှ ချင်းမိသားစုဝင်တွေ အကုန်လုံး အသက်ဝဝ ရှူနိုင်ကြတော့သည်။
မိနစ်အနည်းငယ်သာ ဖြစ်သော်လည်း နာရီပေါင်းများစွာ ကြာသွားသလို ခံစားရသည်။
စိတ်ခံစားချက် အတက်အကျများစွာ ကြုံတွေ့ခဲ့ကြရလေသည်။
… … …
အခန်း(၂၁၄) ဒုတိယမရီးရဲ့ အကြမ်းပတမ်း အနမ်း
ရှောင်းပေပေက စူစူလေးကို ရုတ်တရက် ပွေ့ချီလိုက်ပြီး မျက်နှာသေးသေးလေးအား အနမ်းမိုးတွေ ခြွေလိုက်ပြန်သည်။
စူစူလေး ထိတ်လန့်သွားပြီး အကာအကွယ်မဲ့သွားကာ စက္ကန့်ပိုင်းအတွင်း ပါးလေးတွေကို အကြိမ်ပေါင်းများစွာ အနမ်းခံလိုက်ရသည်။
“အဖိုးတန်လေးကို အသေချစ်တာပဲ! ချစ်ဖို့ကောင်းတဲ့အပြင် သတ္တိလည်း အရမ်းရှိမှန်း အခုမှ သိလိုက်ရတယ်! အဲ့ဒါ သာမန်လူမဟုတ်ဘူး! ဟွော်ချန်းယီပဲ! ပေကျင်းမြို့မှာ အဲ့ဒီနာမည်က ဘယ်လောက်ထိ အာဏာရှိလဲ သိလား။ ထားလိုက်ပါတော့ ငါ့အဖိုးတန်လေး သိဖို့မလိုပါဘူး။ ဒီတိုင်းလေးပဲ ဆက်နေတာ ကောင်းတယ်!”
“အီး…”။ စူစူလေးက ဒုတိယမရီးရဲ့ အနမ်းတိုက်ခိုက်မှုတွေကို ရှောင်ရှားဖို့ မနည်းကြိုးစားနေရသည်။
“စူစူလေးက အရမ်းသန်မာတာပဲနော်! သူ့ကိုမြင်လိုက်ရုံနဲ့ ငါဆို ဒူးတွေတောင်ချောင်ပြီး စကားကို ပေါ့ပျက်ပျက် မပြောရဲဘူး! စူစူလေးကတော့ အရမ်း သတ္တိရှိတာပဲ! ၉၉ ရာခိုင်နှုန်းသော လူတွေ မလုပ်နိုင်တဲ့အရာကို စူစူလေးက လုပ်နိုင်လိုက်တာ နားလည်ရဲ့လား။ စူစူလေးက ငါတို့မိသားစုအတွက် တကယ် ဂုဏ်ယူစရာလေးပဲ! အရမ်းတော်တယ်!”
ပြောပြောဆိုဆိုနဲ့ စူစူလေး၏ ပါးကို ရှောင်းပေပေ ရက်ရက်စက်စက် ကိုက်နမ်းလိုက်ပြန်သည်။
စူစူလေးထွက်ပြေးချင်သော်လည်း အားကုန်သုံးလို့ မဖြစ်သဖြင့် သူမ ဖေဖေ မေမေတို့ကိုသာ လှမ်းကြည့်ပြီး အကူအညီ တောင်းလိုက်ရတော့သည်။
ကယ်ကြပါဦး! ဖေဖေနဲ့မေမေ! ဒီမရီးက ကြောက်ဖို့အရမ်းကောင်းတယ်!
အဘိုးချင်းနဲ့ အဘွားချင်းတို့လည်း စူစူလေးကို အမြန်သွားကယ်လိုက်ကြသည်။
အဘွားချင်းက ရှောင်းပေပေကို ထိန်းချုပ်ထားလိုက်ပြီး အဘိုးချင်းက စူစူလေးကို ချီခေါ်လိုက်သည်။
“ဒီရွပိုးစိန်ကတော့ ညင်ညင်သာသာ လုပ်လို့မရဘူးလား?! ငါတို့သမီးလေး ပါးတွေကို နင်ကိုက်စားမလို့လား?!”
“အမေကလည်း အဲ့လို မဟုတ်ပါဘူး။ သမီးကို ကြည့်ပါဦး။ ဒီနေ့ အဖိုးတန်လေးကို နမ်းချင်လို့ နှုတ်ခမ်းနီတောင် ဆိုးမထားဘူး!”။ ရှောင်းပေပေက ပြန်ချေပလိုက်သည်။
အဘွားချင်းက ရယ်မောလိုက်၏။ “ဒီရွပိုးစိန်မကတော့ မယုံနိုင်စရာပဲ။ အဘွားကြီးဖြစ်ခါနီးနေတာတောင် အခုထိ ဣန္ဒြေမရသေးဘူး”
ရှောင်းပေပေက ပြန်ပြော၏။ “သမီးက ဘာလို့ အဘွားကြီးဖြစ်ခါနီးရမှာလဲ။ အခုထိ ငယ်ရွယ်နုပျိုတုန်းပဲ။ ကြည့်ပါဦး သမီးယောက်မလေးက ငယ်ငယ်လေးပဲရှိသေးတာ သမီးက ဘာလို့ အသက်ကြီးရမှာလဲ”
ဒါကို ငြင်းဆန်လို့မရပါ။
အဘွားချင်းက အပြုံးဖြင့် ပြောလိုက်သည်။ “နင်က ဘာပြောပြော အမြဲတမ်း ဆင်ခြေပေးတတ်တယ်နော်!”
ရယ်မောပြီးနောက် ရှောင်းပေပေ အတည်ပေါက် ပြောလိုက်သည်။ “ဒါပေမယ့် တကယ်ပြောတာ။ ဥက္ကဌဟွော် ဒီလို ပြုမူလိမ့်မယ်လို့ တကယ်ထင်မထားဘူး။ အရင်တုန်းက သူ့အကြောင်း သမီးကြားဖူးတဲ့ ကောလဟာလတွေနဲ့ ဆန့်ကျင်ဘက်တောင် ဖြစ်နေတယ်။ အဖေနဲ့ အမေ၊ ဟွော်မိသားစုက အရှေ့တောင်နယ်မြေပိုင်းမှာ ဈေးကွက်ချဲ့ထွင်ဖို့ အစီအစဉ်ရှိတယ်လို့ သမီးသတင်းကြားထားတယ်။ ပြီးတော့ သူတို့ စက်မှုလုပ်ငန်းပိုင်းအတွက် ဖြန့်ချိသူတစ်ယောက် ရှာနေတယ်တဲ့…”
တိုက်ဆိုင်စွာနဲ့ ချင်းမိသားစု၏ လုပ်ငန်းတွေကလည်း စက်မှုလုပ်ငန်းတွေ များပြားသည်။
အဘွားချင်းက ပြောလိုက်၏။ “ကလေးတွေ ရိုးရိုးရှင်းရှင်း ခင်မင်ကြပါစေ။ ငါတို့လို လူကြီးမိဘတွေ ဝင်မပါသင့်ဘူး”
ရှောင်းပေပေက လက်ခံပါသည်။ “ဟုတ်ပါတယ်။ စူစူလေးက သမီးတို့ရဲ့ အဖိုးတန်လေး။ သမီးတို့ ငွေရှာဖို့အတွက် ယန္တရားတစ်ခု မဖြစ်သင့်ဘူး။ ဒါပေမယ့် ခုနက ဥက္ကဌကြီးဟွော်ရဲ့ သဘောထားကို ကြည့်ရသလောက်တော့ စူစူလေး အတွက်နဲ့ ချင်းမိသားစုကို သူမျက်နှာသာပေးလောက်တယ်…”
အဘိုးချင်းနဲ့ အဘွားချင်းတို့ အနည်းငယ် စိုးရိမ်သွားကြသည်။
ခေတ္တစဉ်းစားပြီးနောက် အဘိုးချင်းက ပြောလိုက်သည်။ “အဲ့တာဆိုလည်း သင့်တော်တဲ့အချိန်ရောက်ရင် သူနဲ့ ဆွေးနွေးလိုက်ပါ့မယ်”
--- --- ---
ဆရာကြီးရှုယီ စာရင်းပေးလိုက်ပြီးနောက်တစ်နေ့တွင် လုမိသားစုက ဆရာကြီးရှုယီ လိုအပ်သည့် ပစ္စည်းအားလုံးကို စုစည်းနိုင်ခဲ့ပြီဖြစ်သည်။
ထို့နောက်ပိုင်း ရက်တွေမှာ ညနေတိုင်း လုမိသားစုအိမ်သို့ ဆရာကြီးရှုယီ အချိန်မှန်မှန် ရောက်လာပြီး လုကျန်းယွီအား အပ်စိုက်ကုသမှုများ၊ ဆေးရည်စိမ်ခြင်းများ ပြုလုပ်ပေးခဲ့သည်။
ဒီနေ့လည်း ခြွင်းချက်မရှိပေ။ အချိန်ကျသောအခါ သခင်ကြီးလုက ဘေးအိမ်မှာ တည်းခိုနေသည့် ဆရာကြီးရှုယီအား သွားပင့်ဖို့ အိမ်တော်ထိန်းကျန်းကို တာဝန်ပေးလိုက်သည်။
ချင်းအိမ်တော်ခြံဝန်းထဲ အိမ်တော်ထိန်းကျန်း ဝင်လာစဉ် လမ်းထွက်လျှောက်နေသည့် ဟွော်သားအဖတို့နဲ့ တည့်တည့် တိုးလေသည်။
အိမ်တော်ထိန်းကျန်းကို မြင်သောအခါ ဟွော်ချန်းယီ မျက်နှာထား ပြောင်းလဲသွားပြီး မျက်မှောင်များလည်း ကြုတ်သွား၏။