← Chapters

အခန်း (၂၁၅+၂၁၆)

Vol. 9 Ch. 215+216

အခန်း (၂၁၅+၂၁၆)

Vol. 9 Ch. 215+216

အခန်း(၂၁၅) ဘောင်းဘီ ကူချွတ်ပေးရဦးမလား

အိမ်တော်ထိန်းကျန်းလည်း ဟွော်ချန်းယီကို မြင်ပြီး ခေတ္တ ကြက်သေသေသွားသည်။

ထို့နောက် ဟွော်ချန်းယီကို မသိချင်ယောင်ဆောင်ပြီး အိမ်တော်ထိန်းကျန်း အိမ်ထဲဝင်သွားခဲ့ပါသည်။

“အဖေ အဲ့ဒီ အိမ်တော်ထိန်းကို သိလို့လား” ဟွော်ထျင်းက မေးသည်။

“သိပ်မသေချာပါဘူး။ ဒါပေမယ့် အဲ့ဒီလူက ငါမြင်ဖူးတဲ့လူတစ်ယောက်နဲ့ တူနေလို့”။ ဟွော်ချန်းယီ ပြန်ဖြေလိုက်သည်။

“ဪ”

“အဲ့ဒီလူက အိမ်တော်ထိန်းတဲ့လား”။ ဟွော်ချန်းယီက သူ့သားကို မေးလိုက်သည်။

“ဟုတ်တယ်။ ဟိုဘက်အိမ်က ဒု- အဲ… … လမ်းမလျှောက်နိုင်တဲ့ ကောင်လေးရဲ့ အိမ်က အိမ်တော်ထိန်းလေ”။ ဟွော်ထျင်း ပြန်ပြောလိုက်သည်။

“ဒါဆို ရုပ်ချင်းဆင်တာပဲ နေမှာပါ”။ ဒီလူက သူဆုံဖူးသည့်လူ ဖြစ်လိမ့်မည်ဟု ဟွော်ချန်းယီ မထင်တော့ပါ။

သူမြင်လိုက်သည့် လူက သူသိကျွမ်းသည့် လူထက် အနည်းငယ် ပိုဝသည့်အပြင် သူသိကျွမ်းသည့်လူက သမိုင်းဝင် ပုဂ္ဂိုလ်ကြီးတစ်ဦး၏ ပါဆင်နယ် ဘော်ဒီဂတ်တစ်ဦးဖြစ်သည်။

ဒီလိုလူမျိုးက မသန်စွမ်းကောင်လေးတစ်ယောက်၏ အိမ်တော်ထိန်းလာလုပ်နေမှာ မဟုတ်ပါ။

ခေတ္တကြာတော့ အိမ်တော်ထိန်းကျန်း ပြန်ထွက်လာပြီး ဆရာကြီးရှုယီနဲ့ စူစူလေးတို့လည်း ပါလာတာကို ဟွော်ထျင်း မြင်သွားသည်။

အိမ်တော်ထိန်းကျန်းနောက်မှ ရွှင်ရွှင်မြူးမြူး လိုက်သွားသော စူစူလေးကို ကြည့်ရင်း ဟွော်ထျင်း မကျေမနပ် ငြီးတွားလိုက်သည်။ “ဟင်း သွားပြန်ပြီ အဲ့ဒီအိမ်ကို! စိတ်ရှုပ်စရာကောင်းလိုက်တဲ့ ကောင်မလေး!”

သားဖြစ်သူ၏ မျက်နှာကိုမြင်ပြီး ဟွော်ချန်းယီ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။ စူစူလေးက ဘာလို့ စိတ်ရှုပ်စရာ ကောင်းသွားတာလဲ”

“သူများနဲ့ ကစားဖို့ လိုက်သွားတာလေ! အဲ့တာကြောင့် စိတ်ရှုပ်စရာ ကောင်းတာပေါ့!”။ ဟွော်ထျင်းက မခံချင်စွာ ပြောလိုက်သည်။

ဖြစ်ချင်တော့ မနာလိုဖြစ်နေတာကိုး…။

ဟွော်ချန်းယီ ရယ်မောလိုက်ပြီး သူ့သား၏ ခေါင်းကို ပုတ်ပေးကာ နှစ်သိမ့်လျက် ရှင်းပြလိုက်သည်။ “အာ့ထျင်း သူငယ်ချင်းဆိုတာ တစ်ယောက်တည်း ထားလို့ရတာ မဟုတ်ဘူး။ သူ့မှာလည်း တခြားသူငယ်ချင်းတွေ ရှိကောင်း ရှိမှာပေါ့။ မင်းလည်း တခြားသူငယ်ချင်းတွေ ထားလို့ရတယ်လေ။ သူ့မှာ တခြား သူငယ်ချင်းရှိတာနဲ့ပဲ မင်းဒေါသ မထွက်သင့်ဘူး နားလည်လား”

“ဒါပေမယ့် အဖေ့မှာကျတော့ အမေတစ်ယောက်တည်းပဲ ရှိတာ မဟုတ်ဘူးလား”။ ဟွော်ထျင်းက ပြန်ချေပလိုက်သည်။

သူ့အဖေနဲ့အမေတို့အကြောင်းကို ဟွော်ထျင်း တစ်ကြိမ်မက ကြားဖူးပါသည်။

သူ့အမေ ရုတ်တရက် သေဆုံးသွားပြီးနောက် သူ့အဖေဘေးမှာ တခြားမိန်းမ တစ်ခါမှမမြင်ဖူးခဲ့ပါ။

သူ့အမေက ထူးခြားပြီး အစားထိုးလို့ မရနိုင်ဘူးဟု သူ့အဖေ ပြောဖူးသည်။

“မင်းအမေနဲ့ ငါနဲ့က သူငယ်ချင်းတွေမဟုတ်ဘူးလေ။ လင်မယားတွေ။ ချစ်သူတွေ။ ချစ်သူတွေဆိုတာ နှစ်ယောက်မရှိဘူး။ ဒါပေမယ့် သူငယ်ချင်းတွေကတော့ တစ်ယောက်ထက် ပိုထားလို့ ရတယ်။ အဲ့လို ခြားနားတာ”

“အဲ့တာဆို အဲ့ဒီကောင်မလေးနဲ့ ကျွန်တော် ချစ်သူတွေဖြစ်သွားရင် ကျွန်တော်ကလွဲပြီး တခြားသူစီသွားလို့မရတော့ဘူး ဆိုတဲ့ သဘောလား”။ ဟွော်ထျင်းက မေးလိုက်၏။

“အဲ… ယုတ္တိရှိရှိ ပြောရရင်တော့ မှန်ပါတယ်။ ဒါပေမယ့် မင်းတို့ နှစ်ယောက်စလုံးက ငယ်သေးတယ်။ အချစ်ဆိုတာကို နားမလည်သေးဘူး။ အဲ့ဒါ အသက်ကြီးလာမှ သေချာ စဉ်းစားရမယ့်အရာ”။ ဟွော်ချန်းယီက သူ့သားကို သေချာ ရှင်းပြလိုက်ပါသည်။

သားဖြစ်သူကို ဒီလိုစိတ်ရှည်ရှည်နဲ့ ဆုံးမသွန်သင်ဖူးတာ ဟွော်ချန်းယီအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။

သားဖြစ်သူ၏ ဘာမှ နားမလည်သော မျက်နှာကို ကြည့်ရင်း သူလစ်ဟာသွားတာတွေ အများကြီး ရှိခဲ့လိမ့်မည်ဟု ဟွော်ချန်းယီ ခံစားလိုက်ရပါသည်။

ထို့ကြောင့် အခုချိန်ကစပြီး သူ့ကို အချိန်ပိုပေးရမည်။ ကမ္ဘာကြီးအကြောင်း နားလည်လာအောင် သင်ကြားပေးရပါမည်။

--- --- ---

ဆရာကြီးရှုယီနဲ့အတူ လုအိမ်တော်ကို ရောက်သွားသောအခါ စူစူလေးက ဝှီးချဲပေါ်တွင် ထိုင်နေသော လုကျန်းယွီထံ အပြေးသွားလေသည်။

လုကျန်းယွီက အားကစားဝတ်စုံ ဝတ်ဆင်ထားပြီး ငယ်ရွယ်သော်လည်း ကျက်သရေရှိနေပါသည်။

“ကိုကြီး! ကိုကြီးကို လာတွေ့တာ!”

“အင်း…”။ စူစူလေးကို မြင်သောအခါ လုကျန်းယွီမျက်နှာပေါ် အပြုံးတစ်ခု ပေါ်လာခဲ့ပါသည်။

ဆရာကြီးရှုယီက လုကျန်းယွီအား ပြောလိုက်သည်။ “သခင်လေးလု အချိန်မဖြုန်းနဲ့။ မြန်မြန် လုပ်စရာရှိတာ လုပ်လိုက်ရအောင်။ ဘောင်းဘီချွတ်ပြီး ကုတင်ပေါ်တက်။ ဒီနေ့ ခန္ဓာကိုယ် အနောက်ပိုင်း နေရာတိုင်းကို အပ်စိုက်ရမယ်”

ဘောင်းဘီချွတ်ရဦးမှာလား?!

ယခင်နေ့က လုကျန်းယွီကို ဆရာကြီးရှုယီ လာရောက်အပ်စိုက်ကုသပေးစဉ် စူစူလေး ရှိမနေပါ။

သို့သော်လည်း ဒီနေ့ စူစူလေး ရှီနေသည်…။

လုကျန်းယွီက စူစူလေးကို စိုက်ကြည့်လိုက်၏။

စူစူလေး မျက်တောင် တဖျပ်ဖျပ် ခတ်လိုက်သည်။

ကိုကြီးက ဘာလို့ သူ့ကို ကြည့်နေတာလဲ။ ဘောင်းဘီကူချွတ်ပေးစေချင်လို့လား။

… … …

အခန်း(၂၁၆) လူရမ်းကား စူစူလေး

စူစူလေးက ခြေတစ်လှမ်းလှမ်းလိုက်စဉ် လုကျန်းယွီ အမြန် တားလိုက်ပါသည်။ “စူစူလေး! မလာခဲ့နဲ့!”

“ဟင်”။ စူစူလေး ကြောင်စီစီ ဖြစ်သွား၏။

ကိုကြီးက ဘာဖြစ်နေတာလဲ။ ဘာလို့ အနားမလာခိုင်းတာလဲ။

“ဘောင်းဘီကူချွတ်ပေးလို့ မရဘူး!” လုကျန်းယွီက ကြိုမြင်နေပါသည်။

“ဘာလို့လဲ”။ စူစူလေး မေးလိုက်သည်။

“ကို… ကိုကြီးခြေထောက်တွေက မလှဘူး”။ လုကျန်းယွီ စူစူလေးကို ဘယ်လိုရှင်းပြရမလဲမသိသဖြင့် စိတ်ထဲရှိရာ ဆင်ခြေ ပေးလိုက်ပါသည်။

သူ့ခြေထောက်တွေကြောင့် လုကျန်းယွီ စိတ်မကောင်းဖြစ်နေတာဖြစ်မည်ဟု စူစူလေး ထင်သွားပြီး လုကျန်းယွီကို ယုံကြည်ချက်ရှိသွားအောင် အားပေးဖို့ ကြိုးစားလိုက်ပါသည်။ “ကိုကြီးရဲ့ခြေထောက်တွေက ဖြူဖွေးပြီး နူးညံ့တယ်လို့ သမီးတော့ထင်တယ်။ ပြီးတော့ လှပါတယ်!”

ဖြူဖွေးပြီး နူးညံ့တယ်…?

လုကျန်းယွီ ချက်ချင်း မျက်နှာ နီမြန်းသွားလေသည်။

ထိုနေ့က သူ့ခြေထောက်တွေကို စူစူလေး ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည့် အဖြစ်အပျက်အား ပြန်သတိရသွားသည်။

လုကျန်းယွီမှာ လမ်းမလျှောက်နိုင်သဖြင့် တစ်နှစ်ပတ်လုံး ဝှီးချဲပေါ်မှာသာ ထိုင်နေရကာ ဘောင်းဘီရှည်တွေ ဝတ်ထားရသဖြင့် သူ့ခြေထောက်တွေက ပုံမှန်ထက် ပိုဖြူနေပါသည်။

အရင်တုန်းက စိတ်ထဲမထားသော်လည်း ဒီနေ့ စူစူလေး၏ စကားကြောင့် သူ့ရင်ထဲမှာ ရှက်သွေးဖြာသွားပါသည်။

လုကျန်းယွီ မယုံကြည်မှာစိုးသဖြင့် စူစူလေး ဆက်အားပေးလိုက်သည်။ “ကိုကြီးခြေထောက်တွေကို သမီးတကယ် ကြိုက်ပါတယ်! လှလည်းလှတယ် ကိုင်လို့လည်း ကောင်းမယ့်ပုံပဲ! စိတ်မကောင်း မဖြစ်နဲ့နော်။ မလှုပ်ရှားနိုင်ရင်တောင် ကြည့်လို့ကောင်းပါတယ်!”

စူစူလေးက လုကျန်းယွီကို နှစ်သိမ့်ဖို့ ရည်ရွယ်သော်လည်း သူမ စကားကြောင့် အခန်းထဲက လူ ၃ ယောက် ကြက်သေသေသွားကြသည်။

ကိုင်လို့ကောင်းတယ်ဟုတ်လား???

ဘယ်သူက ခြေထောက်တွေအကြောင်း ဒီလိုပုံစံပြောလို့လဲ။ စူစူလေးက လုကျန်းယွီရဲ့ ပေါင်တွေကို ကိုင်ချင်နေတာလား။

လုကျန်းယွီ မျက်နှာတစ်ခုလုံး ရှက်သွေးဖြာမှုများနဲ့ ပြည့်နှက်နေပါပြီ။

ဆရာကြီးရှုယီက စူစူလေးကို ပြောလိုက်သည်။ “စူစူလေး! အဲ့လိုအတွေးတွေ မတွေးရဘူး! လုံးဝ မတွေးရဘူး!”

“ဘာလို့လဲ ကိုကြီးခြေထောက်တွေက ကြည့်လို့ကောင်းတာကို!”

“ကြည့်လို့ကောင်းတယ်လို့ ထင်တာ ဘာမှမဖြစ်ဘူး။ ဒါပေမယ့် ဘယ်တော့မှ ကိုင်ချင်စိတ် မဖြစ်ရဘူးနော်!”

စူစူလေး ဘာလို့ သူများခြေထောက်ကို ကိုင်ချင်ရတာလဲ။ ပြီးတော့ ယောက်ျားလေး။

လုံးဝ မရဘူး!!

“သူများခြေထောက်ကို ကိုင်တာ မကောင်းဘူးလား။ သူများတွေ ခြေထောက်လျက်တာကိုတောင် သမီးမြင်ဖူးတယ်လေ”။ စူစူလေးက ပြန်ပြောလိုက်သည်။

ဟူကျစ်ဆို သူ့ခြေထောက်သူ တစ်ချိန်လုံးလျက်နေပြီး အတော်လေး ကျေနပ်နေပုံပေါက်သည်။

စူစူလေး၏ စကားကို အားလုံး နားလည်မှုလွဲသွားကြသည်။

သူမ လူတွေအကြောင်း ပြောနေတာဖြစ်မည်ဟု ထင်သွားကြခြင်းဖြစ်၏။

အိမ်တော်ထိန်းကျန်းတောင် မထိန်းနိုင်တော့ပါ။

ကြမ်းလိုက်တာ!!

အဘိုးချင်းနဲ့ အဘွားချင်းတို့က တော်တော် ပျော်တတ်တာပဲ! ဒီအသက်ဒီအရွယ် ရောက်တာတောင် ကဲနေကြတုန်းပဲ!

ဒါ့ကြောင့်လည်း ဒီအသက်အရွယ်ရောက်မှ သမီးလေးတစ်ယောက် မွေးလာတာဖြစ်မည်။ ကျန်းမာရေး ကောင်းသည့်အပြင် တခြား နယ်ပယ်တွေမှာပါ သူမထူးအောင် ထူးကဲနေပါသည်။

လုကျန်းယွီလည်း ကြက်သေသေသွားသည်။

ကလေးဆန်သည့် သူ့မျက်နှာပေါ်မှာ မယုံကြည်နိုင်မှုတွေ ပေါ်လွင်နေပါသည်။

ဆရာကြီးရှုယီခေါ် အဘိုးယန်ကတော့ စိတ်ထဲမှ ကျိန်ဆဲနေသည်။

ချင်းမိသားစုရဲ့ အဘိုးကြီးနဲ့ အဘွားကြီးတို့ကတော့! ကဲချင်သလောက် ကဲကြစမ်းပါ ဒါပေမယ့် စူစူလေးရှေ့မှာတောင် ရှောင်သင့်တာပေါ့! သူတို့ကြောင့် စူစူလေး ဘယ်လောက်တောင် ကြမ်းတမ်းနေသလဲ ကြည့်ပါဦး!

ဆရာကြီးရှုယီက စူစူလေးကို အတည်ပေါက် ဆုံးမလိုက်သည်။ “စူစူလေး! မိန်းကလေးတစ်ယောက်ဆိုတာ ယောက်ျားလေး တစ်ယောက်ရဲ့ ခြေထောက်တွေ ပေါင်တွေကို ကိုင်လို့မရဘူး! နမ်းလို့လည်း မရဘူး! မဟုတ်သေးဘူး မဟုတ်သေးဘူး။ ကြည့်လို့တောင် မရဘူး! မတော်တဆတောင် ကြည့်မိလို့မဖြစ်ဘူး!”

“မိန်းကလေးတွေကမရဘူးဆို ယောက်ျားလေးတွေက လုပ်လို့ရတယ်လား”။ စူစူလေး ပြန်မေးလိုက်သည်။

ဟူကျစ်က အထီးလေးပဲ…။

“ဘယ်သူမှ လုပ်လို့မရဘူး! လုံးဝ မရဘူးနော်!”။ ဆရာကြီးရှုယီက စူစူလေး၏ ပခုံးတွေကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်လိုက်သည်။ မျက်နှာကလည်း ဆူပုတ်နေပြီး မျက်လုံးတွေက စူးရှနေပါသည်။ “သေချာ နားထောင် စူစူလေး။ တခြားသူတစ်ယောက်က လာကိုင်တာပဲဖြစ်ဖြစ် သမီးက သူများကို သွားကိုင်တာပဲဖြစ်ဖြစ် လုံးဝ မဖြစ်ရဘူးနော်။ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်၊ လက်ရှိဖြစ်ဖြစ် အနာဂတ်မှာဖြစ်ဖြစ် လုံးဝ လုံးဝ လုံးဝ ခွင့်ပြုလို့ မရဘူး!”

All Chapters