← Chapters

အခန်း (၂၁၇+၂၁၈)

Vol. 9 Ch. 217+218

အခန်း (၂၁၇+၂၁၈)

Vol. 9 Ch. 217+218

အခန်း(၂၁၇) ညစ်တီးညစ်ပတ် အတွေးများ

“ဪ အဲ့တာဆိုလည်း ဟူကျစ်ကို ခြေထောက်တွေ မလျက်ခိုင်းတော့ဘူး”။ စူစူလေး ပြောလိုက်သည်။

“ဘာပြောတယ် ဟူကျစ်ဟုတ်လား”။ ဆရာကြီးရှုယီ ကြောင်စီစီဖြစ်သွားသည်။

“အင်းလေ ဟူကျစ်က ယောက်ျားလေး၊ သူ့ခြေထောက်တွေကိုသူ လျက်တယ်”။ စူစူလေးက ခေါင်းငြိမ့်လိုက်သည်။

ဪ ဒီလိုကိုး…

ခြေထောက်တွေ လျက်နေတယ်ဆိုတာ သူ့ကြောင် ဟူကျစ်ကို ပြောတာကိုး…

တကယ်နားလည်မှုလွဲသွားတာပဲ…။

ဆရာကြီးရှုယီ ရှက်ကိုးရှက်ကန်းဖြင့် ရယ်လိုက်သည်။ အိမ်တော်ထိန်းကျန်းနဲ့ လုကျန်းယွီတို့လည်း အနေခက်စွာ ရယ်မောလိုက်ကြသည်။

ဖြစ်ချင်တော့ အဘိုးချင်းနဲ့ အဘွားချင်းတို့က အတင့်ရဲတာမဟုတ်ဘူးကိုး…

သူတို့က ညစ်တီးညစ်ပတ်တွေးလိုက်ကြတာ… သူတို့အပြစ်ပဲ…

ဆရာကြီးရှုယီ စကားလမ်းကြောင်းလွှဲဖို့ အမြန်ကြိုးစားလိုက်သည်။။ “စူစူလေး ကိုကြီးကို လက်ဆောင်ပေးစရာ ရှိတယ် မဟုတ်ဘူးလား”

“ဪ ဟုတ်သားပဲ!”။ စူစူလေးက ထမင်းဘူးလေးတစ်ဘူး ထုတ်လိုက်သည်။ “ဒီပုဇွန်ဆုပ်လုံးလေးတွေကို သမီး တူချောလေး လုပ်ပေးထားတာလေ။ အရမ်းအရသာရှိတယ်။ ကိုကြီးစားဖို့ ယူလာခဲ့တာ!”

“အဲ… ကျေးဇူးတင်ပါတယ် စူစူလေး”။ လုကျန်းယွီက ရှက်နေဆဲဖြစ်ပြီး စူစူလေးကို မကြည့်ရဲသေးပါ။ သို့သော် သူ့နှုတ်ခမ်းက အလိုလိုပြုံးမိသွားသည်။

“ကိစ္စမရှိဘူး ကိုကြီး! ကိုကြီး နေကောင်းမှဖြစ်မယ်! နေကောင်းအောင် နေရင် သမီးရဲ့တူချောလေး ချက်ပေးထားတဲ့ အရသာရှိတဲ့ အစားအသောက်တွေ အများကြီး ယူလာပေးမယ်! သမီးတူချောလေးက အရမ်းတော်တာ! သူချက်ပေးတဲ့ အစားအသောက်တွေက အရမ်းအရသာရှိတာပဲ!”

“အင်းပါ နေကောင်းအောင် နေပါ့မယ်”။ လုကျန်းယွီ ကတိပေးလိုက်သည်။

“ပြီးတော့…”

“ဟင်?”

“ဒီတစ်ပတ်အားလပ်ရက်ကျရင် ငါးသွားမျှားဖို့၊ လက်မနီရေချိုပုစွန်တွေ သွားဖမ်းဖို့ သမီးနဲ့ လိုက်ခဲ့မလား”။ စူစူလေးက မေးလိုက်သည်။

“ငါးမျှားဖို့၊ လက်မနီရေချိုပုစွန်ဖမ်းဖို့ ဟုတ်လား”။ လုကျန်းယွီ ဒီလို အလုပ်တွေ လုပ်လေ့မရှိပါ။

“အွန်း!”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။

“ကိုကြီးကို လိုက်စေချင်လို့လား”။ လုကျန်းယွီက မေးလိုက်သည်။

“အွန်း!”

“ဒါဆိုလည်း ကောင်းပြီလေ။ ဒီအပတ်အားလပ်ရက် ကျရင် ကိုကြီးလိုက်ခဲ့မယ်”။ လုကျန်းယွီ သဘောတူလိုက်သည်။ စူစူလေးရဲ့ မျက်လုံးတွေထဲမှာ မျှော်လင့်ချက်တွေကို သူ မြင်နေရတာကြောင့် ဖြစ်ပါသည်။

သူသာ လိုက်သွားလျှင် စူစူလေး ပျော်သွားမှာ မဟုတ်လား။

အိမ်တော်ထိန်းကျန်းလည်း အပျော်လွန်သွားသည်။ သခင်လေးက စိတ်ပြေလက်ပျောက် အပြင်ထွက်မယ်တဲ့လား။ ဘယ်လောက်တောင် ဝမ်းသာစရာ ကောင်းလိုက်သလဲ?!

လုကျန်းယွီ၏ သဘောတူညီချက်ကို ရပြီးနောက် စူစူလေး ရွှင်မြူးစွာ အိမ်ပြန်သွားခဲ့ပါသည်။

အိမ်တော်ထိန်းကျန်းက စူစူလေးကို ချင်းအိမ်တော်ထိရောက်အောင် လိုက်ပို့ပေးခဲ့သည်။

--- --- ---

ချင်းအိမ်တော်သို့ ဟွော်ချန်းယီ အလည်လာသည့် သတင်းက တောမီးလို လျှင်မြန်စွာ ပျံ့နှံ့သွားလေသည်။

လူတိုင်း ကြိုတင်ခန့်မှန်းထားကြသော်လည်း တကယ်ဖြစ်လာတော့ မအံ့ဩဘဲ မနေနိုင်ကြပါ။

ဟွော်ထျင်းက ချင်းအိမ်တော်မှာ နေထိုင်နေမှန်း အားလုံးသိထားသဖြင့် ချင်းမိသားစုထံ ဟွော်ချန်းယီ တစ်ချိန်ချိန် လာရောက်လည်ပတ်လိမ့်မည်ဟု ခန့်မှန်းထားကြတာဖြစ်သည်။

သို့သော်လည်း ဟွော်ချန်းယီ ဒီလို လေးစားသမှုနဲ့ တကူးတက ရောက်လာလိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ပါ။

ဒါ ချင်းမိသားစုအတွက် အလွန်ဂုဏ်ယူစရာကိစ္စဖြစ်သည်။

ယခင်တုန်းက ချင်းမိသားစုမှာလည်း အာဏာကြီးမားသည့် မိသားစုတစ်စု ဖြစ်ခဲ့ဖူးမှန်း အားလုံး သိကြပါသည်။ အဘိုးချင်းနဲ့ အဘွားချင်းတို့၏ ဦးဆောင်မှုဖြင့် တစ်ချိန်တုန်းက ချင်းမိသားစုမှာ ဟွာချန့်မြို့တွင် အချက်အချာကျသည့် မိသားစုတစ်စု ဖြစ်ခဲ့သည်။

သို့သော်လည်း လွန်ခဲ့သည့် နှစ်ကာလများအတွင်း ခေတ်ကာလ စီးဆင်းမှုနောက်ကို မလိုက်နိုင်ဘဲ နောက်ကျ ကျန်နေခဲ့မှန်း သိသာပါသည်။ တခြားမိသားစုများ၏ အဆင့်ကျော်တက်မှုကို ခံခဲ့ရသည်။

ချင်းအိမ်တော်သို့ ဟွော်ချန်းယီရောက်ရှိလာမှုကြောင့် ချင်းမိသားစု ပြန်လည် တိုးတက်လာနိုင်သည်ဟု အားလုံး ခန့်မှန်းထားကြသည်။

မြို့ထဲရှိ အငှားတိုက်ခန်းတစ်ခုတွင် ယခင်တုန်းက ရင်းနှီးဖူးသော မိတ်ဆွေများ ပေးပို့ထားသည့် သတင်းတွေကို ဖတ်ရင်း ချင်းကျင်းဖန်တစ်ယောက် ဒေါသမီး တောက်လောင်နေပါသည်။

သူနဲ့ သူ့မိန်းမတို့က ဈေးပေါသည့် အငှားတိုက်ခန်းတစ်ခုမှာ နေထိုင်နေကြရစဉ် သူ့အစ်ကိုကြီးနဲ့ မရီးတို့ကတော့ ပေကျင်းမြို့ရှိ အကျော်အမော်ကြီးတစ်ယောက်ကိုတောင် ဗီလာအကြီးကြီးမှာ ဧည့်ခံနေကြရသည်။

ဒေါသမီးတောက်နေသော ချင်းကျင်းဖန်တစ်ယောက် ဘာတွေဖြစ်နေမှန်း မသိသည့် ချင်းလောင်ယွင်ဘက်သို့ လှည့်ကာ ဆူငေါက်လိုက်ပါသည်။ “နင်အသုံးမကျလို့ ဒီလိုတွေဖြစ်ရတာ! ချင်းမိသားစုဆီမှာ သွားနေခိုင်းတုန်းက ဟွော်ထျင်းနဲ့ ရင်းနှီးအောင် လုပ်ဖို့ အတန်တန် မှာခဲ့ရဲ့သားနဲ့! ဟွော်ထျင်းနဲ့ သူငယ်ချင်းလုပ်ဖို့ မအောင်မြင်ရုံတင်မကဘူး။ အသေးအဖွဲ ကိစ္စလေးတစ်ခုကြောင့်နဲ့ ခဏပဲနေပြီး ပြန်ပြေးလာတယ်။ ဟွော်မိသားစုရဲ့ သခင်လေးနဲ့ မိတ်ဆွေဖွဲ့ဖို့ အခွင့်အရေးတွေ အကုန်အလကားဖြစ်သွားပြီ! အခု ချင်းစူစူကို ကြည့်စမ်း!!”

ပြီးခဲ့တာတွေက ကြာပြီဖြစ်သော်လည်း ချင်းမိသားစုထံ ဟွော်ချန်းယီလာလည်သော သတင်းကြောင့် ချင်းကျင်းဖန်၏ အငြှိုးတရားများ ပြန်လည်နိုးထလာခဲ့ပါသည်။

… … …

အခန်း(၂၁၈) စူစူလေးနဲ့ ခင်မင်မှုကို ပြန်ရယူခြင်း

ဟွော်ထျင်းကြောင့် ချင်းမိသားစုထံသို့ ဟွော်ချန်းယီ ရောက်လာခဲ့တာဖြစ်သည်။ ဟွော်ထျင်း ချင်းမိသားစုအိမ်မှာ ရောက်နေတာက ချင်းစူစူကြောင့်ဖြစ်သည်။

ထို့ကြောင့် ဟွော်ထျင်းနဲ့ ရင်းနှီးနေသူက သူ့မြေးမလေးသာဖြစ်လျှင် အခုချိန် ဟွော်ချန်းယီနဲ့ သူနဲ့ စကားထိုင်ပြောနေရလောက်ပြီ မဟုတ်လား။

ချင်းလောင်ယွင် ဘာတွေဖြစ်နေသလဲ လုံးဝ မသိဘဲ အဘိုးဖြစ်သူ၏ ရုတ်တရက် ဆူငေါက်မှုကို ခံလိုက်ရသည်။

ချင်းလောင်ယွင် မျက်လုံးတွေ နီမြန်းသွားပြီး အဘိုးဖြစ်သူကို ပြောလိုက်ပါသည်။ “အဘိုး သမီး… သမီး အဲ့လို မရည်ရွယ်ပါဘူး…”

ချင်းကျင်းဖန်က ဒေါသတကြီး ပြောလိုက်၏။ “ဘာတွေ လာငိုနေတာလဲ။ နင်ဘာလို့ အမြဲတမ်း ငိုပဲငိုနေတာလဲ။ ငါတို့ မိသားစု ကျက်သရေတုံးတာ မလုံလောက်သေးဘူးလို့ ထင်လို့လား”

ချင်းကျင်းဖန်၏ အော်သံကြောင့် ချင်းလောင်ယွင် မငိုရဲတော့ပါ။

သို့သော်လည်း သူမ ဝမ်းနည်းမှုကို ထိန်းချုပ်မရပါ။ အဘိုးဖြစ်သူကို တုန်ယင်စွာ ကြည့်နေမိသည်။

ချင်းလောင်ယွင်ရင်ထဲ ချင်းစူစူကို မုန်းတီးမှုလည်း ပိုမိုကြီးမားလာခဲ့ပါသည်။

“ချင်းစူစူကို ကြည့်ပါဦး” ဟူသည့် အဘိုးဖြစ်သူ၏ စကားက ချင်းလောင်ယွင်၏ အာရုံထဲ ကျိန်စာတစ်ခုလို ပဲ့တင်သံထပ် မြည်ဟည်းနေသည်။

အားလုံး ချင်းစူစူကြောင့်ပဲ! သူ့ကြောင့် အဘိုးဆူတာကို ခံရတာ!

ချင်းကျင်းဖန်က ဆက်ပြောသည်။ “နင့်မိဘတွေက အကြွေးပတ်လည်ဝိုင်းပြီး ထွက်ပြေးသွားကြပြီ။ နင့်ဝမ်းကွဲအစ်ကို လာခြိမ်းခြောက်လို့ ငါတို့အိမ်ကြီးလည်း ရောင်းလိုက်ရပြီ! မကြာခင် စားဖို့သောက်ဖို့တောင် ပိုက်ဆံရှိမှာ မဟုတ်တော့ဘူး! ချင်းစူစူကို ကြည့်ပါဦး သူလိုချင်တာ အကုန်ရတယ်။ ဝတ်ချင်တာ အကုန်ဝတ်ရတယ်။ သူဌေးတွေ အကျော်အမော်တွေနဲ့ပဲ အမြဲတမ်း ပတ်သက်ရတယ်! သူ့မိသားစုအတွက် ကောင်းကျိုးတွေပဲ ယူဆောင်ပေးနေတာ!”

ချင်းလောင်ယွင်က ချင်းကျင်းဖန်ဘေးသို့ ကြောက်ကြောက်ရွံ့ရွံ့ ကပ်လာပြီး လက်ကို ကိုင်ကာ တောင်းပန်လိုက်သည်။ “ဘိုးဘိုး ဒေါသမထွက်ပါနဲ့။ သမီးလိမ္မာပါ့မယ်… သမီးဒီ့ထက်တော်အောင် ကြိုးစားပါ့မယ်… သမီးကို စိတ်မဆိုးပါနဲ့…”

ချင်းကျင်းဖန်က သူ့ မြေးမလေး၏ နူးညံ့ ချစ်ဖို့ကောင်းသော မျက်နှာလေးကို ကြည့်လိုက်သည်။

သူ့မြေးမလေးက တကယ်ပဲ လှပသူဖြစ်သည်။ ထို့အပြင် ဗေဒင်ဆရာ တစ်ယောက်ကလည်း သူမ အရွယ်ရောက်လာလျှင် အဆင့်အတန်းမြင့်မြင့် နေရမည်ဟု ဟောထားသည်။

ထိုအတွေးများဖြင့် ချင်းကျင်းဖန် ရုတ်တရက် အကြံတစ်ခု ရသွားခဲ့သည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ မငိုနဲ့တော့။ ဘိုးဘိုးက သမီးကို တကယ် စိတ်ဆိုးလို့ပြောတာ မဟုတ်ပါဘူး။ သမီးကို ဒီ့ထက် ပိုထူးချွန်စေချင်လို့ပါ”

“သမီးကို သင်ပေးပါ ဘိုးဘိုး။ သမီးသေချာ ကြိုးစားသင်ယူပါ့မယ်”။ ချင်းလောင်ယွင် အမြန်ပြောလိုက်သည်။

“ငါတို့ ယွင်ယွင်လေးက တော်လိုက်တာ။ ဘိုးဘိုး သမီးကို ယုံပါတယ်။ ဒီလိုဆိုရင်ကော။ အခုချိန်ကစပြီး ချင်းစူစူနဲ့ ခင်မင်ရင်းနှီးအောင် နေရမယ်နော် ဟုတ်ပြီလား”

ချင်းစူစူက အသက် ၃ နှစ်ခွဲသာ ရှိသေးသည်။ ကလေးဆိုတာ မေ့ပျောက်လွယ်ပါသည်။

အရင်တစ်ခေါက်က သူမနဲ့ ချင်းလောင်ယွင်နဲ့ ပြဿနာတက်ခဲ့ဖူးသော်လည်း ချင်းစူစူ မေ့သွားလောက်ပါပြီ။

“ဘိုးဘိုး… သမီး ချင်းစူစူကို မကြိုက်ဘူး။ သူက အရမ်းစိတ်ရှုပ်ဖို့ ကောင်းတယ်!”။ ချင်းလောင်ယွင်က ကန့်ကွက်ပါသည်။

“ယွင်ယွင် စကားနားထောင်စမ်း။ ဒီကိစ္စက ဘိုးဘိုးနဲ့ ဘွားဘွားအတွက်ပဲ မဟုတ်ဘူး။ သမီးဖေဖေနဲ့ မေမေတို့အတွက်လည်း ပါတယ်။ သမီးမိဘတွေကို ဘိုးဘိုးတို့နဲ့ ပြန်လာနေစေချင်တယ်မလား။ ပြီးတော့ အိမ်အကြီးကြီးနဲ့လည်း သမီးနေချင်တယ်မလား”။ ချင်းကျင်းဖန်က ချော့မြူလိုက်သည်။

အချိန်အတန်ကြာအောင် စဉ်းစားပြီးနောက် ချင်းလောင်ယွင် ခေါင်းငြိမ့်လိုက်ပါသည်။

သူမနဲ့ အတူတူမနေတာ ကြာပြီဖြစ်သည့် သူမ မိဘတွေကို ပြန်တွေ့ချင်သေးသည်။

“ဒါဆို ယွင်ယွင်လေး သေချာကြိုးစားရမယ်။ ဘိုးဘိုးကလည်း သေချာ သင်ပေးမယ်”။ ချင်းကျင်းဖန်က ကျေနပ်စွာ ပြောလိုက်ပြီး ချင်းလောင်ယွင်၏ ခေါင်းလေးကို ပွတ်ပေးလိုက်သည်။

နွေးထွေးမှုကို ခံစားရသဖြင့် ချင်းလောင်ယွင်လည်း အများကြီး မကန့်ကွက်တော့ပါ။

--- --- ---

သောကြာနေ့တွင် မူကြိုသို့ စူစူလေး ပုံမှန်အတိုင်း ရောက်လာခဲ့သည်။

လွယ်အိတ်ကလေးကို ချလိုက်ပြီး ထိုင်ခုံမှာ ထိုင်နေလိုက်သည်။

ချင်းလောင်ယွင်က ခပ်ကြောက်ကြောက်ဖြင့် စူစူလေးနား ချဉ်းကပ်လာပါသည်။

“ဒေါ်လေးစူစူ”။ ချင်းလောင်ယွင် ချိုမြိန်စွာ ခေါ်လိုက်လေသည်။

စူစူလေးက ခေါင်းကို ဆတ်ခနဲလှည့်ကာ မေးလိုက်သည်။ “ဘယ်လိုခေါ်လိုက်တယ်”

“ဒေါ်လေးစူစူလို့”။ ချင်းလောင်ယွင် ထပ်ခေါ်လိုက်လေသည်။

ထို ခေါ်သံကြောင့် စူစူလေး စိတ်ရွှင်သွားလေသည်။

All Chapters