← Chapters

အခန်း (၂၁၉+၂၂၀)

Vol. 9 Ch. 219+220

အခန်း (၂၁၉+၂၂၀)

Vol. 9 Ch. 219+220

အခန်း(၂၁၉) ချင်းလောင်ယွင်၏ ကြိုးပမ်းမှု

“ဒေါ်လေး”ဟုအခေါ်ခံရတာကို သူမ တကယ်သဘောကျပါသည်။

သူမ တူတွေ အကုန်လုံးက စကားနားမထောင်ဘဲ သူမကို တစ်ခါမှ ဒေါ်လေးဟု မခေါ်ကြပါ။

“အွန်း လိမ္မာတယ် လိမ္မာတယ်”

“ဒေါ်လေးစူစူ အရင်တစ်ခေါက်က ဒေါ်လေးပစ္စည်းတွေကို မသိအောင် ယူမိပြီး လူဆိုးတွေ ဖမ်းခေါ်သွားတာကို ခံရအောင် လုပ်မိတာတွေအတွက် တောင်းပန်ပါတယ်”။ ချင်းလောင်ယွင် တောင်းပန်လိုက်ပါသည်။

‘ဒေါ်လေးစူစူ’ဟု ခေါ်လိုက်ရုံနဲ့ ချင်းလောင်ယွင်နှင့် စူစူလေးတို့ရဲ့ သူစိမ်းဆန်မှု ပျောက်ကွယ်သွားသည်။ အရင်တုန်းက စူစူလေးနဲ့ သူငယ်ချင်းဖြစ်ဖို့ ကြိုးစားသည့် နည်းလမ်းတွေထက် အများကြီး ပိုသက်ရောက်မှုရှိပါသည်။

“ဒါဆို အမှန်ပြင်ရမှာပေါ့။ ကိုယ့်အမှားကိုယ် သိပြီး အမှန်ပြင်ရင် လိမ္မာတဲ့ ကလေးလေး ဖြစ်လိမ့်မယ်!”။ စူစူလေးက ဆုံးမလိုက်သည်။

“အွန်း”။ ချင်းလောင်ယွင် ခေါင်းငြိမ့်လိုက်သည်။ “သမီးအမှန်ပြင်ပါ့မယ်!”

“ဒါဆို တစ်ချိန်လုံး ငိုမနေသင့်ဘူး”။ စူစူလေးက အကြံပေးလိုက်သည်။

“ဟုတ်ကဲ့ပါ”။ လောင်ယွင်ချက်ချင်း ခေါင်းငြိမ့်လိုက်ပါသည်။

“ဟုတ်ပြီ။ စကားနားထောင်ပြီး လိမ်လိမ်မာမာနေ”။ စကားနားထောင်သည့် ကလေးတိုင်းက အလွန် ချစ်ဖို့ကောင်းပါသည်။

“ဒါ ဒေါ်လေးစူစူအတွက်ပါ”။ ချင်းလောင်ယွင်က ကွတ်ကီးဘူးလေးတစ်ဘူးကို ထုတ်ကာ ပြောလိုက်သည်။ “ဒီ အကောင်ပုံကွတ်ကီးလေးတွေကို ဒေါ်လေးအတွက် သမီးနဲ့ သမီးဘိုးဘိုးဘွားဘွားတို့ လုပ်ပေးထားတာ။ စားကြည့်ပြီးရင် စိတ်မဆိုးနဲ့တော့နော်”

ဘူးထဲက ကွတ်ကီးလေးတွေက အလွန်ချစ်ဖို့ကောင်းပါသည်။

စူစူလေးက ကွတ်ကီးတစ်ခုကို ယူလိုက်ပြီး စားကြည့်လိုက်သည်။

စူစူလေးက သူများပေးသည့် လက်ဆောင်တွေကို အလွယ်တကူ မယူတတ်ပါ။ သို့သော် စိတ်ရင်းဖြင့် တောင်းပန်ပြီး ပေးသည့် လက်ဆောင်လေးတွေကိုတော့ ယူတတ်ပါသည်။

ဒါသူမကို “ဒေါ်လေး”ဟု ခေါ်သည့် တူမလေး ပေးထားတဲ့ လက်ဆောင်ပဲ မဟုတ်လား။ ထို့ကြောင့် ဒေါ်လေး တစ်ယောက်အနေဖြင့် တူမလေးကို မျက်နှာသာ ပေးရမည်ဖြစ်သည်။

ချင်းလောင်ယွင်က စူစူလေး စားသောက်နေတာကို ကြည့်ရင်း ပျော်လည်းပျော်၊ လိပ်ပြာမလုံလည်း ဖြစ်နေပါသည်။

ထိုကွတ်ကီးတွေကို ကိတ်မုန့်ဆိုင်တစ်ဆိုင်မှ သူမ အဘိုး သွားဝယ်ပေးထားတာ ဖြစ်သည်။

ထိုကွတ်ကီးတွေကို ချင်းလောင်ယွင်လည်း အလွန်ကြိုက်ပါသည်။ သို့သော်လည်း အဘိုးဖြစ်သူက စားခွင့် မပေးပါ။ ချင်းစူစူကို ကျွေးရမည်ဟုသာ ပြောသည်။

ယခု စူစူလေး စားသောက်နေတာကို ကြည့်ရင်း ချင်းလောင်ယွင် တံတွေးမျိုချမိသည်။

သို့သော် အဘိုးဖြစ်သူ၏ စကားကို ပြန်ကြားယောင်မိပါသည်။ ချင်းစူစူကိုသာ စိတ်ပျော်ရွှင်အောင် ထားလျှင် သူမ မိဘတွေ သူမဆီ ပြန်လာလိမ့်မည်ဟူသော စကားပင်။ ထို့ကြောင့် ချင်းလောင်ယွင် ကိုယ့်စိတ်ကိုယ် ထိန်းလိုက်သည်။

ကျောင်းဆင်းသောအခါ စူစူလေး အိမ်ပြန်စဉ် ချင်းလောင်ယွင်က အနောက်မှ လိုက်လာခဲ့၏။

“နင်အိမ်မပြန်ဘူးလား”။ စူစူလေးက မေးသည်။

“ဒေါ်လေးကို အိမ်ပြန်လိုက်ပို့ပေးမလို့ပါ… အ- အရင်တစ်ခေါက်က ဒေါ်လေးကို လူဆိုးတွေဖမ်းသွားတာ သမီးအပြစ်လေ။ အဲ့တာကြောင့် အိမ်ပြန်လိုက်ပို့ပေးပြီး ကာကွယ်ပေးမလို့ပါ”။ လောင်ယွင်က ရှင်းပြလိုက်သည်။

ချင်းလောင်ယွင်က စူစူလေးနောက်ရှိ ဘော်ဒီဂတ်နှစ်ယောက်ကို မသိချင်ယောင် ဆောင်ကာ ပြောလိုက်ခြင်း ဖြစ်သည်။

“မလိုပါဘူး ငါ့ကိုယ်ငါ ကာကွယ်နိုင်ပါတယ်”

သူမကို တကယ် သူများကာကွယ်ပေးစရာ မလိုပါ။

“အိမ်… အိမ်ရှေ့ထိ လိုက်ပို့ပေးပါ့မယ်!”။ ချင်းလောင်ယွင်က ခေါင်းမာစွာ ပြောလိုက်သည်။

ချင်းစူစူကို အိမ်ရှေ့ထိ လိုက်ပို့ပေးရမည်ဟု သူမ အဘိုးက မှာထားသည်။ ဒါမှ အဘိုးချင်းနဲ့ အဘွားချင်းတို့ မြင်သွားမှာ ဖြစ်သည်။

လောင်ယွင်က ခေါင်းမာနေသဖြင့် စူစူလေးလည်း ဘာမှ မပြောတော့ပါ။ ဘာပဲဖြစ်ဖြစ် မူကြိုနဲ့ စူစူလေးတို့အိမ်က သိပ်မဝေးလှပေ။

လုမိသားစုအိမ်ရှေ့မှ ဖြတ်သွားစဉ် ခြံထဲမှထွက်လာသော လုကျန်းယွီ၊ အိမ်တော်ထိန်းကျန်းတို့နဲ့ ဆုံကြလေသည်။

ခြံထဲမှ တလိမ့်လိမ့်ထွက်လာသည့် အနက်ရောင် Rolls-Royce ကားကြီးက စူစူလေးကို မြင်သောအခါ ရပ်တန့်သွားပါသည်။

ကားမှန် ကျသွားပြီး သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့် လုကျန်းယွီက ခေါင်းပြူထွက်ကာ စူစူလေးကို နှုတ်ဆက်လိုက်သည်။ “စူစူလေး”

“ကိုကြီး အပြင်သွားမလို့လား”

“အင်း ဝယ်စရာလေးတွေ ရှိလို့”။ ဒီတစ်ပတ်အားလပ်ရက် ငါးမျှားထွက်မည်ဟု စူစူလေးက ပြောထားသဖြင့် ငါးမျှားတံ သွားဝယ်မလို့ဖြစ်ပါသည်။

ပုံမှန်ဆို လုကျန်းယွီကိုယ်တိုင် ဈေးဝယ်ထွက်တာ ရှားသည်။ အိမ်တော်ထိန်းကျန်းကိုသာ ဈေးဝယ်ခိုင်းလေ့ရှိပြီး တစ်ခါတလေ အိမ်အရောက်ဝန်ဆောင်မှုဖြင့် အွန်လိုင်းပေါ်မှ ဈေးဝယ်လေ့ရှိပါသည်။

သို့သော် ဒီနေ့တော့ သူကိုယ်တိုင် ဈေးဝယ်ထွက်တော့မည်။ လာမည့် အားလပ်ရက်အတွက် သွေးပူလေ့ကျင့်ခန်း ကြိုလုပ်ထားတာဟု ဆိုနိုင်ပါသည်။

“ကိုကြီး ကတိပေးထားတာ မမေ့နဲ့နော်! ဒီအပတ် အားလပ်ရက် လက်မနီရေချိုပုစွန်တူတူ သွားဖမ်းမှာ!”။ စူစူလေးက လုကျန်းယွီကို သတိထပ်ပေးလိုက်ပါသည်။

“အင်းပါ ကိုကြီး မမေ့ပါဘူး”

မေ့ဖို့နေနေသာသာ ငါးမျှားခြင်းနှင့် ပတ်သတ်သည့် အကြောင်းအရာများကို လုကျန်းယွီ လေ့တောင် လေ့လာထားပါသည်။

စူစူလေးနဲ့ လုကျန်းယွီတို့၏ စကားဝိုင်းကို ကြားပြီး ချင်းလောင်ယွင် အမြန် ဝင်ပြောလိုက်သည်။ “ဒေါ်လေးစူစူ၊ ဒေါ်လေးတို့ ငါးမျှားထွက်ရင် သမီးကိုလည်း ခေါ်သွားလို့ရမလား”

… … …

အခန်း(၂၂၀) စူစူလေးရဲ့လူရွေးပွဲ

ချင်းလောင်ယွင်က စူစူလေးကို မျှော်လင့်ချက်များ ပြည့်ဝနေသော မျက်လုံးများဖြင့် ကြည့်နေပါသည်။

သူမလည်း စူစူလေးတို့နဲ့ တကယ် လိုက်သွားချင်သည်။

တစ်ဝက်က ချင်းစူစူနားမှာ အချိန်များများဖြုန်းဖို့ အဘိုးဖြစ်သူမှာထားတာကြောင့် ဖြစ်ပြီး နောက်တစ်ဝက်ကတော့ သူမ ဖာသာ တကယ်လိုက်ပျော်ချင်တာကြောင့် ဖြစ်ပါသည်။

ဒီရက်ပိုင်းတွေထဲ အဘိုးအဘွားတွေက အလွန်အလုပ်များနေသဖြင့် သူမနဲ့ အတူတူတောင် မကစားပေးပါ။

စူစူလေးက ချင်းလောင်ယွင်ကို ကြည့်လိုက်ပြီး ခေတ္တစဉ်းစားကာ ခေါင်းငြိမ့်လိုက်ပါသည်။ “ရတယ်လေ”

“ပျော်လိုက်တာ!”။ ချင်းလောင်ယွင် မျက်နှာတောက်ပသွားပြီး ချက်ချင်း တောက်ပစွာ ပြုံးလိုက်ပါသည်။

ကောင်မလေးနှစ်ယောက်ကို ကြည့်ရင်း လုကျန်းယွီလည်း ပြုံးသွားသည်။ “စူစူလေး အိမ်ပြန်တော့လေ။ နောက်ကျနေပြီ အိမ်ကလူတွေ စိတ်ပူနေဦးမယ်”

“ဟုတ်!”။ စူစူလေး သူမအိမ်ဘက်ကို ဆက်လျှောက်လာခဲ့ပါသည်။

ချင်းလောင်ယွင်က စူစူလေး၏ အိမ်ရှေ့ထိလိုက်ပို့ပေးခဲ့ပြီး စူစူလေး အိမ်ထဲဝင်သွားတာကို သေချာ စောင့်ကြည့်နေခဲ့သည်။

ထို့နောက် ခပ်လှမ်းလှမ်းတွင် သူမ အဘိုးကို မြင်လိုက်ရပြီး ရွှင်မြူးစွာ ပြေးသွားလိုက်ပါသည်။

“ယွင်ယွင်လေးက တော်လိုက်တာ!”။ ချင်းလောင်ယွင်၏ ခေါင်းလေးကို ချင်းကျင်းဖန် ပွတ်သပ်ပေးလိုက်သည်။

“ဘိုးဘိုး။ သမီးနဲ့ ချင်းစူစူနဲ့ ဒီအပတ်အားလပ်ရက် ငါးမျှားထွက်ဖို့ ချိန်းထားတယ်!”

“တကယ်လား”။ ချင်းကျင်းဖန် အပျော်လွန်သွားသည်။ “သမီးတို့ နှစ်ယောက်ပဲလား။ အဲ့ဒီ ဟွော်ထျင်းကော လိုက်မှာလား”

“အဲ့တာတော့ မသိဘူး။ ဒါပေမယ့် ခုနက ကားကြီးထဲက ကိုကြီးတော့ လိုက်မှာတဲ့”

ချင်းကျင်းဖန် သူတို့နောက်မှ ခိုးလိုက်လာခဲ့တာဖြစ်ပြီး ထို Rolls Royce ကားကြီးကိုလည်း မြင်ခဲ့ပါသည်။ ကားထဲက ကောင်လေးက ကျိန်းသေပေါက် ကြွယ်ဝသည့် မိသားစုမှဖြစ်မှန်း ပြောနိုင်သည်။

“ရပါတယ်။ ဒါဆို အဲ့နေ့ကျရင် ချင်းစူစူနဲ့ တွေ့ဖို့ ဘိုးဘိုးလိုက်ပို့ပေးမယ်နော်။ သူတို့နဲ့ ငါးမျှားဖို့ သမီးလိုက်သွားရမယ်”။

--- --- ---

စနေနေ့ မနက်ခင်းတွင် စူစူလေးက သူမရဲ့ ‘တိုက်ပွဲဝတ်စုံ’ကို ဝတ်ဆင်လိုက်သည်။ ထို့အပြင် ရေထဲတွင် ရေစိမ့်မဝင်နိုင်သည့် ပန်းရောင် ဘွတ်ဖိနပ်လေးကိုလည်း စီးလိုက်သည်။

ထို့အပြင် ငါးမျှားကိရိယာလေးများကိုလည်း ယူလာသည်။ ပိုက်ကွန်တစ်ခု၊ ရေပုံးသေးသေးလေး တစ်ပုံးလည်း ပါသည်။

အားလုံးပြင်ဆင်ပြီးသွားပြီ ဖြစ်သဖြင့် နောက်ဆုံးတော့ လက်မနီရေချိုပုစွန်ဖမ်းထွက်ဖို့ အချိန်ကျပြီဖြစ်သည်။

သို့သော် မသွားခင် စူစူလေး လုပ်စရာတစ်ခု ကျန်ရှိနေပါသေးသည်။ သူမရဲ့ တစ်နေ့တာ ဘော်ဒီဂတ်ကို ရွေးချယ်ဖို့ ဖြစ်သည်။

ဘော်ဒီဂတ်လုပ်ဖို့ စာရင်းပေးသွင်းထားကြသူတွေက ဦးလေးပိုင်ဟူကျစ်(ခေါ်)အဘိုးယန်(ခေါ်)ဆရာကြီးရှုယီ၊ မမလှလှ စန်းကျစ်၊ အစ်ကိုကြီးချင်းရှင်းကျစ်၊ တူကြီးချင်းယုဟွိုင်း၊ တူလေးချင်းယုကျီးနဲ့ တူချောလေး ချင်းယုချဲတို့ ဖြစ်သည်။

အမှန်ပင်။ နောက်ဆုံးတစ်ယောက်က ဝင်ပြိုင်ဖို့ စိတ်ကူးမရှိဘဲ စူစူလေး အတင်းအကျပ် ဝင်ပြိုင်ခိုင်းထားခြင်း ဖြစ်သည်။

သေချာစိစစ်ပြီးနောက် နောက်ဆုံးတော့ တူလေး ချင်းယုကျီးနဲ့ တူချောလေး ချင်းယုချဲတို့ကို စူစူလေး ရွေးချယ်လိုက်ပါသည်။

“တူလေးနဲ့ တူချောလေးတို့ကို ရွေးမယ်!”။ စူစူလေးက သူမရဲ့ ရွေးချယ်မှုကို ထုတ်ပြန်ကြေညာလိုက်ပါသည်။

တခြားသူတွေက သိပ်ပြီး မကျေနပ်လှပါ။ အထူးသဖြင့် ဆရာကြီးရှုယီက မကျေနပ်စွာ ပြောလိုက်သည်။ “စူစူလေး ဘာလို့ ဦးလေးကို မရွေးတာလဲ”

“ဦးလေး ပိုင်ဟူကျစ်က နားရမယ်လ။ ကိုကြီးကို ဆေးကုပေးရတာ ပင်ပန်းနေမှာပေါ့! ဒီ့ထက် ပိုပင်ပန်းလို့ မဖြစ်ဘူးလေ။ မဟုတ်ရင် ဆံပင်ဖြူဖြူတွေ ပိုကျွတ်သွားမယ်”။ စူစူလေးက ရှင်းပြလိုက်သည်။

“ဪ… စူစူလေးက ဦးလေးကို ဒီလောက်ထိ ဂရုစိုက်တာလား”။ ဦးလေးပိုင်ဟူကျစ် ချက်ချင်း စိတ်ကျေနပ် ကြည်နူးသွားပါသည််။

“အစ်ကိုကြီးကျတော့ကော?။ အစ်ကိုကြီးကို သဘောမကျတော့ဘူးလား”။ ချင်းရှင်းကျစ်က ပေကျင်းမြို့မှ သူ့ညီနဲ့ ခယ်မတို့ မရှိတော့မည့်အချိန်ကို စောင့်မျှော်နေတာဖြစ်သည်။ ဒါမှ သူ့ညီမလေးကို အပိုင်သိမ်းနိုင်မည်ဖြစ်သည်။ သို့သော်လည်း စူစူလေးက သူ့သားနဲ့ သူ့တူကိုသာ ရွေးချယ်သွားပါသည်။

“အစ်ကိုကြီးက အလုပ်တွေ အရမ်းလုပ်ပြီး ပိုက်ဆံရှာရတယ်လေ။ အားလပ်ရပ်မှာ ကောင်းကောင်း နားမှပေါ့”။ စူစူလေးက ရှင်းပြလိုက်သည်။

“ဒါဆို အစ်ကိုကြီးကိုလည်း ဂရုစိုက်တယ်ပေါ့!”။ သူ့ညီမလေးက သူအလုပ်ကြိုးစားမှန်းတောင် သိသည်။ အလွန် သိတတ်လှပါသည်။ သူ့ကို စိတ်တိုအောင်သာ အမြဲလုပ်တတ်သည့် သားဖြစ်သူတွေထက် အများကြီး ပိုသာသည်။

ချင်းယုဟွိုင်း နှုတ်ခမ်းများကို စေ့ထားသည်။ စူစူလေး ရွေးတာကို မခံရသဖြင့် သူလည်း သိပ်ပျော်မနေပါ။

သို့သော်လည်း တခြားသူတွေလို သူ့ကို ဘာကြောင့် မရွေးတာလဲဟု တိုက်ရိုက်မမေးပေ။ “ဘာလို့ ယုချဲကို ရွေးလိုက်တာလဲ”

All Chapters