မမျှော်လင့်ထားသော အပြောင်းအလဲများ
Vol. 70 Ch. 1119
မျိုးနွယ်စု - ကြယ်ကြွေတမန်တော်
စွမ်းအားအကဲဖြတ်မှု - SSSS+
ခန္ဓာအမျိုးအစား - SSSS+
ခွန်အား - SSSS+
စိတ်ဝိညာဉ် -SSSS+
အမြန်နှုန်း - SSSS+
စိစစ်ချက် - [လဝိညာဉ်ခန္ဓာ]၊ ကြမ္မာဆိုး စွမ်းအား၊ မိစ္ဆာမျက်ဆံ၊ ချုပ်နှောင်ခြင်း၊ ချိပ်ပိတ်စာချုပ်။
အန္တရာယ်အဆင့် - အလွန်မြင့်များ!
ချိပ်ပိတ်စာချုပ်တဲ့လား။ ချန်လွေ့က တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက် သော်လည်း သူက ခပ်ပေါ့ပေါ့ အမူအရာ ပြသကာ ဦးညွှတ်လိုက်လေ၏။ “ဆာ-ဆာရီရယ် တွေ့ရတာ ဝမ်းသာပါတယ်။ ပြီးတော့ တောင်းပန်ပါတယ်။ ကျုပ်ရဲ့ အစွမ်းက ခင်ဗျားထက် အများကြီး နိမ့်ကျနေတော့ အလဲအလှယ် အတွက် လုံခြုံရေးကို သေချာစေဖို့ အစီအမံ တချို့တော့ လုပ်ရတာပေါ့။”
“ဟွမ့်!” ဆာရီရယ်၏ မျက်လုံးများက အက်ဂ်လက်စ်ကို ကျော်ဖြတ်ကာ ချန်လွေ့ အပေါ်သို့ ကျရောက်လာသည်။ ဒီလူက အစွမ်းမထက်ပေမဲ့ သူရဲ့နည်းလမ်းတွေက ထူးဆန်းလွန်းတယ်။ သူ့ကို အလျင်အမြန် ချေမှုန်းဖို့ ဆိုတာက မလွယ်ကူဘူး။ သူ့ကို ထွက်ပြေးရန် အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားနိုင်တယ်။ အရှုပ်ထွေးဆုံးကတော့ အပြင်လူတွေ ဖယ်ထုတ်သော နေရာလွတ် တံခါးပဲ။ ပျက်စီးခြင်း စာအုပ်ကို ဒီလူက နေရာလွတ် တံခါးထဲတွင် ဝှက်ထားတယ်။ ဒီထဲမှာ ဘာရှိလဲ ဘယ်သူ သိနိုင်မှာလဲ။ တကယ်လို့ တစ်ခုခု မှားယွင်းသွားရင် ဆုံးရှုံးတာနဲ့ မတန်ဘူး။
ဒါကြောင့် ပျက်စီးခြင်း စာအုပ်ကို မရခင် သူ့ကို သတိ ထားမိအောင် လုပ်လို့ မဖြစ်ဘူး။
“ဒါဆိုရင် ဆာ-ဆာရီရယ် ကျေးဇူးပြုပြီး ကျုပ်ရဲ့ သမီးကို အရင်လွှတ်ပေးပါ။ ပြီးရင် ကျုပ် ခင်ဗျားကို ပျက်စီးခြင်း စာအုပ် ပေးပါ့မယ်။” ချန်လွေ့သည် လူမိုက် တစ်ယောက် မဟုတ်ပေ။ သူက ဆာရီရယ်၏ အတွေးများကို နားလည် သော်လည်း သော်သော်အတွက် ထိုသို့ အရဲစွန့်ရမည် ဖြစ်သည်။ “မဟုတ်ရင် ကျုပ် ပျက်စီးခြင်း စာအုပ်ကို အထူး နေရာလွတ်တစ်ခုမှာ ထာဝရ နယ်နှင် ထားလိုက်မယ်။ ခင်ဗျား ကျုပ်ကို သတ်လိုက်ရင်တောင် အဲဒါကို ရမှာ မဟုတ်ဘူး။ အခု ကျုပ်က ခင်ဗျားရဲ့ [လတိုင်းပြည်]ထဲမှာ ရောက်နေတာ။ ကျုပ် လွတ်မြောက်ဖို့ ယုံကြည်ချက် မရှိနိုင်ပေမယ့် အဖမ်းမခံရခင်မှာ ကိုယ့်ကိုယ်ကိုယ်ယ် သတ်သေဖို့ ယုံကြည်ချက်တော့ ရှိပါသေးတယ်။”
“မင်းရဲ့အကြည့်ကို ကြည့်ရတာတော့ တကယ် ပြောနေတာပဲ။” ဆာရီရယ်က ခပ်ပေါ့ပေါ့ ပြောလိုက်၏။ “အမှန်အတိုင်း ပြောရရင် မင်းလို အရူး တစ်ယောက်နဲ့ ဆက်ဆံရတာကို ငါ မကြိုက်ဘူး။”
“ဒါကို ချီးကျူးတယ်လို့ ကျုပ် မှတ်ယူ လိုက်ပါမယ်... ဒါဆိုရင် ကျေးဇူးပြုပြီး ကျုပ်ရဲ့ သမီးကို လွှတ်ပေးပါ။”
“မင်းရဲ့သမီးလား။” ဆာရီရယ်က ထိုအသုံးအပေါ်တွင် မထီမဲ့မြင်ပြုမှုကို အသေအချာ ပြသခဲ့သည်။ ဒီကောင်က ငါ့လိုမျိုး နတ်ဘုရား သွေးမျိုးဆက်ကို ရယူချင်တာထက် မပိုဘူး။ သူက စွမ်းအား မရှိလို့ ပျက်စီးခြင်း စာအုပ်က သူ့အတွက် နတ်ဘုရား သွေးမျိုးဆက်လောက် အကျိုး မရှိပေ။ ဒီကောင်ရဲ့ သတ္တိနဲ့ နည်းလမ်းက တကယ်ပဲ ကွဲပြားတယ်။ သူ့မှာ ကောက်ကျစ်တဲ့ အကြံအစည်တွေလည်း ရှိနေနိုင်သေးတယ်။
ဒါပေမဲ့ ဒါ ငါ့ရဲ့ [လတိုင်းပြည်]ပဲ။ တကယ့် တရားမျှတတဲ့ လဲလှယ်မှုတစ်ခု ဖြစ်ရင်တောင် နတ်ဘုရား-ယောင် အလယ်အဆင့်နဲ့ အနဦးပိုင်းအဆင့်ရှိတဲ့ ဇာတ်ကောင်ငယ်လေးတွေနဲ့ ဆိုရင် သူတို့ ဘာလှည့်ကွက်ပဲသုံးသုံး မကြောက်ဘူး။
“ကောင်းပြီ။ အဲဒီ ကလေးမလေးကို မင်းကို ပေးလို့ရတယ်။” ဆာရီရယ် စဉ်းစားလိုက်၏။ အပြာရောင် အလင်းလုံး တစ်ခု ဘေးတွင် ချက်ချင်း ပေါ်လာသည်။ အထဲတွင် အိပ်ပျော်နေသော သော်သော် ရှိနေပြီး ၎င်းမှာ မှန်ထဲမှ ပုံရိပ်တွင် မြင်တွေ့ ခဲ့ရသည်နှင့် တစ်ပုံစံတည်းပင်။ “ပျက်စီးခြင်း စာအုပ် အခု ငါ့ကိုပေး!”
ထိုအသံတွင် ဝိညာဉ်ကို မှင်တက် စေသော စွမ်းအားတစ်ခု ပါဝင်သော်လည်း ချန်လွေ့ မတုန်လှုပ်ဘဲ ခေါင်းခါလိုက်၏။ “အရင် ချုပ်နှောင်ထားတာကို ပယ်ဖျက် ပေးပါ။ ပြီးရင် သူကို ကျုပ်ဆီ လွှဲပေး။ ပြီးရင် ခင်ဗျားကို ပျက်စီးခြင်း စာအုပ် ပေးမယ်။”
“မင်းနဲ့ လှည့်ကွက်တွေ ကစားနေဖို့ ငါ စိတ်မဝင်စားဘူး။” ဆာရီရယ် လှောင်ရယ် လိုက်ရာ ချန်လွေ့နှင့် အက်ဂ်လက်စ်တို့ နေရာလွတ်ထဲတွင် ကြောက်မက်ဖွယ်ရာ ဖိအားကို တစ်ချိန်တည်းတွင် ခံစားလိုက် ရသည်။ သူတို့ အချိန်မရွေး ဖျက်ဆီးခြင်း ခံရနိုင်သည်။ “ပျက်စီးခြင်း စာအုပ်ကိုပေး။ ဒါမှမဟုတ် ဒီလဲလှယ်မှု ပြီးဆုံးသွားမယ်။ မင်းလည်း မင်းရဲ့အသက်နဲ့ တန်ကြေးကို ပေးဆပ်ရလိမ့်မယ်!”
အကယ်၍ ယခင်က [သရုပ်ခွဲမျက်လုံး] ထောက်လှမ်းမှုသာ မရှိခဲ့ပါက ချန်လွေ့ စာချုပ်တစ်ခု ချုပ်ရန် နည်းလမ်းကို သေချာပေါက် အဆိုပြုပြီး ဆာရီရယ်ကို ချုပ်နှောင်ရန် စူပါစနစ် စာချုပ်ကို အသုံးပြုလိမ့်မည်။ ဆာရီရယ်က သူ့ထက် အားကောင်းလှသော်လည်း စာချုပ်ကို ချိုးဖောက်နိုင်မည် မဟုတ်ပေ။
သို့သော် ဆာရီရယ်၏ အရည်အချင်း သုံးသပ်ချက်၌ ‘ချိပ်ပိတ်စာချုပ်’ ဆိုသည့် စွမ်းရည် ရှိနေခဲ့သည်။ ထိုစွမ်းရည်က စာချုပ်အပေါ်တွင် မခန့်မှန်းနိုင်သော အကျိုးသက်ရောက်မှု ရှိနိုင်လေသည်။ နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့်၏ စွမ်းရည်ကို လျှော့မတွက်သင့်ဘဲ ကွင်းဆက် စွမ်းအားသည်လည်း အရာရာ စွမ်းနိုင်သည် မဟုတ်ပေ။ ထိုနေ့က ဖိုက်သွန်ထံမှ ရရှိခဲ့သော သင်ခန်းစာနှင့် အတူ သော်သော်၏ အသက်မှာ စိုးရိမ်ရသည့် အခြေအနေဖြစ်နေရာ သူ ယခုတွင် မဆင်မခြင် မစွန့်စားသင့်ပေ။
တိုးမရ ဆုတ်မရ အခြေအနေ ဖြစ်နေသည်ကို မြင်ရာ ချန်လွေ့က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ “ဆာရီရယ် ကျုပ်ရဲ့ သမီးကို အရင်လွှတ်ပေးပါ။ ပြီးရင် ကျုပ် နေရာလွတ် ထဲကနေ ပျက်စီးခြင်း စာအုပ်ကို ထုတ်မယ်။ သူ ကျုပ်ရဲ့ဘေးကို ပြန်ရောက်ရင် ပျက်စီးခြင်း စာအုပ်ကို ကျုပ် လွှဲပေးမယ်။”
ဆာရီရယ် ခဏ စဉ်းစားလိုက်သည်။ “ဒီလိုမျိုး လုပ်ရအောင်။ နဂါးက ငါတို့ နှစ်ယောက်ကြားက နေရာကိုလာ။ ငါ ကလေးမလေးကို နဂါးဆီ လွှဲပေးမယ်။ ပြီးရင် နေရာလွတ်ထဲက မင်း ပျက်စီးခြင်း စာအုပ်ကို ယူလိုက်။ နဂါး မင်းဘက်ကို ပြန်သွားနေတုန်းမှာ ပျက်စီးခြင်း စာအုပ် မင်း ငါ့ကိုပေး။ လှည့်ကွက်တွေသုံးဖို့ ဒါမှမဟုတ် ပျက်စီးခြင်း စာအုပ်နဲ့ ထွက်ပြေးဖို့ မကြိုးစားနဲ့။ မင်းမှာ နေရာလွတ်နဲ့ ပတ်သက်တဲ့ အရည်အချင်း တစ်မျိုးမျိုး ရှိရင်လို့ ငါမင်းကို ချက်ချင်း မသတ်နိုင်ရင်တောင် နဂါးနဲ့ ကလေးက ပြာကျသွားမယ် ဆိုတာတော့ ငါ လုံးဝ သေချာတယ်။”
ချန်လွေ့ အမြန် စဉ်းစားလိုက်ပြီး အက်ဂ်လက်စ်နှင့် မျက်လုံးချင်း အမူအရာ ဖလှယ်လိုက်သည်။ သူတို့ နားလည်မှု တစ်ခုသို့ ရောက်ရှိသွားပြီး ဖြစ်သည်။
အက်ဂ်လက်စ်က စာအုပ်ပေါင်းချုပ် ခန်းမသို့ မဝင်ခင် ချန်လွေ့နှင့် ဆက်သွယ် ပြောဆိုခဲ့သည်။ ထိုအချိန်က ပျက်စီးခြင်း စာအုပ်၏ ငွေသေတ္တာက အမှန်တွင် ချန်လွေ့၏ လက်ထဲတွင် ရှိနေမှန်း သိလိုက်ရာ ခဏ အံ့ဩသွားသော်လည်း ယခု ထိုအရာများက အဓိက မဟုတ်ပေ။ အရေးအကြီးဆုံး အရာမှာ သော်သော်ကို ကယ်တင်ရန် ဖြစ်ပြီး နဂါးဧကရာဇ် ထိုစဉ်က ချန်လွေ့အား ပေးခဲ့သော ကျက်သရေမျှော်စင်က လွတ်မြောက်ရန် သော့ချက် ဖြစ်လေသည်။
ချန်လွေ့၏ အတွေးများ လျင်မြန်စွာ လည်ပတ်သွားပြီးနောက် သူ ခေါင်းညိတ် လိုက်သည်။ “ကောင်းပြီ။ ဒါပေမဲ့ သူကို ချုပ်နှောင်ထားတဲ့ နေရာလွတ်စွမ်းအားကို ခင်ဗျား အရင်ဆုံး ပယ်ဖျက်ပေးရမယ်။ မလဲလှယ်ခင်မှာ သူ တကယ် အစစ်အမှန် ဟုတ်မဟုတ်နဲ့ အန္တရာယ် ကင်းမကင်းကို ကျုပ် အတည်ပြုချင်တယ်။”
ဆာရီရယ် ထပ်မံ မပြောတော့ပေ။ သူက သော်သော်၏ ပတ်လည်မှ အလင်းလုံးကို ကြည့်လိုက်ရာ ၎င်းက တဖြည်းဖြည်း မှေးမှိန်သွားလေသည်။ ထိုချုပ်နှောင်ထားသော နေရာလွတ် စွမ်းအား ပျောက်ကွယ် သွားပြီးနောက် သော်သော်၏ ဂုဏ်သတ္တိများက [သရုပ်ခွဲ မျက်လုံး]တွင် ချက်ချင်း ပေါ်လာသည်။
မျိုးနွယ်စု - ??
စွမ်းအားအကဲဖြတ်မှု - S++
ခန္ဓာအမျိုးအစား - S++
ခွန်အား - S+
စိတ်ဝိညာဉ် - S++
အမြန်နှုန်း - S+
ဂုဏ်သတ္တိ - မီးဂုဏ်သတ္တိ၊ ဇာမဏီ ခန္ဓာကိုယ်၊ နိဗ္ဗာန်စွမ်းအား၊ သိဒ္ဓိကောင်းချီး ချိပ်ပိတ်။
မျိုးနွယ်စုမှာ မေးခွန်းအမှတ်အသားက အရင်ကတည်းက ရှိခဲ့တာ။ ဒါ လူနှင့် နတ်ဆိုး ပေါင်းစပ်တာကြောင့် ဖြစ်နိုင်ပေမဲ့ ‘သိဒ္ဓိကောင်းချီးချိပ်ပိတ်’ဆိုတဲ့ ဂုဏ်သတ္တိကတော့ အသစ် တစ်ခုပဲ။ ဒါက... နတ်ဘုရားသွေးမျိုးဆက်များလား။
ချန်လွေ့က ထိုအသုံးအနှုန်းကို အနည်းငယ် ရင်းနှီးသလို ခံစားလိုက်ရပြီး ရုတ်တရက် အခြားပုဂ္ဂိုလ် တစ်ဦးထံတွင် ထိုဂုဏ်သတ္တိကို မြင်တွေ့ခဲ့ဖူးကြောင်း သတိရသွားသည်။ စေတန်ဆီကပဲ!
စေတန်က တကယ်တော့ နတ်ဘုရား မျိုးဆက်တစ်ယောက် ဖြစ်နေတာပဲ!
ချန်လွေ့သည် စေတန်က သူ့ကို မိုက်ကယ်နှင့် နှိုင်းယှဉ်ရာ အဘယ်ကြောင့် မထီမဲ့မြင် ပြုခဲ့သည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
“မင်းရဲ့ အကြီးမားဆုံး အမှားကတော့ မိုက်ကယ်ကို ငါနဲ့ နှိုင်းယှဉ်တာပဲ!”
နတ်ဘုရားမျိုးဆက် တစ်ဦး ဆိုတော့ စေတန်က မိုက်ကယ်ထက် အများကြီး သာလွန်တယ်။ အဲဒီထက်တောင် ပိုရင် ပိုနိုင်တယ်။ အမှောင်နတ်ဘုရားကျောင်း အစီအစဉ်က သူ နတ်ဘုရားသွေးမျိုးဆက် စွမ်းအားကို အတိုင်းအတာ တစ်ခုအထိ သိမြင်ပြီးတော့ ကြီးမားတဲ့ ယုံကြည်မှုကို သုံးပြီး ရှေ့ဆက်ဖို့နဲ့ ဖောက်ထွက်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်။
တမင်ဖြစ်ဖြစ် မတော်တဆဖြစ်ဖြစ်၊ စေတန်ရဲ့ အစီအစဉ်တွေ နောက်ဆုံးမှာ ငါ့ကြောင့် ရပ်တန့်သွားပြီးတော့ ၁၀နှစ် အတွင်း လုံးဝ ပြီးဆုံးသွားလိမ့်မယ်။
ထိုကဲ့သို့ အတွေး ပြောင်းလဲမှုများ ချက်ချင်းဆိုသလို ပြီးမြောက်သွားသည်။ ချန်လွေ့ အက်ဂ်လက်စ်ကို ကြည့်လိုက်ရာ အက်ဂ်လက်စ် နားလည်သွားသည်။ သူက နှစ်ဖက်ကြားရှိ အလယ်သို့ ပျံသန်းသွား၏။
သော်သော်က အက်ဂ်လက်စ်ထံသို့ ဖြည်းညှင်းစွာ လွင့်မျောလာပြီး နဂါး ဧကရာဇ်က သူ့ကို ပွေ့ချီလိုက်သည်။ ကလေးမလေး၏ နှလုံးခုန်သံနှင့် အသက်ရှုသံမှာ ပုံမှန်ဖြစ်သော်လည်း သူ နိုးမလာသေးပေ။ သူ၏ နောက်တွင် အတောင်ပံငယ် နှစ်ခုလည်း ရှိနေ၏။
“သူ ဘာမှ မဖြစ်ဘူး။ သူက ငါ့ရဲ့ တိုင်းပြည် စွမ်းအားကို လက်ခံလိုက်ရုံပဲ။ သူရဲ့ သွေးမျိုးဆက်က အပြည့်အဝ နိုးထ လာတော့မှာ။ သူ နိုးလာပါလိမ့်မယ်။” ဆာရီရယ်၏အသံ ထွက်ပေါ်လာသည်။
အက်ဂ်လက်စ် စိတ်မအေးနိုင်ဖြစ်နေပြီး ခဏတာ အာရုံခံကြည့်လိုက်ရာ မူမမှန်မှု တစ်စုံတစ်ရာ မတွေ့ရှိခဲ့ပေ။ သူက ချန်လွေ့ကို ခေါင်းညိတ်ပြခဲ့သော်လည်း မဆင်မခြင် ပြုမူရဲခြင်းမရှိ။ အကြောင်းမှာ ဆာရီရယ်၏ စိတ်စွမ်းအားက သူ့ကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထား၍ပင်။
[ကြယ်ဂိတ်]က ချန်လွေ့၏ ရှေ့တွင် ပေါ်လာသည်။ သူ၏ပုံရိပ် လက်ခနဲ ပျောက်ကွယ်သွားပြီးနောက် လက်ထဲတွင် ငွေသေတ္တာတစ်လုံးဖြင့် ပြန်ပေါ်လာ၏။
ဆာရီရယ်၏ မျက်လုံးများက ထိုသေတ္တာပေါ်တွင်သာ စူးစိုက်နေသည်။ ထိုသေတ္တာက ယခင် ငွေသေတ္တာ ဖြစ်ကြောင်း မြင်နိုင်သော်လည်း သူက အတည်ပြုရန် လိုအပ်သည်။
“ဖွင့်လိုက်။”
ချန်လွေ့ အနည်းငယ် ဖွင့်လိုက်ရာ ဆာရီရယ်က ပြင်းထန်သော ပျက်စီးခြင်း စွမ်းအား ယိုစိမ့်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ တကယ်ပဲ! ဒါက ပျက်စီးခြင်း စာအုပ်ပဲ။ သူ၏မျက်လုံးများ ရုတ်တရက် တောက်ပလာ၏။
“ငါ သုံးအထိ ရေမယ်။ နဂါးက စပြီးတော့ ရွှေ့ပြောင်းတဲ့ အခိုက်အတန့်မှာ မင်းက သေတ္တာကို ပစ်ပေးလိုက်။ နဂါး ရွှေ့ပြောင်းပြီးတော့ ငွေသေတ္တာက မင်းရဲ့ ထိန်းချုပ်မှုအောက် မလွတ်သေးဘူးဆိုရင် ငါ ချက်ချင်းတိုက်ခိုက်မယ်။ အဲဒီအချိန် ကလေးမလေးနဲ့ နဂါးလည်း အတူတူ ပြာကျသွားမှာ!”
အက်ဂ်လက်စ်နှင့် ချန်လွေ့တို့ လျင်မြန်စွာ မျက်လုံးချင်း ဖလှယ်ပြီး ခေါင်းညိတ်လိုက်ကြသည်။
ထိုအခိုက်အတန့်တွင် ချန်လွေ့၏ စွမ်းအားအားလုံး အသင့်အနေအထားတွင် ရှိနေသည်။ အက်ဂ်လက်စ် ရွှေ့ပြောင်းစဉ် ဆာရီရယ် တိုက်ရိုက် တိုက်ခိုက် လာလျှင်ပင် သူက အချိန် အရှိန်အဝါနှင့် အကာအကွယ် စွမ်းအားကို အသုံးပြု၍ ခုခံနိုင်လေသည်။ အက်ဂ်လက်စ်နှင့် သော်သော်ကို ကျက်သရေမျှော်စင်တွင် ထားရှိပြီး [ကြယ်ဂိတ်]ဖြင့် ထွက်ခွာရန်မှာ တခဏသာ ကြာမြင့်မည် ဖြစ်သည်။
“တစ်၊ နှစ်...” ဆာရီရယ်၏ မျက်လုံး အရောင်တောက်လာ၏။ “သုံး!”
နောက်စက္ကန့်တွင် အလင်းရောင်က လျင်မြန်စွာ လင်းလက်ကာ ပြောင်းလဲ သွားပြီးနောက် [လတိုင်းပြည်] တစ်ခုလုံး ပြင်းထန်သော ကြိမ်နှုန်းဖြင့် တုန်ခါကာ ဆာရီရယ်၏ ရယ်မောသံများနှင့်အတူ ရောနှောနေလေသည်။
နေရာလွတ်မှ တုန်ခါမှု တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။ ဆာရီရယ်က လက်ထဲတွင် ငွေသေတ္တာကို ကိုင်ထားပြီး ချန်လွေ့မှာ သော်သော်ကို ပွေ့ချီထားကာ အက်ဂ်လက်စ်၏ ဘေးတွင် ရှိနေသည်။ သူတို့သည် လေထဲတွင် ဆိုင်းငံ့နေကြ၏။ ထိုအချိန် သော်သော်၏ မှိတ်ထားသော မျက်လုံးများ ပွင့်လာခဲ့လေသည်။ သူ၏ မျက်လုံး သူငယ်အိမ်များက မှိန်ပျပျ အပြာရောင် အဖြစ်သို့ ပြောင်းလဲသွားပြီး အက်ဂ်လက်စ်နှင့် သော်သော်၏ ခန္ဓာ အများစုမှာ လျင်မြန်စွာ ပျံ့နှံ့နေသော အပြာရောင် သလင်းကျောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ခဏအကြာတွင် သူတို့ နှစ်ဦးက သလင်းကျောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ချန်လွေ့က ထိုအချိန်တွင် အသက်ကို ပြင်းပြင်းရှူနေပြီး ခန္ဓာကိုယ်ပေါ်မှ ကြယ်ချပ်ကာမှာလည်း အက်ကွဲနေသည်။ သူ၏ မျက်နှာဖုံးအောက်ရှိ ဒေါသတကြီး မျက်လုံးများကလည်း ဆာရီရယ်ကို စိုက်ကြည့်နေလေသည်။
ခုနက မျက်စိတစ်မှိတ် အတွင်းတွင် အလှည့်အပြောင်းများနှင့် အပြောင်းအလဲများစွာ ဖြစ်ပွားခဲ့သည်။ အက်ဂ်လက်စ်၏ ခန္ဓာကိုယ်က ရွှေ့ပြောင်းပြီးနောက်တွင် ချက်ချင်းပင် သလင်းကျောက်အဖြစ် ခဲသွားခဲ့သည်။ ထိုသလင်းကျောက်၌ အားကောင်းသော စွမ်းအင်များ ပါဝင်နေရာ ချန်လွေ့က အသက်သွင်းပြီး ကျက်သရေမျှော်စင်ထဲ သူတို့ကို မထည့်နိုင်ခဲ့ပေ။ ဆာရီရယ်က ထိုတစ်ခဏ အခွင့်အရေးကို ဆုပ်ကိုင်ကာ ချန်လွေ့ကို တိုက်ခိုက်ပြီး လွှတ်ပေးပြီး ဖြစ်သော ငွေသေတ္တာကို ယူသွားခဲ့သည်။
ဆာရီရယ် ရယ်မောလိုက်၏။ “ဟားဟားဟား! နှစ်တွေ အများကြီး ကြာပြီးတဲ့နောက် နောက်ဆုံးတော့ ငါရပြီ! မိုက်မဲတဲ့ကောင်။ ငါနဲ့ လာပြီးတော့ ဈေးဆစ်ရဲသေးတယ်!”
“ဆာရီရယ်!” ချန်လွေ့ အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အေးခဲနေသော အက်ဂ်လက်စ်နှင့် သော်သော်ကို မထည့်နိုင်ခဲ့ပေ။ သူ ဟိန်းဟောက်ပြီး [အစစ်အမှန်အနီရောင် ပျက်သုဉ်း]၏ ပျက်စီးခြင်း အလင်းတန်းကို ဆာရီရယ်ထံ တန်းတန်းမတ်မတ် ပစ်လွှတ်လိုက်သည်။
ဆာရီရယ် အနီရောင် အလင်းတန်းကို ကြည့်လိုက်၏။ အနီရောင်အလင်းတန်းက တစ်စုံတစ်ခုဖြင့် ချည်နှောင်ခံထားရသလို ချက်ချင်းပင် ရပ်တန့်သွားပြီးနောက် ပြိုကွဲသွားခဲ့သည်။
“ငါတို့ နတ်ဘုရား-ယောင် အလယ်ပိုင်း အဆင့်မှာဆို ဒီတိုက်ကွက်က နည်းနည်း ခြိမ်းခြောက်နိုင်လောက်တယ်၊ ဒါပေမဲ့ နတ်ဘုရား-ယောင် အဆင့်မှာတော့ အထွတ်အထိပ် အဆင့်နဲ့ အလယ်ပိုင်း အဆင့်ကြားက အစွမ်း ကွာဟချက်က အဆင့်ကြီးတစ်ခုထက်တောင် ပိုပြီးတော့ ဝေးတယ်။ ပြီးတော့ ဒီနေရာက ငါ့ရဲ့ တိုင်းပြည်ထဲ ဖြစ်နေတာ!” ဆာရီရယ်က ငွေသေတ္တာကို ဖွင့်လိုက်သည်။ “ဒီနေ့ ပျက်စီးခြင်း စာအုပ်ကို ပေးတာဆိုတော့ ငါမင်းကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်...”
ဆာရီရယ်၏ စကားများ ရုတ်တရက် ရပ်တန့်သွားလေသည်။ အကြောင်းမှာ သူ့ရဲ့ စွမ်းအားက တစ်စုံတစ်ခုကြောင့် ရုတ်တရက် စုပ်ယူခံနေရသည်ဟူ၍ ခံစား လိုက်ရပြီး ထို‘အရာ’၏ ဇစ်မြစ်မှာ... ခုနက ဖွင့်လိုက်သော ငွေသေတ္တာ ဖြစ်နေ၍ပင်!
ပျက်စီးခြင်း စာအုပ်ကြောင့်လား။
မဟုတ်ဘူး။ ဒါက ပျက်စီးခြင်း ဇစ်မြစ်ထဲမှာ ပုန်းအောင်းနေတဲ့ အဲဒီ အထူး စွမ်းအားပဲ!
ထိုထိတ်လန့်ဖွယ်ရာ ခံစားချက်က ဆာရီရယ်အတွက် မစိမ်းလှပေ။ သူက အော်ပြောလိုက်၏။ “ပိတ်ပင်ခြင်း!”