← Chapters

တွက်ချက်မှုများ

Vol. 70 Ch. 1120

တွက်ချက်မှုများ

Vol. 70 Ch. 1120

တကယ် ပိတ်ပင်ခြင်းပဲ!

ဆာရီရယ်က နှလုံးသားကို ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ မျက်နှာပေါ်မှ ကျေနပ်နေသော အပြုံးက အေးခဲသွားခဲ့သည်။

သူ၏ မှတ်ဉာဏ်ထဲတွင် ထိုကဲ့သို့ အထူး စွမ်းအားကို ပိုင်ဆိုင်သူမှာ တစ်ဦးသာ ရှိသည်။

ထိုသူက သူ၏ အရှေ့မှ ငွေသေတ္တာ၏ မူလသခင် ဖြစ်ခဲ့သည်။

ဖိုက်သွန်! သူပဲ ဖြစ်ရမယ်!

ဒါဆို ဒီ‘အက်ဂ်ယော’က ဖိုက်သွန်ရဲ့ လက်အောက်ငယ်သားလား။

ပြီးတော့ ငါ ဖမ်းလာတဲ့ အဲဒီကလေးက ဖိုက်သွန်ရဲ့ သားကောင်လား။

ငါ လှည့်စားခံလိုက်ရတာပဲ!

အဲဒီ ရက်စက်ပြီး ရူးနေတဲ့ မိန်းမတော့!

မိမိကိုယ်မိမိ မှန်ကန်သည် ဟူ၍ ယူဆထားသော ‘အမှန်တရား’ များစွာက ဆာရီရယ်၏ စိတ်ထဲတွင် ချက်ချင်းပင် ပေါ်ပေါက်လာပြီး သူ့ကို ပို၍ပင် တုန်လှုပ် သွားစေခဲ့သည်။

စွမ်းအား ပိတ်ပင်ခံရသည့် ခံစားချက်က တစ်ခဏမျှ ဖြစ်သော်လည်း ထိုခဏက ပိုမိုကြာရှည်သွားသကဲ့သို့ ထင်ရသည်။

အချိန် အရှိန်အဝါပဲ!

ထိုအခိုက်အတန့်တွင် ဆာရီရယ်က အလွန်အမင်း အန္တရာယ်များသော ခံစားချက် တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ နတ်ဘုရား-ယောင် အလယ်ပိုင်းတွင်သာ ရှိနေခဲ့သော ထိုသူက သူ့ကို ပြင်းထန်သော သတိပေးချက် တစ်ခု ဖြစ်ပေါ်စေနိုင်ခဲ့လေသည်။

တောက်ပသော ခရမ်းရောင်ကြယ် အလင်းနှင့်အတူ ပုံရိပ်က ရုတ်တရက် သုံးခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ကို တြိဂံပုံစံ ဝန်းရံလိုက်၏။ အားကောင်းပြီး ထူးခြားသော အငွေ့အသက် တစ်ခုက လျင်မြန်စွာ မြင့်တက် လာခဲ့သည်။ ထိုအငွေ့အသက်ထဲတွင် နှိုင်းယှဉ်မရသော ပျက်စီးခြင်း စွမ်းအားတစ်ခု ရှိနေပုံ ရသော်လည်း ၎င်း၌ လုံးဝဆန့်ကျင်ဘက် အင်အားကိုလည်း ပါဝင်နေသည်။ ထပ်မံ စဉ်းစားမနေတော့ဘဲ ပုံရိပ်များက ခရမ်း-အနီရောင် အလင်းတန်း တစ်ခုကို တစ်ချိန်တည်း ပစ်လွှတ်လိုက်ပြီး သူ့ကို ပိတ်လှောင်ထားကာ သီးခြား တြိဂံ နေရာလွတ်တစ်ခုကို ဖွဲ့စည်းလိုက်၏။

ဒါက ဘယ်လို တိုက်ကွက်မျိုးလဲ။ ဒီတိုက်ကွက်ရဲ့ စွမ်းအားက နတ်ဘုရား-ယောင် အလယ်အဆင့်ထက် အများကြီး ကျော်လွန်နေပြီ! ဆာရီရယ်က သူ၏ ခန္ဓာနှင့် ဝိညာဉ်က နေရာလွတ်တ်ကြောင့် လုံးဝအေးခဲသွားသည်ကို ခံစားလိုက်ရပြီး ထိတ်လန့်သွားလေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် တြိဂံ နေရာလွတ်က လုံးဝ ကြေမွသွားခဲ့သည်။

အလယ်က ရုတ်တရက် လေဟာနယ် လုံးဝ ဖြစ်သွားပြီး ဆာရီရယ် အပါအဝင် အရာအားလုံးက အရိပ်အယောင်မကျန် ပျောက်ကွယ်သွားခဲ့လေသည်။

ငွေသေတ္တာက ချန်လွေ့၏ ဘေးနားသို့ အလိုလို ပျံသန်းလာခဲ့ပြီး ဖွင့်ထားသော သေတ္တာထဲမှ မသဲမကွဲ ပုံရိပ်တစ်ခု ပျံထွက်လာကာ တဖြည်းဖြည်းနှင့် ထင်ရှားလာခဲ့သည်။ သူက ဖိုက်သွန် ဖြစ်သည်။ ပို၍ တိတိကျကျပြောရလျှင် မန်လေ့စ်၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ် ထားသော ဖိုက်သွန်ပင်။

ဖိုက်သွန်က ခန္ဓာကိုယ်ကို ယာယီ ဝိညာဉ်ရုပ်အသွင် အဖြစ်သို့ ပြောင်းလဲပြီး ငွေသေတ္တာထဲ ပုန်းအောင်းရန် လျှို့ဝှက် ပညာရပ်ကို အသုံးပြုခဲ့သည်။ သူက ငွေသေတ္တာထဲတွင် မရေမတွက်နိုင်သော နှစ်များစွာ ပုန်းအောင်း နေခဲ့လေသည်။ ထို့ကြောင့် သူက ဖုံးကွယ်ခြင်း ပညာကို ကောင်းစွာ ကျွမ်းကျင်ပြီး ပျက်စီးခြင်း စာအုပ်နှင့် အလွန်ပင် ရင်းနှီးသောကြောင့် ဆာရီရယ်ပင် သတိမထားမိခဲ့ပေ။

ဖိုက်သွန်နှင့် ဆာရီရယ်တို့မှာ ပြိုင်ဘက်ဟောင်းများ ဖြစ်သည်။ သူက ဆာရီရယ် သေချာပေါက် ရန်လိုလာမည် သို့မဟုတ် လှည့်စားမည်ကို သိနေရာ အရေးကြီးသော အခိုက်အတန့်တွင် မမျှော်လင့်ထားသော တိုက်ကွက်တစ်ခုကို ထုတ်သုံးရန် လျှို့ဝှက်ပညာရပ် အသုံးပြု၍ ငွေသေတ္တာထဲ ပုန်းအောင်းနေခဲ့၏။

တစ်ဖက်တွင်လည်း ဆာရီရယ်က မည်သည့် လှည့်ကွက်မျှ မသုံးခဲ့ပါက ချန်လွေ့မှာ ကြယ်ချီးမြှင့် စင်မြင့်ကို အသုံးပြု၍ ဖိုက်သွန်ကို အချိန်မရွေး ပြန်လည် ရုပ်သိမ်းနိုင်သည်။ ဖိုက်သွန်က ယခုတွင် ကြယ်တစ်ပွင့် အဆင့်တိုးမြှင့်မှု ပြီးမြောက်ခဲ့ပြီး ကြယ်တစ်ပွင့် ချီးမြှင့်ခြင်း ခံခဲ့ရသော်လည်း ကြယ်နှစ်ပွင့် အဆင့် တိုးမြှင့်မှုကို အပြည့်အဝ နားလည် သဘောပေါက်ခြင်း မရှိသေးပေ။

အသေအချာပင် ဖိုက်သွန် မျှော်လင့် ထားသည့် အတိုင်း ဆာရီရယ်က အစကတည်းက အလဲအလှယ် လုပ်ရန် မစဉ်းစားခဲ့ပေ။ ထိုအစား သူက သော်သော်နှင့် ပျက်စီးခြင်း စာအုပ် ဟူသော ‘ရတနာ’ နှစ်ခုလုံးကို လိုချင်နေ ခဲ့သည်။ ရလဒ် အနေဖြင့် ဆာရီရယ် အကျေနပ်ဆုံး ဖြစ်နေချိန်တွင် ရုတ်တရက် တိုက်ခိုက် ခံလိုက်ရသည်။ ဖိုက်သွန်၏ တိုက်ကွက် အချိန်မှာ ပြီးပြည့်စုံလှသည်။ သူ၏ လက်ရှိ တိုင်းပြည်အဆင့် ကနဦးပိုင်း စွမ်းအားဖြင့် သူသည် တစ်ချက်တည်းဖြင့် အောင်မြင်ခဲ့သော်လည်း ထိုအရာက ဆာရီရယ်ကို သတ်ရန် မလုံလောက်ပေ။ သေစေနိုင်သော တိုက်ခိုက်မှုကို တကယ် စတင်ခဲ့သူမှာ ချန်လွေ့ပင်။

စွမ်းအား အဆင့် ကွာခြားမှုကြောင့် ဖိုက်သွန်၏ ပိတ်ပင်ခြင်း ဖြစ်စေ၊ အချိန် အရှိန်အဝါဖြစ်စေ အခွင့်အရေးမှာ ခဏသာ ဖြစ်လေသည်။ သို့သော် [ကြယ်နတ်ဘုရားစုံမြင်ကွင်း] ကဲ့သို့သော တိုက်ကွက်ကြီး တစ်ခုက စုစည်းရန် အချိန် အနည်းငယ် ယူရမည် ဖြစ်၏။ ထို့ကြောင့် ချန်လွေ့က [ကြယ်နတ်ဘုရားစုံမြင်ကွင်း] ပြီးနောက် ဒုတိယ အပြင်းထန်ဆုံး အဆုံးသတ် တိုက်ကွက် ဖြစ်သည့် [ရှုထောင့်ဖျက်ဆီးခြင်း] ကို အသက် သွင်းလိုက်လေသည်!

ထိုတိုက်ကွက် စွမ်းအားက အလွန် အားကောင်းလှ၏။ မျှော်လင့်ချက်မဲ့ခြင်း အရှင်သခင် ဒီလော့စ်ရိုပင် ဆုံးရှုံးမှုကြီး တစ်ခု ကြုံတွေ့လုနီးပါး ဖြစ်ခဲ့သည်။ အရိုးချပ်ကာ၏ အကာအကွယ်နှင့် အဓိက ယဇ်ပလ္လင်၏ စွမ်းအားသာ မရှိခဲ့ပါက သေလောက်အောင် ဒဏ်ရာ ရရှိသွားမည် ဖြစ်လေသည်။

ယခုအခါ ချန်လွေ့၏ စွမ်းအားမှာ ပိုသန့်စင်လာပြီး ထိုတိုက်ကွက်အောက်၌ [ရှုထောင့်ဖျက်ဆီးခြင်း] နေရာလွတ်ထဲ၌ ဆာရီရယ်၏ ခန္ဓာမှာ နေရာလွတ် ကြေမွသွားသည် နှင့်အမျှ စုတ်ပြဲလာပြီး အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

သို့သော် ချန်လွေ့က ဆာရီရယ်၏ စွမ်းအားကို ကောင်းကောင်း သိသည်။ ထိုတိုက်ခိုက်မှုက အံ့အားသင့်ဖွယ်ရာ ဖြစ်ပြီး သူ့ကို အနည်းငယ် ထိခိုက်မှု ဖြစ်နိုင်သော်လည်း သူ့ကို သတ်ပစ်ရန် မဖြစ်နိုင်ပေ။ တကယ့် ပြဿနာမှာ သော်သော်ကို အရင်ဆုံး မည်သို့ ကယ်တင်ရမည် ဟူ၍ပင်။

“ဖိုက်သွန်! အက်ဂ်လက်စ်နဲ့သော်သော် ဘာဖြစ်သွားလဲ မြန်မြန်လာကြည့်ဦး။”

သော်သော်နှင့် အက်ဂ်လက်စ်တို့က ယခုအခါ သလင်းကျောက်များ အဖြစ်သို့ လုံးဝပြောင်းလဲသွားပြီ ဖြစ်သည်။ ချန်လွေ့ အနားကပ်ရန် ကြိုးစားရာ ပြင်းထန်သော အင်အားတစ်ခုကြောင့် ပြန်ကန်ထုတ် ခံလိုက်ရ၏။ သူတို့ကို ကျက်သရေမျှော်စင် သို့မဟုတ် သိုလှောင်ဂိုဒေါင်ထဲသို့ လုံးဝ ထည့်သွင်း၍ မရနိုင်ခဲ့ပေ။

“[လကြေးမုံ]! တကယ် အဲဒါပဲ!” ဖိုက်သွန် မျက်မှောင် ကြုတ်လိုက်သည်။ “[လကြေးမုံ]က ဆာရီရယ်ရဲ့ တိုင်းပြည်နဲ့ ပေါင်းစပ်ထားတဲ့ အစွမ်းထက် အဆောင် ပစ္စည်းပဲ။ အတော် ကိုင်တွယ်ရခက်တယ်။ အရှုပ်ထွေးဆုံးက အက်ဂ်လက်စ် အခု [လကြေးမုံ] စွမ်းအားနဲ့ ချုပ်နှောင် ခံထားရတာပဲ။ [လကြေးမုံ] က သူ့ရဲ့ နတ်ဘုရား-ယောင် ဘဝကို လုံးဝ ဝါးမျိုသွားလိမ့်မယ်၊ အဲဒီအချိန်ကျရင် သော်သော်ရဲ့ သွေးမျိုးဆက် နိုးထမှုက ပိုပြီးတော့ အရှိန်မြန် လာလိမ့်မယ်။ အကျိုးဆက်အနေနဲ့ ဆာရီရယ် စုပ်ယူဖို့ အောင်မြင်နိုင်ခြေလည်း အတော်လေးကို တိုးလိမ့်မယ်။ နိုးထလာပြီးတဲ့နောက်မှာ သူရဲ့ အသက်စွမ်းအားနဲ့ သွေးမျိုးဆက် စွမ်းအားက လအမာရွတ် အမှတ်အသား တစ်ခုကနေတစ်ဆင့် ဆာရီရယ်ဆီကို ရောက်သွားလိမ့်မယ်။”

ချန်လွေ့ ထိတ်လန့်သွားလေသည်။ အက်ဂ်လက်စ်ပင် ပါဝင်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူက လျင်မြန်စွာ မေးလိုက်သည်။ “[လကြေးမုံ]ကို ဘယ်လို ရပ်တန့်နိုင်မလဲ။ တိုက်ရိုက်တိုက်ခိုက်တာ ထိရောက်လား။”

“[လကြေးမုံ]က အခု လုံးဝ အသက်ဝင် နေတာဆိုတော့ ဒီလို အခြေအနေက ပြန်ပြောင်းလို့ မရတော့ဘူး။ ဆာရီရယ် ကိုယ်တိုင် တိုက်ခိုက်ရင်တောင် အချိန်တို အတွင်းမှာ အဲဒီ အဆောင်ပစ္စည်းကို ဖျက်ဆီးပြီး ရပ်တန့်နိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ တစ်ခုတော့ရှိတယ်...”

“ငါ့ကို သတ်နိုင်ရင်ပေါ့။” ဆာရီရယ်၏ အေးစက်စက်အသံက အရပ်(၄)မျက်နှာမှ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော အသံများ ထပ်ဆင့်နေကာ ပို၍ပင် ကြက်သီးထဖွယ်ကောင်းနေ၏။

ကြေမွသွားသော ခန္ဓာမှ မရေမတွက် နိုင်သော ပုံရိပ်များစွာ ပေါ်ထွက်လာပြီး အလျင်အမြန်ပင် တစ်ခုတည်း အဖြစ်သို့ ပေါင်းစပ်သွားလေသည်။

ချန်လွေ့၏ နှလုံး တုန်လှုပ်သွား၏။ အငွေ့အသက်နှင့် ခန္ဓာကိုယ် ပုံစံအရ ကြည့်လျှင် ခုနက [ရှုထောင့် ဖျက်ဆီးခြင်း] တိုက်ကွက်ကို ခံခဲ့ရသော ဆာရီရယ်က အမှန်တကယ် ဒဏ်ရာအနာတရမရှိဘဲ ရှိနေလေသည်!

“[လဝိညာဉ်ခန္ဓာ] ဆိုတဲ့ အတိုင်းပါပဲ။” ဖိုက်သွန်၏ မျက်နှာတွင် လေးနက်သော အမူအရာများ ပြည့်နှက်နေလေသည်။ “တခြားသူသာ ဆိုရင်တော့ ခုနက လှည့်ကွက်ကနေ လွတ်ဖို့ မဖြစ်နိုင်ဘူး၊ နတ်ဘုရား-ယောင် အထွတ်အထိပ်မှာ ရှိနေရင်တောင်မှပဲ။”

“‘မိတ်ဆွေဟောင်းကြီး’။ မင်းပဲကိုး။ အဲဒီနှစ် စစ်ပွဲကြီး ပြီးကတည်းက မင်းကို မတွေ့ရတော့ဘူး။ ငါတို့ ဒီလိုနည်းနဲ့ ပြန်တွေ့ကြလိမ့်မယ်ဆိုတာ မယုံနိုင်ဘူး၊ ဖိုက်သွန်!” ဆာရီရယ်က ဖိုက်သွန်ကို ကြည့်ကာ ခေါင်းခါလိုက်သည်။ “မင်းက ငယ်သားကောင်း တစ်ယောက်ကို ရှာတွေ့ခဲ့တယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ မင်းရဲ့ကိုယ်ပိုင် စွမ်းအားအဆင့်ကတော့ အများကြီး နိမ့်ကျသွားပြီ။ အဲဒီတုန်းက မင်းခန္ဓာကို စွန့်ပြီး ထွက်ပြေးတုန်းက ပြောင်းလဲမှု တစ်ခုခု ကြုံတွေ့ခဲ့ရတာပဲ။ ဒါပေမဲ့ မင်း ဒီအဆင့်အထိ ကျဆင်း သွားတာကိုတော့ ငါ စိတ်ပျက်မိတယ်။ အဲဒီ နတ်ဘုရား သွေးမျိုးဆက်က မင်း ပြန်ကောင်းလာဖို့ သော့ချက် ဖြစ်မယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ သူက ငါ့ဥစ္စာပဲ!”

ဆာရီရယ်က ချန်လွေ့နှင့် ဖိုက်သွန်၊ သော်သော်နှင့် ဖိုက်သွန်တို့၏ ဆက်ဆံရေးကို အသေအချာပင် အထင်လွဲ နေလေသည်။ ဖိုက်သွန်က ရှင်းမပြဘဲ သူ့ကို အေးစက်စွာ ကြည့်နေ၏။

“မင်းပြောသလိုပဲ [လကြေးမုံ]က အခု အသက်ဝင်နေပြီ။ ဒါကြောင့် မင်းတို့မှာ ဘာအခွင့်အရေးမှ မရှိတော့ဘူး။ အဲဒီ နတ်ဘုရား-ယောင် ကနဦးပိုင်း အဆင့် နဂါးရဲ့ အကူအညီနဲ့ဆိုရင် သူရဲ့ သွေးမျိုးဆက်က အပြည့်အဝ နိုးထလာပြီး ဒီလအမာရွတ်ကနေ တစ်ဆင့် ငါ့ဆီကို ရောက်လာလိမ့်မယ်။ ငါ့ကို သတ်နိုင်မှပဲ ဒါတွေအားလုံးကို ပယ်ဖျက်နိုင်လိမ့်မယ်။” ထိုသို့ပြောပြီးနောက်တွင် ဆာရီရယ်က နဖူးပေါ်မှ အထူး အမှတ်အသားတစ်ခုကို ကစားသလို ပြုံးပြရင်း ညွှန်ပြလိုက်၏။ “မေးစရာ ရှိတာကတော့ မင်းတို့ ဒီလို လုပ်နိုင်ရဲလား ဆိုတာပဲ။”

ချန်လွေ့က မျက်လုံးများ တောက်ပစွာ လောင်ကျွမ်းပြီးနောက်တွင် ရုတ်တရက် အော်ဟစ်လိုက်သည်။ “ပြေးတော့!”

ထိုအသံက ဖိုက်သွန်ကို အော်ဟစ်ခြင်း ဖြစ်သည်မှာ အသေအချာပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ချန်လွေ့၏ ပတ်ပတ်လည်တွင် ကြယ်ပုံသဏ္ဌာန်များ ပေါ်လာပြီး ကြယ်ချပ်ကာ အနောက်မှ အတောင်ပံများက ရုတ်တရက် ကြယ်များ အဖြစ်သို့ ပျံ့နှံ့သွားပြီး တစ်ခုတည်း အဖြစ်သို့ ရောနှောသွားလေသည်။ အရှိန် မြင့်မားသော အပြာရောင် ကြယ်မှုန်များ နေရာလွတ်ထဲ ဆက်တိုင် ပေါ်လာပြီး မရေမတွက်နိုင်သော မူမမှန်သည့် မရဏ မျဉ်းကွေးများကို ဖြစ်သွားစေလေသည်။ မြင်ကွင်းများ အားလုံးလည်း လျင်မြန်စွာ ဝေဝါးသွားသည်။ ထိုကြောက်မက်ဖွယ် ကောင်းလှသော ဖိအားအောက်တွင် [လတိုင်းပြည်] မြေပြင်၌ပင် ကြက်ခြေခတ် ချောက်ကမ်းပါးများ ပေါ်လာခဲ့လေသည်။

[ဓူဝံကြယ်မုန်တိုင်း]!

သေစေနိုင်သော ခရမ်းရောင် မုန်တိုင်း အထဲရှိ နေရာလွတ်၌ အက်ကွဲကြောင်းများ ရှိနေသော်လည်း အလယ်မှ ပုံရိပ်မှာမူ မလှုပ်မယှက် တည်ရှိနေ၏။

မုန်တိုင်းထဲတွင် အသံတစ်ခု ထွက်ပေါ် လာလေသည်။ ထိုသောင်းကြမ်းလှသော ကြောက်မက်ဖွယ် မုန်တိုင်းသည်လျှင် ထိုအသံကို မဖုံးကွယ်နိုင်ခဲ့။

“ကြမ္မာဆိုး အမည်နာမရဲ့ အမိန့်! နှေးကွေးစေ!”

အရှိန် မြင့်မားသော မုန်တိုင်းက အမှန်ပင် နှေးကွေးသွားပြီး လျင်မြန်သော လေစီးကြောင်းသည် ပို၍ လေးလံလာပြီး မျက်စိတစ်မှိတ် အတွင်း၌ ဗလာနတ္တိ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ချန်လွေ့ တုန်လှုပ်သွားခဲ့လေသည်။ [ဓူဝံကြယ်ခရမ်းမုန်တိုင်း]၏ စွမ်းအားကို ထိုမျှ လွယ်ကူစွာ ချေဖျက်နိုင်သူကို သူ ပထမဆုံး မြင်ဖူးခြင်း ဖြစ်လေသည်။ သူ နောက်ထပ် တုံ့ပြန်မှု မပြုနိုင်ခင်မှာပင် ဝိညာဉ်ကို ထိုးဖောက် ဝင်လာသော ကြောက်မက်ဖွယ် အင်အား တစ်ခုကို ခံစားလိုက်ရသည်။ သူက တိုးတိုးလေး ညည်းလိုက်ပြီးနောက် မျက်လုံး၊ ပါးစပ်နှင့် နှာခေါင်းတို့မှ တပြိုင်တည်း သွေးများ စီးကျလာခဲ့လေသည်။ သူ အပြင်းအထန် ဒဏ်ရာရသွား၏။

[ကြမ္မာဆိုးကပ်ဘေး]၏ စွမ်းအားပင်။

၎င်းက [ဓူဝံကြယ်မုန်တိုင်း] စွမ်းအားကို တိုက်စားရုံ သာမက နောက်ဆက်တွဲ အရှိန်ကလည်း ချန်လွေ့ကို ပြင်းထန်စွာ ထိမှန်ခဲ့၏။ ‘နှေးကွေးစေ’ကြောင့် ၎င်းက ယခုမှသာ ပေါက်ကွဲ ထွက်လာခြင်း ဖြစ်သည်။

“အရင် တိုက်ကွက်နဲ့ ယှဉ်ရင်တော့ ဒီမုန်တိုင်းက အမြင်ပဲလှတယ်။ လက်တွေ့ အသုံးမဝင်ဘူး။” ဆာရီရယ်က ခေါင်းခါ လိုက်သည်။ “ငါ [လဝိညာဉ်ခန္ဓာ]တောင် သုံးစရာ မလိုဘူး။ မင်းမှာ နတ်ဘုရား-ယောင် အထွတ်အထိပ် စွမ်းအားရှိရင် ငါ့ကို ကြောက်အောင် လုပ်နိုင်လိမ့်မယ်။ ဒါပေမဲ့ မင်းရဲ့ လက်ရှိ စွမ်းအားကတော့ ဘာမှ မပြောပလောက်ဘူး!”

ဆာရီရယ်၏ မျက်လုံးက ချန်လွေ့၏ နောက်တွင် ပေါ်လာသော အလင်းတံခါး အပေါ်သို့ ကျရောက်သွားခဲ့သည်။ ၎င်းမှာ ရွှေရောင် အလင်းတံခါး ဖြစ်ပြီး ယခင် အပြာနုရောင်တစ်ခုနှင့် ကွဲပြား၏။

ဖိုက်သွန်က ပျက်စီးခြင်း စာအုပ်၏ ငွေသေတ္တာကို ကိုင်ဆောင်လျက် အလင်း တံခါးသို့ ပျံသန်းနေလေသည်။

သို့သော် ဆာရီရယ် ခုနက အသက် သွင်းခဲ့သော [ကြမ္မာဆိုးကပ်ဘေး] ၏ ‘နှေးကွေးစေ’ကြောင့် အလင်းတံခါးထဲသို့ ပြေးဝင်သွားခဲ့သင့်သော ဖိုက်သွန်က နှေးကွေးသွားခဲ့လေသည်။

ဆာရီရယ်၏ တိုင်းပြည် ဖြစ်နေရာ အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက် ရှိနေသည်။ ထိုရွှေရောင် အလင်းတံခါး၏ ထူးဆန်းမှုကို သူ ချက်ချင်းပင် အာရုံခံမိ လိုက်သည်။ ရွှေရောင် အလင်းတံခါးနှင့် ယခင် အပြာနုရောင် အလင်းတံခါး ([ကြယ်ဂိတ်])တို့၏ ခြားနားချက်မှာ အရောင်မျှသာ မကပေ။ ဖျော့တော့သော ကြယ်အလင်းရောင်ရှိသော အပြာနုရောင် နေရာလွတ်တံခါးက ‘အက်ဂ်ယော’ မှလွဲ၍ အရာအားလုံးကို ဖယ်ထုတ်ထားသည်။ ဆာရီရယ်ပင်လျှင် ခြွင်းချက် မဟုတ်ပေ။ သေချာသည်မှာ ထို‘ခြွင်းချက်မရှိ’တွင် ‘အက်ဂ်ယော’၏ ‘သခင်’ ဖိုက်သွန်လည်း ပါဝင်ပေသည်။

ထို့ကြောင့် ဖိုက်သွန်က အပြာနုရောင် အလင်းတံခါးထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိပေ။ ထိုရွှေရောင် အလင်းတံခါးမှာမူ လတိုင်းပြည် စွမ်းအား ထိုးဖောက် ဝင်ရောက်နိုင်သည့် အတော်အတန် သာမန် အရည်အချင်း ရှိသော အခြား နေရာလွတ် တံခါးတစ်မျိုး ဖြစ်ရပေမည်။

အားကောင်းသော နေရာလွတ်စွမ်းအား ခံစားရသည့်အတွက် ဆာရီရယ်လည်း ဖိုက်သွန်ကဲ့သို့ ဝင်ရောက်နိုင်ပေသည်!

ရန်သူဟောင်း ဖိုက်သွန်ကို သတ်ပစ်!

ပျက်စီးခြင်း စာအုပ်ကို ပြန်ယူ!

နတ်ဘုရား သွေးမျိုးဆက်ကို ဝါးမျို!

အမှောင် ငွေရောင် အလင်းတန်းတစ်ခု ဆာရီရယ်၏ မျက်လုံး သူငယ်အိမ်များတွင် လောင်ကျွမ်းနေ၏။ ဂြိုဟ်ကဲ့သို့သော အရာဝတ္ထုများ သူ၏ ပတ်ပတ်လည်တွင် ပေါ်လာပြီး ကောင်းကင်ပေါ်မှ လနှစ်စင်း ‘ဂြိုဟ်များ’ ဖြည်းညှင်းစွာ ဖွင့်လာသကဲ့သို့ ထင်ရ၏။ ၎င်းမှာ မရေမတွက်နိုင်သော ဧရာမ ‘မျက်လုံး’များ ဖြစ်နေလေသည်။

ချန်လွေ့က ထိုမျက်လုံးများမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ ဖိအားကို အာရုံခံမိလိုက်သည်။ ယခင် [ကြမ္မာဆိုးကပ်ဘေး] စွမ်းအားက လုံးဝ မပျောက်ကွယ်သွားသေးဘဲ သူ့ခန္ဓာက ထိုဖိအားကြောင့် ဟန့်တားခံနေရပြီး ခဏတာ မလှုပ်ရှား နိုင်တော့ပေ။

၎င်းက ဆာရီရယ်၏ မိစ္ဆာမျက်ဆံနှင့် ချုပ်နှောင်ခြင်းကို ပေါင်းစပ်ထားသော အားကောင်းသည့် စွမ်းအား ဖြစ်သည်။ သူ့အရေးအကြီးဆုံး ပစ်မှတ်မှာ ချန်လွေ့ မဟုတ်ဘဲ ဖိုက်သွန် ဖြစ်ပေသည်!

ဖိုက်သွန်၏ လှပသော ခန္ဓာကိုယ်က လေးလံသော အနက်ရောင်အငွေ့များဖြင့် ဝန်းရံထားပြီး အတော် နှေးကွေးသော အသံတစ်ခု ထွက်ပေါ်လာ၏။

“တကယ့်အဆိပ်က လူ့နှလုံးသားပဲ။”

ဆာရီရယ်က သူ၏ နှလုံးသားကို တစ်စုံတစ်ခုက ဆုပ်ကိုင် ထားသကဲ့သို့ တင်းကျပ်သွားကြောင်း ခံစားလိုက်ရ၏။ ထိုဧရာမ ‘မျက်လုံး’ဂြိုဟ်များ တစ်ခုပြီး တစ်ခု ပုပ်သိုးပြိုကျလာသည်။ ထိုသို့သော တိုက်စားမှုက [ကြမ္မာဆိုး ကပ်ဘေး အခန်းကြီး (၇)ခန်း]၏ ပုပ်သိုးခြင်း စွမ်းအားနှင့် ကွဲပြားပြီး ကြောက်မက်ဖွယ် ကောင်းသော အဆိပ် စွမ်းအားတစ်မျိုး ဖြစ်လေသည်။

ဖိုက်သွန်၏ အဆိပ်အရှိန်အဝါပင်!

ထိုတိုက်စားမှုက ခဏ အကြာတွင် ပျောက်ကွယ်သွားပြီး ‘ဧရာမမျက်လုံး’က မူလအခြေအနေသို့ ပြန်ရောက်သွား၏။

ဖိုက်သွန်က အနက်ရောင် မီးခိုးအဖြစ် ပြောင်းလဲသွားပြီး အလင်း တံခါးဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။ သူက ရွှေရောင် အလင်းတံခါးထဲသို့ ဝင်ခါနီးပင် ဖြစ်နေခဲ့သည်။

အေးစက်သော အလင်းရောင် တစ်ခုက ဆာရီရယ်၏ မျက်လုံးများတွင် လင်းလက် သွားခဲ့သည်။ ဖိုက်သွန်၏ အဆိပ် စွမ်းအားက အလွန် ကြောက်မက်ဖွယ် ကောင်းသော်လည်း သူက ယခုအခါ အလွန် အားနည်းနေသည်။ ယခင်က ဖိုက်သွန်သာ ထိုစွမ်းအားကို ထုတ်သုံးပါက သူ၏ [လဝိညာဉ်ခန္ဓာ] ပင်လျှင် ခုခံရန် စွမ်းအားများစွာ သုံးရလိမ့်မည် ဖြစ်သည်။ သို့သော် ယခု သူက တိုင်းပြည်စွမ်းအား အနည်းငယ် အသက်သွင်းလိုက်ရုံဖြင့် အဆိပ်စွမ်းအားကို အလွယ်တကူပင် ဖြေရှင်းနိုင်ခဲ့သည်။

ဧရာမမျက်လုံးများ အားလုံးက ကြောက်မက်ဖွယ်ရာ ချုပ်နှောင်ခြင်း စွမ်းအားကို တစ်ချိန်တည်း ထုတ်လွှတ် လိုက်ပြီးနောက် ဖိုက်သွန်ထံသို့ ရစ်ပတ် သွားခဲ့လေသည်။ ဖိုက်သွန်ကို အလင်း တံခါးထဲသို့ မဝင်ခင် ချုပ်နှောင်နိုင်မည်ဟု ဆာရီရယ်က လုံးဝ သေချာနေသည်။ သို့သော် ထိုအချိန်တွင် ဧရာမမျက်လုံး၏ စွမ်းအား နှေးသွားပြီး အချိန် စီးဆင်းမှု နောက်တစ်ခါ ပြောင်းလဲ သွားပြန်သည်။ အရာအားလုံး နှေးကွေး သွားလေသည်။

ဖိုက်သွန်မှလွဲ၍ ဖြစ်၏။

တစ်ခဏအတွင်း၌ ငွေသေတ္တာနှင့် အတူ ဖိုက်သွန်၏ ပုံရိပ်သည် ရွှေရောင် အလင်းတံခါးထဲ ပျောက်ကွယ်သွားပြီး ဖြစ်ကာ ချုပ်နှောင်ခြင်း စွမ်းအားမှာလည်း အချည်းနှီးဖြစ်ခဲ့ရသည်။ တစ်ချိန်တည်းပင် အလင်းတံခါးက အမြန်ပင် ပျောက်ကွယ်စ ပြုလာနေသည်။

“ချီးပဲ!” ဆာရီရယ်က ဒေါသတကြီး အော်ဟစ်လိုက်၏။ ချီးအချိန်အရှိန်အဝါ! အဲဒီ ချီးထုပ်‘အက်ဂ်ယော’!

လတိုင်းပြည်စွမ်းအားက အစွမ်းကုန် ပေါက်ကွဲထွက်လာပြီး အချိန်အရှိန်အဝါ၏ နောက်ဆက်တွဲက ချက်ချင်းပင် ကြေမွ သွားခဲ့သည်။ ဆာရီရယ်က လျင်မြန်စွာ ကျုံ့ဝင်နေသော ရွှေရောင်အလင်းတံခါးဆီ လျှပ်စီးသဖွယ် ပြေးဝင်သွားခဲ့လေသည်။ သို့သော် ဖိုက်သွန်က အလင်းတံခါးထဲ ဝင်သွားစဉ် နှုတ်ခမ်းပေါ်၌ ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာခဲ့ကြောင်း ဆာရီရယ် မမြင်ခဲ့ပေ။

All Chapters