နောက်ဆုံးစစ်မြေပြင်
Vol. 70 Ch. 1121
“စဉ်းတောင် မစဉ်းစားနဲ့!” ချန်လွေ့က ပြင်းထန်လှသော ဒဏ်ရာကို အစွမ်းကုန် ထိန်းထားကာ ဆာရီရယ်ထံသို့ ပြေးဝင်ပြီး ရွှေရောင် အလင်းတံခါးထဲသို့ ဝင်ခြင်းကို တားဆီးရန် ကြိုးစားခဲ့သည်။
ချန်လွေ့ လေထဲသို့ ပျံသွားစဉ်မှာပင် ဆာရီရယ်က သူ၏ခေါင်းကို ရုတ်တရက် လှည့်လိုက်သည်။ တိုင်းပြည်ထဲမှ ဧရာမ မျက်လုံးများက ငွေလခြမ်းပုံ လှိုင်းများ အဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ထံသို့ ရောက်လာသည်။ ချန်လွေ့၏ ခန္ဓာက ချက်ချင်းပင် မရေမတွက်နိုင်သော အပိုင်းအစများ အဖြစ်သို့ ပိုင်းဖြတ်ခြင်း ခံလိုက်ရသည်။ ထိုမြင်ကွင်းကို တစ်ချက် ကြည့်ပြီးနောက် ဆာရီရယ် တိတ်တဆိတ် လှောင်ရယ်လိုက်သည်။ ထို့နောက် သူက ရွှေရောင်အလင်း တံခါးထဲသို့ တန်းတန်း မတ်မတ် ပျံဝင်သွားခဲ့လေသည်။
သူ၏ အရှေ့တွင် အလွန်ကြီးမားသော နေရာလွတ်တစ်ခု ရှိနေပြီး ၎င်းမှာ [လတိုင်းပြည်]နှင့် ဆင်တူသော သီးခြား နေရာလွတ်တစ်ခု ဖြစ်လောက်သည်။ ဖိုက်သွန်က သူ၏ရှေ့တွင် လွင့်နေသည်။ သူက မထွက်ပြေးဘဲ လက်ထဲတွင် ငွေသေတ္တာ တစ်လုံးကို ကိုင်ဆောင်လျက် ဆာရီရယ်ကို တိတ်တဆိတ် ကြည့်နေ ခဲ့လေသည်။
“ဟမ့်! ကြောက်ပြီလား။” ဆာရီရယ် လှောင်ရယ်လိုက်သည်။ “တကယ်တော့ မင်းရဲ့ အခုလက်ရှိ အစွမ်းနဲ့ဆိုရင် ထွက်ပြေးတာတောင် အသုံးမဝင်ဘူး။ မင်း လက်အောက် ငယ်သားက တကယ်ပဲ အတော်လေးကို စွမ်းနိုင်တယ်။ ဒါပေမဲ့ ကံဆိုးတာက ငါ သူ့ကို လုံးဝ အဆုံးသတ်လိုက်ပြီ။ ဒီတိုက်ပွဲ ပြီးသွားပြီ။ မင်း ကံမကောင်းတော့ဘူး!”
“ဟုတ်လား။” ဖိုက်သွန်၏ နှုတ်ခမ်းက အဓိပ္ပာယ်ရှိသော အပြုံးတစ်ခု အဖြစ်သို့ ကွေးညွတ်သွား၏။ “ရှင် မှားနေပြီ။ တိုက်ပွဲက အခုမှ စတာ။”
“ရှုံးတာကို ဝန်ခံရဲတဲ့ သတ္တိတောင် မရှိတော့ဘူးလား။” ဆာရီရယ်က မထီမဲ့မြင်ဖြင့် ခေါင်းခါလိုက်ပြီး တိုင်းပြည် စွမ်းအားမှာ ဖိုက်သွန်ထံ တိုးဝင်သွား၏။ “မင်းက ငါနဲ့ ပျက်စီးသွားချင် တာလား။ ငါက ယူရီရယ်လို မာနကြီးတဲ့ အရူး မဟုတ်ဘူး။ မင်းကို အခွင့်အရေးပေးမှာ မဟုတ်ဘူး။ ပြီးတော့ ငါ မင်းကိုလည်း အညံ့ခံခွင့် မပေးဘူး။ ဘာလို့လဲဆိုတော့ မင်းလို ရူးနေတဲ့ မိန်းမက အဲဒီလူကလွဲရင် ဘယ်သူ့ကိုမှ ဦးညွှတ်မှာ မဟုတ်ဘူး! ဒီတော့ ပြိုင်ဘက်ဟောင်း တစ်ယောက် အနေနဲ့ ငါ မင်းကို မြန်မြန် အဆုံးသတ် ပေးလိုက်မယ်!”
“ရှင်က ပါးနပ်ချင်ယောင်ဆောင်တာကို ကြိုက်နေတုန်း ပါပဲလား။ ဆာရီရယ်။” ဖိုက်သွန်က သူထံသို့ လာနေသော ချုပ်နှောင်ခြင်း စွမ်းအားကို မရှောင် ဘဲ ပို၍ လှောင်ပြောင်သလို ပြုံးလိုက်သည်။ “စွမ်းအား အကြောင်းကို မပြောဘဲ ဦးနှောက်အကြောင်းပဲ ပြောမယ်ဆိုရင် ရှင် စေတန်ထက် အများကြီး နိမ့်တယ်။”
ဆာရီရယ်၏ မျက်လုံးက သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက် နေသော်လည်း သူ၏ စိတ်ထဲတွင် သတိကြီးစွာ ထားနေလေသည်။ သူက ပတ်ဝန်းကျင်ကို အလျင်အမြန် ကြည့်လိုက်၏။
ဒါ လွတ်လပ်တဲ့ နေရာလွတ်တစ်ခုပဲ။ ထွက်ပြေးဖို့ ပုန်းအောင်းဖို့ ပတ်ဝန်းကျင် မရှိဘူး။ ဖိုက်သွန် ဒီနေရာကို ထွက်ပြေး လာတာက ကိုယ့်ကိုယ်ကို ဖျက်ဆီးတာနဲ့ တူတူပဲ။ သူက အမြဲ ကောက်ကျစ်တယ်။ ဒီလိုဆုတ်ခွာဖို့က မဖြစ်နိုင်ဘူး။
ဆာရီရယ်၏ စိတ်ထဲ မကောင်းသော နိမိတ်တစ်ခု ပေါ်လာသည်။ ဒီနေရာလွတ် တစ်ခုခုမှားနေတာ အသေအချာပဲ!
ထိုသို့ တွေးမိသည်နှင့် ဆာရီရယ်က ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။ နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့်၏ စွမ်းအားက ချက်ချင်းပင် အဆုံးစွန်အထိ တိုးမြှင့်သွားပြီးနောက် ကြောက်မက်ဖွယ်ရာ အငွေ့အသက်က နေရာလွတ်ကို ပြင်းထန်စွာ တုန်ခါသွား စေသည်။ ဆာရီရယ်၏ နဖူးပေါ်မှ လအမာရွတ်တွင် တတိယ မျက်လုံး တစ်လုံး တဖြည်းဖြည်း ပေါ်ထွက်လာပြီး ကိုယ်ပေါ်တွင် ငွေရောင် မီးတောက်တစ်ခု လောင်ကျွမ်းနေ၏။ ကျယ်လောင်သော ဟိန်းသံနှင့်အတူ မိစ္ဆာမျက်ဆံ စွမ်းအားက အစွမ်းကုန် ပေါက်ကွဲထွက်လာလေသည်။ ထိုနှိုင်းမယှဉ်နိုင်သော ဖိအားအောက်တွင် နေရာလွတ် တစ်ခုလုံး ကျိုးပဲ့နေသော ဖန်ကဲ့သို့ အက်ကြောင်းများ ပေါ်လာ၏။ ပြင်းထန်သော တုန်ခါမှုများနှင့် အတူ အက်ကြောင်းများက ပိုမိုပျံ့နှံ့သွားသည်။ နောက်ဆုံးတွင် ‘ခွမ်းခနဲ’ အသံနှင့်အတူ ရွှေရောင် နေရာလွတ် တစ်ခုလုံး အမှန်တကယ် ကြေမွသွားခဲ့လေသည်။
တိုက်ကွက် တစ်ခုတည်းဖြင့် သီးခြား နေရာလွတ် တစ်ခုလုံးကို ကြေမွသွား စေခဲ့ခြင်းပင်။
ထိုအရာမှာ နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် ကြောက်မက်ဖွယ် စွမ်းအား ဖြစ်သည်။ ဖိုက်သွန်က ပစ်မှတ် မဟုတ်ခဲ့ပေ။ ယခင် ချုပ်နှောင်ခြင်း စွမ်းအားက အကာအကွယ် တစ်မျိုးနှင့် ညီမျှသည်။ သို့တိုင် ၎င်းက သူကို အတော်အတန် ပျက်စီးမှု ဖြစ်စေခဲ့သည်။ သူ၏ မျက်နှာက ဖြူဖျော့နေ၏။
ဆာရီရယ် နေရာလွတ်ကို ကြေမွသွား စေပြီးနောက် ငွေသေတ္တာ ယူရန်အတွက် ဖိုက်သွန်ကို သတ်ရန် ပြင်လိုက်စဉ် ဖိုက်သွန် ရယ်နေသည်ကို မြင်လိုက်ရ၏။
ဆာရီရယ် မျက်မှောင်ကြုတ် လိုက်သော်လည်း ပေါက်ကွဲမှုမှာ လုံးဝ မရပ်တန့်ခဲ့ပေ။ သူ ဖိုက်သွန်အနားသို့ ချဉ်းကပ်ခါနီးတွင် ထိတ်လန့်သွားသည်။ အကြောင်းမှာ သူ၏အစွမ်း ပြင်းထန်စွာ ကျဆင်းနေသောကြောင့်ပင်။
စွမ်းအားကျဆင်းမှုမှာ မရပ်တန့်နိုင်ဘဲ သူသည် အန္တိမ စည်းမျဉ်း တစ်မျိုးမျိုး၏ သက်ရောက်မှုကို ခံနေရသည့်အလား နတ်ဘုရား-ယောင် အထွတ်အထိပ်ပင် မခုခံနိုင်ခဲ့!
ဆာရီရယ် လုံးဝ တုန်လှုပ်သွားသည်။ ဘာလို့ ဒီလိုဖြစ်နေရတာလဲ!
နေရာလွတ် ကြေမွသွားလို့လား။
ရွှေရောင် နေရာလွတ် ကြေမွသွား ရင်တောင် ဒါက ငါ့ရဲ့ [လတိုင်းပြည်] ထဲမှာပဲ ရှိနေသင့်တာ...
မဟုတ်ဘူး! ဒါက တကယ်တော့ [လတိုင်းပြည်] မဟုတ်ဘူး!
ဆာရီရယ်သည် ထိတ်လန့်စွာဖြင့် ပတ်ပတ်လည်ကို ကြည့်နေလိုက်သည်။ ဒီနေရာက ဘယ်နေရာလဲ။
ပြီးတော့ အဲဒါက... အက်ဂ်ယောရဲ့ ကြေမွနေတဲ့ ခန္ဓာကိုယ်လား။ မဟုတ်ဘူး! အလောင်းမဟုတ်ဘူး၊ ယင်ကောင်တွေ!
ယင်ကောင်များက ပေါင်းစပ်သွားပြီး ပြည့်စုံသော လူသားပုံစံအဖြစ် ပြောင်းလဲ သွား၏။ ၎င်းက ခရမ်းရောင်ကြယ်အလင်း နှင့် ပြည့်နေသော ပုံရိပ်ပင် ဖြစ်သည်။ သို့သော် ခရမ်းရောင်ကြယ် အလင်းရောင် ချက်ချင်း ပျောက်ကွယ်သွားပြီး ချပ်ကာက ထိုလူ၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ ဆာရီရယ် ကဲ့သို့ပင် အစွမ်း၏ အငွေ့အသက်က ရုတ်တရက် နတ်ဘုရား-ယောင်အောက်သို့ ကျဆင်းသွားလေသည်။
“ဖိုက်သွန်!” ဆာရီရယ် လက်သီးဆုပ် လိုက်သည်။ “မင်း ဘာလုပ်လိုက်တာလဲ!”
“ရှင် နားမလည်သေးဘူးလား။ ဒါက စစ်မြေပြင်ကို ပြောင်းလိုက်ရုံပဲ။”
“မြေတံဆိပ်! ဘယ်ဇီဘတ် တော်ဝင် မိသားစု!” ဆာရီရယ်က ဖိုက်သွန်ဘေးမှ ချန်လွေ့ကို ကြည့်လိုက်သည်။ သူ၏ မျက်နှာ၌ မျက်နှာဖုံး မရှိတော့သော်လည်း သူ ခုနက [နတ်ဆိုးယင်ကောင် အသွင်ပြောင်းခြင်း] ကို မှတ်မိသည်။
ချန်လွေ့၏ ဒဏ်ရာများ မသေးလှပေ။ ဆာရီရယ်၏ [ကြမ္မာဆိုးကပ်ဘေး] ဖြင့် ထိမှန်ခဲ့ရုံသာမက ခုနက ဆာရီရယ် နေရာလွတ် ကြေမွအောင် ပြုလုပ်ခဲ့ခြင်း ကြောင့်လည်း ဖြစ်၏။ ထိုနေရာလွတ်က ကျက်သရေမျှော်စင်ဖြင့် လုပ်ထားခြင်းပင်!
ကျက်သရေမျှော်စင်တွင် ‘တိုင်းပြည် ပေါင်းစပ်ခြင်း’ စွမ်းရည် ရှိပြီး ၎င်းက တိုင်းပြည်ကို ပေါင်းစပ်၍ အထူး နေရာလွတ် တစ်ခုကို ဖွဲ့စည်းနိုင်သည်။ နေရာလွတ်ကို လွတ်လပ်စွာ လွှဲပြောင်းရန် သက်ရှိ အများအပြားကို တင်ဆောင် နိုင်သည်။ ထိုအခြေအနေတွင် ချန်လွေ့နှင့် ကျက်သရေမျှော်စင်တို့ ပေါင်းစပ်နေ၏။ နေရာလွတ် ကြေမွသွားလေသောကြောင့် ထိုအဆောင်ပစ္စည်းသည် ကြီးမားသော ပျက်စီးမှုကို ခံစားခဲ့ရုံသာမက ချန်လွေ့ ကိုယ်တိုင်လည်း အပြင်းအထန်ပင် ဒဏ်ရာရခဲ့သည်။
သို့သော် ထိုအခိုက် သွေးများအပြင် သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုလည်း ရှိနေခဲ့သည်။
အကြောင်းမှာ ဗျူဟာအောင်မြင်ခဲ့၍ပင်။
ဒါက အခြေအနေ ပြောင်းပြန်လှန်ဖို့ အဓိက ဖြစ်လာလိမ့်မယ်!
“အမှန်တရားက ရှင် ထင်တာထက် အများကြီး ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။” ဖိုက်သွန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ ကိုယ်ထဲမှ စွမ်းအား လျင်မြန်စွာ စီးဆင်းလာခဲ့သည်။ ဖျော့တော့သော အနက်ရောင်အငွေ့တစ်ခု ကိုယ်ပတ်လည်တွင် လှည့်ပတ်နေ၏။ တိုက်စားမှုက မြန်နေပြီး ချုပ်နှောင်ခြင်း စွမ်းအားကို များစွာ လျော့ကျစေခဲ့သည်။ “ဒါပေမဲ့ ရှင်က အမှန်တရားတွေကို ထပ်ပြီး ထိတွေ့ခွင့် ရတော့မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒါက ရှင်သေရမယ့် နေရာမို့လို့ပဲ!”
“ရှက်စရာမရှိလိုက်တာ!” ဆာရီရယ် အေးစက်စွာ လှောင်ရယ်လိုက်သည်။ “မင်းတို့က ငါ့ကို ဒီထောင်ချောက်နဲ့ လှည့်စားလို့ရမယ်လို့ ထင်နေတာလား။ နတ်ဘုရား-ယောင် အလယ်အလတ်နဲ့ နတ်ဘုရား-ယောင် ကနဦးအဆင့်ကို ငါက လက်ချောင်းလေး လှုပ်လိုက်ရုံပဲ...”
“ကံဆိုးချင်တော့...” ချန်လွေ့က စကားစလိုက်သည်။ “အခုက နတ်ဘုရား-ယောင်ဆိုတာ မရှိတော့ဘူး။ နတ်ဘုရား တစ်ပိုင်းပဲ ရှိတော့တယ်။”
“နတ်ဘုရားတစ်ပိုင်း ဟုတ်လား။” ဆာရီရယ် တိတ်တဆိတ် ပတ်လည်ကို ကြည့်ရင်း အေးစက်စွာ နှာခေါင်းရှုံ့ လိုက်သည်။ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး သူ တုန်လှုပ်သွား၏။ “ဒီနေရာလွတ်က... မဖြစ်နိုင်ဘူး!”
“နောက်ဆုံးတော့ သတိထားမိပြီလား။ ရှင်က တကယ်နှေးတာပဲ။” ဖိုက်သွန်က လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး ချုပ်နှောင်ခြင်း စွမ်းအား၏ နောက်ဆုံး လက်ကျန်ကို ဖယ်ရှားလိုက်သည်။
“ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ!” ဆာရီရယ်၏ မျက်နှာက မယုံနိုင်မှုများဖြင့် ပြည့်နှက်နေသည်။ “ဒီနေရာက ဘယ်လို လုပ်ပြီးတော့ အဲဒီ... တားမြစ်နေရာ ဖြစ်နိုင်မှာလဲ! မင်းမှာ ဒီလိုစွမ်းအား ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ!”
ထိုနေရာက ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေပင်!
၎င်းက နတ်ဘုရား-ယောင်အထက်ရှိ အစွမ်းအားလုံးကို ငြင်းပယ်၏!
ဆာရီရယ် မယုံကြည်နိုင် ဖြစ်နေသည်။ အစီအရင် အားအနည်းဆုံး ဖြစ်သော အထူး အချိန်ကာလ တစ်ခု၌ပင် သူက ထိုနေရာကို ဖွင့်ရန် အတော်လေးကို ကြိုးစားအားထုတ်ရန် လိုအပ်ခဲ့ပြီး သူက ပျောက်ဆုံး နယ်မြေ၏ အပြင်ဘက်ဆုံး အပိုင်းကိုသာ ရောက်ရှိနိုင်ခဲ့သည်။
တစ်မိနစ် မပြည့်ခင်မှာပဲ ဖိုက်သွန်က ငါ့ကို ဗဟိုအနားက ကြောက်မက်ဖွယ် မိုးပျံနယ်မြေကို ခေါ်လာသွားခဲ့တယ်!
စေတန်နဲ့ ငါ ပူးပေါင်းရင်တောင် ငါတို့ ဒီလို လုပ်နိုင်မှာမဟုတ်ဘူး!
ဖိုက်သွန်မှာ ဒီစွမ်းရည် ဘယ်တုန်းက ရှိသွားတာလဲ!
“ကျွန်မ မဟုတ်ဘူး၊ သူပဲ။” ဖိုက်သွန်က ချန်လွေ့ကို ကြည့်လိုက်သည်။ “ဆာက ရှင့်ကို ကျက်သရေမျှော်စင်ထဲ ဝင်အောင် တမင် တားဆီးခဲ့တာပါ။ ပြီးတော့ သူက အထူးစွမ်းရည်ကို သုံးပြီးတော့ ရှင့်ကို ဒီနေရာဆီ ခေါ်လာခဲ့တာ။ တကယ်တော့ ဒီအစီအစဉ်က အပြစ် အနာအဆာ ကင်းတယ်လို့ ပြောလို့မရဘူး။ ရှင်က မိုက်မဲလွန်းလို့သာ။”
ထိုအရာက အမှန်တကယ် လှည့်ကွက် အထဲမှ လှည့်ကွက်တစ်ခု ဖြစ်ခဲ့သည်။ ဆာရီရယ်ကို ကျက်သရေမျှော်စင်ထဲသို့ ဝင်ရောက်လာစေရန် ငွေသေတ္တာဖြင့် မျှားခေါ်ပြီးနောက် ချန်လွေ့က တိုင်းပြည် ပေါင်းစပ်ခြင်းကို သုံးကာ [ကြယ်ဂိတ်] ထဲသို့ ချက်ချင်းဝင်ပြီး ဆာရီရယ်ကို နောက်ဆုံးသော စစ်မြေပြင်သို့ ခေါ်ဆောင် လာခဲ့ခြင်း ဖြစ်လေသည်။
အမှန်တကယ်၌ ခုနက အချိန်အခါကို သည်းထိတ်ရင်ဖိုဖွယ်ဟု ဖော်ပြနိုင်၏။ ဆာရီရယ်၏ တုံ့ပြန်မှုမှာ အလွန်ပင် လျင်မြန်လှသည်။ မသင်္ကာစရာ တစ်ခုခု ရှိနေကြောင်း သိပြီး ပေါင်းစပ်ထားသော တိုင်းပြည် နေရာလွတ်ကို ချက်ချင်းပင် ကြေမွသွားစေခဲ့သည်။ အကယ်၍ ချန်လွေ့ကသာ ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေသို့ ခြေတစ်လှမ်းစော၍ မဝင်ခဲ့ပါက သူ၏ ကြိုးပမ်းမှုများအားလုံး သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။
ယခုတွင် တန်ကြေး ကြီးကြီးမားမား ပေးဆပ်ခဲ့ရသော်လည်း ဆာရီရယ်ကို နောက်ဆုံးတွင် ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေသို့ ခေါ်ဆောင်လာနိုင်ခဲ့ပြီ ဖြစ်သည်။
“သူလား။” ဆာရီရယ် လန့်သွားပြီး နောက်ထပ်အရာ တစ်ခုကြောင့် တုန်လှုပ် သွားသည်။ “မင်းက သူ့ကို... ဆာလို့ ခေါ်တယ်လား။ မင်းက ဒီလိုနိမ့်ကျတဲ့ ကြွက်တစ်ကောင်ဆီမှာ အညံ့ခံခဲ့တာ ဟုတ်လား။”
“ရှင် သိချင်နေတာလား။ ရှင့်ရဲ့အသက် အဆုံးမသတ်ခင်မှာလေ။” ဖိုက်သွန်၏ ပုံရိပ်က လင်းလက်သွားပြီး ဆာရီရယ်၏ ရှေ့တွင် ပေါ်လာသည်။ “ကျွန်မ ရှင့်ကို အဖြေ ပြောပြနိုင်ပါတယ်။”
ဆာရီရယ်က အမြဲပင် သတိရှိနေခဲ့ပြီး တတိယမျက်လုံး လင်းလက်သွားလေ၏။ “ကြမ္မာဆိုးရဲ့ အမည်နာမနဲ့ သင့်ကို ကျိန်စာတိုက်လိုက်တယ်။ အားနည်းစေ! နှေးကွေးစေ! ကြောက်ရွံ့စေ! အမြင်ကွယ်စေ! လေဖြတ်စေ! ရောဂါဖြစ်စေ! ပုပ်သိုးစေ!”
ထိုအရာက အစွမ်းအထက်ဆုံး [ကြမ္မာဆိုးကပ်ဘေး အခန်းကြီး၇ခန်း] ဖြစ်လေသည်။
လုံးဝ သေစေနိုင်တဲ့ တိုက်ကွက်ပဲ!
၎င်းက အမှန်တကယ်ပင် [ကြမ္မာဆိုး ကပ်ဘေး]၏ စွမ်းအား ဖြစ်သော်လည်း စိတ်ကူးယဉ် ‘အရှိန်အဝါ’ မဟုတ်ခဲ့ပေ။ ၎င်းမှ ထုတ်လွှတ်သောအရာကို ‘ဥပဒေသ’ စွမ်းအားဟုသာ မှတ်ယူနိုင်သည်။
[ကြမ္မာဆိုးကပ်ဘေး]၏ စွမ်းအားက ဖိုက်သွန်ကို လွှမ်းခြုံသွားလေသည်။ အားနည်းစေ၊ နှေးကွေးစေ၊ ကြောက်ရွံ့စေ...စသဖြင့် အမျိုးမျိုးသော အားလျှော့မှုများက ဖိုက်သွန်အပေါ် တစ်ချိန်တည်းတွင် သက်ရောက်ခဲ့သည်။ ဖိုက်သွန်က အေးအေးဆေးဆေး စကား တစ်လုံးကို ပြောလိုက်သည်။ “ပိတ်ပင်!”
နေရာလွတ်က ခဏတာ ရှုံ့တွသွားပြီး [ကြမ္မာဆိုးကပ်ဘေး]၏ စွမ်းအားအားလုံး ဒီရေကဲ့သို့ ဆုတ်ခွာ သွားလေသည်။ ယခုတစ်ကြိမ်တွင် သူက [လတိုင်းပြည်] တွင် ဖြေရှင်းရန် မကြိုးစားဘဲ [ကြမ္မာဆိုး ကပ်ဘေး] စွမ်းအားကို လုံးဝ ပိတ်ပင် လိုက်လေသည်။
အကြောင်းမှာ ထိုနေရာတွင် စွမ်းအား အဆင့်၌ အကြွင်းမဲ့ ကွာခြားချက်မရှိဘဲ နှစ်ဖက်စလုံးက စမှတ် အတူတူပေါ်သို့ ပြန်ရောက်ရှိသွားသောကြောင့်ပင်။
နတ်ဘုရား တစ်ပိုင်း အဆင့်တွင် ဆာရီရယ်က ဖိုက်သွန်ကို အလွယ်တကူ မဖိနှိပ်နိုင်ခဲ့ပေ။
ချက်ချင်းဆိုသလိုပင် ဆာရီရယ်က ဖိုက်သွန်၏ လက်သီး စွမ်းအားမှာ ချွန်ထက်သော လက်နက်တစ်မျိုးမျိုးကဲ့သို့ သူ၏ မျက်နှာထံသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရလေသည်။ သူ အလျင်အမြန် လက်ဆန့်၍ ခုခံလိုက်၏။ နှစ်ဖက်စလုံး အင်အားမျှနေကြသည်။
လက်နက်အချွန်၏ ခံစားချက်က ဆာရီရယ်၏ နံရိုးအောက် ချက်ချင်း ပေါ်လာသည်။ သူ အံ့ဩချိန် မရလိုက်ခင် ဖိုက်သွန်၏ ဝင်လာသော တိုက်ခိုက်မှုကို နောက်တစ်ကြိမ် တားဆီးလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ပြီး နောက်သို့ ရွှေ့သွားကာ ပေါင်ခြံကို ကန်ခြင်းမှ ကပ်တိုးလေး ရှောင်တိမ်းလိုက်သည်။
နောက်မှ အန္တရာယ် ခံစားချက် တစ်ခု ထပ်မံ ပေါ်ပေါက်လာသည်။ ဆာရီရယ် နောက်လှည့်ပြီး ကတော့ပုံ လက်သီးကို ဖမ်းဆုပ်လိုက်၏။ “ဖောင်း ဖောင်း ဖောင်း...” အရှိန်မြင့် တိုက်ခိုက်သံများ အကြားတွင် နှစ်ဖက်စလုံး အကြိတ်အနယ် ဖြစ်နေလေသည်။
ဖိုက်သွန်၏ ကြမ်းတမ်းလှသော တိုက်ခိုက်မှုများကို ရင်ဆိုင်ရင်း ဆာရီရယ် တိတ်တဆိတ် တုန်လှုပ်သွားခဲ့သည်။ ဒီမိန်းမရဲ့ အနီးကပ် တိုက်ခိုက်နိုင်စွမ်းက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်တောင် အားကောင်းလာရတာလဲ။ ဒါက သူ ကြောက်စရာ တိုက်ခိုက်ရေး အသိစိတ်နဲ့ မွေးဖွားလာသလိုပဲ။ ငါ မှတ်မိသလောက် ဆိုရင်တော့ ဒါ အဲဒီတုန်းက သူရဲ့ အားနည်းချက်ပဲ!
ဖိုက်သွန်၏ ကိုယ်ပေါ်တွင် အလင်း လက်ခနဲ ဖြစ်သွားပြီး ဆာရီရယ်က ပြိုင်ဘက်၏ အမြန်နှုန်းနှင့် ခွန်အား ရုတ်တရက် တိုးလာသည်ကို ခံစားလိုက် ရသည်။ ကတော့ပုံ တိုက်ခိုက်မှုများက မရေမတွက်နိုင်သော အလင်းတန်းများ အဖြစ် ပြောင်းသွားကာ လမ်းကြောင်းကို သေသေချာချာ မမြင်နိုင်တော့ပေ။
ထိုအရာက မီးအိမ် ဝိညာဉ်များ၏ အထူးသီးသန့် တိုးမြှင့်ပါရမီပင်!
ဆာရီရယ်တွင် အထူး [ကြမ္မာဆိုး ကပ်ဘေး] ပါရမီ ရှိသည်။ အကယ်၍ သူက သူ့အပေါ် အားလျှော့စေပါက ၎င်းသည် သူ့ကို အားတိုးပေးခြင်းနှင့် ညီမျှသည်။ ရင်းနှီးသော ပြိုင်ဘက်ဟောင်း တစ်ဦး အနေဖြင့် ဖိုက်သွန်က ထိုသို့နိမ့်ကျသော အမှားမျိုးကို ထပ်မံ ပြုလုပ်မည်မဟုတ်။
ရွှမ်း! ဆာရီရယ်၏ ပါးပြင်ပေါ်တွင် သွေးတစ်စ ပေါ်လာပြီး နောက်ထပ် တစ်စ၊ နှစ်စ...
ဖိုက်သွန်၏ တိုက်ခိုက်မှုက ပို၍ပို၍ ကြမ်းတမ်းလာသည်။ ‘ဘုန်း’ဟူသော အသံနှင့်အတူ ဆာရီရယ်၏ ခန္ဓာက မီတာ ဆယ်ဂဏန်းခန့် နောက်သို့ ရွှေ့သွားသည်။ သူက ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် သူ၏ မျက်နှာနှင့် ကိုယ်ပေါ်တွင် သွေးစွန်းရာများစွာ ရှိနေပြီး အချို့မှာ ကြောက်မက်ဖွယ်ကောင်းသော သွေးပေါက်များ ဖြစ်နေသည်။ ဖိုက်သွန်က ထိုဒဏ်ရာကို ဖြစ်စေရန် မည်သို့သော တိုက်ခိုက်မှုကို အသုံးပြုခဲ့ကြောင်းကို မည်သူမျှ မသိပေ။
ဆာရီရယ်၏ မျက်လုံးက ဖိုက်သွန် အပေါ်တွင် စူးစိုက်နေလေသည်။ “ငါ တွက်ချက် မှားသွားတာကို ဝန်ခံပါတယ်။ တကယ်ပဲ မင်းတို့ရဲ့ ဒီလိုနေရာမျိုးကို မျှားခေါ်တာကို ခံလိုက်ရတယ်။ ဒါပေမဲ့ ဒါက ကြောက်မက်ဖွယ် မိုးပျံနယ်မြေပဲ။ ဖရိုဖရဲဘုံ မဟုတ်ဘူး။ နေရာလွတ် စွမ်းအားက အတော် အားကောင်းပေမယ့် ငါ မထွက်သွားနိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး! ငါ မီးလျှံဖြူလမ်း နေရာလွတ် ဆုံမှတ်ကို ရှာတွေ့တာနဲ့ ဇစ်မြစ်စွမ်းအား တစ်စိတ်တစ်ပိုင်းကို စတေးပြီးရင် မီးလျှံဖြူလမ်းကို ချက်ချင်း ဖွင့်နိုင်တယ်။ ပြီးရင် ပျောက်ဆုံးနယ်မြေကို ပြန်ပြီးတော့ နတ်ဆိုးဘုံကို ပြန်သွားနိုင်တယ်!”
ထိုအခါမှ ချန်လွေ့ကဆာရီရယ်တွင် ထိုနေရာမှ ‘အထက်အဆင့်’ ပျောက်ဆုံး နယ်မြေသို့ တိုက်ရိုက် သွားနိုင်ပြီးနောက် ပျောက်ဆုံးနယ်မြေမှ ဝင်ပေါက်ဖြစ်သော အရိပ်နက် အင်ပါယာ၏ ရှေးဟောင်း မှော်မျှော်စင်သို့ ပြန်သွားနိုင်သည့် စွမ်းရည် အမှန်တကယ် ရှိနေမှန်း သိလိုက်ရသည်။ မှန်ပေ၏။ လိုအပ်သော တန်ကြေးလည်း အတော်အတန် များပြားလှသည်။
အမှန်တွင် ထိုအရာက အတော်လေး ပုံမှန်သာ ဖြစ်လေသည်။ အကယ်၍ ထိုလျှို့ဝှက် ဆန်းကြယ်သော နေရာ တစ်ခုလုံး နတ်ဘုရား-ယောင် စွမ်းအားကို မကန့်သတ်ထားဘဲ ကြီးမားသော အန္တရာယ် မရှိခဲ့ပါက ဆာရီရယ်နှင့် စေတန်တို့က ဖရိုဖရဲဘုံရှိ ငွေသေတ္တာကို ဟိုးကတည်းက ရသွားလောက်ပြီ ဖြစ်၏။
ဖိုက်သွန် ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ “ဟုတ်တယ်။ ဒါပေမဲ့ ဇစ်မြစ်စွမ်းအား အများကြီး လိုရုံမကဘူး။ အချိန်လည်း အများကြီး လိုအပ်တယ်။ ကျွန်မတို့က ရှင့်ကို ဒီလိုမျိုး အခွင့်အရေးပေးမယ်လို့ ထင်နေတာလား။”
“ဟမ့် ဟမ့်... သေသွားတဲ့လူတွေက ဘာမှ အနှောင့်အယှက် ဖြစ်စေမှာ မဟုတ်ဘူး။” ဆာရီရယ်က ကြောက်စရာ ကောင်းလောက်အောင် ရယ်မောလိုက်ပြီး ကိုယ်ပေါ်မှ ဒဏ်ရာက ဒဏ်ရာမရခဲ့ဖူး သကဲ့သို့ ချက်ချင်း အလိုလို ပျောက်ကင်း သွားခဲ့သည်။ “ဒါက ကြောက်မက်ဖွယ် မိုးပျံနယ်မြေ ဆိုတော့ ဘာဖြစ်လဲ။ နတ်ဘုရား တစ်ပိုင်း အထွတ်အထိပ် အဆင့်ပဲ ရှိတော့ ဘာဖြစ်လဲ။ မင်းတို့ရဲ့ အကြီးမားဆုံး အမှားက ငါ့ရဲ့စွမ်းအားကို လျှော့တွက်တာပဲ။ မင်းတို့နှစ်ယောက်လုံး ဒဏ်ရာရနေတယ်။ ငါ့ [လဝိညာဉ်ခန္ဓာ]က မသေနိုင်ဘူး။ ပြီးတော့ ရေရှည်တိုက်ပွဲမှာ အကောင်းဆုံးပဲ! အဆုံးမှာ အနိုင်ရသူက ငါပဲ ဖြစ်လိမ့်မယ်!”