လကြေးမုံ
Vol. 70 Ch. 1123
ဖိုက်သွန်က အော်ပြောလိုက်သည်။ “ဆာ။ သတိထား! ဒါက ဆာရီရယ်ရဲ့ အကြီးမားဆုံး ဆန်းကြယ်မှုတွေထဲက တစ်ခုပဲ။ ဒီအခင်းအကျင်းထဲမှာ အထူး ဥပဒေသ တစ်ခု ရှိတယ်။ အဲဒါက တိုက်ခိုက်မှုကို အကျိုး သက်ရောက်မှု မရှိအောင် လုပ်နိုင်ရုံတင် မကဘူး။ တိုက်ခိုက်မှု တစ်ခုစီတိုင်းက [ကြမ္မာဆိုး ကပ်ဘေး] စွမ်းအားနဲ့ ပေါင်းစည်းသွားပြီး စိတ်နဲ့ဝိညာဉ်မှာ ပြင်းထန်တဲ့ တန်ပြန် သက်ရောက်မှု ဖြစ်စေလိမ့်မယ်!”
အမှန်တကယ်တွင် ဆာရီရယ်၏ တိုက်ခိုက်ရေး စွမ်းအားက နတ်ဘုရား-ယောင် အထွတ်အထိပ်များ အကြားတွင် မထူးချွန် လှသော်လည်း ခုခံရေးတွင်မူး အကောင်းဆုံးများထဲမှ ဖြစ်သည်။ ဖိုက်သွန်ပင်လျှင် ထို[အတွေးမဲ့လရေ မှော်စက်ဝိုင်း]ကို တဖြည်းဖြည်း တိုက်စားရန် အဆိပ်စွမ်းအားကို သုံး၍ ရနိုင်သော်လည်း ၎င်းမှာ အလွန်ပင် အချိန်ကုန်လှသည်။ ထို့အပြင် ယခု အခြေအနေ၌ ၎င်းကို အသက်သွင်းရန် မဖြစ်နိုင်ပေ။ ဥပဒေသ စွမ်းအားကိုသာ အသုံးပြုပါက အချိန်ပိုကုန်မည် ဖြစ်ပြီး အက်ဂ်လက်စ်နှင့် သော်သော်ကို ကယ်တင်ရန် သေချာပေါက် နောက်ကျ သွားပေလိမ့်မည်။
ချန်လွေ့က [ပျက်စီးခြင်းအရှိန်အဝါ ခုတ်ချက်]ကို နောက်တစ်ခါ ထုတ်လွှတ် လိုက်ပြန်သည်။ ပြန့်ကျဲသွားသော ရေလှိုင်းများက ဆာရီရယ်၏ ခန္ဓာကိုယ်သို့ နောက်တစ်ကြိမ် ပြန်ရောက်ရှိသွားသည်။ ၎င်းမှာ လုံးဝ သက်ရောက်မှု မရှိပေ။ ချန်လွေ့၏ ခန္ဓာကိုယ် နောက်တစ်ကြိမ် တုန်ခါသွားပြီး ယခင် ဒဏ်ရာများ ပြန်လည် ပွင့်ထွက်လာခဲ့သည်။ ၎င်းမှာ [ကြမ္မာဆိုးကပ်ဘေး]စွမ်းအား၏ တန်ပြန် သက်ရောက်မှုကြောင့်ပင်။
“ခေါင်းမာတဲ့အရူး!” ဆာရီရယ်က ဂုဏ်ယူစွာ ပြောလိုက်သည်။ “မင်းရဲ့ဓား ဘယ်လောက်ပဲ ထက်နေပါစေ ရေထဲက လကို ခုတ်ပိုင်းလို့ မရဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ နာကျင်စေလိမ့်မယ်။”
သူ၏စကား မဆုံးခင်မှာပင် တွင်းနက် တစ်ခုက ဆာရီရယ်၏ ဘေးတွင် ပေါ်လာခဲ့သည်။ ထိုတွင်းနက်ကြီးတွင် အားကောင်းသော ဝါးမျိုခြင်း စွမ်းအား ရှိသည်။ ၎င်းမှာ ကြယ်သင်္ဘော၏ အမြောက်ကြီး သုံးခုထဲမှ တစ်ခု ဖြစ်သော ‘ပျက်သုဉ်းခြင်း’နှင့် ဆင်တူသည်။ ၎င်းမှာ ချန်လွေ့၏ [ကြယ်ဝါးမျို] စွမ်းရည်ပင်။
အရာအားလုံးကို ဝါးမျိုနိုင်သော တွင်းနက် စွမ်းအားကို ရင်ဆိုင်ရာတွင် အတွေးမဲ့လရေမှော်စက်ဝိုင်းက သက်ရောက်မှု မရှိပုံရသည်။
“မင်း နားမလည် သေးဘူးလား။ အတွေးမဲ့လရေမှော်စက်ဝိုင်းမှာ ‘အတွေးမဲ့’ရဲ့ စွမ်းအား ရှိတယ်။ သူ့မှာ ကိုယ်ပိုင်က လွဲပြီးတော့ ဘာမှမရှိဘူး။ မင်း ဘယ်လိုတိုက်ခိုက်မှု ပုံစံမျိုးကိုပဲ သုံးသုံး တကယ့် ထိခိုက်မှုကို မဖြစ်စေနိုင်ဘူး။” ဆာရီရယ်၏ စကားများက အမှန်တွင် စိတ်ပိုင်းဆိုင်ရာ နည်းဗျူဟာ တစ်မျိုး ဖြစ်သည်။ နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့်တွင် တူညီသော အဆင့်၌ သူက ချန်လွေ့နှင့် ဖိုက်သွန် နှစ်ဦးစလုံး၏ တိုက်ခိုက်ရေး စွမ်းအားကို တိတ်တဆိတ် ကြောက်ရွံ့နေသည်။ အထူးသဖြင့် သူ၏ တိုင်းပြည်ငယ်မှာ ပျက်စီးလုနီးပါး ဖြစ်နေသောကြောင့်ပင်။ [လဝိညာဉ်ခန္ဓာ]က ယခင်ကဲ့သို့ အဆုံးမဲ့ သုံးစွဲနိုင်ခြင်း မရှိတော့ရာ သူသည် [အတွေးမဲ့လရေမှော်စက်ဝိုင်း]ကို အသက်သွင်းခဲ့ရလေသည်။
[အတွေးမဲ့လရေမှော်စက်ဝိုင်း]၏ အဓိက လုပ်ဆောင်ချက်မှာ ခုခံရေး ဖြစ်သည်။ ဆာရီရယ်က အချိန်ဆွဲရန် အတွက်သာ ခုခံရေး အနေအထားကို ယူထားသည်။ ပထမဦးစွာ သူက သွေးမျိုးဆက်ကို ဝါးမျိုရန် [လကြေးမုံ]ကို အသုံးပြုသည်။ ဒုတိယ အနေဖြင့် ပြိုင်ဘက်ကို ဒေါသထွက်စေပြီးနောက် ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေး ရှာဖွေရန် ဖြစ်သည်။ ရန်သူတစ်ဦးကိုသာ သတ်ဖြတ်နိုင်သရွေ့ ကျန်အရာများမှာ များစွာ ပိုမို၍ လွယ်ကူသွားပေလိမ့်မည်။
အသေအချာပင် ထိုစကားများမှာ အကျိုးသက်ရောက်မှုရှိခဲ့ပြီး ချန်လွေ့က စိတ်မရှည်ဘဲ အပြင်းအထန် တိုက်ခိုက် လာသည်။ [အတွေးမဲ့လရေမှော်စက်ဝိုင်း] စွမ်းအားကို မဖောက်ထွက်နိုင်ရုံ သာမက [ကြမ္မာဆိုးကပ်ဘေး] စွမ်းအား၏ တန်ပြန် သက်ရောက်မှုအောက်တွင် သူ၏ ဒဏ်ရာ ပို၍ ပြင်းထန်လာခဲ့သည်။ ဆာရီရယ်၏ အပြုံးသည် ပို၍ ကျယ်ပြန့်လာခဲ့သည်။
ရုတ်တရက် ဆာရီရယ်၏ အပြုံးက ရပ်တန့်သွားသည်။ သူ၏ အမူအရာမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နေ၏။
ရေလှိုင်းများထဲတွင် ထူးဆန်းသော ထင်ဟပ်မှုကို မြင်တွေ့လိုက်ရ၍ပင်။
ဧရာမ မျက်လုံးကြီး တစ်လုံးက ရေထဲတွင် ထင်ဟပ်နေသော လကဲ့သို့ မိစ္ဆာအလင်းရောင် ထုတ်လွှတ်နေ၏။
မိစ္ဆာမျက်ဆံ။ ထိုအရာက ဆာရီရယ်၏ အင်အားကြီး ပါရမီများထဲမှ တစ်ခုဖြစ်ပြီး [အတွေးမဲ့လရေမှော်စက်ဝိုင်း]၏ အဓိက စွမ်းအားလည်း ဖြစ်သည်။
ဆာရီရယ် တုန်လှုပ်သွားလေသည်။ သူ တုန်လှုပ်ရခြင်း၏ အကြောင်းရင်းမှာ ထင်ဟပ်နေသော မိစ္ဆာမျက်ဆံသည် သူ့ဟာ မဟုတ်ဘဲ... ‘အက်ဂ်ယော’မှ ဖြစ်နေ၍ပင်!
အက်ဂ်ယောမှာ ငါ့ရဲ့ မိစ္ဆာမျက်ဆံ စွမ်းအား ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ။
ဒီကောင်က အရင်တုန်းက...
သူ့ကို စေတန် သတ်လိုက်ပြီ မဟုတ်ဘူးလား။ ငါ ကိုယ်တိုင်တောင် မြင်ခဲ့တာပဲ!
မိစ္ဆာမျက်ဆံ၏ ထင်ဟပ်သော အကျိုး သက်ရောက်မှုကြောင့် ဆာရီရယ်၏ ကိုယ်ပေါ်မှ ရေလှိုင်းများ တဖြည်းဖြည်း ခဲသွားခဲ့သည်။ ဆာရီရယ် ၎င်းကို စဉ်းစားရန် အချိန်မရှိခဲ့ပေ။ သူက အဟန့်အတားကို ဖယ်ရှားရန် သူ၏ စွမ်းအားများကို အမြန် ထုတ်ခဲ့သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ အစိမ်းရောင် လျှပ်စီးကြောင်းတစ်ခုက [အတွေးမဲ့လရေမှော်စက်ဝိုင်း]ထဲသို့ ပြေးဝင်သွားပြီ ဖြစ်သည်။
“ခွက်...”
ထင်ဟပ်နေသော‘လ’၌ အက်ကြောင်း တစ်ခု ပေါ်လာပြီး အက်ကွဲကြောင်းက ရေလှိုင်း တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ထို့နောက် [အတွေးမဲ့လရေမှော်စက်ဝိုင်း] တစ်ခုလုံး ကြေမွသွားခဲ့လေသည်။
ဆာရီရယ်၏ ခန္ဓာကိုယ်သည်လည်း ကြေမွသွားလေသည်။ ထိုတစ်ကြိမ်တွင် သူက အမှန်တကယ် စုတ်ပြဲသွားခဲ့၏။
“ချီးပဲ!”
သူ့အကြီးမားဆုံး ဆန်းကြယ်မှုများထဲမှ တစ်ခုဖြစ်သော [အတွေးမဲ့လရေမှော်စက်ဝိုင်း]က ထိုသို့ အမှန်တကယ်ပင် ချိုးဖျက်ခံလိုက်ရသည်!
ဆာရီရယ်၏ ခန္ဓာကိုယ်က မူလ အခြေအနေ ပြန်ရောက်သွားသော်လည်း ၎င်းမှာ လ၏စွမ်းအား မဟုတ်တော့ဘဲ [လဝိညာဉ်ခန္ဓာ]၏ စွမ်းအား ဖြစ်သည်။ ထိုတစ်ကြိမ်တွင် သူက တိုင်းပြည်ငယ် စွမ်းအားကို မစုပ်ယူနိုင်တော့သောကြောင့် ကိုယ်ပိုင် နတ်ဘုရား-ယောင်ဘဝကိုသာ သုံးနိုင်တော့သည်။ သူ၏ စွမ်းအားက အသုံးပြုတိုင်း ကုန်ဆုံးသွားသည်။ သူ [လဝိညာဉ်ခန္ဓာ]၏ အသစ်ပြန်ဖြစ်ခြင်းကို မထောက်ပံ့နိုင်တော့သည်နှင့် စစ်မှန်သော သေဆုံးခြင်း ဖြစ်သွားလိမ့်မည်။
“မင်းပဲကိုး။ ပုရွက်ဆိတ်ကောင်!” ဆာရီရယ်က ချန်လွေ့၏ မျက်လုံးထဲမှ တောက်ပမှုကို ကြည့်ရင်း အံကြိတ်ကာ ပြောလိုက်သည်။
ဒီ‘အက်ဂ်ယော’က တကယ်တော့ အဲဒီတုန်းက ငါ့ရဲ့ ‘လက်အောက်ငယ်သား’ ဖြစ်ခဲ့တာပဲ!
သူ တကယ် အဲဒီအချိန်တုန်းက သေယောင်ဆောင်ခဲ့တာပဲ! နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့် နှစ်ယောက်ကိုတောင် လှည့်စားခဲ့တယ်!
ငါ အဲဒီတုန်းက သူ့ကို ပေးခဲ့တဲ့ မိစ္ဆာမျက်ဆံရဲ့ စွမ်းအားကို နည်းလမ်း တစ်ခုခုနဲ့ သူ့ကိုယ်ပိုင် အဖြစ် လုံးဝကို ပြောင်းလိုက်တာပဲ။ တူညီတဲ့ နတ်ဘုရား တစ်ပိုင်း အထွတ်အထိပ်အဆင့်မှာ သူက မိစ္ဆာမျက်ဆံကို မိစ္ဆာမျက်ဆံနဲ့ ပြန်တိုက်ခိုက်ပြီးတော့ [အတွေးမဲ့လရေမှော်စက်ဝိုင်း]ကို ချိုးဖျက်ခဲ့တာပဲ!
အရင်က တန်ပြန် သက်ရောက်မှုတွေ ရခဲ့တဲ့ သူ့ရဲ့ တိုက်ခိုက်မှုတွေက စမ်းသပ် တိုက်ခိုက်တာထက် မပိုဘူး!
တကယ်လို့ ဒီကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေကြောင့်သာ မဟုတ်ခဲ့ရင် ငါ ဒီလိုမျိုး ရှုံးနိမ့်ခဲ့မှာ မဟုတ်ဘူး!
“မိတ်ဆွေဟောင်းတွေ ပြန်ပြီးတော့ တွေ့ကြပြန်ပြီ ထင်တယ်။” ဖိုက်သွန်၏ အသံ ထွက်ပေါ်လာသည်။ “ဆာရီရယ် ရှင် အတော်လေး စိတ်လှုပ်ရှား နေသလိုပဲ။ ဒါပေမဲ့ [အတွေးမဲ့လရေမှော်စက်ဝိုင်း] ဒီလိုမျိုး ရှုံးနိမ့်သွားတာကိုတော့ ကျွန်မ ပထမဆုံး မြင်ဖူးတာပဲ။”
ဆာရီရယ် ဖိုက်သွန်၏ စကားများမှာ စိတ်ပိုင်းဆိုင်ရာ နည်းဗျူဟာ တစ်ခု ဖြစ်ကြောင်း ကောင်းစွာသိသော်လည်း သူက ယခု အမှန်ပင် ဒေါသထွက်နေပြီ ဖြစ်သည်။
“သေလိုက်ကြစမ်း! ပုရွက်ဆိတ်တွေ!” ဆာရီရယ်၏ တတိယ မျက်လုံးက တောက်ပလာပြီး ခန္ဓာကိုယ်တလျှောက် ဖျော့တော့သော အပြာရောင် မီးတောက် တစ်ခု လောင်ကျွမ်းနေ၏။ ချပ်ကာတစ်စုံ ပေါ်လာပြီး လက်ထဲတွင် ဓားကောက် တစ်လက်ကို ကိုင်ဆောင်ကာ ချန်လွေ့ထံ ပြေးဝင်သွားခဲ့သည်။
ယခုအခါ တိုင်းပြည်ငယ်မှာ ပြိုလဲ လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ [အတွေးမဲ့လရေမှော်စက်ဝိုင်း]မှာ ပျက်စီးသွားပြီဖြစ်ပြီး [လဝိညာဉ်ခန္ဓာ]ကို အဆုံးမဲ့ သုံးစွဲနိုင်ခြင်း မရှိတော့ပေ။
သူ၏ အစွမ်းက နတ်ဘုရားတစ်ပိုင်း အဆင့်တွင် ဖိနှိပ်ခံထားရသော်လည်း ဆာရီရယ်က တိုက်ခိုက်ရေးအတွေ့အကြုံ နှင့် ကျွမ်းကျင်မှုများမှာ ပြိုင်ဘက်ထက် ပိုမိုအားကောင်းသည်ဟု ယုံကြည်သည်။ ပိုအရေးကြီးသည်မှာ သူ၏ နတ်ဘုရား-ယောင်ဘဝသည် နတ်ဘုရား-ယောင် အဆင့်၏ အထွတ်အထိပ်အဆင့်တွင်ပင် ရှိနေသည်။ သူ ပိုင်ဆိုင်သော အသက် စွမ်းအားနှင့် ယုံကြည်မှု စွမ်းအားက နတ်ဘုရား-ယောင်အဆင့် အလယ်ပိုင်း ပြိုင်ဘက်ထက် များစွာ သာလွန်ရမည် ဖြစ်သည်။ ပြင်းထန်သော တိုက်ပွဲ ဖြစ်စေ အင်အား ဖြုန်းတီးသော တိုက်ပွဲ ဖြစ်စေ သူက အကြွင်းမဲ့ အသာစီးရနေသည်။ ထိုအပြင် ‘အက်ဂ်ယော’လည်း ယခုတွင် ဒဏ်ရာ အပြင်းအထန် ရနေသည်။
အက်ဂ်ယောကို ဖိုက်သွန် ဝင်မပါဝင်ခင် အမြန်ဆုံး သတ်ပစ်ရမယ်။ မဟုတ်ရင် အနိုင်ရနိုင်ခြေ နည်းသွားလိမ့်မယ်။
ချန်လွေ့က ထိုနေရာ၌ ကြယ်ချပ်ကာ မသုံးနိုင်သော်လည်း လုံးဝမကြောက်ပေ။
[လတိုင်းပြည်] ၌ -
ပါ့ဂ်လီအိုက ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အဆိပ်ကို သိမ်းလိုက်ပြီး လူသားပုံစံသို့ ပြောင်းကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော အစောင့်အရှောက်များ သတိလစ်လျက် လဲနေကြသည်။
အထူး အဆိပ်ပါရမီရှိသော တိုင်းပြည် အဆင့် အထွတ်အထိပ် အဆင့် အစောင့် အရှောက်တစ်ဦးသာ မနည်း လွတ်ခဲ့သည်။ သူက ပါ့ဂ်လီအိုထံသို့ ပြေးဝင်လာ၏။ အဆိပ်နဂါးက လက်ကို ဝှေ့လိုက်ရုံဖြင့် အစောင့်အရှောက်မှာ ချက်ချင်းပင် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
“ဟမ့်! အဲဒီကောင်က သတ်ဖြတ်မှု အနည်းဆုံး ဖြစ်အောင်လုပ်ဖို့ မပြောခဲ့ရင် မင်းတို့ အားလုံးကို သတ်ပစ်လိုက်ပြီ။” ပါ့ဂ်လီအို စကားပြောနေစဉ်တွင် အဝေးမှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ရာ တုန်ခါမှုလှိုင်းက ပျံ့နှံ့လာပြီး အဆိပ်နဂါးကို ၁၀မီတာခန့် အထိ လွင့်စင်သွားစေပြီးမှ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းနိုင်ခဲ့သည်။
“အဲဒီအ အရူးမပဲ ဖြစ်ရမယ်! ဒီလောက် ကြီးမားတဲ့ လှုပ်ရှားမှုတွေ လုပ်နေတာ!” ပါ့ဂ်လီအို ခေါင်းကို မော့ကြည့်လိုက်ရာ ဇိုလာနှင့် ကတ်သရင်းကို ဝန်းရံထားသော နတ်ဘုရားတစ်ပိုင်း အဆင့် ၁၀ဦးလုံး ပျောက်သွားသည်ကို တွေ့လိုက်ရသည်။ အလောင်းတောင် မကျန်ဘူးလား။
အဆိပ်နဂါး သိမ့်သိမ့်တုန်သွားသည်။ ကြောက်စရာကောင်းတဲ့ မိန်းမပဲ!
သူ၏ နားထဲတွင် တိုးညင်းသော အသံတစ်ခု ကြားလိုက်ရပြီး ၎င်းမှာ ခရိုဘဲလက်စ်ထံမှ လာခြင်း ဖြစ်သည်။ အဆိပ်နဂါး အလျင်အမြန် သွားလိုက်၏။
ခရိုဘဲလက်စ်၏ ရှေ့တွင် အပြာရောင် ဖောက်ထွင်းမြင်နိုင်သော သလင်းကျောက် အလုံးတစ်ခု ရှိနေပြီး အလယ်တွင် သော်သော်ကို ပွေ့ချီထားသော အက်ဂ်လက်စ်၏ ပုံရိပ်ရှိနေ၏။
ပါ့ဂ်လီအိုက ချက်ချင်းပင် ၎င်းကို ထိုးနှက်လိုက်သည်။ ထိုလက်သီးတွင် ပြင်းထန်သော အဆိပ်အင်အား ပါဝင်၏။ ထိုသလင်းကျောက်ကို အသာထား။ အခိုင်မာဆုံး သတ္တုပင် ဖြစ်ပါစေ ပါ့ဂ်လီအိုက ၎င်းကို ချိုးဖျက်ပြီး သော်သော်နှင့် အက်ဂ်လက်စ်ကို ကယ်တင်နိုင်မည်ဟု ယုံကြည်သည်။
ထိုးလိုက်သည်နှင့် ပါ့ဂ်လီအိုက ပြင်းထန်သော တန်ပြန် သက်ရောက်မှုကို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်က အဝေးသို့ ပြန်လွင့်သွားသည်။ သူက မြေပေါ် လဲကျသွားပြီး နှုတ်ခမ်းထောင့်မှ အစိမ်းရောင်သွေးများ လျှံကျလာသည်။
“ချီးပဲ!” ပါ့ဂ်လီအိုက နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်သည်။ သလင်းကျောက်လုံးက မှန်တစ်ချပ်ကဲ့သို့ ဖြစ်ပြီး အဆိပ်စွမ်းအား အပါအဝင် တိုက်ခိုက်မှုကို လုံးဝ တန်ပြန်စေခဲ့ပြီး သလင်းကျောက် အလုံးကိုယ်တိုင်မှာမူ မပျက်စီးဘဲ ရှိနေခဲ့သည်။
“သော်သော်!” ခုနက ဇိုလာနှင့်အတူ နတ်ဘုရားတစ်ပိုင်းအဆင့် အစောင့်အရှောက်များကို အနိုင်ယူခဲ့သော ကတ်သရင်းက ချက်ချင်းပင် မီးတောက် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သလင်းကျောက်လုံးထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားခဲ့သည်။
“ခဏနေဦး! ကတ်သရင်း!” ပါ့ဂ်လီအို အလျင်အမြန် အော်ဟစ်လိုက်သည်။
သို့သော် နောက်ကျသွားပြီ ဖြစ်သည်။ မီးတောက်များအဖြစ် ပြောင်းလဲသွားသော ကတ်သရင်းက အလားတူပင် လုံးဝ ပြန်လည် တန်ပြန်ခြင်း ခံလိုက်ရသည်။ ကြီးမားသော တန်ပြန် သက်ရောက်မှု အောက်တွင် သူ လုံးဝလွင့်စင်သွားခဲ့သည်။
ဘေးတွင် လာလာရီယာ အသက်ကို ပြင်းပြင်းရှူရင်း ထရပ်လိုက်သည်။ သူ၏ မျက်နှာက သွေးများဖြင့် ဖုံးလွှမ်းနေပြီး မျက်လုံးများက သလင်းကျောက်လုံးပေါ် စူးစိုက်နေသည်။ သလင်းကျောက်လုံးကို အကြိမ်များစွာ တိုက်ခိုက်ခဲ့သောကြောင့် ပြင်းထန်သော တန်ပြန် သက်ရောက်မှုကို ခံစားနေရသည်မှာ အသေအချာပင်။
“လာလာရီယာ!” သူ၏ ပြိုင်ဘက်ကို အပြီးသတ်ခဲ့သော အိုလီဖီးရက်စ်က ပျံသန်းလာခဲ့သည်။ “အဖေနဲ့ သော်သော် ဘာဖြစ်သွားတာလဲ။”
“အဲဒီကို မသွားနဲ့! အဲဒီ သလင်းကျောက်လုံးက တိုက်ခိုက်မှု အကုန်လုံးကို တန်ပြန်နိုင်တယ်!” လာလာရီယာ အသက်ကို မနည်းရှူရင်း ပြောလိုက်သည်။
ကတ်သရင်း အော်ဟစ်လိုက်ပြီး သူ၏ တကိုယ်လုံး အနက်ရောင် မီးတောက်များ လောင်ကျွမ်းလာသည်။ ကြယ်စွမ်းအား အထွတ်အထိပ်သို့ မြင့်တက်လာသည်နှင့် နောက်တစ်ကြိမ် ပြေးသွားခဲ့သော်လည်း အသုံးမဝင်သေးပေ။
ထိုတိုက်ကွက်၏ အင်အားက ယခင် တိုက်ကွက်ထက် ပိုမို အားကောင်းရာ တန်ပြန်စွမ်းအားလည်း ပိုမိုပြင်းထန်၏။ ကတ်သရင်း၏ သွေးများ ထိန်းချုပ်မရဘဲ ပန်းထွက်လာခဲ့သည်။ သူ၏ ကိုယ်ပေါ်မှ ကြယ်ချပ်ကာတွင် အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။ သူက အပြင်းအထန် ဒဏ်ရာရသွားခဲ့လေသည်။
လေထဲတွင် ရှိနေသော ဇိုလာက ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရပြီး သူက ကတ်သရင်း၏ ဘေးတွင် လက်ခနဲ ပေါ်လာခဲ့သည်။
“ဇိုလာ။ မလုပ်နဲ့...” ကတ်သရင်းက သွေးတစ်လုပ် ထပ်အန်ရင်း အားယူကာ ပြောလိုက်သည်။
ဇိုလာ၏ စုထားသော တိုက်ခိုက်ရေး စွမ်းအားက ချက်ချင်းပင် ကုစားခြင်း စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် နူးညံ့သော ရေလှိုင်းတွန့်များက နေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။ ကတ်သရင်း၊ ပါ့ဂ်လီအိုနှင့် ခရိုဘဲလက်စ် တို့၏ ဒဏ်ရာများက အတိုင်းအတာ တစ်ခုအထိ ပြန်လည်ကောင်းလာခဲ့သည်။ နဂါးနက် ဖြစ်သော လာလာရီယာ တစ်ဦးတည်းသာ မှော်ကုသမှု မရနိုင်ခဲ့ပေ။
“ဒါက နီလာပြီ!” အိုလီဖီးရက်စ်က [လကြေးမုံ]ကို လက်ညှိုးထိုးပြရင်း အော်ပြောလိုက်သည်။
“တစ်ခုခု မကောင်းတာ ဖြစ်မယ်လို့ ခံစားနေရတယ်။” လာလာရီယာက ကိုယ်ကို ထိန်းကာ သလင်းကျောက်လုံးထံ ယိမ်းထိုးရင်း လျှောက်သွားခဲ့သည်။
“လာလာရီယာ!”
“အဘိုးကြီး...” လာလာရီယာ၏ ခန္ဓာကိုယ်က အလင်းရောင် တောက်ပပြီး လောင်ကျွမ်းလာခဲ့သည်။ သူ၏ ပုံစံက ရင်ပြားလိုလီမှ ဆွဲဆောင်မှု ရှိသော အမျိုးသမီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ “ခင်ဗျား ကျုပ်တို့ကို အမွေတွေ မလွှဲပေးရသေးဘူး။ ဒီအတိုင်း သေသွားဖို့ မစဉ်းစားနဲ့!”
အစွမ်းကုန် မထုတ်နိုင်ခင်မှာပင် လာလာရီယာ တုန်သွားခဲ့သည်။ သူက အနောက်မှ စွမ်းအား တစ်ခုခု၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး မြေပေါ်သို့ လဲကျသွားခဲ့သည်။
အိုလီဖီးရက်စ်က ရင်ပြားလိုလီပုံစံသို့ ပြန်ပြောင်းသွားသော လာလာရီယာကို ထိန်းရန် အလျင်အမြန် ရှေ့တိုးလိုက်၏။ “ဇိုလာ။ ဘာလုပ်တာလဲ။”
လာလာရီယာကို မေ့လဲသွားအောင် လုပ်ခဲ့သူမှာ နတ်မိမယ်နဂါး ဖြစ်နေသည်။
“မဆင်မခြင် မလုပ်နဲ့။ လာလာရီယာ။ နင့်အသက်ကို လောင်ကျွမ်းရင်တောင်မှ အလကားပဲ။” နတ်မိမယ်နဂါးက မျက်မှောင်ကြုတ်လိုက်သည်။ “ဒါကို [လကြေးမုံ]လို့ခေါ်တယ်။ ဒါက အဆောင် ပစ္စည်း တစ်ခုပဲ။”
“[လကြေးမုံ] ဟုတ်လား။”
“ဒြပ်စင်နတ်ဘုရားမသရဖူရဲ့ အသိစိတ် တချို့က ငါ့ကို အခုလေးတင် ပြောတာ။” ဇိုလာက သူ၏ ခေါင်းပေါ်မှ သရဖူကို လက်ညှိုးထိုးပြလိုက်သည်။ “ဒီအဆောင်ပစ္စည်းက ပိုင်ရှင်ရဲ့ တိုင်းပြည်နဲ့ ပေါင်းစပ်ထားတယ်။ ဒါက တိုက်ခိုက်မှုပုံစံအမျိုးမျိုးကို အတိုင်းအတာ တစ်ခုအထိ တန်ပြန်နိုင်တယ်။ ပိုင်ရှင်က ဆာရီရယ်ပဲ။ ငါတို့ရဲ့အစွမ်းက ဆာရီရယ်နဲ့ အတော်လေးကို ကွာခြားတဲ့အတွက် ငါတို့ အစွမ်းကုန် ထုတ်သုံးတိုက်ခိုက်ရင်တောင် [လကြေးမုံ]ကို မဖျက်ဆီးနိုင်ဘူး။”
“အဖေ...” အိုလီဖီးရက်စ် တုန်လှုပ်သွားပြီး မျက်လုံးများ ရုတ်တရက် နီရဲလာသည်။ မစ်-နဂါးနက်က ပုံမှန်တွင် အလေးအနက်မရှိဘဲ မှားယွင်းသော စာရင်းများကိုပင် တင်ပြတတ်သည်။ သို့သော် အမှန်တွင် သူ၏ စိတ်ထဲတွင် ဆွေမျိုးများကို အလွန် တန်ဖိုးထားသည်။ ယခုအခါ အဖေဖြစ်သူ နဂါးဧကရာဇ် အသက်ရှင်မရှင် မသေမချာ ဖြစ်နေရာ သူ အလွန်ပင် စိုးရိမ်နေခဲ့သည်။
“တခြား နည်းလမ်းရော မရှိဘူးလား။” ကတ်သရင်းက သူ၏ အေးခဲနေသော သမီးကို ကြည့်ရင်း လက်သီးဆုပ်လိုက်၏။
“ငါတို့ [လကြေးမုံ]ရဲ့ အကာအကွယ်ကို မဖျက်ဆီးနိုင်ဘူးဆိုရင် နည်းလမ်းတစ်ခုပဲ ရှိတယ်။ အဲဒါကတော့ အဆောင်ပစ္စည်းရဲ့ ပိုင်ရှင်ကို သတ်ဖို့ပဲ။” ဇိုလာက သက်ပြင်း ချလိုက်သည်။ “အခု ငါတို့ စောင့်နေရုံပဲ တတ်နိုင်မယ်။”