ထာဝရရင်သွေး
Vol. 70 Ch. 1125
လတိုင်းပြည်၌ ဖြစ်သည်။
လကြေးမုံ၏ လေးပုံသုံးပုံက နီရဲနေပြီ ဖြစ်သည်။ ထိုထဲမှ အက်ဂ်လက်စ်၏ ပုံရိပ် ပါးလွှာလာပြီး သော်သော်၏ နောက်မှ အတောင်ပံငယ်လေးများ တောက်ပကာ အလျင်အမြန် ကြီးထွားလာခဲ့သည်။
အိုလီဖီးရက်စ်ပင်လျှင် တစ်ခုခု မှားနေကြောင်းကို ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်တွင် အနီရောင်က ရုတ်တရက် လျင်မြန်စွာ မှေးမှိန် သွားခဲ့သည်။ အက်ဂ်လက်စ်၏ ခန္ဓာက တဖြည်းဖြည်း ပြန်ကောင်းမွန်လာပြီး သော်သော်၏ အတောင်ပံများ ကြီးထွားမှု ရပ်တန့်သွားခဲ့၏။
‘ခွက်...’
အနီရောင် မှေးမှိန်သွားသည့် အခိုက် လကြေးမုံတွင် အက်ကွဲကြောင်း တစ်ခု ပေါ်လာပြီး လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ နောက်ဆုံးတွင် လကြေးမုံ တစ်ခုလုံး လုံးဝ ကြေမွသွားတော့သည်။
အက်ဂ်လက်စ်၏ ခန္ဓာကိုယ်က သော်သော်ကို လက်မောင်းထဲတွင် ပွေ့ချီထားလျက် မြေပေါ်သို့ ပြုတ်ကျ သွားသည်။ သူတို့နှစ်ဦးလုံး သတိလစ် နေပုံရသော်လည်း အသက်အန္တရာယ် မရှိကြောင်း လူတိုင်း မြင်နိုင်ကြ၏။ သူတို့အားလုံး သက်ပြင်းချလိုက်ကြသည်။
လေထဲတွင် အပြာနုရောင် အလင်း တံခါးတစ်ခု ပေါ်လာပြီး ရင်းနှီးသော ပုံရိပ်တစ်ခု လူတိုင်း၏ အမြင်အာရုံထဲသို့ ပေါ်ထွက်လာခဲ့လေသည်။
“ချန်လွေ့!”
ချန်လွေ့က အက်ဂ်လက်စ်နှင့် သော်သော်တို့ ဘေးကင်းသွားကြောင်း မြင်တွေ့လိုက်ရာ သက်ပြင်းရှည်ကြီး ချလိုက်၏။ သူ၏ တင်းမာနေသော ခန္ဓာကိုယ် ရုတ်တရက် ပြေလျော့သွားပြီး မတည်မငြိမ်ဖြင့် မြေပေါ်သို့ ဆင်းသက် လိုက်သည်။
ထိုအခိုက်အတန့်တွင် ချန်လွေ့အပေါ်မှ အမျက်ဘုရင်ချပ်ကာ ပျောက်ကွယ်ပြီး ကြောက်မက်ဖွယ်ရာ များပြားလှသော ဒဏ်ရာများ ပေါ်လွင်လာခဲ့သည်။
“သူဌေး...” အနီးဆုံးမှ အိုလီဖီးရက်စ်က သူ၏ ဒဏ်ရာကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ လာလာရီယာ၏ နှုတ်ခမ်း လှုပ်ရှားသွားသော်လည်း သူ အသံမထွက်နိုင်ခဲ့ပေ။
ဇိုလာက လျင်မြန်စွာ ပျံသန်းလာပြီး ချန်လွေ့ကို စိတ်မကောင်း ဖြစ်နေသော မျက်နှာဖြင့် ပွေ့ဖက်လိုက်သည်။ အစ်ဇဘယ်လာက သော်သော်ကို သယ်ဆောင်ရန် ကတ်သရင်းကို အကူအညီ ပေးခဲ့သည်။
“သော်သော် အဆင်ပြေရဲ့လား။”
ကတ်သရင်းက လက်မောင်းထဲမှ ကလေးမလေးကို ကြည့်လိုက်သည်။ သူ၏ အသက်ရှုသံမှာ ညီညာပြီး မျက်နှာ အမူအရာမှာလည်း ပန်းရောင်သန်းနေကာ စိုးရိမ်စရာ မရှိပေ။ သိပ်မကြာခင်၌ နိုးလာနိုင်ပေသည်။ “သူ ဘာမှမဖြစ်ဘူး။”
“ဆာ-အက်ဂ်လက်စ်ကရော။”
ထိုအချိန်တွင် အိုလီဖီးရက်စ်က အက်ဂ်လက်စ်ကို သူ၏ ပခုံးပေါ်သို့ တင်ဆောင်ပြီး ဖြစ်၏။ လာလာရီယာက ချန်လွေ့ ပစ်ပေးလိုက်သော ပြန်လည် ဖြည့်တင်းဆေးရည်ကို တစ်ငုံသောက်ပြီး ပြောလိုက်သည်။ “အဘိုးကြီးက သေမှာ မဟုတ်ဘူး။ ကျွန်မက အမွေဆက်ခံဖို့ စဉ်းစားနေတုန်း။ နှမြောစရာပဲ။”
ရင်ပြားလိုလီက နှုတ်ကြမ်းနေပြီး လကြေးမုံကို တိုက်ခိုက်ရန် အသက်ကို လောင်ကျွမ်းခဲ့သည့် မြင်ကွင်းကို လုံးဝ မေ့လျော့နေသည်။
အက်ဂ်လက်စ်၏ အခြေအနေမှာ သော်သော်ထက် များစွာ ပိုဆိုးနေသည်။ သူ၏ အသက်ရှုသံမှာ အားနည်းနေ၏။ ၎င်းမှာ လကြေးမုံ၏ စွမ်းအားအောက် နတ်ဘုရား-ယောင်ဘဝကို အတော်အတန် သုံးစွဲလိုက်ရ၍ ဖြစ်သင့်သော်လည်း ယခု လကြေးမုံမှာ ကွဲကြေသွားပြီ ဖြစ်သည်။ နတ်ဘုရား-ယောင်၏ အစွမ်းနှင့် နဂါး ခန္ဓာကိုယ်ဖြင့် ပြန်လည် ကောင်းမွန် လာရန်မှာ အနှေးနှင့် အမြန်သာ ဖြစ်သည်။
“အမွေအနှစ်လား။” မစ်-နဂါးနက်၏ နားများ ထောင်သွားပြီးနောက် သူ၏ အဖေ ဖြစ်ကြောင်း သဘောပေါက်သွားရာ အာရုံကို သူဘေးမှ ပါ့ဂ်လီအိုထံသို့ ပြောင်းလိုက်သည်။
ဆရာသခင် အဆိပ်နဂါး၏ အမွှေးများ ထောင်သွားလေသည်။ “မင်း ငါ့ကို ဘာလို့ ကြည့်နေတာလ်။ ငါ မင်းကို အမွေတွေ ပေးမှာ မဟုတ်ဘူး... ထွီး! မင်းကမှ အမွေ ချန်ထားခဲ့ရမှာ!”
“ဆာ-ဦးလေးက အကုန်လုံး ပုံအော လိုက်တဲ့ပုံပဲ။” ရိုမန်က သူ၏မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်သည်။ “ဒါပေမဲ့ ခင်ဗျားတို့က တစ်ခုခုတော့ တစ်ခုခုပဲ။ ဆာရီရယ်ကို တကယ် သတ်နိုင်ခဲ့တယ်။”
“ဟီးဟီး...” သော်သော်နှင့် အက်ဂ်လက်စ်တို့ ဘေးကင်းကြောင်း အတည်ပြုပြီးနောက် ချန်လွေ့က ထိုဒေါသတကြီး တိုက်ခိုက်နေသော အခြေအနေမှ လွတ်မြောက်သွားပြီ ဖြစ်သည်။ သူ၏ ဒဏ်ရာအားလုံး ညည်းညူနေသလို ခံစားလိုက်ရ၏။ သာမန် အပြုံးတစ်ခုက ဒဏ်ရာများကို ပိုဆိုးသွားစေခဲ့ပြီး ပြင်းထန်သော နာကျင်မှုကို ဖြစ်စေခဲ့သည်။
“ဆာရီရယ်ကို နောက်ဆုံး သတ်ခဲ့တာ ငါ မဟုတ်ဘူး။ သူပဲ။” ချန်လွေ့၏ ခန္ဓာကိုယ် လင်းသွားပြီး အနက်ရောင် ပုံရိပ်တစ်ခု လူတိုင်း၏ အမြင်အာရုံထဲ၌ ပေါ်ထွက်လာခဲ့သည်။
ထိုအနက်ရောင်ပုံရိပ်က မရေမတွက်နိုင်သော အနက်ရောင် ‘ပိုးချည်မျှင်များ’ဖြင့် ရစ်ပတ်ထားသော ပိုးအိမ်တစ်ခု ဖြစ်ပြီး အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေ၏။
“မင်းပြောတာက အဲဒီကြောက်စရာ...” ပါ့ဂ်လီအို အနက်ရောင် ပိုးအိမ် မပေါ်ခင် စကား တစ်ဝက် ပြောလိုက်သော်လည်း ယခု သူက စကားများကို ချက်ချင်း ပြောင်းလိုက်သည်။ “အမ်။ အဲဒါက... မစ်-ဖိုက်သွန်လား။”
“ဟုတ်တယ်။ ဆာရီရယ်ကို သူ ဝါးမျိုလိုက်တာ။” ချန်လွေ့က သူ၏ အခြေအနေကို တည်ငြိမ်စေရန် ကြယ်စွမ်းအားကို တိတ်တဆိတ် လည်ပတ်စေလိုက်သည်။ ဆူးသရဖူက သူ၏ ခေါင်းပေါ်တွင် ပေါ်လာ၏။ သူက [ကောင်းကင်ကုသ]ကို သုံးလိုက်ရာ လူတိုင်း၏ ဒဏ်ရာများ လျင်မြန်စွာ စတင်ပျောက်ကင်းလာခဲ့သည်။
ထိုအချိန်တွင် မရေမတွက်နိုင်သော ‘အမျှင်တန်းများ’က အနက်ရောင်ပိုးအိမ်မှ ဆန့်ထွက်လာပြီး လေထဲသို့ ပျံ့နှံ့သွား၏။ [လတိုင်းပြည်]တစ်ခုလုံး၏ အလင်းရောင် မှေးမှိန်သွားလေသည်။ တိုင်းပြည်ထဲမှ အစောင့်အရှောက်များ၊ ယုံကြည်သူများနှင့် ရှုခင်းအားလုံးကို အနက်ရောင်အလွှာတစ်ခုဖြင့် ဖုံးသွားပြီး ကြောက်မက်ဖွယ်ရာ အငွေ့များကို ခပ်ရေးရေးလေး ထုတ်လွှတ်နေ၏။
“ဖိုက်သွန်က ဆာရီရယ်ကိုပဲ ဝါးမျိုခဲ့တာ မဟုတ်ဘဲ ဒီတိုင်းပြည်ကိုပါ ဝါးမျိုခဲ့တဲ့ပုံပဲ။”
ချန်လွေ့ ပခုံးတွန့်လိုက်ပြီး အဂ္ဂိရတ် သတ္တဝါများကို အမိန့်ပေးလိုက်သည်။ အဂ္ဂိရတ်သတ္တဝါများက ကြယ်သင်္ဘောသို့ တစ်ကောင်ပြီးတစ်ကောင် ပြန်သွား၏။ ယခုတစ်ကြိမ် အလစ် တိုက်ခိုက်မှုမှာ အလွန် ရုတ်တရက်ဆလှန်သည်။ ဇိုလာ၊ ကတ်သရင်းနှင့် အခြားသူများ၏ အစွမ်းဖြင့် အဂ္ဂိရတ် ဗိုလ်ခြေ၏ ဆုံးရှုံးမှုမှာ အတော်လေး နည်းပါးလှသည်။
တပ်များကို ရုပ်သိမ်းပြီးနောက် ကြယ်သင်္ဘော လျင်မြန်စွာ ပျံထွက် သွားခဲ့သည်။ ဧရာမ‘ကိုယ်ထည်’သည် တဖြည်းဖြည်း ဝေဝါးသွားလေသည်။ ထိုအရာကမှာ ကိုယ်ဖျောက်ခြင်း၏ လုပ်ဆောင်ချက် တစ်ခုပင်။ အလင်းနှင့် အရိပ်ကဲ့သို့သော ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များနှင့် ပေါင်းစပ်လျှင် ၎င်းက ပုံရိပ်ယောင်ကို ဖန်တီးနိုင်ပြီး မမြင်နိုင်သော အကျိုးသက်ရောက်မှုကို ရရှိနိုင်ပေသည်။
ခဏအကြာ အနက်ရောင်ပိုးအိမ်က တိုင်းပြည်တစ်ခုလုံးနှင့် လုံးဝ ပေါင်းစပ် သွားခဲ့သည်။ ထိုထူးဆန်းသော စွမ်းအားအောက်တွင် ယုံကြည်သူများနှင့် အစောင့်အရှောက်များ တဖြည်းဖြည်း စတင် အိပ်ပျော်လာခဲ့သည်။
သူက လူတွေနဲ့ တိုင်းပြည်ကိုတောင် ဝါးမျိုလိုက်တာလား။ ကြောက်စရာ ကောင်းတဲ့ မိန်းမတစ်ယောက် ဆိုတာ အသေအချာပဲ! ဇိုလာထက်တောင် ဆိုးသေးတယ်! သူက တကယ့် ရူးနေတဲ့ မိန်းမပဲ! ဖိုက်သွန်၏ နှိပ်စက်ခြင်းကို ခံခဲ့ရသည့် ဝမ်းနည်းဖွယ် အခြေအနေကို တွေးမိလိုက်ရာ ပါ့ဂ်လီအို တုန်လှုပ်သွားပြီး အလျင်အမြန်ပင် ချီးကျူးလိုက်သည်။ “မစ်-ဖိုက်သွန် ဆိုတဲ့အတိုင်းပါပဲ။”
ထိုသို့ပြောပြီးနောက် တိုင်းပြည်နှင့် ပေါင်းစပ်သွားသော အနက်ရောင်ပိုးအိမ်မှ အဖြူရောင်အလင်းတန်းတစ်ခု ပျံလာပြီး လေထဲတွင် ဆိုင်းငံ့နေသည်။ ၎င်းမှာ ကြယ်ကြွေတမန်ဓား ဖြစ်သည်။
ကြယ်ကြွေတမန်ဓားက ထူးဆန်းသော အပြာရောင် အလင်းလွှာ တစ်ခုဖြင့် ဝန်းရံထားပြီး ၎င်းက ရုတ်တရက် အလင်းတန်း ဒါဇင်ပေါင်းများစွာ အဖြစ်သို့ ပေါက်ကွဲထွက်သွား၏။ ပါ့ဂ်လီအိုက အလင်းတန်းကို အဓိက ခံလိုက်ရပြီး တုန်လှုပ်သွားသည်။ “ဘာလုပ်တာလဲ! အရူး...”
အလင်းက သူ့ကိုယ်ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားသော်လည်း ၎င်းက မည်သည့် ထိခိုက်မှုကိုမှ မဖြစ်စေခဲ့ပေ။ ထိုအစား ၎င်းက ပါ့ဂ်လီအိုအား သူ၏ စိတ်ထဲတွင် ထိုးထွင်းအမြင် အချို့နှင့် သူ၏ စွမ်းအားတွင် ပြောင်းလဲမှုအချို့ ရှိနေသကဲ့သို့ ထူးဆန်းသော ခံစားချက် တစ်ခုကို ယူဆောင်လာခဲ့သည်။ သူက ၎င်းကို တိတိကျကျ မဖော်ထုတ်နိုင်ခဲ့ပေ။
အလင်း၏ ပစ်မှတ်မှာ ပါ့ဂ်လီအို တစ်ဦးတည်းသာ မဟုတ်ဘဲ ဇိုလာ၊ ကတ်သရင်း၊ အစ်ဇဘယ်လာနှင့် အခြား သူများလည်း ဖြစ်သည်။ ချန်လွေ့နှင့် သော်သော်တို့သာ ဖယ်ထုတ်ခံခဲ့ရသည်။
အလင်း ပေါက်ကွဲ ထွက်သွားသည့် တစ်ချိန်တည်းမှာပင် ချန်လွေ့က ဖိုက်သွန်၏ ဝိညာဉ်မှ အသံလွှင့်ခြင်း တစ်မျိုးမျိုးကို ရရှိလိုက်ပုံရသည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။ ကြယ်ကြွေတမန်ဓားက သူ၏လက်ထဲ ပျံဝင်လာပြီး ပျောက်ကွယ် သွားခဲ့သည်။
“ကျွန်မ ဆာရီရယ်ရဲ့ စွမ်းအားကို အပြည့်အဝ ချေဖျက်ဖို့ လဝက်လောက် အိပ်စက်ရမယ်။ ပြီးရင် အထွတ်အထိပ် အဆင့် စွမ်းအားကို လုံးဝ ပြန်ရလိမ့်မယ်။” တစ်ချိန်တည်းမှာပင် ဖိုက်သွန်၏ အသံက လူတိုင်း၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။
“ခုနက မင်းတို့ကို ပေးလိုက်တာက ဆာရီရယ်ရဲ့ နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် ဝိညာဉ်စွမ်းအားပဲ။ ဒါက အစအနလေးတစ်ခုပဲ ဖြစ်ပေမယ့် ကြီးမားတဲ့ စွမ်းအားတွေ ပါဝင်တယ်။ အထူးသဖြင့် ကြယ်နှစ်ပွင့် အဆင့် တိုးမြှင့်မှုကို မပြီးမြောက်သေးတဲ့သူတွေ အတွက်တော့ ယုံကြည်မှုရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို အမြန်ဆုံး နားလည်ဖို့ ဒီအခွင့်အရေးကို ဆုပ်ကိုင်ရမယ်...”
“သတိပေးလိုက်မယ်။ တကယ်လို့ ဒီစွမ်းအားများကို လဝက်အတွင်း အပြည့်အဝ မချေဖျက်နိုင်ဘူးဆိုရင်တော့ ဒီဝိညာဉ် စွမ်းအား အစအနက ကြောက်စရာကောင်းသော တန်ပြန် အကျိုးသက်ရောက်မှုကို ဖြစ်စေလိမ့်မယ်။ အဲဒီအချိန် မင်းတို့... သေမလား အသက်ရှင်မလား အာမမခံနိုင်ဘူး!”
“အသက်ရှင်ချင်ရင်၊ သူ့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ဘူး ဆိုရင် မင်းတို့မှာ နည်းလမ်းတစ်ခုပဲ ရှိတယ်။ ဘာတန်ဖိုးပဲ ပေးရပေးရ ပိုပြီးတော့ အစွမ်းထက်လာအောင် လုပ်ဖို့ပဲ!”
ပါ့ဂ်လီအိုက အခြား တစ်ခုခုကို ပြောချင်နေသေးသော်လည်း ဖိုက်သွန်က သူ့ကို အခွင့်အရေး မပေးခဲ့ပေ။ သူ စကားဆုံးသည်နှင့် လူတိုင်း တုန်ခါမှု တစ်ခုကို ခံစားလိုက်ရပြီး သူတို့က ပြိုကျပျက်စီးနေသော စာအုပ်ပေါင်းချုပ် ခန်းမ အပြင်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
“ငါတို့ အဲဒီစွမ်းအားကို လဝက်အတွင်း မချေဖျက်နိုင်ရင် တန်ပြန် သက်ရောက်မှု ရှိမယ် ဟုတ်လား။ ချီးပဲ!” ဆရာသခင် အဆိပ်နဂါးက ခေါင်းကို ကိုင်လိုက်သည်။ “တကယ့်ကို လုပ်ချင်သလို လုပ်နေတဲ့ အရူးမပဲ!”
ထိုသို့ ပြောသော်လည်း ပါ့ဂ်လီအိုက စိတ်ပိုင်းဖြတ်ထားသည်မှာ ကြာခဲ့လေပြီ။ ဒီတစ်ခေါက် ရထားတဲ့ ဝိညာဉ်စွမ်းအားက အန္တရာယ် ရှိပေမဲ့ ဒါက ကြီးမားတဲ့ အခွင့်အရေး တစ်ခု ဆိုတာ သေချာတယ်။ ငါ ဒါကို ဆုပ်ကိုင် ထားရမယ်။ အဲဒီ ကြောက်စရာ မိန်းမပြောတာ မှန်တယ်။ ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ဘူးဆိုရင် ဘာပဲ ပေးရပေးရ ပိုပြီး အစွမ်းတိုးအောင် လုပ်ရမယ်။ အစပိုင်းမှာ ငါ ဒီလူသားကို အစွမ်းအစ လမ်းကြောင်း အပေါ်မှာ တစ်ဆင့်ပြီး တစ်ဆင့် ဦးဆောင်ခဲ့တာ။ အခု ငါ ဘယ်လိုလုပ် သူ့ရဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်ရမှာလဲ!
အမှန်မှာ စိတ်ပိုင်းဖြတ်ထားသူက အဆိပ်နဂါး တစ်ဦးတည်းသာ မဟုတ်ဘဲ အခြားလူများလည်း ဖြစ်သည်။
“ကြယ်နှစ်ပွင့် အဆင့်တိုးမြှင့်မှုက ဘာလဲ။ ဒါက ငါနဲ့မဆိုင်ဘူး ထင်တယ်။ ဘယ်လိုလုပ် ငါပါ ဝင်ပါသွားရတာလဲ!” လာလာရီယာက အပြစ်ကင်းစွာ ညည်းညူလိုက်သည်။
ဘေးတွင် တိတ်တဆိတ် ငိုကြွေးနေသူမှာ ‘ကြိုးစားအားထုတ်မှု’ စသည်တို့ကို ဘဝတွင် ရန်သူအဖြစ် အမြဲ မှတ်ယူခဲ့သော ချွဲကျိကောင်ပင် ဖြစ်သည်။ ထိုသို့သော စွမ်းအားကို လဝက်အတွင်း ချေဖျက်ရန်မှာ ချွဲကျိကောင် အတွက် အခက်အခဲ ဖြစ်စေခဲ့သည်။
ရိုမန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။ “ဟေး။ ခေါင်းဆောင်။ ဘာလို့ အဲဒီမိန်းမက ၆လ ချိန်ကိုက်ဗုံးကို ခင်ဗျားဆီ မလွှဲပေးခဲ့တာလဲ။ ဒေါ်လေး။ ကျုပ် မသင်္ကာစရာ တစ်ခုခု ခံစားမိတယ်။ နောက်ကွယ်မှာ လျှို့ဝှက်ချက်ကြီး တစ်ခု ရှိရမယ်... အိုး.. ဒေလီယာ။ ဖြည်းဖြည်း လုပ်ပါ။ ငါ ဒဏ်ရာရထားတယ်လေ!”
ချန်လွေ့က ခေါင်းခါလိုက်သည်။ “တကယ်တော့ မင်းတို့ အားလုံး ငါ့အခြေအနေကို သိပါတယ်။ အဲဒီလို စွမ်းအားမျိုးက ငါ့ရဲ့အစွမ်း တိုးတက်မှု အပေါ်မှာ ထိရောက်တဲ့ အကျိုးကျေးဇူး မရှိဘူး။”
“နားလည်ပြီလား။ ရိုမန်လေး။” မဒမ်-ဒေါ်လေးက တူဖြစ်သူကို ကြည့်လိုက်၏။ “မင်းရဲ့ ဆာ-ဦးလေး အစွမ်းတိုးတက်ဖို့ အကောင်းဆုံး နည်းလမ်းက ငါတို့ ကြယ်နှစ်ပွင့် ဆင့်ကဲပြောင်းလဲခြင်းကို နားလည် သဘောပေါက်ဖို့ပဲ။ မင်း လဝက်အတွင်း လိုအပ်ချက်တွေကို မပြည့်မီနိုင်ဘူးဆိုရင်...”
“အဲဒီတန်ပြန်သက်ရောက်မှုက ကျုပ်ကို မဖျက်ဆီးရင်တောင် ကျုပ်က ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိုက်မယ်။” ရိုမန်လေးက အလျင်အမြန် ပြောလိုက်သည်။
“ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးစရာ မလိုဘူး။ သင်းကွပ်လိုက်ရင် ရပြီ။” မဒမ်-ဒေါ်လေး ပြုံးလိုက်ရာ ရိုမန်က တုန်လှုပ်သွားသည်။ တောက်! ဒါက ဖျက်ဆီးတာထက် ပိုရက်စက်တယ်။ ဒါ တကယ်ပဲ ငါ့ရဲ့ ဒေါ်လေးလား။ သူက အပြင်လူဘက်ကို အရမ်းလိုက်နေတယ်။
“စိတ်မပူပါနဲ့၊ ငါ ဒေလီယာနဲ့ မယ်ဒီလူကို ပိုပြီးတော့ ယုံကြည်ရတဲ့ ယောက်ျားတွေနဲ့ မိတ်ဆက်ပေးမယ်။ ငါ သူတို့ကို နစ်နာအောင် လုပ်မှာ မဟုတ်ဘူး။”
ဒေလီယာက ပူးပေါင်းဆောင်ရွက်ကာ ခေါင်းညိတ်လိုက်ပြီး မယ်ဒီလူကို လက်တို့လိုက်သည်။ သူက ရိုမန်ကို ရှက်ရွံ့စွာ ကြည့်လိုက်ပြီး နောက်ဆုံးတွင် တရားဝင်ဇနီး၏ ဦးဆောင်မှုနောက်သို့ လိုက်သွားခဲ့သည်။
“ကျုပ် မှားပါတယ်။ ဟုတ်ပြီလား။ မဒမ်-ဒေါ်လေး...” ရိုမန်က ဝမ်းနည်းသော မျက်နှာဖြင့် ပြောလိုက်သည်။ “ကျုပ် အခု အမှောင်လကို ပြန်ပြီးတော့ ကြိုးစား လေ့ကျင့်မယ်...”
“ပြန်လို့မရဘူး!” မစ်-နဂါးနက်က လေးနက်သော မျက်နှာဖြင့် ပြောသည်။ “လေ့ကျင့်တာ နောက်မှထား။ တစ်ဖနီက ငါတို့ကို အလကားကျွေးဖို့ ဖိတ်မယ်လို့ ပြောတယ်။”
ထိုသို့ပြောပြီးနောက် မစ်-နဂါးနက်၏ ဗိုက်က အတော်လေး မြည်လာခဲ့သည်။ သူက ထို အလကား စားနိုင်ရန်အတွက် ပြင်ဆင်ရန် အဆာခံနေသလား မည်သူမျှ မသိပေ။ လူတိုင်း၏ နဖူးတွင် ချွေးများ ထွက်လာသည်။ သွားရည်ကျနေသော ချွဲကျိကော်င တစ်ဦးတည်းသာ သူ၏ ခိုင်မာသော သဘောတူညီမှုကို ဖော်ပြရန် လက်ဆယ်ချောင်း မြှောက်ထားခဲ့၏။
“အွန်း...” ကတ်သရင်း၏ လက်ထဲမှ သော်သော်က ရုတ်တရက် လှုပ်ရှားလာပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်သည်။ သော်သော်၏ အခြေအနေမှာ အက်ဂ်လက်စ်ထက် ပိုကောင်းနေရာ သူ ပထမဆုံး နိုးထလာခဲ့သည်။
“မေမေ...” သော်သော်က ဝေဝါးသော မျက်လုံးများကို ဖွင့်ပြီး ကတ်သရင်းကို မြင်လိုက်သည်။ “ဖေဖေ ဘယ်မှာလဲ။”
“ဖေဖေ ဒီမှာ ရှိတယ်။” ချန်လွေ့ အလျင်အမြန် ရောက်လာသည်။
“ဖေဖေ!” ကလေးမလေးက ချန်လွေ့၏ လည်ပင်းကို ပွေ့ဖက်ပြီး ကတ်သရင်း၏ မျက်နှာကို နောက်တစ်ကြိမ် ထိလိုက်၏။ မိသားစု သုံးယောက်၏ နွေးထွေးသော ပုံရိပ်က ပတ်ဝန်းကျင်မှ အမျိုးသမီးများကို မနာလို ဖြစ်စေခဲ့သည်။
“ဖေဖေ။ မျက်လုံး (၃)လုံးနဲ့ လူဆိုးကို တွေ့လိုက်လား!” သော်သော်သည် သူ၏ မျက်ခုံးများကို ပင့်လိုက်ပြီး ဆာရီရယ်၏ ပုံစံကို အတုခိုးရန် ကြိုးစားလိုက်သည်။
“အခု အဆင်ပြေသွားပါပြီ။ သမီးလေး။ သမီးကို ဒုက္ခရောက်အောင် လုပ်မိတာက ဖေဖေ့ အမှားပါ။ အခု အဲဒီလူဆိုးကြီး မရှိတော့ဘူး။ သူ ဘယ်တော့မှ သမီးဆီကို ပြန်လာတော့မှာ မဟုတ်ဘူး။”
“ဖေဖေက အကောင်းဆုံးပဲ!” သော်သော်က လက်သီးငယ်လေးများကို ဝှေ့ယမ်းလိုက်စဉ် သူ၏ နောက်ကျော၌ မသက်မသာ ဖြစ်နေသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး လက်များဖြင့် အမြန် ကိုင်လိုက်သည်။
၎င်းမှာ အတောင်ပံငယ်လေး တစ်စုံ ဖြစ်နေခဲ့သည်။ ထိုအချိန် တောင်ပံများက ပုံပေါ်ခါစ ဖြစ်နေပြီး ဆိုလိုသည်မှာ သော်သော်၏ နတ်ဘုရားသွေးမျိုးဆက်က မကြာမီ အမှန်တကယ် နိုးလာတော့မည် ဖြစ်သည်။
“အတောင်ပံတွေ။ သော်သော်က မကောင်းဆိုးဝါး ဖြစ်သွားပြီ!” ကလေးမလေးက သူ၏ နှုတ်ခမ်းများကို စူလိုက်ပြီး ငိုတော့မည့်ပုံစံ ဖြစ်နေ၏။
ချန်လွေ့က ခေါင်းကုတ်လိုက်မိသည်။ ဇာမဏီငှက် အတောင်ပံ ရှိတာက ပုံမှန် မဟုတ်ဘူးလား။
ချန်လွေ့က တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိလိုက်သည်။ သူက အသက်ကို ပြင်းပြင်း ရှူလိုက်ပြီး သမီးဖြစ်သူ၏ နဖူးကို နမ်းလိုက်သည်။ “သော်သော်က ဘာပဲဖြစ်ဖြစ်၊ အနာဂတ်မှာ ဘာတွေပဲ ဖြစ်လာဖြစ်လာ၊ သမီးက ဖေဖေ့ရဲ့ အချစ်ဆုံး သမီးလေးအဖြစ် အမြဲတမ်း ရှိနေမှာပါ။ ဒါက ဖေဖေ သမီးကို ပေးတဲ့ ကတိပဲ။”
ထိုစကား၏ နက်ရှိုင်းသော အဓိပ္ပာယ်ကို နားမလည်သော်လည်း ကလေးမလေးက ချန်လွေ့၏ စကားထဲမှ စိတ်ပြတ်သားမှုကို ခံစားလိုက်ရသည်။ သူ ပြုံးလိုက်ပြီး အဖေဖြစ်သူ၏ လည်ပင်းကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်၏။