အနာဂတ်ကို ဆုပ်ကိုင်ထားသော ပညာရပ်ဆိုင်ရာ ညီလာခံ
Vol. 70 Ch. 1127
အဂ္ဂိရတ်ဆရာသခင် ပညာရပ်ဆိုင်ရာ ညီလာခံကို ကြယ်ကြွေတမန်မြို့တွင် အချိန်ဇယားအတိုင်း ကျင်းပခဲ့သည်။ ထိုညီလာခံသည် သမိုင်းတွင် ကျန်ရစ်မည့် ခမ်းနား ကြီးကျယ်လှသော ပွဲတစ်ပွဲ ဖြစ်သည်မှာ သေချာပေသည်။
ထိုပညာရပ်ဆိုင်ရာ ညီလာခံက ကြယ်ကြွေတမန်အင်ပါယာ ဧကရီအရှင်မ ရှီရာ၏ အာရုံစိုက်မှုနှင့် ပံ့ပိုးမှုကို ရရှိခဲ့သည်။ သူသည် ညီလာခံသို့ တက်ရောက်လာသော ဆရာသခင်များ အတွက် အရေးကြီးပုဂ္ဂိုလ် ဧည့်ဂေဟာနှင့် ခန်းမကြီးတစ်ခုကို အထူးစီစဉ်ပေးခဲ့သည်။ ထို့နောက် အကာအကွယ် ပေးရန်အတွက် လက်ရွေးစင် ဗိုလ်ခြေ တစ်ခုကိုပင် စေလွှတ်ခဲ့သည်။
နတ်ဆိုးဘုံ၏ အဂ္ဂိရတ်လောကမှ နာမည်ကြီး ပုဂ္ဂိုလ်များ အားလုံးနီးပါး အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပြီး ၎င်းတို့ထဲတွင် ယန္တရား ဆရာသခင်များ၊ ဆေးရည် ဆရာသခင်များနှင့် အသစ် ပေါ်လာသော စာလိပ် ဆရာသခင်များပင် ပါဝင်သည်။ အစည်းအဝေးကို စတင် ကျင်းပသူမှာ နတ်ဆိုးဘုံမှ အသိအမှတ် ပြုထားသော ထိပ်တန်း မဟာဆရာသခင်၊ ဆေးရည် မဟာဆရာသခင်နှင့် ယန္တရား မဟာဆရာသခင် ‘အက်ဂ်ယော’ပင်။
‘အက်ဂ်ယော’က နတ်ဆိုးဘုံတွင် ဩဇာအရှိဆုံး ပုဂ္ဂိုလ် ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ အကြောင်းမှာ သူက အထူးပြုနှစ်ခု တတ်ကျွမ်းသော ဆရာသခင်တစ်ဦး ဖြစ်ရုံသာမက အင်ပါယာ သုံးခုမှ ဧကရီအရှင်မများ၏ တစ်ဦးတည်းသော ကြင်ရာတော်မင်းသား ဖြစ်၍ပင်။ တနည်းအားဖြင့် နတ်ဆိုးဘုံ၏ စစ်မှန်သော အုပ်ချုပ်သူ ဖြစ်ပေသည်။
ထိုဂုဏ်ပုဒ်များ၊ အဆင့်အတန်းနှင့် အာဏာများအပြင် သူက ထူးချွန်သော စွမ်းအားရှိသည့် အထူး အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။ သွေးရောင် အင်ပါယာ နတ်ဆိုးဘုံ ပထမဆုံးတိုက်ပွဲမှ ဒဏ္ဍာရီဆန်သော လုပ်ဆောင်ချက်များကို ယနေ့တိုင် ပြောဆိုနေကြဆဲ ဖြစ်သည်။
ပညာရပ်ဆိုင်ရာ ညီလာခံကို ဦးစီး ကျင်းပသူမှာ ‘အက်ဂ်ယော’ မဟုတ်ဘဲ ‘အက်ဂ်ယော’၏ ဆရာ ထယ်တင်းနစ် ဖြစ်ကာ သူကလည်း ယန္တရားနှင့် ဆေးရည် အထူးပြုနှစ်ခု တတ်ကျွမ်းသော ဆရာသခင်တစ်ဦး ဖြစ်သည်။ သူက နတ်ဆိုးဘုံမှ တစ်ဦးတည်းသော ဆရာသခင် နှစ်ဦးထဲမှ တစ်ဦးဖြစ်ပြီး အက်ဂ်ယောပြီးလျှင် ဒုတိယအဆင့် တည်ရှိမှု ဖြစ်ကာ အဂ္ဂိရတ်ပညာရှင် အားလုံး၏ လေးစားခြင်းကို ခံရ၏။
ညီလာခံ၏ ပညာရပ် ဆိုင်ရာ ဖလှယ်မှုကို နေရာနှစ်ခုခွဲ၍ ကျင်းပသည်။ တစ်ခုမှာ ယန္တရားအတွက် ဖြစ်ပြီး အခြားတစ်ခုမှာ ဆေးရည်ပညာ အတွက် ဖြစ်သည်။ ‘အက်ဂ်ယော’၊ ထယ်တင်းနစ်၊ အင်ပါယာသုံးခုမှ အဂ္ဂိရတ် အစည်းအရုံး ဥက္ကဋ္ဌများနှင့် နာမည်ကြီး ဆရာသခင်များ အားလုံး စင်မြင့်ပေါ်သို့ တက်ရောက်၍ မိန့်ခွန်းများ ပြောကြားပြီး အဖိုးတန် အတွေ့အကြုံ အချို့ကို မျှဝေခဲ့ကြသည်။ သူတို့က နောက်ပိုင်း ဆွေးနွေးမှုများနှင့် ဖလှယ်မှုများကိုလည်း စီစဉ်ခဲ့ကြသည်။ အခြေအနေက အတော် စည်းကားနေ၏။
လူတိုင်းထံမှ သင်ယူစရာ တစ်ခုခု ရှိသည် ဟူသော စကားပုံ အတိုင်းပင်။ ထိုသို့ ပွင့်လင်းသော ပြောဆိုမှုက တံခါးပိတ် ကိုယ်တိုင် လေ့လာခြင်းနှင့် လုံးဝ ကွဲပြား၏။ သာမန် အစည်းအရုံးများ တွင်ပင် ထိုသို့သော အခြေအနေမျိုး မရှိကြပေ။ ဆရာသခင်များစွာက သူတို့ အတော် အကျိုးကျေးဇူး ရရှိခဲ့သည်ဟု ခံစားခဲ့ကြသည်။ အချို့မှာ ဉာဏ်အလင်း ပွင့်သွားခဲ့သည်။
ညီလာခံ၏ နောက်ဆုံး အဆင့်တွင် ယန္တရားနှင့် ဆေးရည်ပညာကို ထပ်မံ ခွဲခြားခြင်း မရှိတော့ပေ။ ဆရာသခင်များ အားလုံးက ခေါင်းစဉ်တစ်ခုကို အတူတကွ ဆွေးနွေးရန် ခန်းမ တစ်ခုတည်းတွင် စုရုံးနေခဲ့ကြသည်။
မှော်အပူလက်နက်။
နတ်ဆိုးဘုံ၏ အပူလက်နက်များကို အမျိုးအစား နှစ်ခု ခွဲခြားထားသည်။ လက်နက်ကြီးများနှင့် လက်နက်ငယ်များ ဟူ၍ပင်။ ရိုးရိုးရှင်းရှင်း ပြောရမည်ဆိုလျှင် လက်နက်ကြီးများမှာ အဓိကအားဖြင့် မှော်သလင်းကျောက် အမြောက်များ ဖြစ်ပြီး လက်နက်ငယ်မှာ မှော်သေနတ် ဖြစ်သည်။
ထိုဆွေးနွေးမှု၏ အဓိက အာရုံစိုက် စရာမှာ မှော်သေနတ်ပင်။
ဝတ်ရုံနှင့် မျက်နှာဖုံး တပ်ထားသော အမျိုးသား တစ်ဦးက စင်မြင့်ပေါ်သို့ ဦးစွာ တက်လာခဲ့သည်။ သူက မှော်ရုပ်မြင်သံကြား၏ မျက်နှာပြင်တွင် မှော်သေနတ်၏ သဘောတရားနှင့် ဖွဲ့စည်းပုံကို မိတ်ဆက်ပေးခဲ့သည်။ ထိုအမျိုးသား၏ ဝတ်စားဆင်ယင်ပုံမှာ ‘အက်ဂ်ယော’နှင့် ဆင်တူသော်လည်း အက်ဂ်ယောမဟုတ်ပေ။
ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသားက ယန္တရားဆရာသခင်များ အတွက် မစိမ်းလှပေ။ လွန်ခဲ့သော ရက်အနည်းငယ်က ယန္တရားဖလှယ်ရေး အစည်းအဝေးတွင် ထိုပုဂ္ဂိုလ်မှာ အဓိက ပြောဆိုသူများထဲမှ တစ်ဦး ဖြစ်သည်။ ပြသသော အဆင့်မှာ ထယ်တင်းနစ်ထက် မနိမ့်ပေ။ ဆိုလိုသည်မှာ ထိုလျှို့ဝှက် ဆန်းကြယ် ပုဂ္ဂိုလ်ကလည်း ယန္တရား မဟာဆရာသခင် တစ်ဦး ဖြစ်နိုင်၏။
ထိုပုဂ္ဂိုလ် သာမက အရပ်ပုပုနှင့် လျှို့ဝှက် ဆန်းကြယ်သော ပုဂ္ဂိုလ် တစ်ဦးလည်း မဟာဆရာသခင်အဆင့်ကို ပြသခဲ့သည်။
နတ်ဆိုးဘုံတွင် လျို့ဝှက် ပါရမီရှင်များ များစွာ ရှိနေပုံရသည်။ အမှန်တကယ်တွင် ဆရာသခင်(၄)ဦး ရှိသည်! ‘အက်ဂ်ယော’ ဆေးရည်ပညာ ပြိုင်ပွဲ၌ အနိုင်ယူခဲ့သော ဆာမန် မပါသေးပေ!
‘အက်ဂ်ယော’နှင့် လျှို့ဝှက်ဆန်းကြယ်သော ဆရာသခင်နှစ်ဦးအကြား ဖလှယ်မှုများ၏ အသေးစိတ် အချက်အလက်များအရ သူတို့က အလွန်ရင်းနှီးသော မိတ်ဆွေများ ဖြစ်လောက်သည်။ ထိုမဟာဆရာသခင်၏ အဆက်အသွယ်များက စိတ်ကူး၍ မမီနိုင်အောင် ရှိနေသေးပုံရသည်။
လက်နက်များအတွက် အလွယ်ကူဆုံး ဆက်စပ်နိုင်သော အဓိက စကားလုံးမှာ စစ်ပွဲ ဖြစ်သည်။ အင်ပါယာတစ်ခုအတွက် အကြီးမားဆုံး စစ်ရေး လျှို့ဝှက်ချက် ဖြစ်ပြီး မည်သို့မျှ ထုတ်ဖော်မပြရပေ။ ယခု နတ်ဆိုးဘုံ အင်ပါယာသုံးခုက ခိုင်မာသော မဟာမိတ်တစ်ခု ဖွဲ့ထားပြီး ဖြစ်သည်။ အနည်းဆုံးတော့ အချိန်ကာလ တစ်ခု အထိ စစ်ပွဲရှိမည် မဟုတ်ဘဲ အင်ပါယာ သုံးခုမှ အဂ္ဂိရတ် ဆရာသခင်များလည်း မလာရောက်မီ ဧကရီအရှင်မ သုံးပါးထံမှ ခွင့်ပြုချက် ရရှိထားပြီး ဖြစ်သောကြောင့် သူတို့က ခေါင်းစဉ်အားလုံးကို ချွင်းချက်မရှိ ဆွေးနွေးနိုင်သည်။
ထိုနောက်ဆုံးသော အကြောင်းအရာသို့ ရောက်မှသာ အတော်များများက အဘယ်ကြောင့် အုပ်ချုပ်သူသုံးပါးက ထိုသို့သော အမိန့်မျိုး ပေးခဲ့ပြီး ၎င်းကို အလွန်ပင် အရေးထားနေကြောင်းကို နားလည်သွားကြသည်။
တစ်နည်းအားဖြင့် စစ်ပွဲက အသွား နှစ်ဖက်ပါသော ဓားတစ်စင်း ဖြစ်နေပြီး ဖွံ့ဖြိုး တိုးတက်မှုကို အဟန့်အတား ဖြစ်စေပြီး ဖျက်ဆီးရုံသာမက လူမှုရေးနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အတွက် တွန်းအား တစ်ခုလည်း ဖြစ်သည်။ ယခုအခါ အင်ပါယာသုံးခု အကြားတွင် စစ်ပွဲများ မရှိတော့ရာ ထိုသို့ တီထွင် ထုတ်လုပ်လိုက်သော လက်နက်က ရင်ဆိုင်ရမည့် ရန်သူများမှာ...
လူအုပ်ကြီး စိတ်အားတက်ကြွသွား၏။
လူသား လောကနဲ့ နတ်ဆိုးဘုံအကြား တံခါးပေါက် ပွင့်တော့မယ်!
အဲဒီအချိန်ကျရင်...
ချန်လွေ့က ထိုလူများ စဉ်းစားနေသည့် အရာများကို ခပ်ရေးရေး ခန့်မှန်းမိသည်။ မှန်ပေသည်။ သူ ရှင်းပြမည် မဟုတ်ပေ။ သူက စိတ်ထဲတွင် တစ်စုံတစ်ခုကို တိတ်တဆိတ် ပြောလိုက်သည်။ မင်းတို့ အစကိုပဲ ခန့်မှန်းမိလိမ့်မယ်။ ဒါပေမဲ့ အဆုံးကို ခန့်မှန်းနိုင်မှာမဟုတ်ဘူး...
အမှန်တကယ်မှာ ကြယ်ကြွေတမန် အင်ပါယာ၏ နောက်ဆုံး စစ်ရေး လေ့ကျင့်မှုတွင် မှော်သေနတ် ပေါ်ထွက် လာပြီးနောက် သွေးရောင်အင်ပါယာနှင့် အမှောင်ရိပ်အင်ပါယာမှ ယန္တရား ပညာရှင် များစွာက ထိုလက်နက် အမျိုးအစား ပသစ်ကို စတင်၍ လေ့လာခဲ့ကြသည်။ ထို့ကြောင့် သူတို့တွင်လည်း အတွေ့အကြုံ အချို့ ရှိနေကြသည်။
ထိုင်ခုံများမှ ဆရာသခင်များက နားထောင်ပြီး မှတ်တမ်းတင်နေကြ၏။ တီထွင်ဖန်တီးမှုနှင့် အယူအဆမှ မှော်သေနတ်၏ ဇစ်မြစ် စွမ်းအားကို ထိုသို့ရှင်းပြခြင်းက သူတို့ ဦးနှောက်ကို ညှစ်ထုတ်၍ လေ့လာခြင်းထက် များစွာ ပိုကောင်းသည်။ လျှို့ဝှက်ဆန်းကြယ်သော ဆရာသခင်က မှော်သေနတ်၏ သက်ဆိုင်ရာ စည်းမျဉ်းများ အသေးစိတ် မိတ်ဆက်ပေးပြီးနောက် သူက မေးသည်။ “ခင်ဗျားတို့မှာ မေးခွန်းတွေ ဒါမှမဟုတ် အကြံပြုချက်တွေရှိရင် ကျေးဇူးပြုပြီး လွတ်လွတ်လပ်လပ် မေးနိုင်ပါတယ်။”
ဆရာသခင် အများအပြားက သူတို့၏ ကိုယ်ပိုင်မေးခွန်းများကို တစ်ယောက်ပြီး တစ်ယောက် မေးမြန်းကြပြီး လျှို့ဝှက် ဆန်းကြယ်သော ဆရာသခင်က ၎င်းတို့ကို ပြန်ဖြေပေးခဲ့သည်။
ထိုအချိန်တွင် ချန်လွေ့အတွက် အနည်းငယ် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။ “ဆရာသခင်။ ကျုပ် စကား နည်းနည်း ပြောလို့ရမလား။”
၎င်းမှာ သွေးရောင်အင်ပါယာ ယန္တရား အစည်းအရုံးမှ ဥက္ကဋ္ဌ ဆရာသခင် သူရိယ ဖြစ်နေသည်ကို ချန်လွေ့ တွေ့လိုက်သည်။ မိုးရီ လိုအပ်သော သြဇာယွမ်မြေကို ရရှိရန်အတွက် ထိုစဉ်က ချန်လွေ့သည် ဆက်ခ်ရက်တောင်၏ တည်နေရာကို စူးစမ်းရန် စာအုပ်ပေါင်းချုပ် ခန်းမသို့ ခိုးဝင်ခဲ့သည်။ နောက်ပိုင်း ‘ထိပ်တန်း ယန္တရားဆရာသခင်’နိတ်၏ သွေးဆောင်မှု အောက်တွင် သူက ဆရာကို သစ္စာဖောက် ခဲ့သော်လည်း နိတ်၏ အရုပ်ဆိုးသော မျက်နှာနှင့် ဆရာသခင် ဖွန်ဆက်နှင့် အခြားသူများကို အကွက်ချ စီစဉ်ခဲ့သည့် ဆိုးရွားသော လုပ်ရပ်များကို ဖော်ထုတ်ရန် သေယောင်ဆောင်ခဲ့သည်။ နောက်ဆုံး လူထုကို ဒေါသ ဖြစ်ပေါ်စေခဲ့သော နိတ်က ရိုင်ဇန်၏ ဖမ်းဆီး အကျဉ်းချခြင်းကို ခံခဲ့ရသည်။ ထို့နောက်တွင် သူရိယက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့၏။
နောက်ပိုင်းတွင် တစ်ဖနီက ‘သော့’ ဖြစ်လာရန် စာအုပ်ပေါင်းချုပ် ခန်းမသို့ ဝင်ရောက်ခဲ့စဉ် သူရိယက ထူးဆန်းသော စွမ်းအား၏ သက်ရောက်မှုကို ခံခဲ့ရပြီး သေလုနီးပါး ဖြစ်ခဲ့သည်။ ချန်လွေ့က တစ်ဖနီကို ပြန်လည် ခေါ်ဆောင်ရန် စာအုပ်ပေါင်းချုပ် ခန်းမသို့ သွားခဲ့ရပြီး ဆာရီရယ်၏ မိစ္ဆာမျက်ဆံ စွမ်းအားကို လက်ခံကာ သူရိယကိုလည်း ကယ်တင်ခဲ့သည်။
“ခုနက ဆရာသခင် ပြောခဲ့တဲ့ မှော်အစီအရင် ပတ်လမ်းနဲ့ ပတ်သက်ပြီး ကျုပ်မှာ အပေါ်ယံ သုတေသန အမြင် တချို့ ရှိတယ်။ ကြည့်ပေးပါ။” သူရိယက ပုံကြမ်းတစ်ခုကို ထုတ်ယူလိုက်သည်။
လျှို့ဝှက်ဆန်းကြယ်သော ဆရာသခင်က ပုံကြမ်းကို ကြည့်လိုက်ပြီး လွှတ်ခနဲ ပြောလိုက်၏။ “အံ့ဩစရာပဲ! ဒီပတ်လမ်းတွေက အတော်လေးကို ပါးနပ်တယ်။ ဒါက မှော်အစီအရင်မှာရှိတဲ့ ဆရာသခင်ရဲ့ ပါရမီလို့ ခေါ်လို့ရမယ်... ဒါပေမဲ့ ဒီမှော်အစီအရင်က... ဆာ... ဆရာသခင် ခွင့်လွှတ်ပေးပါ။ ခင်ဗျားက ဒီပုံကြမ်းကို ရေးသားတဲ့သူလား။”
“မဟာဆရာသခင်ဆိုတဲ့ အတိုင်းပါပဲ။” တူရိယက ရှက်မသွားပေ။ “ခင်ဗျားက မှော်အစီအရင် ပြဿနာကို တစ်ချက် ကြည့်ရုံနဲ့ သတိပြုမိတယ်။ အမှန်အတိုင်း ပြောရရင် ဒါက ကျုပ်သမီး ဘလူအန်ရဲ့ လက်ရာပါ။ သူက မှော်အစီအရင် အသိပညာနဲ့ ထိတွေ့တာ ၃နှစ်တောင် မပြည့်သေးပါဘူး။ တချို့ ဒီဇိုင်းတွေက ကလေးဆန်နေတဲ့ပုံပဲ။”
ဘလူအန်လား။ မျက်မှန်တပ်ထားသော ချောမောလှပသည့် မိန်းကလေးတစ်ဦး ချန်လွေ့၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။ သူသည် ထိုစဉ်က ထိုမိန်းကလေးနှင့် ဆက်ဆံမှုအချို့ ရှိခဲ့သော်လည်း ထို‘ရစ်ချတ်’က နိတ်အဖြစ်အပျက်တွင် သေဆုံးသွားခဲ့၏။ နောက်ပိုင်း သွေးရောင် အင်ပါယာ၌ တွေ့ဆုံမှုမှာပင် တစ်ယောက်ကို တစ်ယောက် မသိဘဲ တွေ့ဆုံခြင်း ဖြစ်သည်။
ချန်လွေ့က ပုံကြမ်းကို ကြည့်လိုက်ရာ ထိုထဲမှ လျှို့ဝှက်ဆန်းကြယ်မှုကို ချက်ချင်း မြင်တွေ့လိုက်သည်။ ဘလူအန်မှာ ဒီလို အရည်အချင်း ရှိမယ်လို့ မထင်ထားခဲ့ဘူး။ ဒါက ပျိုးထောင်ပေးဖို့ တန်တယ်။
“မစ်-ဘလူအန်က ဒီမှာ ရှိနေလား။”
လျှို့ဝှက်ဆန်းကြယ်သော ဆရာသခင်က သမီးဖြစ်သူ၏ ဖန်တီးမှုကို အသိအမှတ်ပြုသည်ကို မြင်ရာ တူရိယ တိတ်တဆိတ် ဝမ်းမြောက်သွားလေသည်။ “သူက ဆရာသခင် အဆင့်ကို မရောက်သေးတော့ ဒီညီလာခံကို တက်ရောက်ဖို့ အရည်အချင်း မရှိပါဘူး။ ဒါပေမဲ့ သူ့ရဲ့အသိပညာ တိုးပွားစေဖို့ ကျုပ် ဒီတစ်ခေါက် သွေးရောင် အင်ပါယာကနေ သူ့ကို ကြယ်ကြွေတမန်မြို့ဆီကို အထူး ခေါ်ဆောင်လာခဲ့တာပါ။”
လျှို့ဝှက်ဆန်းကြယ်သော ဆရာသခင် ခေါင်းညိတ်လိုက်၏။ “သိပ်ကောင်းတယ်။ ညီလာခံပြီးလို့ အချိန်ရရင် မှော်အစီအရင် ပါရမီရှင်လေးနဲ့ တွေ့ဆုံချင်ပါတယ်။”
တူရိယ အလွန် ဝမ်းမြောက်သွားပြီး အလျင်အမြန် သဘောတူလိုက်၏။
ဆရာသခင်များက တစ်ယောက်ပြီး တစ်ယောက် မနာလိုသော အကြည့်များ ကြည့်လိုက်ကြလေသည်။ ထိုသို့သော ညီလာခံမျိုးတွင် ဆရာသခင်တစ်ဦး၏ လူပုံအလယ်တွင် ချီးကျူးမှုကို ရရှိခြင်းက ထိုဘလူအန်၏ အဆင့်အတန်း မည်သို့ပင် ဖြစ်စေ အနည်းဆုံးတော့ ယန္တရား လောကတွင် တောက်ပသော အနာဂတ် ရှိနေပြီ ဖြစ်သည်။
သို့ဖြင့် လူတိုင်းက ပိုမိုတက်ကြွသော ဆွေးနွေးမှုကို စတင်ခဲ့ပြီး မှော်အစီအရင် ပတ်လမ်းနှင့် ဒီဇိုင်းကဲ့သို့သော ကဏ္ဍ အမျိုးမျိုးတွင် တီထွင်ဖန်တီးမှု ဆိုင်ရာ အမြင်အမျိုးမျိုးကို တင်ပြခဲ့ကြသည်။
သို့သော် ခဏ နားထောင်ပြီးနောက် ဘေးဘက်မှ ချန်လွေ့က ထရပ်လိုက်ပြီး စွမ်းအား ပါဝင်သော အသံတစ်ခု ထွက်ပေါ်လာကာ ဆွေးနွေးမှု အားလုံးကို လွှမ်းမိုးသွားသည်။ “အမှန်အတိုင်း ပြောရရင် ကျုပ် အရမ်းစိတ်ပျက်မိတယ်။ ခပ်ရိုင်းရိုင်း ပြောရရင် သေနတ်တွေကို ခင်ဗျားတို့အားလုံး လုပ်ခဲ့တဲ့နည်းအတိုင်း မကစားသင့်ဘူး။”
ထိုစကားများတွင် ဖုံးကွယ်မထားသော အထင်သေးသည့် အဓိပ္ပာယ် ပါဝင်နေ၏။ လူတိုင်း အံ့ဩသွားမိ ကြပြီးနောက် ‘အက်ဂ်ယော’ သက်ပြင်းချသည်ကိုသာ ကြားလိုက်ရသည်။ “ယန္တရား ဖြစ်ဖြစ်၊ ဆေးရည်ပညာ ဖြစ်ဖြစ်၊ စာလိပ်ပညာ ဖြစ်ဖြစ်၊ တခြား ယန္တရားပညာ ဖြစ်ဖြစ်၊ တပည့်ဖြစ်ဖြစ်၊ အဂ္ဂိရတ်ပညာရှင်ဖြစ်ဖြစ်၊ ဆရာသခင် ဖြစ်ဖြစ်၊ မဟာဆရာသခင် ဖြစ်ဖြစ် အရေးအကြီးဆုံး စကားလုံး တစ်လုံး ရှိတယ်။ အဲဒါက ‘ဖန်တီးခြင်း’ပဲ။ ဖန်တီးခြင်းရဲ့ အနှစ်သာရက အဆုံးမဲ့ စိတ်ကူးစိတ်သန်းအပေါ်မှာ တည်ရှိတယ်။ ကျုပ်ရဲ့မိတ်ဆွေ ပြောတာက တကယ် အံ့ဩစရာ ကောင်းတဲ့ ဖန်တီးမှုတစ်ခု ဖြစ်တယ်။ မစ်ဘလူအန်ရဲ့ မှော်အစီအရင် ပတ်လမ်း စိတ်ကူးနဲ့ ခင်ဗျားတို့ဆီက အကြံပြုချက် တချို့ကို မငြင်းပယ်ပါဘူး၊ ဒါပေမဲ့ သတိထားရမှာက ခင်ဗျားတို့ရဲ့ အာရုံစိုက်နေတာက အရမ်းကို ကျဉ်းမြောင်းလွန်းနေတုန်းပဲ!”
ကျဉ်းမြောင်းတယ် ဟုတ်လား။ ဆရာသခင်များက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြလေသည်။ ထယ်တင်းနစ်နှင့် လျှို့ဝှက်ဆန်းကြယ်သော ဆရာသခင်နှစ်ဦးပင် ချန်လွေ့အပေါ်သို့ စူးစိုက်ကြည့်နေလိုက်ကြသည်။
“အတွေးအခေါ်ကို ဘောင်တစ်ခုခုနဲ့ သတ်မှတ်လိုက်တာက စစ်မှန်တဲ့ စိတ်ကူးစိတ်သန်းကို သတ်ပစ်လိုက်တာနဲ့ အတူတူပဲ။ အသုံးပြုသူရဲ့ ရှုထောင့်ကို ကြည့်ရအောင်။ အခု မှော်သုံးတဲ့သူက ရန်သူကို မျက်နှာချင်းဆိုင် တိုက်ခိုက်တဲ့ စစ်သည်တော်တစ်ယောက် ဆိုရင် သူက ရန်သူ အများကြီးကို ရင်ဆိုင်ရမယ်။ အဲဒီအခါ သူ လိုချင်တဲ့ မှော်သေနတ်က လျင်မြန်ပြီး အလှမ်းဝေး တိုက်ခိုက်မှုတွေ လုပ်နိုင်ပြီး တခါတည်း အချက်အများကြီး ပစ်နိုင်တဲ့ သေနတ် ဖြစ်လောက်တယ်။ အကယ်၍ သူက ရန်သူရဲ့ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ဆိုရင် လိုအပ်တာက ချောင်းမြောင်းပစ်ခတ်ဖို့ အကွာအဝေးနှင့် တိကျမှု လိုအပ်ချက် မြင့်မားတဲ့ အဝေးပစ် မှော်သေနတ်မျိုး... ဒီလိုမျိုး တခြားစိတ်ကူးတွေ အများကြီး ရှိသေးတယ်။ လူတိုင်း အတွေးအခေါ်တွေ စုပေါင်း ဖလှယ်ပြီးတော့ စိတ်ကူးပြီး ဖန်တီးနိုင်ပါတယ်။”
ယခင်က အနည်းငယ် မယုံကြည် ဖြစ်နေသော ယန္တရား ဆရာသခင်များ၏ မျက်လုံးများ လင်းလက်သွားလေသည်။ အမှန်ပင် ‘အက်ဂ်ယော’ ပြောလိုက်သော ရှုထောင့်မှာ ယခင်က မည်သူမျှ မစဉ်းစားခဲ့ဖူးသော အရာ ဖြစ်၏။
“ရှေ့ကို ကြိုစဉ်းစားပြီး နောက်ထပ် ဥပမာတစ်ခု ပေးမယ်။ မှော်သေနတ်က ဘာလို့ သတ်ဖြတ်ဖို့ ဒါမှမဟုတ် ဖျက်ဆီးဖို့ပဲ ဖြစ်ရမှာလဲ။ တကယ်လို့ တိုက်ပွဲမှာ အပေါင်းအဖော် တစ်ယောက် ဒဏ်ရာ အပြင်းအထန် ရနေပြီးတော့ သူ့ရဲ့ အသက်က စိုးရိမ်ရတဲ့ အခြေအနေမှာ အကွာအဝေး၊ မှော်စွမ်းအား ဒါမှမဟုတ် အမြန်နှုန်းလိုမျိုး အခြေအနေအမျိုးမျိုးရဲ့ ကန့်သတ်ချက်တွေကြောင့် ကယ်တင်ဖို့ မဖြစ်နိုင်ဘူး။ ဒီလိုမျိုး အခြေအနေမှာ ကျုပ်တို့ရဲ့ အပေါင်းအဖော်တွေကို အမြန်ဆုံး ကယ်တင်နိုင်ဖို့ ကုသရေး မှော်ပညာနှင့် ရှေးဦးသူနာပြုဆေးဝါးတွေ ပါဝင်တဲ့ ကျည်တစ်မျိုးမျိုးကို ပစ်ခတ်ဖို့ သီးခြား မှော်သေနတ် တစ်လက်ကို အသုံးပြုဖို့ စဉ်းစားလို့ မရဘူးလား။”
ချန်လွေ့ ထိုစိတ်ကူးကို ပြောလိုက်ရာ မဟာဆရာသခင် သုံးဦးလုံး တစ်ချိန်တည်း ခေါင်းညိတ်လိုက်ပြီး ဆရာသခင်များမှာမူ သူတို့၏ လေးစားမှုနှင့် အမူအရာများ တစ်ယောက်ပြီး တစ်ယောက် ပြသခဲ့၏။ ရှေးဦးသူနာပြု သေနတ်တွေကို ဥပမာ အနေနဲ့ ထားလိုက်။ ဒါ လုံးဝ ဖြစ်နိုင်ပြီး လက်တွေ့ကျတယ်။ ပြီးတော့ ပါဝင်တဲ့ အသိပညာ နယ်ပယ်က ယန္တရားပညာ တစ်ခုတည်း မဟုတ်တော့ဘူး။ ဆေးရည် ပညာရှင်၊ စာလိပ်ပညာ ဆရာသခင်က ဒီလို ခေါင်းစဉ်ဆွေးနွေးမှုမှာ ပါဝင်ဖို့ ခေါ်နေကြတာ ဒါကြောင့်ကိုး။
ဆရာသခင်အဆင့် ရောက်ခဲ့သည်မှာ ကံကောင်းခြင်း တစ်ခုတည်းကြောင့် မဟုတ်ပေ။ ချန်လွေ့၏ စကားများဖြင့် သတိပေးလိုက်ရာတွင် မူလ တွေးခေါ်မှု ကန့်သတ်ချက် ရုတ်တရက် ကျိုးပဲ့သွားပြီး အံ့ဩဖွယ်ရာ စိတ်ကူးစိတ်သန်းများစွာ ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ အချို့ သီဝရီများက သေနတ်များတွင်သာ ကန့်သတ် မထားဘဲ အပူလက်နက် အမျိုးအစား များစွာသို့ ကျယ်ပြန့်သွား၏။ ၎င်းမှာ လက်တွေ့မကျသေးသော်လည်း နည်းလမ်းအသစ် တစ်ခုကို ရှာဖွေရန် လုံလောက်ပေသည်။
ထိုမြင်ကွင်းကို မြင်ရာ မျက်နှာဖုံး နောက်ကွယ်မှ ချန်လွေ့၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ၎င်းမှာ အချိန်သာ လိုအပ်သည့် ကိစ္စတစ်ခု ဖြစ်နိုင်သော်လည်း ယနေ့တွင် မီးကို သူ၏ လက်ဖြင့် ကိုယ်တိုင် မွှေးလိုက်ခြင်းပင်။
ဒါ ငါ့ရဲ့ အတိတ်ဘဝက ဒဏ္ဍာရီလာ ပန်ဒိုရာသေတ္တာ ဟုတ်မဟုတ် မသိဘူး။ ဒါပေမဲ့ ငါ ဖွင့်ဖို့ ဆုံးဖြတ်ပြီး ဆိုမှတော့ နောင်တရမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ဒါက လူတွေကို အနာဂတ်အကြောင်း နည်းနည်းလောက် ပိုပြီးတော့ ဆုပ်ကိုင်နိုင်စေလိမ့်မယ်။ နည်းနည်းလေးပဲ ဖြစ်နေရင်တောင်မှပေါ့။