တာဝန်အပ်နှင်းခြင်း
Vol. 70 Ch. 1128
“ဒီဝိုင်မျိုးက တကယ် ပြင်းတာပဲ!” ဘန်းဒ်က ဝိုင်ခွက်မှ တစ်ငုံ သောက်ပြီး နီရဲနေသော နှာခေါင်းက ပို၍ပင် နီရဲလာခဲ့သည်။ “ဒါမှ တကယ့် လူပုနဲ့ လိုက်ဖက်တဲ့ ဝိုင်ပဲ! အရင်တစ်ခေါက် ကျောက်လက်သီးရွာမှာ သောက်ပြီးတော့ ရနံ့မွှေး ပြောင်းဆန်ဝိုင်အရက်တောင် မယှဉ်နိုင်တဲ့ ဒီဝိုင်ဖြူရဲ့ အရသာကို ငါ လုံးဝ မမေ့တော့ဘူး!”
“ရနံ့မွှေး ပြောင်းဆန်ဝိုင်နဲ့ ဝိုင်ဖြူမှာ ကိုယ်ပိုင် ထူးခြားချက်တွေ ရှိပါတယ်။ ငါကတော့ ရနံ့မွှေး ပြောင်းဆန်ဝိုင်ရဲ့ အရသာကို ပိုပြီးတော့ ကြိုက်နေတုန်းပဲ။ တကယ်တော့... နတ်ဆိုးဘုံရဲ့ မြောင်သစ်သီးဝိုင်နဲ့ ခရမ်းဘယ်ရီဝိုင်လည်း အတော်လေးကို ကောင်းပါတယ်။” လူပု မဟာဆရာသခင်၏ မိတ်ဆွေဟောင်း ဖီနိုအီယာက ပြောသည်။ နတ်သူငယ် မဟာဆရာသခင်၏ မျက်နှာသည်လည်း ထိုအခိုက်တွင် အနည်းငယ် နီရဲနေသည်။ အသေအချာပင် သူက ဝိုင်ဖြူ၏ အရှိန်ကို အသားမကျသေးပေ။ သူက ၎င်းကြောင့် အနည်းငယ် မူးဝေနေ၏။
ချန်လွေ့ ခရမ်းဘယ်ရီဝိုင် တစ်ပုလင်း ထုတ်ကာ ကမ်းပေးရင်း ရယ်လိုက်သည်။ “ခင်ဗျားတို့ နှစ်ယောက် ကြိုက်တဲ့ ဝိုင်နှစ်မျိုးလုံးက အရိပ်နက်အင်ပါယာရဲ့ အထူး ထုတ်ကုန်တွေပဲ။ ဒီပုလင်းက ကျုပ်ရဲ့ လက်ကျန်ထဲက နောက်ဆုံး တစ်လုံးပဲ။ ဒါပေမဲ့ ခင်ဗျားတို့ ဒီမှာ အနည်းဆုံး နောက်တစ်ပတ်လောက် နေဦးမှာပဲ။ ကျုပ် ခင်ဗျားတို့ ပြန်ယူသွားဖို့ အကောင်းဆုံး သစ်သီးဝိုင် တစ်သုတ်ကို အရိပ်နက် အင်ပါယာ နန်းတော်ကနေ သွားယူပေးပါ့မယ်။”
“ဒီလိုဆိုရင်တော့ မငြင်းတော့ပါဘူး။ မင်းက ဧကရီအရှင်မ သုံးပါးရဲ့ ကြင်ရာတော် မင်းသား ဖြစ်နေတာကိုး။ အာဏာကို ကိုယ်ကျိုးအတွက် သုံးပေါ့။” ဖီနိုအီယာ ဝိုင်ဖြူကို ခရမ်းဘယ်ရီဝိုင်ဖြင့် ချက်ချင်း အစားထိုးလိုက်ပြီး ဖန်ခွက်ကို မြှောက်လိုက်လေသည်။ “မိတ်ဆွေတို့၊ အနာဂတ်က ဘယ်လိုဖြစ်လာမလဲဆိုတာ မသိဘူး။ ဒါပေမဲ့ အခု သောက်တာပေါ့။”
သူတို့ သုံးဦး အတူတကွ ဖန်ခွက်ချင်း တိုက်ကာ ပြုံးလိုက်ကြ၏။
အဂ္ဂိရတ် ပညာရပ်ဆိုင်ရာ ညီလာခံသို့ တက်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော မဟာဆရာသခင် နှစ်ဦးမှာ ချန်လွေ့၏ လူသားလောကမှ မဟာဆရာသခင် မိတ်ဆွေနှစ်ဦး ဖြစ်သော ဖီနိုအီယာနှင့် ဘန်းဒ်တို့ ဖြစ်နေခဲ့လေသည်။
မဟာဆရာသခင် နှစ်ဦးက အသူရာ ချောက်နက် အကြောင်းကို သိရှိသူများ ဖြစ်ကြရာ ချန်လွေ့က အားထုတ်မှုများစွာ မပြုလုပ်ခဲ့ရဘဲ သူတို့ကို ကျက်သရေ မျှော်စင်မှတစ်ဆင့် နတ်ဆိုးဘုံသို့ အောင်မြင်စွာ ဖိတ်ကြားနိုင်ခဲ့သည်။ သူတို့က လျှို့ဝှက်ဆန်းကြယ်သော ဧည့်သည်များ အဖြစ် အဂ္ဂိရတ် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။
နတ်ဆိုးဘုံက အမှန်တကယ်တွင် စည်းလုံး ညီညွတ်သော မဟာမိတ်အဖွဲ့ တစ်ခုကို ဖွဲ့စည်းထားပြီး သူတို့မိတ်ဆွေ၏ “သရုပ်မှန်”မှာ အမှန်တွင် အင်ပါယာ သုံးခု ကြင်ရာတော် မင်းသား ဖြစ်ကြောင်း သိရှိပြီးနောက်တွင် အမြင်ကျယ်သော နတ်သူငယ် ဖီနိုအီယာပင် မှင်သက် သွားခဲ့လေသည်။ လူသား တစ်ယောက်က တကယ်ပဲ နတ်ဆိုးဘုံရဲ့ စစ်မှန်တဲ့ အုပ်ချုပ်သူ ဖြစ်လာခဲ့တယ်။ ဒါက ဘာကို ဆိုလိုတာလဲ။ အထူးသဖြင့် နှစ်၁၀၀ကျော် ကြာပြီးရင် လောကနှစ်ခု အကြားမှာ စစ်ပွဲ ဖြစ်တော့မှာ။ အနာဂတ်မှာ ဒါကြောင့် အပြောင်းအလဲတွေ ရှိလာနိုင်မလား။
နတ်ဆိုးဘုံ၏ ကြွယ်ဝမှုသည်လည်း မဟာဆရာသခင် နှစ်ဦးကို အံ့ဩသွား စေခဲ့သည်။ ယခင်က ဒဏ္ဍာရီများ သတင်းများထဲမှ နတ်ဆိုးဘုံသည် မစည်ကားခြင်း၊ ကြမ်းတမ်းခြင်းနှင့် ဆိုးယုတ်ခြင်း ကဲ့သို့သော နာမ်စားများနှင့် မကြာခဏ ဆက်စပ်နေသော်လည်း ယနေ့ သူတို့ မြင်တွေ့ကြားသိ ခဲ့ရသည်များမှာ အတော်လေးကို ကွဲပြားနေလေသည်။ နတ်ဆိုးဘုံ၏ ကြွယ်ဝ ချမ်းသာမှုမှာ လူသားလောကထက် မနိမ့်ကျခဲ့ပေ။ လူသား လောကတွင် မရှိနေသော အသစ်အဆန်းများစွာပင် ရှိနေသေးသည်။
ရုပ်ရည်မှလွဲ၍ နတ်ဆိုးများက လူသားများနှင့် များစွာ ကွဲပြားသည်ဟု မခံစားရပေ။ လူသားများနှင့် ရုပ်ရည် ကွဲပြားသော နတ်သူငယ်နှင့် လူပုတို့ အတွက်မူ လက်ခံရန် ပို၍လွယ်ကူ၏။ လူသားလောကမှ နတ်သူငယ်မျိုးနွယ်စုက အမှောင် နတ်သူငယ်ကို အတော်အတန် ငြင်းပယ်မှု ရှိသော်လည်း တည်ငြိမ်သော စိတ်နေသဘောထားရှိပြီး ဘဝ၏ အနိမ့် အမြင့်များ မြင်တွေ့ခဲ့ဖူးသော ဖီနိုအီယာ အနေဖြင့် နတ်သူငယ် တစ်ပိုင်းပင်လျှင် လက်ခံနိုင်သည်။ သူက သူတို့အပေါ် မည်သည့် စိတ်ပိုင်းဆိုင်ရာ အတားအဆီးမှ မရှိခဲ့။ အမှန်မှာ ယခုတစ်ကြိမ်တွင် သူက ထိုသန့်စင်သော အဂ္ဂိရတ်ပညာရပ်ဆိုင်ရာ ညီလာခံသို့ ယန္တရားပညာရှင်တစ်ဦးအဖြစ် တက်ရောက်ခဲ့သည်။ အတွေးအခေါ်များ စုပေါင်း ဖလှယ်ပြီးနောက်တွင် သူလည်း များစွာ အကျိုးကျေးဇူး ရရှိခဲ့သည်။
ချန်လွေ့က သူတို့ နှစ်ယောက်ကို လူသားလောက၏ မှော်ဂိမ်း အဆင့် မြှင့်တင်မှုကို နတ်ဆိုးဘုံနှင့် တပြိုင်တည်း ဖြစ်အောင် လုပ်ဆောင်ပေးမည် ဖြစ်ပြီး မှော်လက်နက်များဖြင့် ရရှိသော သုတေသန ရလဒ်များကိုလည်း မျှဝေမည် ဖြစ်ကြောင်း ကတိပေးခဲ့သည်။
ကျက်သရေ မျှော်စင်က ယခင် ဆာရီရယ်နှင့် တိုက်ပွဲတွင် ပြင်းထန်စွာ ပျက်စီးသွားခဲ့သည်။ ချန်လွေ့က နည်းလမ်း အမျိုးမျိုးဖြင့် ပြုပြင်ရန် ကြိုးစားခဲ့ပြီး ကျက်သရေ မျှော်စင်၌လည်း အလိုအလျောက် ပြန်ကောင်းမွန်ခြင်း အထူးစွမ်းရည်အချို့ ရှိနေသော်လည်း ၎င်းမှာ လုံးဝ ပြန်လည်ကောင်းမွန်ခြင်း မရှိသေးပေ။ ၎င်းကို ၁၀ရက် တစ်ကြိမ်သာ အသုံးပြုနိုင်ရာ ဖီနိုအီယာနှင့် ဘန်းဒ်တို့က နောက်တစ်ကြိမ် အသုံးပြုနိုင်ချိန်အထိ နတ်ဆိုးဘုံတွင် ယာယီ နေထိုင်ရမည် ဖြစ်သည်။
“ဖီနိုအီယာ။ ခင်ဗျား အဲဒီနတ်ဆိုး မိန်းကလေးကို တပည့်အဖြစ် တကယ် လက်ခံတော့မှာလား။” ဘန်းဒ်က မေးလိုက်သည်။
“ဟုတ်တယ်။ ငါ မှော်အစီအရင်ကို တဘဝလုံးနီးပါး လေ့လာခဲ့တယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ သင့်တော်တဲ့ အမွေ ဆက်ခံသူကို မတွေ့ခဲ့ရဘူး။ ဘလူအန်ရဲ့ မှော်အစီအရင် အရည်အချင်းက ငါ့ရဲ့ တစ်ဘဝလုံးမှာ လုံးဝ မတွေ့ဖူးတဲ့အရာပဲ။ နတ်သူငယ် မျိုးနွယ်စုမှာတောင် ဒီလို အရည်အချင်းမျိုး မရှိဘူး။ သူက တစ်ဘဝလုံး မဟာဆရာသခင်နယ်ပယ်ကို မရောက်နိုင်ရင်တောင် မှော်အစီအရင် နယ်ပယ်မှာတော့ ထိပ်တန်း တည်ရှိမှု တစ်ခု ဖြစ်လာမှာ သေချာတယ်လို့ ငါ ပြောရဲတယ်။ အသိပညာမှာ နယ်နိမိတ်နဲ့ မျိုးနွယ် ပိုင်းခြားမှု မရှိဘူး။ ဒီလိုမျိုး တပည့်မျိုး ငါ လက်လွှတ်လို့ မဖြစ်ဘူး၊ သူက နတ်ဆိုး ဖြစ်နေရင်တောင်မှပေါ့။”
ပညာရပ်ဆိုင်ရာ ညီလာခံတွင် ဖီနိုအီယာ၏ မှတ်ချက်စကားများက မာရက်သူရိယ အတွက် မဟုတ်ခဲ့ပေ။ ညီလာခံပြီးနောက် အမြဲတမ်း အေးဆေး တည်ငြိမ်သော ဖီနိုအီယာက ချန်လွေ့ကို ခေါ်ဆောင်၍ သူရိယထံသို့ ချက်ချင်း သွားရောက် လည်ပတ်ခဲ့ပြီး မှော်အစီအရင် ပါရမီရှင် မိန်းကလေးနှင့် တွေ့ဆုံခဲ့သည်။
စမ်းသပ်မှု အများအပြား ပြုပြီးနောက် နတ်သူငယ် မဟာဆရာသခင်က ပို၍ပို၍ ကျေနပ်လာခဲ့သည်။ ချန်လွေ့ကို သက်သေထား၍ သူက ဘလူအန်ကို နေရာတွင်ပင် တပည့်အဖြစ် လက်ခံခဲ့ရာ ဆရာသခင် သူရိယနှင့် သူ၏ဇနီး ဆရာသခင် မာဗင်နာတို့ အလွန်ပင် ဝမ်းမြောက်သွားခဲ့ကြသည်။
ဖီနိုအီယာက ဘလူအန်အား ကိုယ်တိုင် လေ့လာရန်အတွက် သူ ရေးသားခဲ့သော မှော်အစီအရင် မှတ်စုစာအုပ် တစ်အုပ်ကို ချန်ထားခဲ့၏။ အနာဂတ်တွင် အခွင့်အရေး ရှိတိုင်း သူက ဘလူအန်အား လမ်းညွှန် ပေးနိုင်ရန် သွေးရောင် အင်ပါယာသို့ သွားရောက်မည် ဖြစ်သည်။
သရုပ်မှန်ကို ထုတ်ဖော်ရန် အဆင်မပြေ သော်လည်း ချန်လွေ့က သူရိယနှင့် ဘလူအန်တို့ ပျော်နေသည်ကို မြင်တွေ့ရာ စိတ်သက်သာရာ ရသွားခဲ့သည်။
“ဟုတ်တယ်။ အသိပညာမှာ နယ်နိမိတ် မရှိဘူး။” လူပု မဟာဆရာသခင်က ပထမတွင် ခေါင်းညိတ် လိုက်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ခု တွေးမိသွား၏။ “ကောက်ကျစ်တဲ့ နတ်သူငယ်! ငါလည်း တပည့် တစ်ယောက် လက်ခံမယ်၊ ပြီးရင် ဝိုင်ဖြူ ခဏခဏ သောက်ရမှာပဲ!”
နတ်သူငယ်ဆရာသခင်က ခဏတာ မှင်သက်သွားပြီး ရယ်မောလိုက်သည်။ “မင်း နောက်ဆုံးတော့ သဘောပေါက် သွားပြီလား။ အမြဲ စိတ်တစ်မျိုးတည်းရှိတဲ့ လူပုတွေ ကြားမှာလည်း ကောက်ကျစ်တဲ့ ဗီဇ ပြောင်းသွားတဲ့သူတွေ ရှိနေတဲ့ပုံပဲ။”
“ဒါကို ဉာဏ်ပညာလို့ ခေါ်တယ်!” လူပုအိုကြီးက မျက်လုံးပြူးပြူးနှင့် ဒေါသတကြီး ပြောလိုက်ရာ နှာခေါင်းမှာ ပို၍ပင် နီရဲလာခဲ့သည်။
“ဘန်းဒ်။ ခင်ဗျား တကယ်ပဲ တပည့် လက်ခံချင်ရင်တော့ ကျုပ် အပြည့်အဝ ထောက်ခံပါတယ်။” ချန်လွေ့ ရယ်လိုက်သည်။ “တခြားဟာတွေတော့ မပြောနိုင်ဘူး။ ဒါပေမဲ့ ဝိုင်ဖြူကိုတော့ ခင်ဗျားကို အလကား ပေးနိုင်တယ်။ ပြန်ယူသွားလို့တောင် ရသေးတယ်။”
“ဒါ မင်း ပြောတာနော်!” လူပုအိုကြီးက အလွန် ဝမ်းမြောက်သွားပြီး ဝိုင်တစ်ငုံ ထပ်မံ၍ သောက်လိုက်သည်။ လူပုက အမြဲပင် အသောက် ကြမ်းသော်လည်း ဝိုင်ဖြူ၏ စွမ်းအားမှာ အာနိသင် သက်ရောက်ရန် အချိန် အနည်းငယ် လိုအပ်သော ရနံ့မွှေး ပြောင်းဆန်ဝိုင်နှင့် လုံးဝကို ကွဲပြားပေသည်။ ခဏတာ သောက်ပြီးနောက် လူပုက ဆိုဖာပေါ်တွင် အိပ်ပျော်သွားခဲ့၏။
“ဒီလိုမျိုး ဝိုင်သောက်တဲ့ နည်းလမ်းက လူပုနဲ့ လိုက်ဖက်တယ်။ တခြားမျိုးနွယ် အတွက်တော့ ဒါက ခန္ဓာကိုယ်ကို ထိခိုက် စေလိမ့်မယ်။” ချန်လွေ့ ခေါင်းခါလိုက်၏။ လူပု၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံတွင် ဝိုင် အနှစ်သာရကို စုပ်ယူနိုင်သော အထူး စွမ်းရည် ရှိသည်။ မူးပြီးနောက် သူက စိတ်ကောင်းဝင်နေတတ်သည်။
“နတ်ဆိုးဘုံဝိုင်က လူသားလောကရဲ့ ဝိုင်ထက်ကို ပိုပြီး ပြင်းတယ်။ ဘန်းဒ်ကို ထားလိုက်ဦး။ ငါတောင် မူးတော့မယ်။” ဖီနိုအီယာ ခေါင်းခါလိုက်သည်၊ “ဒါက နည်းနည်း ရိုင်းပေမယ့် ငါ မင်းကို သတိပေးရမယ်၊ ချန်လွေ့။ အဲဒီ တာဝန် အပ်နှင်းတာကို မမေ့ပါနဲ့...”
“စိတ်မပူပါနဲ့။ ကတိမတည်တဲ့ လူဆိုး တစ်ယောက် ဖြစ်ရုံပဲ မဟုတ်ဘူးလား။ ကျုပ်က ဘာပဲဖြစ်ဖြစ် လူကောင်း တစ်ယောက် မဟုတ်ပါဘူး။” ချန်လွေ့ ကိုယ့်ကိုယ်ကိုယ် လှောင်ရယ်လိုက်၏။ “ကျုပ် မသိတာက ဆာ-အလူစီယာက ဘာလို့ ရုတ်တရက် ဒီလိုမျိုး တာဝန် အပ်နှင်းတာလဲ ဆိုတာပဲ။”
“မသိဘူး။ ငါ ပြောခဲ့တာတွေက ဆာ-အလူစီယာ ပြောခဲ့တာတွေကို ပြေတာပဲ။ တကယ်တော့ ဒီအကြောင်းကို ပထမဆုံး ကြားတုန်းက အတော်လေးကို အံ့အားသင့် သွားခဲ့တာ။”
ဖီနိုအီယာက ယခုတွ၍် နတ်ဆိုးဘုံသို့ ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟော အလူစီယာ၏ တာဝန် အပ်နှင်းခြင်း တစ်ခုကြောင့် ရောက်ရှိလာခဲ့သည်။ ၎င်းမှာ သဘာဝ သစ်ပင်ကို ယာယီ ထိန်းသိမ်းထားပြီး နတ်သူငယ် မျိုးနွယ်စုထံ ပြန်မပေးရန် ဖြစ်သည်။
ထိုသို့ တာဝန် အပ်နှင်းခြင်းမှာ အနည်းငယ် ထူးဆန်းသည်။ အလူစီယာ ချန်လွေ့ကို သဘာဝသစ်ပင်သို့ သွားရန် တောင်းဆိုခဲ့ပြီး ခီလီယာနာ ကိုယ်ပွားကို ချေမှုန်းပြီးနောက် သဘာဝသစ်ပင်လည်း ပြန်လည် မွေးဖွားလာကာ ချန်လွေ့၏ ကိုယ်ထဲတွင် အညှောင့်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သဘာဝသစ်ပင်မှာ အသူရာချောက်နက်စွမ်းအားဖြင့် တိုက်စားခံထားရသောကြောင့် ချန်လွေ့ ပေးသော ရေစင်(၃)ခု ရှိသော်လည်း ပြန်လည်ကောင်းမွန်လာရန် ၂နှစ်ကြာမည် ဖြစ်သည်။
ချန်လွေ့က နတ်သူငယ် ဧကရီကို သဘာဝသစ်ပင်အား စောင့်ရှောက်ရန် ကတိပေးခဲ့သည်။ ၂နှစ် ကြာပြီးနောက် သူက သဘာဝသစ်ပင်ကို နတ်သူငယ် မျိုးနွယ်စုထံသို့ ပြန်လည်ပေးအပ်မည် ဖြစ်သည်။ သူက နတ်သူငယ်ဘုရင် ဂုဏ်ထူးဆောင်ဘွဲ့ကိုလည်း ရရှိခဲ့သည်။ ယခု ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟောက သူ့ကို ထိုသို့ အပ်နှင်းခြင်းမျိုး ပေးခဲ့ရာ ၎င်းမှာ သူ့အတွက် အံ့ဩစရာပင်။
သို့သော် သဘာဝသစ်ပင်သည် ကောင်းသော အရာတစ်ခု ဖြစ်သည်။ ၎င်းက ချန်လွေ့၏ လေ့ကျင့်မှုနှင့် ယုံကြည်မှုအတွက် ကြီးမားလှသော အကျိုးကျေးဇူး ရှိသည်။ မှန်ပေသည်။ ၎င်းကို သိမ်းထားခြင်းက ပိုကောင်း၏။
“ဆာ-အလူစီယာက နတ်သူငယ် မျိုးနွယ်စုကို အန္တရာယ် ဖြစ်စေမှာ မဟုတ်ဘူး ဆိုတာကို ယုံကြည်တယ်။ မျိုးနွယ်စုကို ထုတ်ပြောဖို့ အဆင်မပြေလို့ ဖြစ်မယ်။ ဆာ-အလူစီယာက ငါ့ရဲ့ ဆရာတစ်ပိုင်းလည်း ဟုတ်တယ်။ သူက ငါ့အသက်ကို ကယ်ခဲ့တာ...” ဖီနိုအီယာ တွေးနေခဲ့သည်။ “တကယ်တော့ မင်းက ဆာ-စပန်နဲ့ အရင်ဆုံး ဆက်သွယ်ရုံပဲ။ ပြီးရင် မင်း နတ်သူငယ် မျိုးနွယ်စုမှာ ၂နှစ် အတွင်း မပေါ်လာဘူးဆိုရင် မင်းကို ပျောက်နေတယ်လို့ သတ်မှတ်လိမ့်မယ်။ ဒီနည်းနဲ့ဆိုရင် နတ်သူငယ် မျိုးနွယ်စုက ဆာ-စပန်ကို ရှာတွေ့ရင်တောင်မှ သူတို့ မင်းရဲ့ တည်နေရာကို သိမှာမဟုတ်ဘူး။”
“နားလည်ပါပြီ။” ချန်လွေ့က ပခုံးတွန့် လိုက်သည်။ “ကျုပ် လူသားလောကကို ရောက်ရင် ခင်ဗျားကို တွေ့မယ့်နေရာမှာ ဆုံးဖြတ်ဖို့ ဖုန်းဆက်လိုက်မယ်။ ပြီးရင် ကျုပ်တို့ နတ်ဆိုးဘုံကို အတူတူ သွားကြမယ်။ ဒီမှာ ခင်ဗျားရဲ့ တပည့် တစ်ယောက် ရှိနေတာပဲ။”
ဖီနိုအီယာ ပြုံးလိုက်၏။ “ဟုတ်တယ်၊ ခမ်းနား ကြီးကျယ်တဲ့ တယ်လီဖုန်း တီထွင်မှုအတွက် သောက်ရအောင်။”
“ခမ်းနား ကြီးကျယ်တဲ့ တီထွင်မှု အတွက်။” ချန်လွေ့က တယ်လီဖုန်းနှင့် ကြိုးမဲ့ တယ်လီဖုန်း၏ မူလတီထွင်သူ နှစ်ဦး၏ အမည်များကို စိတ်ထဲတွင် ရေရွတ်လိုက်၏။
ဖီနိုအီယာက ပြတင်းပေါက် အပြင်မှ ခရမ်းရောင်လကို ကြည့်လိုက်သည်။ “နတ်ဆိုးဘုံရဲ့ လရောင်က ဒီလောက် လှပပြီး ရင်ထဲကို ထိစေနိုင်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ကံဆိုးချင်တော့ ပက်ထရီစီ ဒီမှာ ရှိမနေတာပဲ။ မဟုတ်ရင် သူ စန္ဒရားတီးတာကို နားထောင်ပြီး ဝိုင်သောက်ရင်းနဲ့ လကို ကြည့်ရှုရတာက ဘဝရဲ့ အကြီးမားဆုံး ပျော်ရွှင်မှု ဖြစ်မှာပဲ။”
“ပက်ထရီစီ...” လှပပြီး ရက်ရောသော အမျိုးသမီး နတ်သူငယ် အကြီးအကဲ တစ်ဦး၏ ပုံရိပ်က ချန်လွေ့၏ စိတ်ထဲသို့ ရောက်ရှိလာသည်။ ထိုအကြီးအကဲက နတ်သူငယ် မင်းသမီးငယ်လေး မီရှယ်၏ ဆရာလည်း ဖြစ်ကာ သူ ရုတ်တရက် ပြောလိုက်သည်။ “ဒါဆို ကျုပ်တို့ရဲ့ နတ်သူငယ် မိတ်ဆွေက အကြီးအကဲ ပက်ထရီစီနဲ့ ဇာတ်လမ်း ရှိနေတာပေါ့။ ကျုပ် မှတ်မိသလောက်တော့ သူက လောလောဆယ် တစ်ယောက်တည်းပဲ ထင်တယ်။”
“တကယ်တော့ သူနဲ့ ငါက...” ဖီနိုအီယာ ထူထူးဆန်းဆန်း ရှက်ရွံ့သော အမူအရာကို ပြသခဲ့၏။ “မိတ်ဆွေတွေပါ။”
“မိတ်ဆွေတွေလား။ ကျုပ် ထင်တာက ခင်ဗျား မူးပြီးတော့ အမှန်အတိုင်း ပြောတာလို့ ထင်နေတာ။ ကျုပ် အထင်လွဲသွားတဲ့ပုံပဲ။” ချန်လွေ့က ထူးဆန်းစွာ ပြုံးလိုက်သည်။ “ကျုပ်ရဲ့ တောင်းပန်မှုကို ဖော်ပြဖို့အတွက် ကျုပ် ခင်ဗျားကို ခဏနေရင် နေရာကောင်း တစ်ခုကို ခေါ်သွားပါ့မယ်။ ဒါပေမဲ့ မနက်ဖြန်မနက် နိုးလာတဲ့အခါ ခင်ဗျားက ကဝေမ တစ်ယောက်ယောက် ဒါမှမဟုတ် တခြား လှပတဲ့ နတ်ဆိုးမ တစ်ယောက်ရဲ့ လက်ထဲမှာ အဝတ်ဗလာနဲ့ လှဲနေမလား ဆိုတာကိုတော့ အာမ မခံနိုင်ဘူး။”
ဖီနိုအီယာ ကြက်သေသေသွားပြီး ခါးသီးစွာ ပြုံးလိုက်၏။ “ဟုတ်ပါပြီ။ မင်း နိုင်ပါတယ်။ ငါ တကယ် မူးနေပြီ။”
ထိုအရာက မူးပြီး အမှန်အတိုင်း ပြောခြင်းကို ဝန်ခံခြင်းနှင့် ညီမျှပေသည်။ ချန်လွေ့က ပြုံးရင်း ဖီနိုအီယာနှင့် ဖန်ခွက်ချင်း တိုက်လိုက်သည်။ “မစ်-ပက်ထရီစီ အတွက်။”
နတ်သူငယ်က ဝိုင်တစ်ခွက်ကို သောက်လိုက်ပြီး သူ၏ နားများ လှုပ်ရှားသွားသည်။ “ဒါက ဘယ်လို ဂီတသံမျိုးလဲ။ သာယာလိုက်တာ။”
ချန်လွေ့သည်လည်း အဝေးမှ မှော်ရုပ်မြင်သံကြား အသံကို ကြားလိုက် ရသည်။ သူက ပြန်ဖြေသည်။ “ဒါက မြို့တော်ရဲ့ အရင် မှော်ဂီတဖျော်ဖြေပွဲ ပြန်ပြသတာ ဖြစ်မယ်။ ရက်အနည်းငယ် အတွင်း အမှောင်လ နယ်မြေမှာ ဖျော်ဖြေပွဲကြီး တစ်ခု ရှိမယ်။ ကျုပ်တို့ တိုက်ရိုက် ကြည့်လို့ရတယ်။”
“လရောင်၊ လှပတဲ့ဝိုင်၊ အရသာရှိတဲ့ အစားအစာ၊ လှပတဲ့ တေးဂီတ...” ဖီနိုအီယာ၏ အကြည့်က အနည်းငယ် ဝေဝါးလာ၏။ ဝိုင်ရောသောက်ခြင်းက အမူးလွယ်ဆုံး ဖြစ်သည်။ ပထမ ဝိုင်ဖြူ၊ ပြီးနောက် သစ်သီးဝိုင်၊ နတ်သူငယ်ပင် မခံနိုင်တော့။ “ငါ လရောင်နတ်ဘုရားမကို ဝန်ခံရမယ်။ နတ်ဆိုးဘုံကို ငါ ချစ်သွားပြီ။”
“လရောင် နတ်ဘုရားမက အိပ်ပျော် သွားလောက်ပြီ။ ဒါပေမဲ့ ကာကွယ်ဖို့ ထိုက်တန်တဲ့ ကမ္ဘာကြီးကို ဖန်တီးခဲ့တဲ့ မဟာဖန်ဆင်းရှင်ကို ဆုတောင်းလိုက်ပါ။”
“ဟုတ်တယ်။ မဟာ ဖန်ဆင်းရှင်။” ဖီနိုအီယာက မျက်လုံးကို အတင်း ဖွင့်လိုက်သည်။ “မင်းက ဖန်ဆင်းရှင်ကို သိလို့လား။”
ချန်လွေ့ ပြန်မေးသည်။ “ခင်ဗျားလည်း သိလို့လား။”
“မဟာဖန်ဆင်းရှင်က ဒီလောကကြီးကို ၇ရက်နဲ့ ဖန်ဆင်းခဲ့တယ်လို့ ဆာ-အလူစီယာ ပြောတာ ကြားဖူးတယ်...”
ချန်လွေ့က ခေါင်းညိတ်လိုက်သည်။ အစပိုင်းတွင် ဘာမှ မဟုတ်ခဲ့သော်လည်း နောက်ပိုင်းတွင် တစ်ခုခု မှားနေကြောင်း အမြဲ ခံစားခဲ့ရ၏။ ခဏ စဉ်းစားပြီးနောက် သူ ရုတ်တရက် နိုးလာခဲ့သည်။ ဖိုက်သွန် ပြောခဲ့ဖူးတာ မှတ်မိပြီ။ ဖန်ဆင်းရှင်က အရာအားလုံးကို ဖျက်ဆီးဖို့ ၃ရက် အချိန် ယူခဲ့ပြီးတော့ အခုလက်ရှိကို ဖန်တီးဖို့ ၃ရက် အချိန်ယူခဲ့တယ်။ ၃နဲ့၃ ပေါင်းရင် ၆။
အလူစီယာက ဘာလို့ ၇ရက်လို့ ပြောတာလဲ။ ၆ရက် မဟုတ်ဘူးလား။
“ဖီနိုအီယာ။ ၇ရက်ဆိုတာကို ခင်ဗျား သေချာလား။”
“ဒါပေါ့။ ၇ရက်...” ဖီနိုအီယာက ထိုသို့ ပြောလိုက်သော်လည်း သူ နောက်ဆုံးတွင် မတောင့်ခံနိုင်တော့ဘဲ ဆိုဖာပေါ်တွင် အိပ်ပျော်သွားတော့သည်။
ချန်လွေ့က ဖီနိုအီယာကို နှိုးကာ မေးရန် ပြင်လိုက်စဉ် သူ၏စိတ်ထဲ၌ အထူး အာရုံခံစားမှု တစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။ ထိုအာရုံခံစားမှုက ယခုအခါ မစိမ်းတော့ပေ။ ကြယ်နှစ်ပွင့် တိုးမြှင့်မှုပဲ! တစ်ယောက်ယောက်က လုပ်နိုင်ခဲ့ပြန်ပြီ!