← Chapters

‘နတ်ဘုရား’ အသစ်များ

Vol. 70 Ch. 1129

‘နတ်ဘုရား’ အသစ်များ

Vol. 70 Ch. 1129

စူပါစနစ်ထဲတွင် ပါ့ဂ်လီအိုက ကြယ်စင်စု နတ်ဘုရားကျောင်းကို ကြည့်နေခဲ့သည်။

သူက ဇိုလာနှင့် ကတ်သရင်းတို့၏ ဖော်ပြချက်များမှ ထိုထူးဆန်းသော လောက၏ပုံစံကို သိရှိထားသော်လည်း ကိုယ်တိုင် မြင်တွေ့လိုက်ရာ အတော်လေး တုန်လှုပ်သွားဆဲ ဖြစ်သည်။ အထူးသဖြင့် အဆုံးမဲ့ ကြယ်စင်စုပင်။ အဆိပ်နဂါးက အထူးအဆင့်သို့ ယခုမှ ရောက်လာသော လူသစ် တစ်ယောက် မဟုတ်တော့ပေ။ သူက အဆုံးမဲ့ ယုံကြည်မှုနှင့် အသက် စွမ်းအားများ ပါဝင်သော စစ်မှန်သော စကြဝဠာတစ်ခု သဖွယ်ပင် ထင်ရသည့် ကြီးမား ကျယ်ပြန့်သော အရှိန်အဝါကို အသေအချာ ခံစားမိနိုင်လေသည်။

ဒါက ချန်လွေ့ရဲ့ တိုင်းပြည်လား။

အဲဒီတုန်းက စွမ်းအားမဲ့တဲ့ အားနည်းတဲ့ ဒီလူသားက အခု တကယ်ကြီး ငါတောင် မော့ကြည့်ရတဲ့ အခြေအနေ ရောက်နေပြီ။

ငါတို့က ပုံမှန်ဆိုရင်တော့ စကားများ ရန်ဖြစ်ကြကြပေမဲ့ စိတ်ထဲမှာ မနာလို တာတွေ တကယ် မရှိဘူး။ အဲဒါအစား လိုက်မီဖို့ တိုက်ခိုက်ချင်စိတ်နဲ့ ရှင်းပြလို့ မရနိုင်တဲ့ မာနတစ်ခု ရှိနေတယ်။ ဒါက ‘အပေါင်းအဖော်’ ဖြစ်ရတဲ့ ခံစားချက်မျိုး ဖြစ်မယ် ထင်တယ်...

ပါ့ဂ်လီအို သက်ပြင်းချ နေစဉ်မှာပင် ချန်လွေ့က သူ့ အရှေ့ ရုတ်တရက်ကြီး ပေါ်ထွက်လာခဲ့သည်။

“ကောက်ကျစ်တဲ့ လူသား၊ ငါ့ကိုကြည့်။ ငါ နောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီ!” ပါ့ဂ်လီအိုက မျက်ခုံးများကို ပင့်လိုက်ပြီး ဂုဏ်ယူစွာ ပြောလိုက်၏။

ယခင် [လတိုင်းပြည်] တိုက်ပွဲပြီးနောက် အဆိပ်နဂါးက ချက်ချင်းပင် တံခါးပိတ် လေ့ကျင့်ခြင်း စတင်ခဲ့ပြီး ဆာရီရယ်၏ ဝိညာဉ် စွမ်းအားကို အပြည့်အဝ ချေဖျက် နားလည်ခဲ့သည်။ မှန်ပေသည်။ သူက မစ်-မြနဂါး၏ အတင်းအကျပ် လက်ထပ်ခြင်းမှ ထွက်ပြေးနေခြင်းလည်း ဖြစ်နိုင်သည်။

မည်သို့ပင် ဆိုစေကာမူ သူ၏ လေ့ကျင့်မှုမှာ ယခု ပြီးမြောက်သွားပြီ ဖြစ်ကာ ကြယ်၂ပွင့် ဆင့်ကဲပြောင်းလဲခြင်း စွမ်းအားကို လုံးဝ နားလည်သွားပြီ ဖြစ်သည်။ ထိုအရာမှာ ထိုတိုင်းပြည်တွင် နတ်ဘုရားအသစ်တစ်ပါး ထပ်တိုးလာခြင်း ဆိုလိုပေသည်။ အစွမ်းအထက်ဆုံးသော အဆုံးသတ်တိုက်ကွက်ဖြစ်သည့် [ကြယ်နတ်ဘုရားစုံမြင်ကွင်း]၏ စွမ်းအားလည်း အဆများစွာ တိုးပွားလာ ပေလိမ့်မည်။

“ကျေးဇူးတင်ပါတယ်။ ပါ့ဂ်လီအို။” ချန်လွေ့က ထိုအတောအတွင်း ပါ့ဂ်လီအို မည်မျှ အသည်းအသန် ကြိုးစားခဲ့သည်ကို ကောင်းစွာ သိသည်။ ထိုအသည်းအသန် ကြိုးပမ်း အားထုတ်မှုက အဆိပ်နဂါး ကိုယ်တိုင် အတွက်သာ မဟုတ်ခဲ့ပေ။

“ကိုယ့်ဘာသာကိုယ် ယူဆ မနေနဲ့။ ငါ ငါ့အတွက်ပဲ လုပ်နေတာ!” ပါ့ဂ်လီအိုက မထီမဲ့မြင် အကြည့်ဖြင့် ကြည့်လိုက်သည်။

ထင်ထားသလို ခေါင်းမာတဲ့ ပါးစပ်ပဲ။ သူက အရင်အတိုင်း ဘဲခေါင်းနဂါးဆိုတာ အသေအချာပဲ။ ချန်လွေ့ ပခုံးတွန့် လိုက်သည်။ “ခင်ဗျားရဲ့ နှလုံးသားထဲမှာ မစ်-ဘက်တီတစ်ယောက်ပဲ ရှိတယ်ဆိုတာ ကျုပ် သိပါတယ်။ ဒါကို ကြီးကျယ်တဲ့ လုပ်ရပ်တွေနဲ့ ခင်ဗျား သက်သေပြခဲ့ပြီးပြီ။ အမှောင်လနယ်မြေက လူတိုင်း သိတယ်။”

“မင်း ဒါကို မပြောလို့ မရဘူးလား။” အဆိပ်နဂါး၏ မျက်လုံးထောင့်များ တဆတ်ဆတ် တုန်သွား၏။ “နောက်ထပ် ဘာလုပ်ရမလဲ။ မိန်းမလှ တစ်ယောက်ရဲ့ မိတ်ဆွေနဲ့ မောင်းမဆောင် ဘုရင်လို နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်မလား။”

“ကံဆိုးချင်တော့ ခင်ဗျားရဲ့ သဘာဝနဲ့ အကိုက်ညီဆုံး ယုံကြည်မှု ဇစ်မြစ်ကပဲ ဘေးမှာ ပေါ်လာလိမ့်မယ်။ အဲဒီလိုမျိုး နတ်ဘုရား ရာထူးတွေ မရှိဘူး။ ဒါက စိတ်ကူးနဲ့ လက်တွေ့ရဲ့ ခြားနားချက်ပဲ။ ရှုံးနိမ့်သူတိုင်း ထိုးထွက်နိုင်တာ မဟုတ်။”

“ချန်လွေ့...” ဗာရိုနီကာ၏ အသံက အနောက်မှ ထွက်ပေါ်လာသည်။ “ဒါက နတ်ဘုရား အသစ်လား။”

ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ မိန်းမလှ တစ်ယောက်ပဲ! ပါ့ဂ်လီအို၏ မျက်လုံးများ လက်သွား၏။ သူက ခြေလှမ်းအနည်းငယ် ရှေ့သို့ တိုးလိုက်သည်။ “မိန်းမလှလေး.. ကျုပ် မေးလို့ရမလား...”

ဗာရိုနီကာက နှုတ်ခမ်းကို စေ့ပြီး ပြုံးလိုက်သည်။ “ကျွန်မရဲ့ နာမည်က ဗာရိုနီကာပါ။ အခု ကျွန်မက ဒီကြယ်စင်စု နတ်ဘုရားကျောင်းရဲ့ နတ်ဝင်သည်ပါ။”

နတ်ဝင်သည်လား။ အဆိပ်နဂါးက မျက်လုံးများကို လှိမ့်လိုက်သည်။ သူနှင့် ပရောပရည် မလုပ်နိုင်ခင်မှာပင် ချန်လွေ့ လျှောက်လာပြီး ဗာရိုနီကာ၏ လက်ကို ကိုင်လိုက်၏။ “မိတ်ဆွေရဲ့ ဇနီးကို အနိုင်မကျင့်ရဘူးလေ။ သိပြီလား။”

မနာလိုခြင်း၊ အားကျခြင်းနှင့် မုန်းတီးခြင်းတို့ဖြင့် ပြည့်နေသော အဆိပ်နဂါးသည် ဒေါသတကြီးဖြစ်သွားသည်၊ “အို၊ ကောက်ကျစ်တဲ့ လူသား! မင်းက လှပတဲ့အမျိုးသမီးတစ်ယောက်ကို ဒီမှာ တကယ်ဝှက်ထားတာပဲ! ငါမင်းကို သတင်းပေးတိုင်ကြားတော့မယ်!”

“ခင်ဗျားက ပါ့ဂ်လီအိုဖြစ်ရမယ်နော်။ ချန်လွေ့က ခင်ဗျားအကြောင်း အရင်ကပြောဖူးတယ်၊ သူ့ရဲ့အကောင်းဆုံးမိတ်ဆွေနဲ့ ညီအစ်ကိုတဲ့။” ဗာရိုနီကာသည် ‘မိတ်ဆွေရဲ့ဇနီး’ ဟူသော စကားလုံးကို ကြားသောအခါ သူ၏မျက်နှာ နီမြန်းသွားပြီး ဦးညွှတ်လိုက်သည်၊ “ခင်ဗျားကို တွေ့ရတာ အရမ်းဝမ်းသာပါတယ်။”

ထူးခြားသော စိတ်နေသဘောထားရှိသော ယဉ်ကျေးသော ဗာရိုနီကာကို ရင်ဆိုင်ရာတွင် ပါ့ဂ်လီအိုသည် ‘ရုပ်ချောတဲ့ မိန်းကလေးတွေအားလုံး ရုပ်ဆိုးတဲ့ ယောက်ျားတွေက ယူသွားကြတာပဲ’ စသည်ဖြင့် တိုးတိုးလေးရေရွတ်ရင်း ရိုးသားစွာ ပြန်လည်ဦးညွှတ်လိုက်သည်။

“ဟေး၊ ခေါင်းမာတဲ့ နဂါး။ သတင်းပေးတိုင်ကြားမယ့် မကောင်းတဲ့စိတ်ကူးကို မေ့လိုက်တော့။ ဗာရိုနီကာက ငါဝှက်ထားတဲ့ သူစိမ်းတစ်ယောက်မဟုတ်ဘူး။ သူက ဇိုလာ၊ ကတ်သရင်း၊ အစ္စဘယ်လာ၊ တစ်ဖာနီနဲ့ ဖိုက်သွန်တို့နဲ့ မိတ်ဆွေတွေ။”

ဇိုလာ؟ ဖိုက်သွန်؟ ဆရာသခင် အဆိပ်နဂါးသည် တုန်လှုပ်မသွားဘဲ မနေနိုင်တော့ပေ၊ ဗာရိုနီကာက အဲ့ဒီရူးနေတဲ့မိန်းမနှစ်ယောက်နဲ့ တကယ်မိတ်ဆွေတွေလား။

ဗာရိုနီကာ ပြုံးလိုက်သည်၊ “အရင်ဆုံး ယုံကြည်မှု မျှော်စင်ကို သွားကြရအောင်။”

သူတို့သုံးဦးသည် ပြင်းထန်သောအလင်းရောင်ဖြင့် လင်းလက်နေသော ယုံကြည်မှု မျှော်စင်သို့ ရောက်ရှိလာကြသည်။ ယုံကြည်မှု မျှော်စင်နှင့် နီးကပ်နေသော ပါ့ဂ်လီအိုတွင်လည်း ပဲ့တင်ထပ်သော စွမ်းအားတစ်ခု ရှိနေသည်။

ယုံကြည်မှု မျှော်စင်ထဲမှ ယုံကြည်မှုဇစ်မြစ်အမျိုးမျိုးသည် ပုံစံအမျိုးမျိုးအဖြစ်သို့ ပေါင်းစပ်ရောယှက်စပြုလာသည်။ ပါ့ဂ်လီအိုသည် အလင်းတန်းတစ်ခုဖြင့် ဖုံးလွှမ်းခြင်းခံလိုက်ရပြီး ယုံကြည်မှု မျှော်စင်ထဲသို့ စုပ်ယူခြင်းခံလိုက်ရသည်။

နေအဖွဲ့အစည်း၏ ဂြိုဟ်များစွာပေါ်တွင် ပါ့ဂ်လီအို၏ ဧရာမ ထင်ယောင်ထင်မှား ပုံရိပ် ပေါ်ထွက်လာပြီး နတ်ဘုရားအသစ်တစ်ပါး ဖန်တီးခြင်းကို ညွှန်ပြနေသည်။

ဇိုလာနှင့် ကတ်သရင်းတို့၏ ‘နတ်ဘုရား ချီးမြှင့်ခြင်း’ ကဲ့သို့ပင် ထိုနတ်ဘုရား၏ အမည်နှင့် သူပိုင်ဆိုင်သော ယုံကြည်မှုသည် လူတို့၏ စိတ်ထဲတွင် အလိုအလျောက် ပေါ်ထွက်လာခဲ့သည်။ ယုံကြည်သူသည် သက်ဆိုင်ရာစွမ်းအားနှင့် ဉာဏ်အလင်းပွင့်မှုကို ရရှိခဲ့သည်။ ဘုရားကျောင်းများနှင့် နတ်ဘုရားရုပ်တုများသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

ယုံကြည်မှု မျှော်စင်၏ အလင်းရောင် ပို၍ ပြင်းထန်လာပြီး ကြယ်အပ်နှင်းခြင်း စင်မြင့်မှ ပါ့ဂ်လီအို၏ ကြယ်စင်စု နတ်ဘုရား ရုပ်ထုသည်လည်း အသက်နှင့် ယုံကြည်မှု စွမ်းအားများ ပြည့်နှက်သော တောက်ပနေသည့် ကြယ်အလင်းကို ထုတ်လွှတ်နေသည်။ ပုံရိပ်တစ်ခုလုံး၏ ဖွဲ့စည်းပုံက သိမ်မွေ့ပြီး စေ့စပ်သော ကြယ်မှုန်များ အဖြစ်သို့ ပြောင်းသွားကာ နေအဖွဲ့အစည်း တစ်ခု တဖြည်းဖြည်း ပုံပေါ်လာခဲ့သည်။

ချန်လွေ့က ကိုယ်ပိုင်စွမ်းအား ပိုမို၍ တိုးတက်လာသည်ကို အသေအချာပင် ခံစားလိုက်ရသည်။ အမှန်ပင် ထိုအရာက ‘ဓူဝံကြယ်ခရမ်းဧကရာဇ်’ အဆင့်မြှင့်ရန် အကောင်းဆုံး နည်းလမ်း ဖြစ်သည်။

အလင်းတန်း တစ်ခုက လက်ခနဲ ဖြစ်သွားပြီးနောက် ပါ့ဂ်လီအိုက အမြင် အာရုံထဲ ပြန်ပေါ်လာခဲ့သည်။

ထိုအချိန် အဆိပ်နဂါး၏ တကိုယ်လုံးမှ အငွေ့အသက်က ယခင်ကနှင့် လုံးဝ ကွဲပြားနေသည်။ အထင်ရှားဆုံး အရာမှာ ငွေရောင်နှင့် အစိမ်းရောင်ချပ်ကာ ဖြစ်ပြီး ၎င်းက လှပပြီး ခန့်ညားသော အရှိန်အဝါ ထုတ်လွှတ်နေ၏။

ကြယ်စင်စုနတ်ဘုရားရုပ်ထု၏ ‘နေအဖွဲ့အစည်း’ လုံးဝ တည်ငြိမ်သွားပြီ ဖြစ်သည်။ နတ်ဘုရား ရုပ်ထုတွင်လည်း ထိုကြယ်ချပ်ကာတစ်စုံ ရှိနေ၏။

“ဟားဟားဟားဟား!” ပါ့ဂ်လီအိုက ကြီးမား ကျယ်ပြန့်သော ကြယ်စင်စုမှ ကြီးမားလှသော စွမ်းအားနှင့် [ယုံကြည်မှု ချပ်ကာ]၏ အားကောင်းသော အငွေ့အသက်ကို ခံစားမိရာ အလွန် ဝမ်းမြောက်သွားလေသည်။

ယခင်က သူသည် ကြောက်မက်ဖွယ် မိုးပျံနယ်မြေထဲတွင် အဆက်မပြတ် ကြိုးစားအားထုတ်ခဲ့ရပြီး ဖိုက်သွန်နှင့် ဇိုလာတို့၏ ‘ညှဉ်းပန်းနှိပ်စက်မှု’ကြောင့် နောက်ဆုံးတွင် နတ်ဘုရားတစ်ပိုင်းသို့ ရောက်ခဲ့သည်။ သို့သော် ‘အစစ်အမှန်’ တိုင်းပြည်က ချို့ယွင်းချက် အတော်လေး ရှိနေသေးရာ နတ်ဘုရား တစ်ပိုင်း စွမ်းအား၏ နက်နဲမှုကို အမှန်တကယ် ဆုပ်ကိုင်နိုင်ခြင်း မရှိခဲ့ဘဲ [ယုံကြည်မှု ချပ်ကာ]ကို မရရှိနိုင်ခဲ့ပေ။

ကြယ်နှစ်ပွင့် ဆင့်ကဲပြောင်းလဲခြင်းကို ယခု နားလည် သဘောပေါက်သွားရာ စိတ်ကူး၍ မရနိုင်သော နေအဖွဲ့အစည်း တိုင်းပြည်နှင့် ထိုမျှ အားကောင်းသော [ယုံကြည်မှုချပ်ကာ]ကို ချက်ချင်းပင် ရရှိခဲ့သည်။ သူက တစ်ချက်တည်း လုံးဝ ပြန်လာနိုင်ခဲ့သည်။ အဆိပ်နဂါးက လုံးဝကို ပျော်ရွှင်မြူးတူးနေခဲ့၏။

“ကပ်ရောဂါ နတ်ဘုရား။” ချန်လွေ့ ပါ့ဂ်လီအိုကို ထူးဆန်းသော မျက်နှာဖြင့် ကြည့်လိုက်သည်။ “ထူးဆန်းတဲ့လူတွေက ထူးဆန်းတဲ့ ရွေးချယ်မှုတွေ ရှိကြတာ အသေအချာပဲ။”

ကပ်ရောဂါနတ်ဘုရားက ချန်လွေ့အား လွန်ခဲ့သော ဘဝတွင် ဖတ်ခဲ့ဖူးသော ‘နတ်ဘုရားများချီးမြှင့်ခြင်း’မှ လုရွယ်ကို သတိရသွားစေသည်။ နောက်ပိုင်းတွင် ကျန်းကျိယာက သူ့ကို ကပ်ရောဂါ နတ်ဘုရားအဖြစ် ချီးမြှင့်ခဲ့ပုံရလေသည်။ ဂုဏ်သတင်း စွန်းထင်းသွားသော်လည်း သူ၏ သေစေနိုင်စွမ်းမှာ အတော်လေး အံ့ဩဖွယ်ကောင်းလှသည်။

“ငါလည်း မသိဘူး။ အစကတော့ အဆိပ်ပြင်း ယုံကြည်မှုကို လိုချင်ခဲ့တာ။ ဒါပေမဲ့ အဆိပ်ပြင်း ယုံကြည်မှုဇစ်မြစ် မရှိဘူး။ အဲဒီအစား ကပ်ရောဂါက ပျံလာခဲ့တယ်။ ဒီ‘ရောဂါ’ကိုယ်တိုင်က ငါ့ရဲ့ အဆိပ်စွ မ်းအားကို ပိုပြီးတော့ အစွမ်း ထက်လာစေမယ့် အဆိပ်ပြင်းတဲ့ စွမ်းအား တစ်ခု ပါဝင်တယ်လို့ ခံစားမိတယ်။ ဟဲဟဲ။ ဘာပဲဖြစ်ဖြစ် ငါ အခု နတ်ဘုရားတစ်ပါး ဖြစ်နေပြီ!”

ပါ့ဂ်လီအိုက သူ၏ ခန္ဓာကိုယ်ပေါ်မှ [ယုံကြည်မှုချပ်ကာ]ကို ကျေနပ်စွာ လှုပ်ခါလိုက်သည်။ “ငါ အပြင်ထွက်ရင် ဘက်တီလေးကို ငါ့ရဲ့ သူရဲကောင်းဆန်တဲ့ ပုံစံ ကြည့်ခိုင်းရမယ်!”

“ဦးထုပ်က အစိမ်းရောင် မဟုတ်လို့ တော်သေးတယ်။” ချန်လွေ့ လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

“ခွေးကောင်။ မင်းဘာပြောတာလဲ။” ချန်လွေ့နှင့် ပထမဆုံး ထိတွေ့ခဲ့သော မိတ်ဆွေတစ်ဦး ဖြစ်သည့် အလျောက် သူက ထိုစကားလုံး၏ အဓိပ္ပာယ်ကို သိပြီး ဖြစ်သည်။

“ကျုပ် ပြောချင်တာက... အဲ... ခင်ဗျား သစ်သား စည်ပိုင်းထဲမှာ ပြေးတုန်းက သူရဲကောင်းဆန်တဲ့ပုံစံ အပြည့်အဝ ပေါ်လွင်နေခဲ့ပြီးသားပဲလေ။” ချန်လွေ့က ပြုံးဖြီးဖြီး လုပ်လိုက်သည်။

“ဟမ့်! ငါ စိတ်ကောင်းဝင်နေလို့ မင်းနဲ့ ငြင်းမနေတော့ဘူး။” ပါ့ဂ်လီအိုက ယခု အမှန်တကယ်ပင် စိတ်ကောင်းဝင်နေ၏။ တိုင်းပြည်နှင့် ယုံကြည်မှုကို ဖြေရှင်းပြီးရုံ သာမက သူက နတ်ဘုရားတစ်ပိုင်းအဆင့် တိုင်းပြည်စွမ်းအားကို အသက်သွင်းကာ မိုးကြိုး‌ကောက်ရိုက်တုတ်ကို လွတ်လပ်စွာ အသုံးပြုနိုင်ပြီ ဖြစ်ကာ ယခင်ကဲ့သို့ သွေးမျိုးဆက် စွမ်းအားကို ကုန်ဆုံးစေရန် မလိုတော့ပေ။

“စဉ်းစားကြည့်လိုက်တော့ ခင်ဗျားရဲ့ အဆင့်အတန်းက ပြောင်းလဲသွားတဲ့ပုံ မပေါ်ဘူး။ ခင်ဗျားက ဖိုက်သွန်ကိုလည်း မနိုင်ဘူး။ ကျုပ်ကိုလည်း မနိုင်ဘူး။ ဇိုလာကိုလည်း မနိုင်ဘူး... ဒါနဲ့ ကတ်သရင်းက နောက်တစ်ခါ ထပ်ပြီး အဆင့်ငယ်လေး တက်တော့မယ်။ နိဗ္ဗာန် စွမ်းအားက ခင်ဗျားရဲ့ အဆိပ်အပေါ်မှာ လုံးဝကို အသာစီးရနေတယ်။ ဒါကြောင့် သူ့ကိုလည်း ခင်ဗျား မနိုင်ဘူး။” ချန်လွေ့ တွက်ချက်လိုက်၏။ “ခင်ဗျားက ပုံမှန် အတိုင်း ပဉ္စမနေရာမှာ ရှိနေတုန်းပဲ။”

“အဲဒီတုန်းက ငါ မင်းကို အလွယ်လေး ရိုက်ခဲ့တာ!” အဆိပ်နဂါး ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိသည်။ “ဖိုက်သွန်အကြောင်း ပြောမှ... ငါ အခု ကပ်ရောဂါ နတ်ဘုရား ဖြစ်နေပြီ၊ အဲဒီ အရူးမက [လတိုင်းပြည်]မှာ ဝန်ထုပ်ဝန်ပိုး မဖြစ်ဖို့ ငါ့ကို ပြောခဲ့တယ်။ အခုအထိ သူကိုယ်တိုင် ဒီမှာ နတ်ဘုရားမတစ်ပါး မဖြစ်သေးဘူး။ နောက် သူနဲ့ တွေ့ရင်...”

“....ဘာလုပ်မှာလဲ။” ဂရုမထားသော အသံတစ်ခု ထွက်ပေါ်လာရာ ပါ့ဂ်လီအို တုန်လှုပ်သွား၏။ မဖြစ်နိုင်တာ!

အသံက သူ၏ အရှေ့တွင် ချက်ချင်း ပေါ်လာခဲ့လေသည်။ “ဆက်ပြောလေ။ ဆရာသခင် ပါ့ဂ်လီအို။”

တကယ့် အရူးမပဲ!

နဂါးကောင်း ချက်ချင်း အရှုံးမခံ ဟူသော စည်းမျဉ်းနှင့်အညီ ပါ့ဂ်လီအိုက ကြမ်းတမ်းသော စကား အချို့ကို ခက်ခက်ခဲခဲ မြိုချပြီး ပြုံးပြလိုက်သည်။ “မစ်-ဖိုက်သွန်ကိုး! ခင်ဗျားက အမြဲတမ်း ခြေတစ်လှမ်း သာမယ်ဆိုတာ ကျုပ် သိပြီးသားပါ! အစ်မကြီးက ဘယ်လို နတ်ဘုရားမလဲ မသိဘူး။ အလှတရား နတ်ဘုရားမလား။ ဉာဏ်ပညာ နတ်ဘုရားမလား။”

“ဉာဏ်ပညာ နတ်ဘုရားမက ကတ်သရင်းပါ။ ဖိုက်သွန်က ကြမ္မာဆိုး ကပ်ဘေး နတ်ဘုရားမ။” ဗာရိုနီကာက စေတနာဖြင့် ရှင်းပြသည်။

ကြမ္မာဆိုးကပ်ဘေးလား။ ဒီရက်စက်တဲ့ အရူးမနဲ့ လိုက်ဖက်သားပဲ! ဆရာသခင် အဆိပ်နဂါးက စိတ်ထဲ ဝေဖန်လိုက် သော်လည်း သူ၏ မျက်နှာပေါ်တွင် အံ့ဩသော အမူအရာတစ်ခု ပေါ်လာ၏။

“ဆာရီရယ်ရဲ့ ဝိညာဉ်မှာ [ကြမ္မာဆိုး ကပ်ဘေး] စွမ်းအား ရှိတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ ကျွန်မ သုံးလို့မရဘူး။ အခု [ကြမ္မာဆိုးကပ်ဘေး] စွမ်းအား ရှိနေပြီ ဆိုတော့ နောက်ထပ် ပိုကောင်းတဲ့ စွမ်းအားတစ်ခု ရှိနေပြီပေါ့။” ဖိုက်သွန်က အေးအေးဆေးဆေးပင် ပြောလိုက်သည်၊ “တကယ်တော့ ကျွန်မက ကြယ်နှစ်ပွင့် ဆင့်ကဲပြောင်းလဲခြင်းကို နားလည် သဘောပေါက်တာ အမြန်ဆုံး မဟုတ်ဘူး။ အရင်က အောင်မြင်ပြီးသား ဇိုလာနဲ့ ကတ်သရင်းအပြင် နောက်တစ်ယောက် ရှိနေသေးတယ်။”

“ဘယ်သူလဲ။” ပါ့ဂ်လီအို ထပ်မံ၍ အံ့ဩသွားပြန်သည်။ သူက တတိယနေရာ ယူနိုင်မည်ဟူ၍ ထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ ဖိုက်သွန် ရုတ်တရက် ပေါ်လာခဲ့သည်။ ယခု ဖိုက်သွန်ထက် ပိုမြန်သော အခြားတစ်ယောက် အမှန်ပင် ရှိနေသေးရာ သူက ပဉ္စမနေရာသို့ နောက်တစ်ကြိမ် ရောက်ရှိသွားပြန်၏။

“ကျွန်မပါ။” ရင်းနှီးသော အသံတစ်ခု ပါ့ဂ်လီအို၏ ဘေးနားတွင် ထွက်ပေါ် လာခဲ့သည်။

“အစ်ဇဘယ်လာ!” ဆရာသခင် အဆိပ်နဂါး ကြက်သေသေသွားသည်။ “မင်းက ငါတို့ထက် ဘယ်လိုလုပ်ပြီးတော့ ပိုမြန်ရတာလဲ။”

ဖိုက်သွန်က ပြောလိုက်လေသည်။ “ဒါက မထူးဆန်းဘူး။ ကျွန်မ ရှင့်တို့ထက် ကြယ်နှစ်ပွင့် ဆင့်ကဲပြောင်းလဲခြင်းကို အများကြီး နောက်ကျမှ ရခဲ့တာ။ ရှက်စရာ ကောင်းတယ်။ ပါ့ဂ်လီအို! ရင်းနီက တိုင်းပြည် အဆင့်မှာပဲ ရှိသေးတယ်။ အခု သူက တိုင်းပြည် တစ်ခုကို ပိုင်ဆိုင်ပြီး ဒီနေရာလွတ်မှာ နတ်ဘုရားမ တစ်ပါး ဖြစ်လာပြီ။ သူ လေ့ကျင့်ရေး လမ်းကြောင်း ချောမွေ့နေပြီ။ နတ်ဘုရား တစ်ပိုင်း အဆင့်ကို ဝင်ရောက်ဖို့ အနှေးနဲ့အမြန်ပဲ။ ရှင်က အောင်မြင်မှု နည်းနည်းလေးနဲ့ ကျေနပ်နေမယ် ဆိုရင်တော့ မကြာခင်မှာ ကျော်တက်ခံရလိမ့်မယ်။”

“နတ်ဘုရားတစ်ပိုင်း... က ကျွန်မနဲ့ အလှမ်းဝေး နေသေးတယ်။ တကယ်တော့ ဇိုလာနဲ့ ကျွန်မက ကြယ်နှစ်ပွင့် ဆင့်ကဲ ပြောင်းလဲခြင်း စွမ်းအားကို ပထမဆုံး ရခဲ့တာ။ ဇိုလာရဲ့လမ်းညွှန်မှုနဲ့ ပေါင်းပြီး ဖိုက်သွန်ပေးတဲ့ ဝိညာဉ် စွမ်းအားကို ရပြီးတော့ ကျွန်မ တစ်နည်းနည်းနဲ့ အောင်မြင်သွားခဲ့တာပါ။” အစ်ဇဘယ်လာ ရယ်မောလိုက်၏။ “ဒါက တိုက်ဆိုင်မှု တစ်ခုပါ။ အပြည့်အဝ မစုပ်ယူရသေးတဲ့ ဝိညာဉ် စွမ်းအား တစ်စိတ်တစ်ပိုင်း ရှိသေးတော့ ကြိုးစားဖို့ကလွဲပြီး ရွေးစရာ မရှိခဲ့ဘူး။”

ပါ့ဂ်လီအိုက ‘ဇိုလာ၏လမ်းညွှန်မှု’ မှာ ဆင်ခြေတစ်ခုသာ ဖြစ်ကြောင်း သိသည်။ ရင်းနီက ဘက်တီလေး၏ အရင်းနှီးဆုံး မိတ်ဆွေ ဖြစ်သည်။ သူ ဘက်တီလေးကို ထောက်ထား၍ သူ့ကို မျက်နှာသာ ပေးနေသည်မှာ ထင်ရှားသည်။ သူက တုန်လှုပ်သွားပြီး သက်ပြင်းချလိုက်သည်။ “ရုပ်လှတဲ့ မိန်းကလေးတွေ အားလုံးကို ရုပ်ဆိုးတဲ့ ယောက်ျားတွေ ယူသွားတာပဲ။”

ချန်လွေ့က မျက်လုံး လှိမ့်လိုက်သည်။ ဒီဘဲခေါင်းနဂါးတော့။ အစ်ဇဘယ်လာက ခင်ဗျားကို မျက်နှာသာပေးတာ။ ခင်ဗျား ကျေးဇူးတင်ရုံပဲလေ။ ဘာလို့ ဒီအကြောင်း ပြန်ပြောနေရတာလဲ။

“ဒါနဲ့ အစ္စဘယ်လာ၊ မင်းက ဘယ်လို နတ်ဘုရားမလဲ။” ပါ့ဂ်လီအို သိချင်စိတ်ဖြင့် မေးလိုက်သည်။

အစ္စဘယ်လာက ဉာဏ်ထက်မြက်ပြီး အကြံအစည်များ၏။ သူက ဉာဏ်ပညာ အမျိုးအစား နတ်ဘုရားမတစ်ပါး ဖြစ်လာ နိုင်သင့်သော်လည်း ကတ်သရင်းက ဉာဏ်ပညာ နတ်ဘုရားမ ဖြစ်နှင့်နေပြီး ဖြစ်သည်။

“လှည့်ဖြားခြင်း နတ်ဘုရားမ။ လိမ်ညာတာ၊ လှည့်စားတာ ခြိမ်းခြောက် ငွေညှစ်တာ တွေပေါ့။ ယောက်ျား တစ်ယောက်ရဲ့ ပတ်ပတ်လည်မှာ မိန်းမကောင်းတွေ အရမ်း များနေတော့ ကျွန်မ ဆိုးနေမှ အာရုံပိုစိုက်ခံရမှာပေါ။” အစ်ဇဘယ်လာ ပြုံးလိုက်သည်။ “တကယ်တော့... ကျွန်မ ဘဝမှာ လိမ်ညာမှု တစ်ခုကြောင့် သေခဲ့ရတယ်။ လိမ်ညာမှု တစ်ခုကြောင့် ပြန်ပြီး ရှင်သန်ခဲ့ရတယ်။ ကျွန်မ ဘဝ တလျှောက်လုံး လှည့်ဖြားမှုတွေရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတော့ တခြားသူတွေကို လှည့်စားချင်တယ်။”

ချန်လွေ့က ထိုအပြာရောင် မျက်လုံး အထဲမှ နူးညံ့မှုကို ခံစားလိုက်ရပြီး သူ၏ နှလုံးသား နွေးထွေးသွား၏။

အစ်ဇဘယ်လာ၏စကား အဓိပ္ပာယ်မှာ သူ့အတွက် ဆိုသည်မှာ ရှင်းလင်းနေသည်။ ပထမ သေဆုံးခြင်း၏ လိမ်ညာမှုမှာ ယူဒိုရာက အရိပ်လေပြေဖိနပ်ကို လိမ်ညာ ယူခဲ့ပြီး သူ၏မိသားစုကို ဝမ်းနည်းဖွယ် သေဆုံးမှု ဖြစ်စေခဲ့သည်။ သူက လမ်းလျှောက်နေသော အသေကောင် ကဲ့သို့ပင် မုန်းတီးမှုထဲ နစ်မြုပ်နေခဲ့၏။ ဒုတိယ လိမ်ညာမှုမှာ ချန်လွေ့ ‘ချာလီ’ အဖြစ် ဟန်ဆောင်ပြီး သူ၏နှလုံးသားကို လှည့်စားခဲ့ခြင်းပင်။ နောက်ဆက်တွဲ နှင်းဒဲလက်နှင့် အရိပ်လေပြေဖိနပ်တို့၏ အဖြစ်အပျက်များက သူ၏နှလုံးသားထဲ အထုံးတင်းတင်းကို လုံးဝဖြေလျှော့စေပြီး စစ်မှန်သော ဘဝကို ပြန်ရရှိစေခဲ့သည်။

“ထွီး.. အကြည်ဆိုက်နေကြတာ။ ငါ မရှိဘူးလို့ ထင်နေလား။” အဆိပ်နဂါးက [ယုံကြည်မှုချပ်ကာ]ကို သိမ်းလိုက်သည်။ “ဒါနဲ့ မင်းတို့အားလုံး ဒီနေရာကို ဘာလို့ ရောက်နေတာလဲ။”

“ရှင့်ရဲ့ အခု အခြေအနေနဲ့ အတူတူပဲ။ ကျွန်မတို့ရဲ့ ဝိညာဉ် အစအန တစ်ခုကို ခွဲထွက်သွားပြီးတော့ ဒီလောကကြီးနဲ့ ထာဝရ ပေါင်းစပ်လိုက်တာ။ ဒါက နေရာလွတ်ရဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်နိုင်တဲ့ ဆက်သွယ်မှု တစ်ခုလိုပဲ။ ဥပမာပြောရရင် ကျွန်မရဲ့ ပင်မခန္ဓာက [လတိုင်းပြည်]မှာ အိပ်စက်နေတုန်းပဲ။ ဆာရီရယ်ရဲ့ စွမ်းအားနဲ့ တိုင်းပြည်ကို ချေဖျက်နေတယ်။ အသိစိတ် ထွက်ခွာ သွားရင်တောင် ဝိညာဉ် ဒီမှာရှိသေးတယ်။ ဒါပေမဲ့ မူလခန္ဓာဆီကို ပြန်လည် ရောက်ရှိလာတဲ့ ယုံကြည်မှု စွမ်းအားကို မသိစိတ်နဲ့ လက်ခံနေရုံပဲ။ ကျွန်မတို့က ထိန်းချုပ်သူရဲ့ ခွင့်ပြုချက်ရနေသရွေ့ ဝိညာဉ်ရဲ့ ဆက်သွယ်မှုကနေ တစ်ဆင့် ဒီလောကထဲ အချိန်မရွေး ဝင်နိုင်တယ်။”

ထိုသို့ပြောပြီး ဖိုက်သွန်က အဝေးမှ ကြယ်စင်စုကို ကြည့်ကာ သက်ပြင်းချ လိုက်သည်။ “စစ်မှန်တဲ့ နတ်ဘုရား တိုင်းပြည်မှာ ဒီလိုစွမ်းအားမျိုး ရှိမရှိတော့ မသိဘူး။ ဒါပေမဲ့ သေချာတာကတော့ ဒီလောကကြီးက နတ်ဘုရား တိုင်းပြည်နဲ့ အတော်လေးကို နီးစပ်နေပြီ။ နတ်ဘုရား ချီးမြှင့်ခြင်းကို ထည့်ပြီးတော့ စဉ်းစားရင် တစ်နေ့နေ့မှာ နတ်ဘုရားတိုင်းပြည်ထက် ကျော်လွန်တဲ့ တည်ရှိမှု ဖြစ်လာနိုင်တယ်။ အခုကတော့ ချန်လွေ့နဲ့ ကျွန်မတို့က ‘နတ်ဘုရား’လို့ ခေါ်ခံရဖို့ လုံလောက်တဲ့ အစွမ်းအစ မရှိသေးဘူး။ အဲဒါကြောင့် ယုံကြည်မှု နည်းနည်းတောင် မထားနဲ့။ အခုတော့ ရင်းနီ၊ ဇိုလာနဲ့ ကျွန်မတို့ အားလုံး လေ့ကျင့်ရေးကွင်းထဲကို ဝင်ပြီး လေ့ကျင့်မှု အမျိုးမျိုး လုပ်ကြမယ်။ ခဏနေ ဇိုလာ ဒီကို ရောက်လာမှာ။ ကတ်သရင်းက နိုင်ငံရေး ကိစ္စတွေနဲ့ အလုပ်များနေပေမယ့် အဆင်ပြေသလို လေ့ကျင့်ဖို့လာမယ်။ ရှင် အသစ်ရထားတဲ့ စွမ်းအားနဲ့ ရင်းနှီးသွားပြီးရင် ရှင်လည်း လေ့ကျင့်မှုမှာ ပါဝင်လို့ရတယ်။ ရှင့်ကို ကောင်းကောင်း ‘လမ်းညွှန်’ ပေးမှာပါ။”

နောက်ဆုံး စကားကို ကြားသောအခါ ပါ့ဂ်လီအို တုန်လှုပ်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ “ခင်ဗျားက ကျုပ်ကို နောက်တစ်ခါ လက်စားချေချင်တာလား။ အရူးမ။ ကျုပ်...”

“ဘာပြောတယ်။” ၎င်းမှာ မစ်-နတ်မိယ် နဂါး၏ အသံ ဖြစ်သည်မှာ သေချာနေပြီး ပါ့ဂ်လီအို နောက်တစ်ကြိမ် လန့်သွား၏။

အကယ်၍ ကြောက်မက်ဖွယ်ရာ အရူးမ တစ်ယောက်နှင့် တွေ့ရခြင်းထက် ပိုဆိုးသော အရာတစ်ခု ရှိခဲ့ပါက ၎င်းမှာ ကြောက်မက်ဖွယ်ရာ အရူးမ နှစ်ယောက် တပြိုင်တည်း တွေ့ရခြင်းပင်။ ဆရာသခင် အဆိပ်နဂါးက အသစ် တွေ့ရှိထားသော စွမ်းအားနှင့် ရင်းနှီးရန် ဆင်ခြေပေးပြီး ချက်ချင်းပင် အသိစိတ်ကို ‘လောက’မှ ချက်ချင်း ရုပ်သိမ်းလိုက်တော့သည်။

All Chapters