အခန်း (၂၂၃+၂၂၄+၂၂၅)
Vol. 9 Ch. 223+224+225
အခန်း(၂၂၃) ပျော်ပျော်ရွှင်ရွှင် ငါးမျှားခြင်း (၁)
ချင်းယုကျီးလည်း စူစူလေး ညွှန်ကြားသည့်အတိုင်း လိုက်လုပ်ခဲ့သည်။
ခဏကြာတော့ စူစူလေးက ကြက်ခြေထောက်ကို ပြန်ဆည်ဖို့ ချင်းယုကျီးအား ပြောလိုက်သည်။
ချင်းယုကျီး ငါးမျှားတံကို ပြန်ဆွဲလိုက်သောအခါ ကြက်ခြေထောက် တဖြည်းဖြည်း ပြန်ပေါ်လာပါသည်။
လတ်လတ်ဆတ်ဆတ် ကြက်ခြေထောက်ပေါ်မှာလည်း လက်မနီ ရေချိုပုစွန်လေးတွေ အများကြီး ကပ်ကာ ပါလာသည်။
အနီးကပ်သေချာ ကြည့်လိုက်သောအခါ ရေချိုပုစွန်တွေအားလုံးက လက်မများနဲ့ ကြက်ခြေထောက်ကို ခိုင်ခိုင်မာမာ ညှပ်ထားခြင်းဖြစ်သည်။ ကုန်းပေါ်ရောက်တာတောင် လုံးဝ မလွှတ်ပေးကြသေးပါ။
ချင်းယုကျီးက ကြက်ခြေထောက်ကို မြေပေါ်ချပြီး ရေချိုပုစွန်များကို တစ်ကောင်ချင်း ဖယ်ကာ ရေပုံးထဲ ထည့်လိုက်သည်။ ဖမ်းမိထားသည့် ရေချိုပုစွန်တွေကို ကြည့်ရင်း ချင်းယုကျီး အံ့အားသင့်စွာ ပြောလိုက်ပါသည်။
“စူစူလေးက တော်လိုက်တာ! နည်းလမ်းက တကယ် အလုပ်ဖြစ်တာပဲ!”
“ဒါပေါ့! ဂျိုင်းထောက်နဲ့ အစ်ကိုကြီး သင်ပေးထားတာလေ! ဒီနည်းလမ်းနဲ့ ရေချိုပုစွန်တွေ အများကြီး ဖမ်းခဲ့ဖူးတယ်”။ စူစူလေးက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။
“မဆိုးပါဘူး။ မဆိုးပါဘူး!”
ချင်းယုကျီး စကားများနေစဉ် သူ့လက်ကို ရေချိုပုစွန်တစ်ကောင်က လက်မဖြင့် ညှပ်ပြစ်လိုက်ပါသည်။
“အား!!!”။ ချင်းယုကျီး နာကျင်စွာ အော်ဟစ်လိုက်ပြီး လက်ကို ကမန်းကတမ်း လှုပ်ခါပြီး ရေချိုပုစွန်ကို ဖယ်ရှားဖို့ ကြိုးစားလိုက်ပါသည်။
အရေးပေါ် အခြေအနေတွင် ဟူကျစ်က ချင်းယုကျီးပေါ် ခုန်တက်လိုက်ပြီး ရေချိုပုစွန်ကို ကိုက်ဖယ်ပေးလိုက်ပါသည်။ ချင်းယုကျီး၏ လက်ပေါ်မှာ ရေချိုပုစွန်၏ လက်မသာ ပြုတ်ကျန်နေခဲ့သည်။
ထိုလက်မကြီးကို ဖယ်ရှားပြီးနောက် ချင်းယုကျီးက ရေချိုပုစွန်ကို အားရပါးရ စားသောက်နေသည့် ဟူကျစ်ကို ကြည့်ကာ ကျေးဇူးတင်လိုက်ပါသည်။ “အသက်သခင် ကျေးဇူးရှင်လေး! ဒီလိုကျတော့လည်း အသုံးဝင်သားပဲ!”
သူနဲ့ ဟူကျစ်တို့ရဲ့ ရန်ငြှိုးများ ကျေသွားပြီဟုပင် ဆိုနိုင်ပါသည်။
“မြောင်~”။ ရေချိုပုစွန်ကို စားနေရင်း ချင်းယုကျီး၏ ချီးကျူးမှုကို ဟူကျစ် လှမ်းတုန့်ပြန်လိုက်ပါသည်။
ထို့နောက် ချင်းယုကျီး စိတ်ပြန်ရွှင်သွားပြီး ကြက်ခြေထောက်ကို ရေကန်ထဲထပ်ချကာ ရေချိုပုစွန်များ ထပ်ဖမ်းဖို့ ကြိုးစားလိုက်ပါသည်။
ဒီလိုနဲ့ ချင်းယုကျီးတစ်ယောက် ရေချိုပုစွန်တွေ အများကြီးအများကြီး ဖမ်းမိခဲ့ပါသည်။ ထိုခံစားချက်က အလွန် ပျော်စရာ ကောင်းပါသည်။
စူစူလေးကို ကာကွယ်ပေးဖို့အတွက်သာ လိုက်လာခဲ့သည့် ချင်းယုကျီးတစ်ယောက် ငါးမျှားရင်း တခြား ကလေးတွေထက်တောင် ပိုပြီး ပျော်မြူးနေသည်။
ဒါကိုမြင်တော့ ဟွော်ထျင်းလည်း စိတ်ကူးရသွားပြီး စတင်လှုပ်ရှားလေသည်။
ဟွော်ထျင်းတစ်ယောက် အကြံကြီးစွာဖြင့် ငါးမျှားတံတစ်ချောင်းတွင် ငါးစာချိတ်ကာ ရေထဲချထားလိုက်သည်။ ထို့နောက် နောက်ထပ် M12 ငါးမျှားတံတစ်ချောင်းမှာ အမဲသားချိတ်လိုက်ပြီး ချင်းယုကျီးကို စူစူလေး သင်ကြားပေးထားသည့်အတိုင်း လိုက်လုပ်လိုက်သည်။
သို့သော် ဟွော်ထျင်း စိတ်မကျေနပ်သေးဘဲ ကျန်နေသေးသည့် ငါးမျှားတံများစွာကို လှည့်ကြည့်လိုက်သည်။ ထို့နောက် ကျန်ရှိနေသော ငါးမျှားတံတွေကိုလည်း ငါးစာချိတ်ကာ တန်းစီလျက် ရေကန်ထဲ ချထားလိုက်ပါသည်။ ထို့အပြင် ပိုက်ကွန် အကြီးကြီးလည်း ချထားသေးသည်။ ငါးမျှားတံတစ်ချောင်းကတော့ သေချာပေါက် ငါးအကြီးကြီး ဖမ်းနိုင်ပြီး အားလုံးကို အထင်ကြီးသွားအောင် လုပ်နိုင်လိမ့်မည်ဟု ဟွော်ထျင်း မျှော်လင့်ထားပါသည်။
လုကျန်းယွီကတော့ အလွန်တည်ငြိမ်နေသည်။ ငါးမျှားတံတစ်ချောင်းမှာ ငါးစာချိတ်ပြီး ရေထဲ ငြိမ်ငြိမ်သက်သက် ချထားလိုက်သည်။ ဝှီးချဲပေါ်မှာ ငါးမျှားတံကိုင်လျက် တည်ငြိမ်နေသော ရေကန်ရေပြင်ကို ကြည့်ရင်း ဘေးက စူစူလေးရဲ့ ရယ်မောသံများကို နားထောင်နေပါသည်။
သူများတွေ ငါးစမျှားနေတာကို ကြည့်ပြီး ချင်းလောင်ယွင်လည်း သူမ ယူလာသည့် ငါးမျှားတံလေးနဲ့ ငါးစာတို့ကို ထုတ်လိုက်သည်။ ဒါတွေကို သူမ အဘိုး ပြင်ဆင်ပေးထားတာ ဖြစ်ပါသည်။
ငါးမျှားတံက ဈေးပေါသည့် သာမန် ငါးမျှားတံဖြစ်ပြီး ငါးစာကလည်း သာမန် သစ်သီးကိတ်သာ ပါသည်။
သူမလည်း အစ်ကိုယုကျီးတို့လို ကြက်ခြေထောက်တွေနဲ့ ရေချိုပုစွန်တွေ ဖမ်းချင်ပါသည်။
မလှမ်းမကမ်းမှာ ကြက်ခြေထောက်တွေ မြင်နေရသော်လည်း ချင်းလောင်ယွင် သွားမယူရဲပါ။
ဒါတွေက သူမ အပိုင်မဟုတ်ဘဲ စူစူလေး ပစ္စည်းတွေဖြစ်သည်။ သွားယူလျှင် အဆူခံရလောက်သည်။
အရင်တစ်ခေါက်တုန်းက စူစူလေး၏ လက်ကောက်ကို ယူမိပြီး အဆူခံခဲ့ရသည်။
ချင်းလောင်ယွင် တွန့်ဆုတ်နေစဉ် သူမ မျက်နှာရှေ့ကို ကြက်ခြေထောက်ကြီး တစ်ချောင်း ရောက်လာပါသည်။
ခေါင်းမော့ကြည့်လိုက်သောအခါ သူမကို ကြက်ခြေထောက် လာပေးတာ စူစူလေး ဖြစ်နေမှန်း မြင်လိုက်ရသည်။
“မြန်မြန်လုပ်! ငါတို့ လက်မနီ ရေချိုပုစွန်တွေ အများကြီးဖမ်းပြီး အိမ်ပြန်ယူသွားကြမယ်!”။ စူစူလေးက တိုက်တွန်းလိုက်ပါသည်။
… … …
အခန်း(၂၂၄) ပျော်ပျော်ရွှင်ရွှင် ငါးမျှားခြင်း (၂)
ချင်းလောင်ယွင်က ကြက်ခြေထောက်ကို အတန်ကြာအောင် ကြောင်စီစီ စိုက်ကြည့်နေခဲ့သည်။ ပြီးမှ ကြက်ခြေထောက်ကို ငါးမျှားတံမှာ ချိတ်လိုက်ပြီး ချင်းယုကျီး လုပ်သည့်အတိုင်း လိုက်လုပ်ကာ ကြက်ခြေထောက်ကို ရေထဲနှစ်လိုက်ပါသည်။
ခေတ္တကြာသောအခါ ကြက်ခြေထောက်ကို ပြန်ဆွဲတင်လိုက်ရာ လက်မနီ ရေချိုပုစွန်တွေပါလာတာကို တကယ်ပဲ မြင်လိုက်ရပါသည်။
ချင်းလောင်ယွင် ချက်ချင်း ပြုံးပျော်သွားသည်။ “ရေချိုပုစွန်တွေ တကယ်ရှိတာပဲ!!”
ထို့နောက် ရေချိုပုစွန်တစ်ကောင်စီတိုင်းကို ဘေးက ရေပုံးထဲ ရတနာတွေလို သေချာ ထည့်လိုက်ပါသည်။
သူမ တစ်ခါမှ မစားဖူးတာ မမြင်ဖူးတာ မဟုတ်သော်လည်း ကိုယ်တိုင် ဖမ်းရသည့် ခံစားချက်က ဘာနဲ့မှ မတူပေ။
စူစူလေး တစ်နေရာကို လှမ်းကြည့်လိုက်ရာ သူမရဲ့ တူချောလေး ငါးမမျှားဘဲ ဒီတိုင်း ရပ်ကြည့်နေတာကို မြင်သွားသည်။
“တူချောလေး ရေချိုပုစွန်လာဖမ်းလေ! အရမ်းပျော်ဖို့ကောင်းတယ်!”
ချင်းယုချဲက ခေါင်းခါကာ ငြင်းဆန်လိုက်ပါသည်။ “ခဏနေ နင်တို့ ပင်ပန်းသွားရင် စားဖို့သောက်ဖို့ပဲ ချက်ပေးပါ့မယ်”
ငါးမျှားရမှာထက်စာလျှင် ချင်းယုချဲက သူကျွမ်းကျင်သည့် အချက်အပြုတ်ကိုသာ ဦးစားပေးပါသည်။
“ဟုတ်ပါပြီ။ အပင်ပန်းမခံနဲ့နော်! အနားယူပြီး ပျော်ပျော်နေ!”။ စူစူလေးက သတိပေးလိုက်သည်။
“အင်း…”။ ချင်းယုချဲ တိုးညှင်းစွာသာ ပြန်ဖြေလိုက်ပါသည်။
ပုံမှန်ဆို ချင်းယုချဲ ဒီလို အပြင်ထွက်တာ ရှားသည်။ သို့သော်လည်း ဒီနေ့ အပြင်ထွက်လာရတာ အတော်လေး ကောင်းမွန်သည့် အတွေ့အကြုံဖြစ်ပါသည်။
အထူးသဖြင့် သူ့ဝမ်းကွဲညီနဲ့ စူစူလေးတို့ ရယ်မောပျော်ရွှင်နေကြတာကို မြင်သောအခါ သူလည်း စိတ်ရွှင်ရသည်။
အားလုံး ပျော်ရွှင်နေကြတာကို မြင်ပြီး စူစူလေး စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပါသည်။
ထို့နောက် သူမကိုယ်တိုင် ငါးစမျှားဖို့ ပြင်လိုက်သည်။
ကြက်ခြေထောက်တစ်ခုကို ငါးမျှားတံမှာချိတ်လိုက်ပြီး ရေကန်ကမ်းနားကိုသွားကာ ရေထဲချလိုက်ပါသည်။
စူစူလေးက ရေကန်ကြီးအား ပြောလိုက်၏။ “ပုစွန်လေးတွေ လိမ်လိမ်မာမာနဲ့ အစားခံလိုက်နော်။ ဒါမှ နောက်ဘဝကျရင် ပုစွန် ပြန်မဖြစ်မှာ”
ထို့နောက် စူစူလေး၏ ငါးမျှားတံကြိုး လှုပ်ခါလာသည်။
စူစူလေး ကြိုးကို ပြန်ဆွဲတင်လိုက်သောအခါ ကြက်ခြေထောက်မှာ လက်မနီ ရေချိုပုစွန်များဖြင့် ပြွတ်သိပ်စွာ ပါလာပါသည်။
ထို့အပြင် တချို့ ပုစွန်တွေက ကြက်ခြေထောက်ကို မညှပ်နိုင်ဘဲ တခြား ပုစွန်တွေရဲ့ ခန္ဓာကိုယ်ကို ညှပ်ကာ ပါလာခြင်း ဖြစ်သည်။
နှစ်သစ်ကူးတွင် ဖောက်ကြသည့် ဗြောက်အိုးတွဲကြီးတစ်ခုလိုပင်။
ဒါကိုမြင်တော့ အားလုံး အံ့အားသင့် မှင်သက်သွားကြလေသည်။
ရေချိုပုစွန် ဖမ်းတာချင်းအတူတူ စူစူလေးက ဘာလို့ သူတို့နဲ့မတူဘဲ အများကြီး ဖမ်းမိတာလဲ။
ဒါ ငါးမျှားတာကော ဟုတ်သေးရဲ့လား။ စူပါမားကတ်မှာ စိတ်ကြိုက် သွားဝယ်နေသလိုပါပဲလား။
စူစူလေးက ကြက်ခြေထောက်ကို ရေပုံးပေါ်သို့ ရွှေ့လိုက်ပြီး လက်ဖြင့် တစ်ချက်သာ တောက်လိုက်သည်။ ထိုအခါ ကြက်ခြေထောက်ပေါ်မှ ရေချိုပုစွန်များ ရေပုံးထဲ တဖုတ်ဖုတ် ပြုတ်ကျကုန်လေသည်။
ထို့နောက် စူစူလေး ကြက်ခြေထောက်ကို ရေကန်ထဲ ထပ်ချထားလိုက်သည်။
ကြက်ခြေထောက်ကို တစ်ကြိမ်မက ပြန်သုံးလို့ရသဖြင့် အကုန်အကျလည်း သက်သာပါသည်။
သိပ်မကြာလိုက်ဘဲ စူစူလေး ကြက်ခြေထောက်ကို ပြန်ဆွဲတင်လိုက်ရာ နောက်ထပ် ရေချိုပုစွန်တွေ အများကြီး ကပ်ပါလာပြန်သည်။
နှစ်ခါလောက် မျှားလိုက်တာနဲ့ စူစူလေးရဲ့ ရေပုံးထဲမှာ ရေချိုပုစွန်များဖြင့် ပြည့်ခါနီး ဖြစ်သွားလေတော့သည်။
ချင်းယုကျီး ပါးစပ်အဟောင်းသားဖြစ်ကာ အားကျနေပါပြီ။
“စူစူလေး နင့်ကြက်ခြေထောက်မှာ တစ်ခုခုလျှို့ဝှက်ထည့်ထားသေးလား”
“မထည့်ထားပါဘူး”
ကြက်ခြေထောက်တွေ အကုန်လုံးက အတူတူပဲဖြစ်သည်။
“ဒါဆို ဘာလို့ နင့်ကြက်ခြေထောက်မှာ ရေချိုပုစွန်တွေ အများကြီး ပါလာတာလဲ”။ ချင်းယုကျီး တကယ် သိချင်နေသည်။
“ငါသူတို့ကို စကားပြောလိုက်တာကိုး”။ စူစူလေးက ရှင်းပြလိုက်သည်။
ဟမ်…။ ခုနက ပြောတဲ့ နောက်ဘဝကျရင် ပုစွန်ပြန်မဖြစ်အောင် လိမ်လိမ်မာမာနဲ့ အစားခံလိုက် ဆိုတာကို ပြောတာလား…? ရေချိုပုစွန်တွေ နားလည်တာ နားမလည်တာထက် နားလည်ရင်တောင် ဘယ်သူက အဲ့လိုစကားကို ယုံမှာလဲ…။
၃ ခါလောက် ငါးမျှားပြီးသွားသောအခါ စူစူလေးရဲ့ ရေပုံးထဲ ရေချိုပုစွန်တွေ ပြည့်နှက်သွားပြီ ဖြစ်သည်။
ရေချိုပုစွန်တွေ လုံလောက်သွားပြီဖြစ်သဖြင့် စူစူလေး နောက်ထပ် မစ်ရှင်တစ်ခု ပြောင်းလိုက်သည်။ ယခု ငါးမျှားပါတော့မည်။
ထို့နောက် ငါးမျှားချိတ်တွင် သစ်သားကိတ်တချို့ ချိတ်လိုက်ပြီး ရေထဲချလိုက်သည်။
ဒီကောင်မလေး ပထမဆုံး ငါးမျှားဖူးတာ မဟုတ်မှန်း သိသာပါသည်။ သူမရဲ့ လှုပ်ရှားမှုတွေက ပရော်ဖက်ရှင်နယ် ဆန်လှသည်။
စက္ကန့်ပိုင်းအတွင်း စူစူလေးရဲ့ ငါးမျှားတံကြိုး ကြမ်းတမ်းစွာ လှုပ်ခါလာလေသည်။
… … …
အခန်း(၂၂၅) ပျော်ပျော်ရွှင်ရွှင် ငါးမျှားခြင်း (၃)
ဧကန္တ ငါးအကြီးကြီးမိလို့ ဒီလောက် ခါရမ်းနေတာလား။
အားလုံး စိတ်ဝင်စားသွားကြသည်။
စူစူလေးက ဒါမျိုး မြင်ဖူးနေကျဖြစ်သဖြင့် တည်ငြိမ်နေပါသည်။
“စူစူလေး နင်ငါးအကြီးကြီး ဖမ်းမိပြီထင်တယ်!”။ ချင်းယုကျီးက စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်။
“အွန်း!’။ စူစူလေးက ခေါင်းငြိမ့်လိုက်ပါသည်။ ထို့နောက် ငါးမျှားတံကြိုးကို ဖြည်းညှင်းစွာ ပြန်ဆွဲလိုက်သည်။
စူစူလေးက အခက်အခဲမရှိ ပြန်ဆွဲနေသဖြင့် ရေကန်ထဲက ငါးမှာ သိပ်မကြီးလောက်ဟု ထင်ရသည်။
သို့သော်လည်း စူစူလေး ငါးကို ရေထဲမှ ဆွဲထုတ်လိုက်သောအခါ…
ဖမ်းမိထားသည့် ငါးကြီးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ ချင်းယုကျီး ကြက်သေသေသွားခဲ့ပါသည်။
“ဟာ!!!”
ငါးကြီးက အကြီးကြီးပဲ! ၁၀ ပေါင်ကျော်လောက် ရှိမယ့်ပုံပဲ!!!
ဟွော်ထျင်းလည်း မျက်လုံးများ ကျွတ်ကျမတတ် ပြူးကျယ်သွားသည်။
ဒါသူ့ပြစ်မှတ်ပဲ မဟုတ်လား။ အားလုံးကို အံ့အားသင့်အောင် လုပ်နိုင်မယ့် ငါးကြီး!!
လခွမ်းပဲ! ဟိုကောင်မလေး သူ့ကို အနိုင်ယူသွားပြန်ပြီ!!
စိတ်ဓာတ်ပိုတက်ကြွသွားသဖြင့် ဟွော်ထျင်း ငါးမျှားတံတွေ ထပ်ယူလိုက်ပြီး စူစူလေးငါးထက် ပိုကြီးသည့် ငါး ဖမ်းမိအောင် ကြိုးစားလိုက်ပါသည်။
ချင်းလောင်ယွင်လည်း စူစူလေးဖမ်းမိထားသည့် ငါးကို အံ့အားသင့်စွာ စိုက်ကြည့်နေသည်။ ဒီလောက်ထိ ကြီးမားသည့် ငါးမျိုး သူမ တစ်ခါမှ မမြင်ဖူးပါ။
မိုက်လိုက်တာ! အားကျလိုက်တာ!
လုကျန်းယွီက အသံတိတ်နေသော်လည်း သူ့မျက်လုံးတွေရဲ့ တောက်ပမှုကို မြင်နိုင်ပါသည်။
ငါးကြီးကို မြင်တော့ ဟူကျစ်က စူစူလေးဘေးမှာ ပျော်ရွှင်စွာ ခုန်ပေါက်နေသည်။
စိတ်လည်းလှုပ်ရှားနေပြီး မျှော်လင့်ချက်အပြည့်နဲ့ ရေကန်ထဲပင် ခုန်ချတော့မည့်အလား ဟူကျစ် ခုန်ပေါက်နေပါသည်။
စူစူလေးက ငါးကြီးကို ကုန်းပေါ် တင်လိုက်သည်။
ကုန်းပေါ်ရောက်လာသည့် ငါးကြီးကိုမြင်ပြီး ဟူကျစ် ပိုပျော်ရွှင်သွားကာ ငါးကြီးကို ခုန်အုပ်လျက် စားဖို့ ပြင်လိုက်ပါသည်။
“အခုစားလို့ မရသေးဘူး ဟူကျစ်”။ စူစူလေးက လှမ်းတားလိုက်ပါသည်။
“မြောင်~”။ ဟူကျစ် စိတ်ဓာတ်ကျသွားပြီး သနားစရာအသံလေး ထွက်ပြလိုက်ပါသည်။
သို့သော်လည်း စူစူလေး၏ စကားကိုတော့ နားထောင်ပါသည်။ ငါးကို မထိတော့ဘဲ ထွက်သွားလေသည်။
ထို့နောက် စူစူလေးက ငါးကြီးကို ကြည့်ပြီး ပျော်ရွှင်စွာ မ,လိုက်သည်။
ငါးကြီးက အလျားကော အနံကော ကြီးမားပါသည်။ ငါးအမြှီးနဲ့ မြေကြီးနဲ့မထိအောင် စူစူလေး လက်မြှောက်ကာ ငါးကို ကိုင်ဆွဲထားရသည်။
ငါးကြီးက သူမထက်တောင် ပိုမြင့်ပါသေးသည်။ ကြီးမားလွန်းသဖြင့် အိုးတစ်လုံးနဲ့တောင် မဆံ့လောက်ပါ။
ငါးကြီးကို ကိုင်မ,ပြီး စူစူလေး အားလုံးကို လိုက်ကြွားလိုက်ပါသည်။
ငါးက အလွန်ကြီးမားလွန်းသဖြင့် စူစူလေး လမ်းလျှောက်ရင်း ချော်လဲလုနီးပါး ဖြစ်သွားသည်။
ဒါကိုမြင်တော့ ချင်းယုကျီး ထိတ်လန့်သွားသည်။ ငါးကြီးက စူစူလေးကို သူ့အမြှီးနဲ့ ရိုက်ပစ်လိုက်မှာ ချင်းယုကျီး စိုးရိမ်သွားပါသည်။
“စူစူလေး ငါ့ကိုပေး! ငါသယ်ပေးမယ်!”
စူစူလေး မတော်တဆ မဖြစ်အောင် ချင်းယုကျီးက ငါးကြီးကို ကူသယ်ပေးဖို့ ပြင်လိုက်လေသည်။
“ပြီးရော!”။ စူစူလေးက ငါးကြီးကို ချင်းယုကျီးထံ လွှဲပြောင်းပေးလိုက်ပါသည်။
စူစူလေး၏ လက်ထဲမှာ အသေကောင်လို ငြိမ်သက်နေသည့် ငါးကြီးက ချင်းယုကျီးလက်ထဲ ရောက်သောအခါ ကြမ်းတမ်းစွာ လှုပ်ရှားလာသည်။
ချင်းယုကျီး စိုးရိမ်ခဲ့တာတွေ တကယ်ဖြစ်လာပါသည်။
“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း---”
ငါးကြီးက ချင်းယုကျီးအား သူ့အမြှီးနဲ့ ရိုက်နှက်ပြစ်လိုက်သည်။။
ရင်ဘတ်တွေ၊ လည်ပင်းတွေ၊ မျက်နှာတွေ တစ်ခုမှ မသက်သာခဲ့ပါ။
ချင်းယုကျီးက ငါးကြီးကို ခက်ခက်ခဲခဲ အစွမ်းကုန် ချုပ်ထားလိုက်ပြီး နောက်ဆုံးတော့ ထိန်းနိုင်သွားပါသည်။ သို့သော် ချင်းယုကျီး၏ ဆံပင်တွေ အကုန်ရှုပ်ပွသွားပြီး အဝတ်အစားတွေလည်း ညစ်ပတ်သွားသည်။
ရေစက်တွေ၊ ငါးအကြေးခွံတွေ၊ ရေညှိ ရေမှော်တွေ…
“ဟားဟားဟား”။ ချင်းယုချဲ ရုတ်တရက် ရယ်မောလိုက်ပါသည်။
သူ့ဝမ်းကွဲညီ ပုံစံက အလွန်ရယ်ချင်စရာ ကောင်းလွန်းသည်။
ချင်းယုကျီး စိတ်ညစ်သွားသော်လည်း ချင်းယုချဲ၏ ရယ်သံကိုကြားသောအခါ ရုတ်တရက် စိတ်ရွှင်သွားပါသည်။
သူ့ဝမ်းကွဲအစ်ကို ရယ်တာ အလွန်ရှားသည်။ ဒီလို အားရပါးရ ရယ်တာမျိုးဆို ပိုဆိုးပါသည်။
သူ့ပုံစံ စုတ်ပြတ်သပ်သွားရင်တောင် သူ့ဝမ်းကွဲအစ်ကို၏ ရယ်သံကို ကြားလိုက်ရတာ တန်ပါသည်။
“တူလေး ဘာဖြစ်သွားသေးလဲ”။ စူစူလေးက စိတ်ပူစွာ မေးလိုက်ပါသည်။
“ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး”။ ငါးတစ်ကောင် အနိုင်ယူတာကို ခံရတော့မလို ဖြစ်သွားကြောင်း ချင်းယုကျီး ဝန်ခံလို့ ဖြစ်ပါ့မလား။
… … …