← Chapters

ဝါးမျိုခြင်း

Vol. 70 Ch. 1116

ဝါးမျိုခြင်း

Vol. 70 Ch. 1116

ထိုစကားလုံးနှစ်လုံး ထွက်လာသည်နှင့် လူတိုင်း တုန်လှုပ်သွားကြသည်။

နတ်ဘုရား...မျိုးဆက်... နတ်ဘုရားရဲ့ မျိုးဆက်!

ချန်လွေ့က အစပိုင်းတွင် အလင်းရောင် ဘုရင်သုံးပါး၏ ထူးဆန်းသော အမူအရာကို သတိရသွားပြီး သူတို့က သော်သော်မှာ သမီးအရင်း ဟုတ်မဟုတ် ကိုပင် အကြိမ်ကြိမ် မေးမြန်းခဲ့ကြသည်။ ထိုအခါမှ သူ နောက်ဆုံး သဘောပေါက် သွားတော့သည်။

“သော်သော်က နတ်ဘုရားရဲ့ မျိုးဆက်လား။ ဒါဆို...” ကတ်သရင်း ကလည်း နားလည်သွားပြီး သူ ချန်လွေ့ကို မယုံနိုင်စွာ ကြည့်လိုက်၏။ “ရှင်က...”

“ကိုယ့်ကို ဒီလို မကြည့်နဲ့။ ကိုယ်က နတ်ဘုရားတစ်ပါး မဟုတ်ဘူး ဆိုတာ လုံးဝ သေချာတယ်။” ချန်လွေ့ ခါးသီးစွာ ပြုံးလိုက်၏။ “အလင်းရောင်ဘုရင်သုံးပါး ပြောသလိုပဲ သော်သော်ရဲ့ သွေးမျိုးဆက် ကိုယ်တိုင်က...”

သူ ရှင်းပြ၍ မဆုံးခင်မှာပင် ဖိုက်သွန်က ဖြတ်ပြောလိုက်သည်။ “နတ်ဘုရားနဲ့ နတ်ဘုရား မဟုတ်တဲ့ သက်ရှိတွေကနေ တိုက်ရိုက်မွေးလာတဲ့ ကလေးတွေတောင် စစ်မှန်တဲ့ နတ်ဘုရား သွေးမျိုးဆက်ကို ပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်လိမ့်မယ်။ ဒါပေမဲ့ နတ်ဘုရားသွေး မျိုးဆက်က စိတ်ကူးလို့ မရနိုင်အောင် အစွမ်းထက်တာတော့ အသေအချာပဲ။ နည်းနည်းပဲ ဆိုရင်တောင် ဒီလို သွေးမျိုးဆက် ရှိတဲ့သူများက သူတို့ရဲ့ ရွယ်တူထက် အများကြီး သာလွန်တယ်။ သူတို့ရဲ့ စမှတ်က အခြားသူတွေထက် သာလွန်တဲ့ ကံကြမ္မာ ပါလာပြီးတော့ အလားအလာကလည်း အကန့်အသတ် မရှိဘူး။ သူတို့က လေ့ကျင့်တဲ့နေရာမှာ တဝက်လောက် အားစိုက်ထုတ်ရုံနဲ့ ရလဒ် နှစ်ဆကို ရလိမ့်မယ်။ ဒီလိုမ သွေးမျိုးဆက် ရှိတဲ့သူတွေကို ယေဘုယျအားဖြင့် ‘နတ်ဘုရားတစ်ပိုင်း’လို့ ခေါ်ကြတယ်။ ဒါ လေ့ကျင့်မှုအဆင့်ရဲ့ နတ်ဘုရားတစ်ပိုင်း မဟုတ်ဘဲနဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ရှိတဲ့ နတ်ဘုရား သွေးမျိုးဆက်နဲ့ နတ်ဘုရား တစ်ပိုင်းပဲ။ ဒါပေမဲ့ ကျွန်မ ပြောနေတဲ့ နတ်ဘုရားမျိုးဆက်က မျိုးဆက်ခြား အမွေဆက်ခံခြင်း ဒါမှမဟုတ် ပိုပြီးတော့ ပါးလွှာတဲ့ နတ်ဘုရား သွေးမျိုးဆက် ရှိနေနိုင်တဲ့ နတ်ဘုရားတစ်ပိုင်း မျိုးဆက် ဖြစ်နိုင်တာလည်း ရှိတယ်။ အဲဒါကြောင့် အစွမ်းက အတော်လေး အားနည်းပေမဲ့ သာမန်လူတွေနှင့် နှိုင်းယှဉ်ရင်တော့ အစွမ်းထက်နေနတုန်းပဲ။ သော်သော်ရဲ့ အခြေအနေက ဒီလို ဖြစ်လောက်တယ်။”

ကမ္ဘာမြေပေါ်မှ ဒဏ္ဍာရီများနှင့် အထူးသဖြင့် အနောက်တိုင်း ဒဏ္ဍာရီများမှ ပါဆီးယက်စ်နှင့် ဟာကျူလီကဲ့သို့သော လူတစ်ပိုင်း နတ်တစ်ပိုင်း တည်ရှိမှုများကို တွေးတောရင်း ချန်လွေ့က ခေါင်းညိတ် လိုက်သည်။ “ခင်ဗျား ပြောသလိုဆိုရင် သော်သော်က မျိုးဆက်ခြား ဆက်ခံတဲ့ နတ်ဘုရားမျိုးဆက် ဖြစ်နိုင်တယ်။ သူ့မိဘတွေက နတ်ဘုရားတွေ ဖြစ်စရာ မလိုဘဲ နတ်ဘုရားတစ်ပိုင်း... ခဏလေး! ခင်ဗျားထင်တာ ကျုပ်က...”

“နတ်ဘုရားတစ်ပိုင်း...” ကတ်သရင်း၏ မျက်လုံးတွင် သံသယ အရိပ်အယောင်ဖြင့် တိုက်ရိုက် မေးလိုက်သည်။ မကြာခင်က သူသည် သော်သော်ကို ချန်လွေ့နှင့်အတူ လူသားလောကသို့ ဆေးကုသရန် ခေါ်ဆောင်သွားခဲ့ပြီး အလင်းရောင်ဘုရင် သုံးပါးထံမှ သော်သော်၏ သွေးမျိုးဆက် အကြောင်းကို သိခဲ့သည်။ ကိုယ်တိုင်လည်း ထိုသွေးမျိုးဆက်ကြောင့် ကြီးမားသော အကျိုးကျေးဇူးများ ရရှိခဲ့သည်။ ယခုအခါ ထိုသွေးမျိုးဆက်တွင် နတ်ဘုရား၏ စွမ်းအား အမှန်တကယ် ရှိနေမှန်း သူ သိလိုက်ရပြီ ဖြစ်သည်။ အာနိသင်က အဘယ်ကြောင့် ထိုမျှ အံ့ဩဖွယ်ရာ ကောင်းသည်ကို အံ့ဩစရာမရှိတော့ပေ။ ဒြပ်စင်ဘုရင်က သော်သော်၏ ဇာမဏီ ခန္ဓာနှင့် သွေးမျိုးဆက်ကြား တိုက်ရိုက် ဆက်စပ်မှု မရှိကြောင်း ပြောခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိသည်။ ပထမတစ်ခုမှာ ဇာမဏီငှက်လေးတွင် နတ်ဘုရားသွေးမျိုးဆက် ရှိနေခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာ သော်သော်၏ ဖခင်က...

ကတ်သရင်းက ချန်လွေ့ပိုင်ဆိုင်သော [နတ်ဘုရားတိုင်းပြည်] နှင့် ဆင်တူသည့် ‘စကြဝဠာငယ်’ကို တွေးမိလိုက်ပြီးနောက် ထိုလောကတွင် နတ်ဘုရားမ အဖြစ် ချီးမြှင့်ခံရပြီးနောက်တွင် သူ ရရှိခဲ့သော ယုံကြည်မှု စွမ်းအားနှင့် အသက်စွမ်းအား တို့ကိုလည်း တွေးမိလိုက်သည်။ ဧကန္တ...

“ကတ်သရင်း။ ဘာလို့ မင်းကပါ ဒီလိုအကြည့်မျိုးနဲ့ ကြည့်နေရတာလဲ။” ချန်လွေ့က မိမိသည် နတ်ဘုရား မျိုးဆက် လုံးဝ မဟုတ်ဘဲ ဝိညာဉ်ကူးပြောင်းလာသူ တစ်ဦး ဖြစ်ကြောင်း ကောင်းကောင်း သိသည်။ ကူးပြောင်းမလာမီက သူက သင့်တင့်သော မိသားစုမှ ကမ္ဘာမြေ၏ အရှုံးသမားတစ်ဦး ဖြစ်ခဲ့ရာ သူသည် နတ်ဘုရား မျိုးဆက် ဖြစ်ရန် လုံးဝ မဖြစ်နိုင်ပေ။ ထိုစကြဝဠာ ကဲ့သို့သော ‘နတ်ဘုရားတိုင်းပြည်’မှာ လောက ကူးပြောင်းလာခြင်း၏ အကျိုးကျေးဇူး ဖြစ်သော စူပါစနစ်တစ်ခုသာ ဖြစ်၏။

“ဒါက စိတ်ထင်တာ ဖြစ်နိုင်ပေမယ့် တုန်လှုပ်စရာ လျှို့ဝှက်ချက် တစ်ခုက ဖြည်းဖြည်းချင်း ပေါ်ထွက်တယ်လို့ ကျွန်မ တကယ် ခံစားရတယ်။ ဒါပေမဲ့ ကျွန်မ ပိုပြီးတော့ သိချင်တာက သော်သော်ကို ဘေးကင်းကင်း ဘယ်လို ပြန်ခေါ်လာမလဲ ဆိုတာပဲ။” ကတ်သရင်း သက်ပြင်းချ လိုက်သည်။

“ဟုတ်တယ်။ အခုက ဒီအရာတွေကို စူးစမ်းလေ့လာရမယ့် အချိန် မဟုတ်ဘူး။” ချန်လွေ့က လက်သီး ဆုပ်လိုက်သည်၊ “အဓိကက သော်သော်ကို ဘယ်လိုမျိုး ကယ်တင်မလဲဆိုတာပဲ!”

“ဒါက ခက်ခဲလိမ့်မယ်။ ဆာရီရယ်က ဒီနေရာကို အမှတ်မထင် ရောက်လာခဲ့တာ ဖြစ်ရမယ်။ ပြီးတော့ သော်သော်ရဲ့ သွေးမျိုးဆက်က မတူညီဘူး ဆိုတာကို သူ ရှာတွေ့ရှိသွားတာပဲ။ သော်သော်ရဲ့ သွေးမျိုးဆက် စွမ်းအားက အပြည့်အဝ မနိုးထသေးပေမယ့် ထူးခြားတဲ့ ပါရမီရှိတဲ့ အထူး အစွမ်းထက်ပုဂ္ဂိုလ် တချို့ဆီက နေတော့ ဖုံးကွယ်ထားလို့ မရဘူး။ ဆာရီရယ်ရဲ့ မိစ္ဆာမျက်ဆံစွမ်းအားနဲ့ဆိုရင် သော်သော်က နတ်ဘုရားမျိုးဆက် ဆိုတဲ့ လျှို့ဝှက်ချက်ကို သူ သိမြင်သွားခဲ့မှာပဲ၊ ဒါကြောင့် အက်ဂ်လက်စ်ကို တိုက်ခိုက်ပြီး သော်သော်ကို ဖမ်းခေါ်သွားတာ။”

ချန်လွေ့က ခေါင်းညိတ်လိုက်ပြီး ဖိုက်သွန်က လက်ညှိုး တစ်ချောင်းကို ထောင်ပြသည်။ “ကျွန်မရဲ့ ခန့်မှန်းချက် အရတော့ ဆာရီရယ် ဒီလိုမျိုးလုပ်ရတဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပဲ ရှိတယ်။ သူရဲ့ သွေးမျိုးဆက်ကို ဝါးမျိုဖို့ပဲ!”

နောက်ဆုံး စကားက အခန်းထဲသို့ နောက်မှ ဝင်လာသော ရှီရာနှင့် အခြားသူများ အပါအဝင် လူတိုင်းကို တုန်လှုပ်သွားစေ၏။ ဒါဆို သော်သော်က အတော်လေးကို အန္တရာယ် များနေတာ မဟုတ်ဘူးလား။

“ဘာလို့လဲဆိုတော့ နတ်ဘုရားရဲ့ သွေးမျိုးဆက်ရှိတဲ့ သူတွေမှာ တစ်ပိုင်း တစ်စပဲ ရှိရင်တောင် ထိပ်တန်း အစွမ်းထက် ပုဂ္ဂိုလ်တွေ အတွက် နတ်ဘုရားလမ်းကြောင်းပေါ် အခွင့်အရေး အများကြီး ရစေမှာ မို့လို့ပဲ။ ဆာရီရယ်က ဒီလို အခွင့်အရေးမျိုးကို ဘယ်တော့မှ လက်လွှတ်မှာ မဟုတ်ဘူး။”

“မဟုတ်ဘူး! ကျုပ် သွေးရောင် အင်ပါယာကို အခုချက်ချင်း သွားပြီးတော့ သော်သော်ကို ကယ်မယ်!” ချန်လွေ့က ကုတင်ပေါ်မှ ရုတ်တရက် ထလိုက်ရာ ခန္ဓာ တစ်ခုလုံးကို ထောက်ပံ့ထားသော အရိုးများ ကျိုးသွားသလို ခံစားလိုက်ရ၏။ သူက မတ်တပ်မရပ်နိုင်ဘဲ ကြမ်းပြင်သို့ လဲကျသွားခဲ့သည်။

“သွေးရောင်အင်ပါယာလား။” တစ်ဖနီ ထိတ်လန့်သွားခဲ့သည်။ “ဆာရီရယ်က ဘယ်မှာလဲ။”

“စာအုပ်ပေါင်းချုပ်ခန်းမရဲ့ စတုတ္ထထပ်က ဆာရီရယ်ရဲ့ တိုင်းပြည်ပဲ!” ချန်လွေ့ အံကြိတ်ကာ ပြောလိုက်သည်။ ဆူးသရဖူက ခေါင်းပေါ်တွင် ပေါ်လာပြီး သူက မိမိကိုယ်ကို [ကောင်းကင်ကုသ] ဖြင့် ကုသလိုက်၏။ ဆာရီရယ်၏ [လဝိညာဉ်] စွမ်းအားက သာမည မဟုတ်ပေ။ သူက ဝိညာဉ် ပြိုကွဲစေသော စွမ်းအားမှ လွတ်မြောက်ခဲ့သော်လည်း ခန္ဓာကိုယ်နှင့် ဝိညာဉ်က ပြင်းထန်စွာ ပျက်စီးခဲ့သည်။ [ကောင်းကင်ကုသ]တွင် ထူးခြားသော အာနိသင် ရှိသော်လည်း အချိန်တိုအတွင်း ပျောက်ကင်းနိုင်မည် မဟုတ်ပေ။

“ဒါဆို... ဒါဆို အရင်တစ်ခေါက်တုန်းက ကျွန်မ ဆာရီရယ်ဆီက ‘သော့’ စွမ်းအားကို ရခဲ့တာပေါ့!” တစ်ဖနီ နောက်ဆုံးတွင် သတိရသွားလေသည်။ စေတန်၏ ညွှန်ကြားချက်ဖြင့် စာအုပ် ပေါင်းချုပ် ခန်းမ၏ စတုတ္ထထပ်သို့ သွားခဲ့စဉ် သူက ဧရာမမျက်လုံး တစ်လုံး၏ စွမ်းအားကို ရရှိခဲ့ပြီး ၎င်းက သူ၏ အလင်းအမှောင် ခန္ဓာကို လျှို့ဝှက်ဆန်းကြယ်နယ်မြေကို ဖွင့်ရန် ‘သော့’အဖြစ် ပြောင်းပေးခဲ့သည်။ ချန်လွေ့၏ အကူအညီ ကြောင့်သာ မဟုတ်လျှင် သူက ကိုယ်ပိုင်အသိစိတ်ကို လုံးဝ ဆုံးရှုံးပြီး တကယ့်သော့တစ်ချောင်း ဖြစ်သွားခဲ့လောက်လေပြီ။

စေတန်က ထိုဧရာမ မျက်လုံး၏ ဇစ်မြစ်ကို များများစားစား မရှင်းပြခဲ့ဘဲ သူကို အမိန့်တစ်ခုသာ ပေးခဲ့သည်။ ယခုမှ ထိုဧရာမ မျက်လုံးမှာ ဆာရီရယ်ကိုယ်တိုင် ဖြစ်ကြောင်း သူ သိလိုက်ရတော့သည်!

“အဲဒီနေရာက သူ့ရဲ့ တိုင်းပြည်ငယ် ဖြစ်မယ်။” ဖိုက်သွန်၏အသံ ထွက်ပေါ် လာသည်။ “ကျွန်မ ပြောခဲ့ဖူးသလိုပဲ။ နတ်ဘုရား-ယောင် တိုင်းပြည်အားလုံးက နတ်ဘုရား-ယောင် ဘဝထဲကို ပေါင်းစပ် ဝင်ရောက်သွားတယ်။ ဒါပေမဲ့ နတ်ဘုရား-ယောင်ဘဝက စစ်မှန်တဲ့ အဆုံးမဲ့ နတ်ဘုရား အဖြစ်လောက် မနီးစပ်ဘူး။ စွမ်းရည်က အတော်လေး ကန့်သတ်ချက် ရှိတယ်။ ယုံကြည်မှုတွေနဲ့ သက်ရှိတွေကို အများကြီး မထိန်းသိမ်းနိုင်ဘူး။ အစွမ်း ပိုကြီးလေလေ နတ်ဘုရား-ယောင်ဘဝ ပိုကြီးလေလေပဲ။ ယေဘုယျအားဖြင့်တော့ နတ်ဘုရား-ယောင်တွေက ပိုလျှံနေတဲ့ ယုံကြည်သူတွေကို ပုံသေနေရာတစ်ခုကို လွှဲပြောင်းထားပြီး နတ်ဘုရား-ယောင်ဘဝ စွမ်းအား တိုးတက်လာမှ သူတို့ကို ပြန်ပေါင်းစပ်နိုင်တယ်။ တစ်နည်းအားဖြင့် ယုံကြည်သူတွေ ပျောက်ကွယ်သွားရင် ဒါမှမဟုတ် ပျက်စီးသွားမယ်ဆိုရင် တိုင်းပြည်ငယ်က အချိန်မရွေး ပြန်ပြီး ဖြည့်တင်းနိုင်တယ်။ တိုင်းပြည်ငယ်က နတ်ဘုရား-ယောင်ရဲ့ အခြေခံအုတ်မြစ်နဲ့ ညီမျှတယ်။ ဒီဖြစ်စဉ်က စစ်မှန်တဲ့ နတ်ဘုရားတိုင်းပြည်မှာ မရှိဘူး။ အဲဒါက အဆုံးမဲ့ အလားအလာနဲ့ သံသရာ လည်နေတဲ့ သက်ရှိတွေရှိတဲ့ စကြဝဠာလို နေအဖွဲ့အစည်းတစ်ခုပဲ။”

စိတ်အားထက်သန်သော ယုံကြည်သူများနှင့် ယုံကြည်မှု စွမ်းအားက နတ်ဘုရား-ယောင်အတွက် အလွန်ပင် တန်ဖိုးရှိပြီး တိုင်းပြည်ငယ်က အခြေစိုက် စခန်းတစ်ခုနှင့် တူညီသည်။ နတ်ဘုရား-ယောင်ဘဝ၏ စွမ်းအားက ခွင့်ပြုသရွေ့ သက်ဆိုင်ရာ အဆင့်သို့ ရောက်ရှိသရွေ့ ယုံကြည်သူများကို အစားထိုးရန် လိုပါက အခြေစိုက်စခန်း၏ ဒုတိယနှင့် တတိယ အသုတ်ကို ဆက်လက် ပေါင်းစပ်ပြီး အစွမ်းကို ပိုမိုအားကောင်းစေနိုင်သည်။

စေတန်၏ ဆက်ခ်ရက်တောင်၊ ဂေဘရီယယ်၏ အမှောင်အကျဉ်းထောင် သဲကန္တာရ၊ ဆာရီရယ်၏ စာအုပ်ပေါင်းချုပ် ခန်းမနှင့် ကောင်းကင်တမန် သုံးပါး၏ သိဒ္ဓိအလင်းတောင်တို့က အတူတူပင်။ ဖိုက်သွန် တစ်ဦးတည်းသာ ခြွင်းချက် ဖြစ်သည်။ ငွေသေတ္တာ ယူဆောင်သွားရန် အတွက် ခန္ဓာကိုယ်နှင့် တိုင်းပြည်ငယ်ကို လုံးဝ စွန့်လွှတ်ခဲ့သည်။ ဝိညာဉ်သာလျှင် ငွေသေတ္တာထဲတွင် လေ့ကျင့်နားလည်ရန် ကျန်ရှိခဲ့သည်။

“ဟုတ်တယ်! ငါတို့ စာအုပ်ပေါင်းချုပ် ခန်းမမှာ ဆာရီရယ်ကို သေချာပေါက် ရှာတွေ့ပြီး သော်သော်ကို ကယ်ရမယ်!” ချန်လွေ့ အံကြိတ်ကာ ကတ်သရင်း၏ အကူအညီဖြင့် ထပ်မံ ထရပ်လိုက်သည်။

“ရှင် ဒီအတိုင်း သွားမယ်ဆိုရင် အဲဒီကလေးမလေးကို ကယ်နိုင်မလား မသေချာဘူး။ သေချာတာ တစ်ခုကတော့ ရှင် သေမယ် ဆိုတာပဲ။” ဖိုက်သွန်က လှောင်လိုက်သည်။ သူ၏ စကားများမှာ တည့်တိုးဆန်လှသည်။ “ရှင် သေကြောင်း မကြံခင် သေသေချာချာ စဉ်းစားဖို့ ကျွန်မ အကြံပေးချင်တယ်။”

“သေသွားရင်တောင် သော်သော်ကို ကယ်မှာပဲ!” ချန်လွေ့ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သော်သော်က အချိန်မရွေး ဆာရီရယ်၏ ဝါးမျိုခြင်းကို ခံရနိုင်သည်ဟု တွေးမိရာတွင် သူက စိုးရိမ်ပူပန် လာမိသည်။ တစ်မိနစ် ပိုကြာတိုင်း သော်သော်၏ အခြေအနေမှာ ပို၍ အန္တရာယ် များလာလိမ့်မည်။

ဖိုက်သွန်ပြောသည်မှာ မှန်ကန်ကြောင်း သူ သိသော်လည်း ဖခင်တစ်ဦးအနေဖြင့် အချစ်ဆုံးကလေးကို လုယူခံရသောအခါ ယုတ္တိတန်သော တွေးခေါ်မှု အားလုံးကို လောင်ကျွမ်းစေသော အမျက်ဒေါသနှင့် စိတ်မရှည်မှုတို့မှာ မထိန်းချုပ်နိုင်အောင် ဖြစ်နေခဲ့သည်။

“ရှင် ဘယ်တုန်းက ဒီလို မဆင်မခြင် ဖြစ်သွားတာ။ ရှင့်ရဲ့ ဉာဏ်ပညာတွေ ဘယ်ရောက်သွားလဲ။ တည်ငြိမ်မှုတွေ ဘယ်ရောက်သွားလဲ။” ဖိုက်သွန်က အေးစက်စွာ ပြောလိုက်သည်။ “ကျွန်မတို့ ထိပ်တိုက် တိုက်ခိုက်မယ်ဆိုရင် ဒီမှာရှိတဲ့ လူအားလုံးရဲ့ အင်အားကို ပေါင်းရင်တောင် ဆာရီရယ်ကို ယှဉ်နိုင်မှာမဟုတ်ဘူး!”

“သူပြောတာ မှန်တယ်။” ကတ်သရင်း ပြောလိုက်သည်။ သမီး ဖြစ်သူ၏ အခြေအနေကို သိရှိပြီးနောက် ဧကရီ အရှင်မ၏ လက်သည်းများ အသားထဲသို့ စိုက်ဝင်နေခဲ့သော်လည်း သူ၏မျက်နှာမှာ အေးစက် ခိုင်မာနေဆဲ ဖြစ်သည်။ “ရှင် ဒီအတိုင်း သွားလို့ မဖြစ်ဘူး။ လုံးဝ မဖြစ်ဘူး။”

ကတ်သရင်း၏ ပြတ်သားမှုက ချန်လွေ့ကို နောက်ဆုံးတွင် အနည်းငယ် သတိ ပြန်ဝင်လာစေသည်။ သူက စိတ်ခံစားချက်များကို အကောင်းဆုံး တည်ငြိမ်အောင် ထိန်းရင်း ပြောသည်။ “ဖိုက်သွန်။ ခင်ဗျားရဲ့ အကြံကို အရင် နားထောင်ချင်တယ်။”

ဖိုက်သွန် ဆက်ပြောသည်။ “နတ်ဘုရား သွေးမျိုးဆက်က သာမည မဟုတ်ဘူး။ သာမန် နည်းလမ်းတွေနဲ့ စုပ်ယူလို့မရဘူး။ ဆာရီရယ် အတွက်တောင် ဒီလောက် မြန်မြန် မဖြစ်နိုင်ဘူး။ အဲဒီအချိန်အထိ သော်သော်က ဘေးကင်းတယ်။ ဒါကြောင့် ကျွန်မတို့မှာ အချိန် ရှိနေသေးတယ်၊ အနည်းဆုံးတော့ လဝက်လောက်ပေါ့။”

“လဝက်လောက် ရှိသေးတယ်ဆိုတာ ရှင် ဘယ်လိုလုပ် သေချာနေတာလဲ။” တစ်ဖနီက မေးလိုက်သည်။ ထိုကဲ့သို့ အခြေအနေအောက်တွင် တစ်ဖနီက အေးစက်သော စရိုက်သို့ ပြန်ပြောင်း သွားခဲ့သည်။

“ဘာလို့လဲဆိုတော့...” ဖိုက်သွန်က ကြောက်မက်ဖွယ်ရာ အပြုံး တစ်ခုကို ပြုံးပြလိုက်သည်။ “သူ့မှာ နတ်ဘုရား သွေးမျိုးဆက် ရှိမှန်း သိလိုက်ရတုန်းက ကျွန်မရဲ့ ချက်ချင်း ဖြစ်ပေါ်လာတဲ့ စိတ်က ဆာရီရယ်နဲ့ ဘာမှမထူးဘူး။ ဘာပဲဖြစ်ဖြစ် ဒီလိုသွေးမျိုးဆက်မျိုးက ဒီနေ့ခေတ်မှာ ပြိုင်ဘက်ကင်း ရှားပါးရတနာတစ်ခုပဲ...”

“ရှင်...” တစ်ဖနီက ဖိုက်သွန်ထံမှ ထိုကဲ့သို့သော အဖြေမျိုး ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သော်သော်ကို ဝါးမျိုမှာလား။ ဖိုက်သွန်အပေါ် လူတိုင်း၏ အကြည့်များက ရုတ်တရက် ရန်လိုသော အကြည့်များသို့ ပြောင်းလဲသွား၏။

“မစိုးရိမ်ကြပါနဲ့။ ကျွန်မ တကယ် ဝါးမျိုချင်ရင် ပိုကောင်းတဲ့ ရွေးချယ်စရာ တစ်ခု ရှိတယ်။” ဖိုက်သွန် ချန်လွေ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် စကား လမ်းကြောင်း ပြန်လွှဲလိုက်၏။ “ဝါးမျိုပြီး သွေးမျိုးဆက် လွှဲပြောင်း ရယူတာက မလွယ်ကူးဘူး။ အထူး ပေါင်းစပ်ထားတဲ့ အစီအရင်၊ စွမ်းအားနဲ့ လျှို့ဝှက်ပညာတွေ လိုအပ်တယ်။ ကျွန်မရဲ့ ပါရမီနဲ့ လျှို့ဝှက် ပညာရပ်နဲ့ ဆိုရင်တောင် ကျွန်မရဲ့ အစွမ်း အထွတ်အထိပ် ရောက်နေတဲ့ အချိန်မှာ သွေးမျိုးဆက်ကို ဝါးမျိုဖို့ အနည်းဆုံး ရက်၂၀လောက် အချိန် ယူရတယ်။ ဆာရီရယ်မှာ မိစ္ဆာမျက်ဆံရဲ့ ထူးခြားတဲ့ စွမ်းအားရှိပေမယ့် သူ့ရဲ့ လျှို့ဝှက်ပညာက ကျွန်မထက် နိမ့်တယ်။ သူ့မှာ တိုင်းပြည်ငယ်ရဲ့ စွမ်းအား ရှိရင်တောင် နောက်လဝက်လောက် အချိန်ပေးတာက သူ့ကို အထင်ကြီးလွန်းရာ ရောက်နေပြီ။ ဒါပေမဲ့ မတော်တဆမှုတွေကို ရှောင်ရှားဖို့ အတွက် ရှင့်မှာ နာလန်ထူဖို့နဲ့ ပြင်ဆင်ဖို့ အချိန် လဝက်ပဲ ရှိတော့တယ်။”

“ဒါဆို ကျွန်မတို့မှာ အနည်းဆုံး လဝက်လောက် အချိန်ရှိသေးတာပေါ့။” ကတ်သရင်းက တည်ငြိမ်မှုကို ပြန်လည် ရရှိသွားပြီ ဖြစ်သည်။ သူက ဖိုက်သွန်၏ မှတ်ချက် အချို့ကို လျစ်လျူရှုပြီး အဓိက အချက်ကို ဆုပ်ကိုင်လိုက်သည်။ “ခုနက ဖိုက်သွန်ပြောတာ ကျွန်မတို့ရဲ့ အစွမ်းက တစ်ဖက်ထက် နိမ့်ကျတယ်။ ဒါကြောင့် ဉာဏ်ပညာက အသင့်တော်ဆုံးနည်းလမ်း ဖြစ်လောက်တယ်။ ဒါပေမဲ့ ရင်ဆိုင် ဖြေရှင်းဖို့ကိုလည်း ပြင်ဆင်ထားရမယ်။ ချန်လွေ့။ ရှင် လောလို့ မဖြစ်ဘူး။ ရှင့်ရဲ့ ဒဏ်ရာကို အရင် ကုရမယ်။”

“ဟုတ်တယ်။” ဖိုက်သွန်၏ အသံမှာ အေးစက်နေဆဲ ဖြစ်သည်။ “ဆာရီရယ်ရဲ့ စွမ်းအားက စေတန်နဲ့ နှိုင်းယှဉ်နိုင်တယ်။ ကျွန်မ အခု စွမ်းအားတွေ ပြန်မရသေးဘူး။ သူ့ကို မျက်နှာချင်းဆိုင် ယှဉ်ပြိုင်နိုင်တာ ရှင်တစ်ယောက်ပဲ ရှိတယ်။ စိတ်လိုက် မာန်ပါနဲ့ မသေချင်ဘူးဆိုရင် ရှင့်ရဲ့သမီးကို တကယ် ကယ်တင်ချင်တယ် ဆိုရင် ကြောက်စရာ ရန်သူကို အကောင်းဆုံး အခြေအနေနဲ့ ရင်ဆိုင်ရမယ်! ရှင့်ရဲ့ အကြီးမားဆုံး စမ်းသပ်မှုက ၃နှစ်၊ ၁၀နှစ် အကြာမှာ မဟုတ်ဘူး၊ လဝက် အကြာမှာပဲ!”

“နားလည်ပြီ။” ချန်လွေ့ အသက်ကို ပြင်းပြင်းရှူကာ ခေါင်းညိတ်လိုက်သည်။

ဖိုက်သွန် သူ့ကို တစ်ချက်ကြည့်ပြီး အခန်းထဲမှ တန်းတန်းမတ်မတ် ထွက်သွား ခဲ့သည်။ ရှီရာနှင့် အခြားသူများလည်း ထွက်သွားရာ အခန်းထဲ ကတ်သရင်းနှင့် ချန်လွေ့ နှစ်ဦးသာ ကျန်ရစ်တော့သည်။

“ကတ်သရင်း...” ချန်လွေ့က ကတ်သရင်းကို ပွေ့ဖက်လိုက်သည်။ “ကိုယ်တို့သမီး အန္တရာယ်ကင်းကင်းနဲ့ ပြန်လာမှာပါ။ ကိုယ် အသက်နဲ့ ကျိန်ဆိုတယ်။”

ကတ်သရင်း ကြာရှည်စွာ ချုပ်တည်း ထားသော မျက်ရည်များ စီးကျလာပြီး သူ၏ တုန်ယင်နေသော ခန္ဓာကိုယ်အား ချန်လွေ့ကို ခပ်တင်းတင်း ပွေ့ဖက်ခွင့် ပြုလိုက်သည်။

“ရှင်တို့ နှစ်ယောက်လုံး... ဘေးကင်း ရမယ်။”

All Chapters