အခန်း (၂၂၆+၂၂၇)
Vol. 10 Ch. 226+227
အခန်း(၂၂၆) ပျော်ပျော်ရွှင်ရွှင် ငါးမျှားခြင်း (၄)
“ငါ့ကိုပေး”။ ချင်းယုချဲက ချင်းယုကျီးလက်ထဲမှ ငါးကြီးကို လာယူလိုက်သည်။
စာဖိုးမှူးတစ်ယောက်ဖြစ်သဖြင့် အသားငါးတွေကို ချင်းယုချဲ ကောင်းကောင်း ကိုင်တွယ်တတ်ပါသည်။ ဗရုသုက္ခတွေ ထပ်မဖြစ်တော့အောင် ချင်းယုချဲက ဓားလက်ကိုင်ဖြင့် ငါးကြီးကို ထုရိုက်လိုက်ပါသည်။
ချင်းယုချဲ၏ သွက်သွက်လက်လက် လှုပ်ရှားမှုကြောင့် ချင်းယုကျီးတစ်ယောက် အရူးနဲ့ ပိုတူသွားသည်။
ဒီလိုကိစ္စမျိုးထပ်ဖြစ်လာရင် ဝမ်းကွဲအစ်ကို,ကို ကိုင်တွယ်ခိုင်းလိုက်တာ ပိုကောင်းမယ်!
ချင်းယုကျီး စိတ်ထဲမှ ဆုံးဖြတ်လိုက်ပါတော့သည်။
ချင်းယုကျီး သိက္ခာပြန်ဆည်ပြီးနောက် သူ့ဝမ်းကွဲအစ်ကို ဓားအောက်က ငါးကြီးကို ကြည့်ရင်း မှင်သက်သွားရပြန်သည်။
ဒီလို ရေကန်လေးထဲမှာ ဒီလောက်ကြီးတဲ့ ငါးကြီးရှိနေတာ ဖြစ်နိုင်ရဲ့လား။
ရေချိုပုစွန်တွေက အံ့ဩစရာ သိပ်မရှိပါ။ ထိုသတ္တဝါတွေက အသက်ပြင်းပြီး ဘယ်နေရာမှာမဆို ရှင်သန်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် ရေကန်ငယ်ထဲမှာ နေထိုင်တာ ပုံမှန်ပဲဖြစ်သည်။
တစ်ခုခု မူမမှန်တာကို ချင်းယုကျီး သတိထားမိလာပါသည်။
ချင်းယုကျီး၏ သံသယက မမှားယွင်းခဲ့ပေ။
သူတို့ ငါးမျှားနေသည့်နေရာနဲ့ ခပ်လှမ်းလှမ်း ခြုံပုတ်တွေနောက်မှာ အိမ်တော်ထိန်းများနဲ့ ဘော်ဒီဂတ်များက ရေကန်ထဲ ရေချိုပုစွန်တွေ၊ ငါးတွေ လောင်းထည့်နေကြပါသည်။
မနေ့ညကတည်းက ဒီရေကန်ထဲမှာ ငါးတွေ၊ ပုစွန်တွေ ထည့်ထားပြီးသားဖြစ်၏။ သို့သော်လည်း မလုံလောက်မှာ စိုးသဖြင့် ထပ်မံဖြည့်နေခြင်း ဖြစ်သည်။
ခဏကြာလို့ သခင်လေးတွေ ဘာငါးမှ မမိသေးလျှင် ငါးပုစွန်တွေ ထပ်ထည့်ခိုင်းပါဦးမည်။
အမှန်ပင်။ အများကြီးလည်း ထည့်လို့မရပါ။ ငါးမျှားရတာ အရမ်းလွယ်ကူနေလျှင် အရသာပျက်သွားမည်။
မျှမျှတတလုပ်မှ ငါးတွေမမိသဖြင့် မပျင်းရသလို၊ ငါးတွေအများကြီးမိပြီး ပျင်းသွားမှာမျိုးလည်း မဖြစ်နိုင်ပါ။
ထို ငါးအကြီးကြီးတွေကို သူတို့သခင်လေး ဟွော်ထျင်းအတွက် အထူးပြင်ဆင်ပေးထားခြင်း ဖြစ်သည်။ ငါးအကြီးကြီး ဖမ်းမည်ဟု စိတ်ဆုံးဖြတ်ချက်ချထားသော သခင်လေးဟွော်ထျင်းအတွက်ပဲ ဖြစ်သည်။ ဒီလို ရေကန်မျိုးမှာ သာမန်အတိုင်းသာဆို ဒီလောက်ကြီးမားသည့် ငါးမျိုး နေထိုင်မှာ မဟုတ်ပေ။
သူတို့ သခင်လေး စိတ်ပျက်သွားမှာ စိုးရိမ်သဖြင့် ငါးအကြီးကြီးတွေကို ရေကန်ထဲ ထည့်ပေးထားခြင်း ဖြစ်ပါသည်။
စူစူလေး ငါးအကြီးကြီး ၂ ကောင် ဆက်တိုက် ဖမ်းမိသွားသောအခါ ခဏလောက် အနားယူလိုက်ပြီး ချင်းယုချဲထံ ပြေးလာကာ ဟင်းချက်ဖို့ ပြင်ဆင်နေတာကို ဘေးမှ ရပ်ကြည့်နေပါသည်။
ငါးအကြီးကြီး ၂ ကောင်၊ တစ်ကောင်က မြက်စားငါးကြင်းဖြစ်ပြီး နောက်တစ်ကောင်က ငွေရောင်ငါးကြင်းဖြစ်သည်။
အရိုးများပြီး အသားမာသည့် မြက်စားငါးကြင်းကို ချင်းယုကျဲက ငါးဆုပ်လုံးများအဖြစ် ပြောင်းလဲလိုက်သည်။
ငွေရောင်ငါးကြင်းကိုတော့ ငါးစွပ်ပြုတ် လုပ်ဖို့အတွက် အသုံးပြုလိုက်ပြီး အရိုးနွှင်ထားသော အသားများကို ခပ်ပါးပါးလေး လှီးလိုက်ပါသည်။
ရေချိုပုစွန်များကို ပုံမှန် ရသာ ၁၃ မျိုး၊ ကြက်သွန်ဖြူ အရသာ၊ ငရုတ်သီး အရသာ စသည်ဖြင့် ချက်ပြုတ်မည့်အပြင် ကလေးတွေ စားဖို့ လွယ်ကူစေရန် ရေချိုပုစွန် အသားများကို ဟင်းသီးဟင်းရွက်များဖြင့် ရောယှက်ကာ အသားလုံးလေးများဖြစ်အောင် ပြုလုပ်ပေးထားသည်။
စူစူလေးက မျက်လုံးပြူးကျယ်ကျယ်လေးဖြင့် ချင်းယုချဲကို သေချာ စိုက်ကြည့်နေပါသည်။ ပခုံးပေါ်က ဟူကျစ်ကလည်း သူ့သခင်ပုံစံအတိုင်းပင်။
သူတို့ နှစ်ယောက် အရသာရှိတာတွေကို တွေ့လိုက်တာနဲ့တစ်ပြိုင်နက် လှုပ်တောင် မလှုပ်နိုင်ကြတော့ပေ။
ချင်းယုချဲက သူတို့ နှစ်ယောက်ကို မသိချင်ယောင်ဆောင်ဖို့ ကြိုးစားသော်လည်း သူတို့ အကြည့်တွေက စူးရှလွန်းသဖြင့် မကြာခဏ လှည့်ကြည့်မိသည်။
သူတို့ အကြည့်တွေကို မြင်သောအခါ ချင်းယုချဲ ရယ်မာမိပါသည်။
“တူချောလေး ရယ်ရင် အရမ်း ကြည့်လို့ကောင်းတာပဲ!”။ စူစူလေးက တောက်ပသော မျက်လုံးများဖြင့် မြှောက်ပင့်ကာ ပြောလိုက်သည်။
ချင်းယုချဲ ရှက်သွားပြီး ဘယ်လို တုန့်ပြန်ရမလဲ မသိသဖြင့် မကြားချင်ယောင်သာ ဆောင်နေလိုက်ပါသည်။
ထိုအချိန်တွင် စူစူလေးအနောက်မှ ဗွမ်းခနဲ အသံတစ်သံ ထွက်ပေါ်လာသည်။
စူစူလေး နောက်လှည့်ကြည့်လိုက်သောအခါ ရေကန် ကမ်းနံဘေးမှာ ဟွော်ထျင်းကို မတွေ့ရတော့ပေ။ ထို့အစား ရေကန်ထဲမှာ ယက်ကန်ယက်ကန် ဖြစ်နေလေသည်။
ထို့နောက် ‘ဗွမ်း’ခနဲ အသံ တစ်သံ ထပ်ထွက်လာပြန်သည်။ ချင်းယုကျီးက ဟွော်ထျင်းကို ကယ်တင်ဖို့ ရေထဲ ခုန်ဆင်းသွားတာ ဖြစ်ပါသည်။
“အား!! တူလေး!! ထျင်းထျင်း!!”
စူစူလေး ဂယောင်ချောက်ချားဖြစ်သွားပြီး ရေကန်ဆီ ပြေးသွားလိုက်သည်။
“ဗွမ်း!!!—”
စူစူလေးလည်း ရေကန်ထဲ ခုန်ချလိုက်ပါသည်။
“ဂလု--- ဂလု---”။ စူစူလေး၏ ခန္ဓာကိုယ်သေးသေးလေး ထိန်းချုပ်မရဘဲ ရေအောက် နစ်သွားလေသည်။
သူများတွေကို ကယ်ချင်ဇောဖြင့် သူမ ရေမကူးတတ်မှန်း မေ့သွားခဲ့သည်။
ရေထဲမှာ သူမ ခွန်အားကလည်း အသုံးမဝင်တော့ပါ။
… … …
အခန်း(၂၂၇) ရေကန်ပြဿနာ
စူစူလေး ရေကန်ထဲ ကျသွားတာကိုမြင်ပြီး ဟူကျစ်ကလည်း သူ့သခင်ကို ကယ်ဖို့အတွက် ရေကန်ထဲ ခုန်ချလိုက်သည်။
“ဂလု----”
ဟူကျစ်လည်း ရေမကူးတတ်ပါ။ သူ့ခန္ဓာကိုယ်သေးသေးလေး ရေထဲ နစ်သွားပြီး ပြန်ပေါ်မလာတော့ပေ။
“စူစူလေး! ဟူကျစ်!!”။ လုကျန်းယွီ ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
ရေကန်ထဲမှာ စူစူလေး ရုန်းကန်နေတာကိုမြင်ပြီး လုကျန်းယွီ သူ့ခန္ဓာကိုယ်ကို လှုပ်ရှားဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း ခြေထောက်တွေကို ခံစားလို့မရသဖြင့် ဝှီးချဲပေါ်မှ တုန်ယင်စွာ ပြုတ်ကျသွားလေသည်။
လုကျန်းယွီ သူ့ခြေထောက်တွေကိုသူ ကြည့်လိုက်ပြီး ရင်ထဲ နာကျင်သွားကာ ကိုယ့်ကိုယ်ကို စက်ဆုပ်သွားခဲ့သသည်။
ထိုစဉ် ချက်ပြုတ်ပြင်ဆင်နေသည့် ချင်းယုချဲလည်း ကိုင်ထားတာတွေ အကုန်ချလျက် ရေကန်ထဲ ခုန်ချသွားခဲ့သည်။
တစ်မိနစ်အတွင်း ရေကန်ထဲ လူ ၄ ယောက်နဲ့ ကြောင်တစ်ကောင် ပြုတ်ကျသွားလေသည်။
သို့သော်လည်း မပြီးသေးပါ။ ခပ်လှမ်းလှမ်း ခြုံပုတ်တွေထဲမှ ယောက်ျားရင့်မာကြီးတွေ ၁၀ ယောက်မက ထွက်လာပြီး ရေကန်ထဲ ခုန်ချသွားကြသည်။
“ဗွမ်း!!”
“ဗွမ်း!!!”
တဗွမ်းဗွမ်းမြည်သံတွေ ဆူညံသွားကာ ရေကန်ထဲ ဘော်ဒီဂတ်တွေအများကြီး ရောက်ရှိသွားကြလေသည်။
ပုံမှန်ဆို အေးချမ်း တိတ်ဆိတ်သည့် ရေကန်လေး ရုတ်တရက်ကြီး ဗြောင်းဆန်ကာ ဗရုသုက္ခဖြစ်သွားလေသည်။
သို့သော်လည်း ဒီလောက်နဲ့ မပြီးသေးပါ။
ဘာကြောင့်မှန်းမသိဘဲ နဂိုက တည်ငြိမ်နေသည့် ရေမျက်နှာပြင်များ ကြမ်းတမ်းစွာ ရိုက်ခတ်လာပြီး လှိုင်းလုံးကြီးတွေတောင် ဖြစ်လာပါသည်။
စူစူလေး ရေထဲမှာ ယက်ကန်ယက်ကန်ဖြစ်နေစဉ် သူမရဲ့ လက်ကလေးများက ရေတွေကို အားဖြင့် ရိုက်ခတ်မှုကြောင့် လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ချင်းယုကျီးက ဟွော်ထျင်းကို ကယ်တင်ရင်း ရေကန်ထဲမှာ ရှိနေဆဲဖြစ်ပြီး စူစူလေး ရေကန်ထဲရောက်နေတာကို မသိသေးပါ။
ရေကန်ကြီးတစ်ခုလုံး ရုတ်တရက် တုန်ခါသွားတာကို သူ သတိထားမိလိုက်သည်။ ပင်လယ်ပြင်မှာ လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်တော့မည့် လက္ခဏာမျိုးဖြစ်သည်။
ဟွော်ထျင်းကို ဖမ်းမိခါနီးတွင် လှိုင်းလုံးတစ်ခုကြောင့် ချင်းယုကျီး အဝေးသို့ လွင့်ထွက်သွားလေသည်။
ချင်းယုချဲက စူစူလေးနားကို ရောက်နေပြီဖြစ်ပြီး သူမကို ပွေ့ဖက်ကာ ကမ်းပေါ် ပြန်တက်ဖို့ ပြင်လိုက်သည်။
သို့သော် စူစူလေးက သန်မာလွန်းပါသည်။ သူမ လက်ကလေးတစ်ဖက် လှုပ်ရှားလိုက်ရုံနဲ့ ချင်းယုချဲ လွင့်ထွက်သွားသည်။
ကယ်ဆယ်ရေးလုပ်ဖို့ ရေကန်ထဲ ဆင်းလာသည့် ဘော်ဒီဂတ်တွေလည်း လှိုင်းလုံးများကြောင့် ဗရုသုက္ခဖြစ်ကုန်ပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက်ပင် မခွဲခြားနိုင်တော့ပါ။
ဒီလိုရေကန်လေးထဲက လှိုင်းလုံးတွေမှာ ပင်လယ်ပြင်ရှိ လှိုင်းလုံးကြီးများထက် ပိုမို ကြီးမားနေသည်။
ပုံမှန်ဆို မြေပေါ်မှာ ရဲဝံ့ပြီး ပရော်ဖက်ရှင်နယ်ဆန်သည့် ဘော်ဒီဂတ်များက ဒီနေ့တော့ ရေကန်လေးထဲမှာ ပုစွန်ဆိတ်တွေလို ဦးတည်ရာမဲ့ ဟိုရောက်လိုက် ဒီရောက်လိုက် ဖြစ်နေကြလေသည်။
ကမ်းနံဘေးတွင် ချင်းလောင်ယွင်တစ်ယောက် ဘာလုပ်ရမှန်းမသိဘဲ ကြက်သေသေနေပါသည်။
လှိုင်းလုံးကြီးများက ကမ်းပေါ်ကိုပါ ရိုက်ခတ်သဖြင့် ချင်းလောင်ယွင် ခေါင်းအစ ခြေအဆုံး ရေတွေ စိုရွှဲသွားသည်။
သူမ မလှုပ်မရှားဘဲ ရေကန်ကိုသာ ကြက်သေသေလျက် ရပ်ကြည့်နေမိသည်။
ရေကန်ထဲက မြင်ကွင်းမှာ ချောက်ချားစရာ ကောင်းလွန်းသဖြင့် သူမ လိပ်ပြာလွင့်သွားသလားဟုပင် ထင်ရပါသည်။
ထိုစဉ် အိမ်တော်ထိန်းလျို့ အပြေးရောက်လာပြီး ဘာလုပ်ရမှန်းမသိဘဲ ခုန်ပေါက်ကာ ရေကန်ဆီ လှမ်းအော်လိုက်သည်။
“သခင်လေး! သခင်လေးဘယ်မှာလဲ?! သခင်လေး!! ဘယ်လိုဖြစ်တာလဲ?! ရေကန်က ဘာဖြစ်သွားတာလဲ?! သခင်လေးနဲ့ သခင်မလေးစူစူတို့ကို အမြန်ကယ်ကြစမ်း! သူတို့တစ်ခုခုဖြစ်သွားရင် မင်းတို့အကုန် မလွယ်ဘူးမှတ်!။ သူတို့ကို အရင်ဆုံး ကယ်နိုင်တဲ့လူ ယွမ် ၅၀၀,၀၀၀ ဆုချမယ်!”
အိမ်တော်ထိန်းလျို့က ရေကူးမတော်သဖြင့် သူ့ဘော်ဒီဂတ်တွေကိုသာ အားကိုးနိုင်သည်။
လုကျန်းယွီက မြေပေါ်မှာ လဲကျနေဆဲဖြစ်ပြီး ရေတွေလည်း စိုးရွှဲနေပါသည်။ သို့သော် သူဂရုမစိုက်ပါ။။ သူ့မျက်လုံးများက လှိုင်းလုံးများ ကြမ်းတမ်းစွာ ရိုက်ခတ်နေသော ရေပြင်ပေါ်မှာ ရှိနေပြီး စူစူလေးကို တွေ့ရလို တွေ့ရငြား ရှာဖွေနေသည်။
ဆူညံသံတွေ ဗြောင်းဆန်မှုတွေကြားထဲ စူစူလေးကို ချင်းယုချဲ အော်ပြောလိုက်သည်။
“စူစူလေး စိတ်အေးအေးထားစမ်း! စိတ်အေးအေးထားရင် အခုချက်ချင်း ကယ်ပေးလို့ရတယ်!”
“စူစူလေး ငါရှိတယ်! ဘေးမှာ ငါရှိတယ် မကြောက်နဲ့!!”