အခန်း (၂၂၈+၂၂၉)
Vol. 10 Ch. 228+229
အခန်း(၂၂၈) ကျန်းယွီကို မင်းသမီးတစ်ပါးလို ပွေ့ချီခြင်း
ချင်းယုချဲ၏ အသံက သာယာပြီး နူးညံ့ကာ စူစူလေး၏ နားထဲ ဝင်ရောက်သွားသည်။
တူချောလေး! တူချောလေးပဲ!
တူချောလေးက သူ့ကို မလှုပ်ဖို့ ပြောနေတယ်!
မလှုပ်နဲ့ဟုတ်လား?
ဪ သူ့လက်တွေကို ရမ်းခါနေမိတာပဲ။
ထိုအခါမှ စူစူလေး သူမ လုပ်ရပ်ကိုသူမ သတိထားမိသွားပါသည်။
တကယ်တော့ သူမ ကြောက်ရွံ့သဖြင့် လက်တွေကို ခါရမ်းနေတာ မဟုတ်ပေ။
ရေကန်ထဲက ရေတွေကို ခပ်ထုတ်ချင်တာကြောင့် ဖြစ်ပါသည်။ သူမသာ ခပ်ကြမ်းကြမ်း ရိုက်ခတ်လိုက်လျှင် ရေကန်ထဲက ရေတွေ အပြင်ထွက်သွားလောက်မည်ဟု ထင်နေတာဖြစ်သည်။
စူစူလေး ယောက်ယက်ခတ်နေတာကို ရပ်တန့်လိုက်သည်။
စူစူလေး တည်ငြိမ်သွားသောအခါ ရေကန်ထဲက ရေမျက်နှာပြင်လည်း ပြန်လည် တည်ငြိမ်သွားပါသည်။
ချင်းယုချဲက စူစူလေးကို ပွေ့လိုက်ပြီး ရေမမွန်းစေဖို့အတွက် သူ့ပခုံးပေါ်မှာ သူမ ခေါင်းလေးကို တင်ထားလိုက်သည်။
“တူချောလေး!”။ စူစူလေးက ပျော်ရွှင်စွာ အော်ခေါ်လိုက်သည်။
“ဘာဖြစ်သွားသေးလဲ။ နှာခေါင်းထဲ ရေတွေဝင်သွားသေးလား”။ ချင်းယုကျဲက စူစူလေးကို သေချာ စစ်ဆေးလိုက်ပြီး မေးလိုက်ပါသည်။
“မဝင်ဘူး!”
စူစူလေးက ဘာမှမဖြစ်ဘဲ တက်ကြွနေဆဲဖြစ်သည်။ သူများတွေကို ကယ်တင်ဖို့ ရေကန်ထဲ ခုန်ချလာသည့် ချင်းယုကျီး၊ ချင်းယုချဲတို့ထက်ပင်မကဘဲ ကမ်းပေါ်မှာ ရှိနေသူတွေထက်တောင် ပိုတက်ကြွနေပါသေးသည်။
“ဟုတ်ပါပြီ။ ငါ့ကို သေချာ ကိုင်ထား။ ကမ်းပေါ် ပြန်တင်ပေးမယ်”။ ချင်းယုချဲက သိမ်မွေ့စွာ ပြောလိုက်သည်။
“အိုကေ! ထျင်းထျင်းနဲ့ တူလေးကော”။ စူစူလေးက စိုးရိမ်စွာမေးလိုက်ပြီး သူတို့နှစ်ယောက်ကို ရေကန်ထဲမှာ လိုက်ရှာလိုက်သည်။
“ယုကျီးက ရေကူးတတ်တယ်။ ဟွော်ထျင်းကို ကယ်ဖို့ ခုန်ဆင်းလာခဲ့တာ”။ ချင်းယုချဲက ရှင်းပြလိုက်၏။
တစ်ချိန်တည်းမှာပင် ချင်းယုချဲက ဟူကျစ်ကို လိုက်ရှာလိုက်သည်။
ဘော်ဒီဂတ်တစ်ယောက်က ဟူကျစ်ကို ရေထဲမှ ဆယ်ပြီးပြီဖြစ်သည်။
သခင်လိုပဲ ဟူကျစ်က တက်ကြွနေဆဲဖြစ်ပါသည်။ ဘော်ဒီဂတ်၏ ပခုံးပေါ်မှာ ခေါင်းမော့ရင်ကော့လျက် ထိုင်နေသည်။
အားလုံးဘေးကင်းကြပါသည်။
ချင်းယုချဲက စူစူလေးကို သယ်လျက် ကမ်းပေါ် ပြန်တက်လာခဲ့သည်။
တခြားသူတွေလည်း တစ်ယောက်ပြီးတစ်ယောက် ကမ်းပေါ် ပြန်တက်လာကြပါသည်။
နောက်ဆုံးတော့ အိမ်တော်ထိန်းလျို့ အသက်ဝဝ ရှူနိုင်ပါပြီ။ ကံကောင်းစွာဖြင့် သူ့မှာ နှလုံးရောဂါသို့မဟုတ် သွေးတက်တတ်တာမျိုး မရှိပေ။ မဟုတ်ပါက အခုလောက်ဆို ဆေးရုံရောက်သွားလောက်ပါပြီ။
ကမ်းပေါ်ပြန်ရောက်မှ စူစူလေးလည်း ရေကန်ထဲ ခုန်ချသွားကြောင်း ချင်းယုကျီး သိလိုက်ရသည်။
“ရေတွေ ဘာလို့ အဲ့လောက်လှိုင်းထန်နေတာလဲလို့ ငါစဉ်းစားနေတာ။ ရေကန်ထဲ မကောင်းဆိုးဝါးတစ်ကောင် ရှိနေတယ်လို့တောင် ထင်သွားတာ!”
ချင်းယုကျီး ဟောဟဲဆိုက်ကာ မယုံကြည်နိုင်ဖြစ်နေသည်။ သူ့ကိုယ်သူ တကယ် သေပြီဟု ထင်ထားခဲ့တာ ဖြစ်သည်။
“ကိုကြီး!!”။ စူစူလေး ခြေဖဝါးနဲ့ မြေကြီးနဲ့ ထိလိုက်တာနဲ့တစ်ပြိုင်နက် မြေပေါ် လဲကျနေသည့် လုကျန်းယွီအား မြင်သွားပြီး သွားပွေ့ချီလိုက်သည်။
စူစူလေးက သေးငယ်ပြီး အရပ်သိပ်မရှည်သော်လည်း လုကျန်းယွီကို အလွယ်တကူ ပွေ့ချီလိုက်နိုင်သည်။ လက်တစ်ဖက်ဖြင့် ဒူးခေါက်ခွက်ကို ပင့်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူ့ခါးကို ပင့်ကာ မထားသည်။
ပုံပြင်ထဲက မင်းသမီးလေးတစ်ယောက်ကို မင်းသားက ပွေ့ချီသည့် ပုံစံမျိုးဖြစ်သည်။
တစ်ခုတည်းသော ပြဿနာက ဝှီးချဲမှာ စူစူလေးထက် အနည်းငယ် ပိုမြင့်နေခြင်း ဖြစ်သည်။ ထို့ကြောင့် လုကျန်းယွီကို ဝှီးချဲပေါ်တင်ပေးဖို့ စူစူလေး အခက်တွေ့နေပါသည်။
“အောင်မယ်လေး--”
စူစူလေး အနည်းငယ် ငြီးတွားလိုက်သည်။
လုကျန်းယွီ ကြက်သေသေသွားပြီး မျက်နှာပေါ်မှာ ရှက်ရွံ့မှုတွေ ပေါ်လာခဲ့သည်။
လုကျန်းယွီကို ဝှီးချဲပေါ်မှာတင်ပြီးနောက် သူ မပျော်သည့်ပုံစံပေါက်နေသဖြင့် စူစူလေး အမြန် မေးလိုက်သည်။ “ကိုကြီး ဘာဖြစ်လို့လဲ။ ပြုတ်ကျသွားတုန်းက နာသွားလို့လား။ အုံဖွလုပ်ပေးမယ်။ အဲ့တာဆို မနာတော့ဘူး!!”
“ဘာမှမဖြစ်ပါဘူး မနာပါဘူး”။ လုကျန်းယွီ ရှင်းပြဖို့ ကြိုးစားသည်။
သူ့ခန္ဓာကိုယ်က မနာပါ။ သို့သော်…
လုကျန်းယွီ ဆက်ပြောလိုက်သည်။ “စူစူလေး အအေးမမိအောင် အဝတ်အစားတွေ အမြန်လဲလိုက်ဦး”
“ဒါပေမယ့် ကိုကြီးလည်း ရေတွေ စိုရွှဲနေတာပဲလေ! နေပါဦး… ကမ်းပေါ်မှာနေပြီး ရေတွေ ဘာလို့ စိုနေတာလဲ”။ စူစူလေးက ဇဝေဇဝါဖြစ်စွာ မေးလိုက်ပါသည်။
… … …
အခန်း(၂၂၉) သေသေချာချာ ပြင်ဆင်ခြင်း
အိမ်တော်ထိန်းလျို့ နှုတ်ခမ်းတွန့်သွားသည်။
သခင်မလေးစူစူက ဒီလိုတောင် မေးရဲသေးတယ်လား?!
သူ့ကြောင့် အားလုံး ဒီလိုဖြစ်သွားတာ မဟုတ်ဘူးလား?!
အမှန်ပင်။ အိမ်တော်ထိန်းလျို့ စိတ်ထဲမှာသာ ပြောရဲပါသည်။ စူစူလေးကိုလည်း တကယ် အပြစ်မတင်ပါ။
ထို့နောက် အိမ်တော်ထိန်းလျို့က စိတ်နဲ့လူနဲ့ ပြန်ကပ်လိုက်ပြီး ရေစိုသွားသည့် ကလေးအားလုံးကို ရွက်ဖျင်တဲတွေဆီ လိုက်ပို့ပေးဖို့ စီစဉ်လိုက်ပါသည်။
“သခင်မလေးစူစူ ကျေးဇူးပြုပြီး ဘေးက ရွက်ဖျင်တဲထဲကို သွားလိုက်ပါ။ အဲ့မှာ အဝတ်အစားအသစ်တွေ ပြင်ဆင်ပေးထားတယ်။ ကိုယ့်ဖာသာကိုယ် အဝတ်လဲတတ်လား။ အဝတ်အစား ကူလဲပေးဖို့ အစ်မကြီးတစ်ယောက် ရှာပေးရမလား”။ အိမ်တော်ထိန်းလျို့က မေးလိုက်သည်။
“ရတယ် ရတယ်။ ကိုယ့်ဖာသာကိုယ် လဲတတ်တယ်!”။ စူစူလေးက ယုံကြည်ချက် ပြည့်ဝစွာ ပြန်ပြောလိုက်သည်။
အဝတ်အစားလဲတာလောက်ကတော့ ခြေတွေလက်တွေ သေချာ လှုပ်ရှားနိုင်သည့်အရွယ်ကတည်းက လုပ်တတ်နေပြီ ဖြစ်သည်။
ချင်းလောင်ယွင်လည်း ရေတွေ စိုရွှဲနေပါသည်။
“ယွင်ယွင် သမီးလည်း တခြားရွက်ဖျင်တဲထားမှာ အဝတ်အစားသွားလဲလိုက်ဦး”။ အိမ်တော်ထိန်းလျို့က အပြုံးဖြင့် ပြောလိုက်သည်။
ရွက်ဖျင်တဲတွေက အများကြီးရှိသဖြင့် ကလေးတိုင်း ကိုယ့်တဲနဲ့ကိုယ် အဝတ်အစား လဲနိုင်ပါသည်။
အစကတော့ ရွက်ဖျင်တဲအမျိုးအစားကို ကလေးတွေ မကြိုက်မှာစိုးသဖြင့် အပိုထပ်ဆောင်းတွေ ယူဆောင်လာခြင်း ဖြစ်သည်။ အခုတော့ အားလုံး အသုံးဝင်သွားပါပြီ။
“သ… သမီး အဝတ်အစားအပို ယူမလာဘူး…”။ ချင်းလောင်ယွင် တိုးညှင်းစွာ ပြောလိုက်သည်။
“ဘာမှမဖြစ်ပါဘူး။ ဆိုဒ်မျိုးစုံ အဝတ်အစားသစ်တွေ အများကြီး စီစဉ်ပေးထားတယ်”။ အိမ်တော်ထိန်းလျို့က ပြန်ပြောလိုက်ပါသည်။
ထို့နောက် ချင်းလောင်ယွင်ကို ရွက်ဖျင်တဲဆီ လိုက်ပို့ဖို့ တစ်ယောက်ယောက်ကို တာဝန်ပေးလိုက်ပြီး အဝတ်အစားအသစ်တွေ ရွေးခိုင်းလိုက်ပါသည်။
ရွက်ဖျင်တဲတွေသာမကဘဲ အဝတ်အစားအသစ်တွေပါ ပြင်ဆင်ထားသဖြင့် ချင်းယုကျီး အံ့အားသင့်သွားခဲ့ရသည်။
“အိမ်တော်ထိန်းလျို့က စေ့စေ့စပ်စပ် ပြင်ဆင်တတ်တာပဲနော်”။ ချင်းယုကျီး ချီးကျူးလိုက်ပါသည်။
“အဲ့လိုလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ သခင်လေးနောက်ကို လိုက်ရတိုင်း ဒီလို ပြင်ဆင်ထားမှ တော်ရာကျမှာ”။ အိမ်တော်ထိန်းလျို့က တောက်ပနေသော အပြုံးဖြင့် ပြန်ပြောလိုက်သည်။
အင်း… အဲ့စကားနောက်မှာ သွေးတွေ ချွေးတွေ ရင်းခဲ့ရတဲ့ သင်ခန်းစာတွေ ရှိနေသလိုပဲ…။
အဝတ်အစားလဲပြီးနောက် အားလုံး ပြန်လည် သန့်ရှင်းသပ်ရပ်သွားကြသည်။
ထိုအချိန်တွင် ချင်းယုချဲ၏ အသားကင်များနဲ့ ရေချိုပုစွန်ဟင်းများလည်း အသင့်ဖြစ်နေပြီဖြစ်သည်။
ဗရုသုက္ခတွေ ဖြစ်ပြီးနောက် အားလုံး ဗိုက်တွေ တဂွီဂွီ မြည်နေကြပါပြီ။ ထို့ကြောင့် စားပွဲအပြည့် စားစရာများကို မြင်လိုက်ရသောအခါ အားလုံး ပြုံးပျော်သွားကြသည်။
“ဦလေး အာ့ချဲက တကယ့် ကယ်တင်ရှင်လေးပဲ။ ဦးလေးကို အဆုံးမဲ့ မြစ်တစ်စင်းလို အရမ်းချစ်တယ်။ ဆာလောင်နေတဲ့ အချိန် ဦးလေးရဲ့ အရသာရှိတဲ့ အစားအသောက်တွေကို စားလိုက်ရတဲ့ ခံစားချက်က ကမ္ဘာပေါ်မှာ ပျော်စရာ အကောင်းဆုံးပဲ!”။ ချင်းယုကျီးက ပိုပိုကဲကဲ ပြောလိုက်သည်။
ချင်းယုချဲ သူ့ကို လျစ်လျူရှုလိုက်ပါသည်။
ချင်းယုကျီး၏ အကျင့်ကို သူအသားကျနေပြီးသား ဖြစ်သည်။ ထို့ကြောင့် ဘာမှ ဂုဏ်မယူပါ။ သူ့ကို ပါးရိုက်ချင်စိတ်တောင် ဖြစ်မိသေးသည်။
“တူချောလေး ဒီနေ့တော်တယ်!!”။ စူစူလေးက ချင်းယုချဲကို ချီးကျူးလိုက်ပါသည်။
အရသာရှိသည့် အစားအသောက်တွေကို ချက်ပြုတ်ပေးရုံတင်မကဘဲ ရေထဲခုန်ချပြီး သူမကိုလည်း ကယ်တင်ခဲ့သည်။
“အင်း…”။ ချင်းယုချဲ တိုးညှင်းစွာ ပြောလိုက်ပါသည်။
ချင်းယုချဲ စိတ်ပြေလက်ပျောက်ဖြစ်နေပါသည်။ သူ ချက်ပြုတ်ထားသည့် ဟင်းလျာတွေကို လူတွေအများကြီး စောင့်မျှော်နေကြသည့် ခံစားချက်က သိပ်မဆိုးရွားလှပေ။
ဟွော်ထျင်းက ချင်းယုကျီးအား ကျေးဇူးတင်သည့်အနေဖြင့် စားစရာ ထည့်ပေးလိုက်သည်။ “ကျေးဇူးပါ”။
ထို့နောက် ချက်ချင်း မျက်နှာလွှဲလိုက်ပါသည်။
ကျေးဇူးတင်ရတာ ရှက်ဖို့ကောင်းလိုက်တာ!
ချင်းယုကျီးက ဟွော်ထျင်း၏ နောက်ကျောကိုသာ မြင်လိုက်ရကာ ရယ်မောမိသွားပါသည်။
မိစ္ဆာဘုရင်လေး တောင်းပန်ပုံက ခွကျလိုက်တာ။
သို့သော်လည်း အရင်တုန်းက ရှော့ပေးမောထဲမှာ သူ့ခွေးကြီးကို သုံးပြီး လူတွေကို ခြောက်လှန့်ကာ ပိုက်ဆံဖြင့် အရာရာ ဖြေရှင်းနိုင်သည်ဟု ယုံကြည်နေတုန်းကထက်စာလျှင် အများကြီး တိုးတက်လာသည်ဟု ဆိုနိုင်ပါသည်။
လုကျန်းယွီလည်း အဝတ်အစားတွေ လဲပြီးသွားပြီဖြစ်သည်။ သူ့မျက်နှာပေါ်မှာ အပြုံးပါးတစ်ခု ရှိနေပြီး စူစူလေး အေးအေးဆေးဆေး စားသောက်လို့ရအောင် ဟင်းလျာတွေ ထည့်ပေးနေပါသည်။