← Chapters

အခန်း (၂၃၂+၂၃၃)

Vol. 10 Ch. 232+233

အခန်း (၂၃၂+၂၃၃)

Vol. 10 Ch. 232+233

အခန်း(၂၃၂) စူစူလေးကို တပည့်အဖြစ် မွေးမယ်

“ကျုပ်အသက်ကို ကယ်တင်ပေးတဲ့အတွက် စူစူလေးကို ကျေးဇူးတင်ဖို့ လာခဲ့တာပါ”။ ကောလောင်ရှစ်က အပြုံးဖြင့် ပြောလိုက်ပါသည်။

“စိတ်မရှိပါနဲ့ မစ္စတာကော။ ကျွန်တော့် ညီမလေးနဲ့ မစ္စစန်းကျစ်တို့နှစ်ယောက်စလုံး ဒီနေ့ အိမ်မှာ မရှိလို့ပါ”။ ချင်းရှင်းကျစ်က တောင်းတောင်းပန်ပန် ပြောလိုက်ပါသည်။

“စူစူလေး မရှိဘူးဟုတ်လား။ သူဘယ်တော့ ပြန်ရောက်မှာလဲ။ ကျုပ် စောင့်ပေးလို့ရပါတယ်”။ ကောလောင်ရှစ်က ပြောလိုက်သည်။

“ကျွန်တော့်ညီမလေး နည်းနည်း နောက်ကျလိမ့်မယ် ထင်တယ်”။

“ရပါတယ်။ ကျုပ်စောင့်နိုင်တယ်။ ဘယ်လောက်ကြာကြာ စောင့်ပေးရမှာ ကျုပ်တာဝန်ပါ။ သူက ကျုပ်ရဲ့ အသက်သခင် ကျေးဇူးရှင်ပဲဥစ္စာ။ ခင်ဗျားတို့အတွက် အနှောင့်အယှက်မဖြစ်ရင် ကျုပ်ကို စောင့်ခွင့်ပေးပါ”။ ကောလောင်ရှစ်က ပြောလိုက်သည်။

ကောလောင်ရှစ်၏ စကားလုံးများကြောင့် ချင်းရှင်းကျစ် အံ့အားလည်းသင့် ကြည်လည်း ကြည်နူးသွားပါသည်။

ဂုဏ်သရေရှိ ပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ အသက်အရွယ်ကြီးရင့်သူတစ်ဦး ဖြစ်သည့်အလျောက် သူ့ အမြော်အမြင်၊ စိတ်ဓာတ်နဲ့ စရိုက်တို့ကို ချင်းရှင်းကျစ် အလွန်လေးစားမိပါသည်။

ကောလောင်ရှစ်က စောင့်ချင်သဖြင့် ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့ မကန့်ကွက်ရဲကြပေ။

အဘိုးကောနဲ့ ပါလာသည့် ချိုင်ကျမ့်ယဲ့က ချင်းရှင်းကျစ်အား ပြောလိုက်ပါသည်။ “ငါ့တူ ရှင်းကျစ်။ စူစူလေး ဒီတစ်ခါ လုပ်ခဲ့တဲ့ လုပ်ရပ်က တကယ် သတ္တိရှိတာပဲ! ငါလည်း အွန်လိုင်းပေါ်မှာ ဗီဒီယိုကို မြင်တုန်းက တုန်လှုပ်သွားတာ။ နောက်တော့ အဘိုးကော ပြောပြချက်အရ စူစူလေးက ကားထဲကို တွားသွားဝင်လာပြီး ထိုင်ခုံနဲ့ ကားအမိုးတွေကို လှန်ပြစ်ပြီး အဘိုးကောကို ကယ်သွားတာ။ သူက တကယ့် သူရဲကောင်းလေးပဲ!”

ညီမဖြစ်သူကို ချီးကျူးသည့်စကားလုံးများ ကြားသောအခါ ချင်းရှင်းကျစ် မျက်နှာ ဂုဏ်ယူဝံ့ကြွားမှုဖြင့် တောက်ပသွားပါသည်။ “ကျွန်တော့် ညီမလေးက တကယ်တော်တာပါ! အထူးသဖြင့် သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်ဓာတ်က လေးစားဖို့ကောင်းတယ်။ အစ်ကိုဖြစ်တဲ့ ကျွန်တော်တောင် ပျော့ညံ့သွားသလို ခံစားလိုက်ရတယ်။ နောက်ဆို သူ့ဆီက အတုယူမှဖြစ်မယ်”

ထို့နောက် ချိုင်ကျမ့်ယဲ့က ပြောလိုက်သည်။ “အဓိကပြောချင်တာကလေ မစ္စတာကောက သူ့အသက်ကို ကယ်ပေးတဲ့ အတွက် စူစူလေးကို အရမ်းကျေးဇူးတင်လို့ ကျေးဇူးဆပ်ချင်နေတာ။ ဒါပေမယ့် စူစူလေးက ရှေးဟောင်းပစ္စည်းတွေ၊ လက်ရေးပန်းချီတွေဘာတွေ မကြိုက်တတ်ဘူးမလား။ စူစူလေး ကြိုက်တဲ့အရာ တစ်ခုခု ရှိလား။ အဆင်ပြေရင် ငါတို့ကို ပြောပြပါလား ရှင်းကျစ်”

“အဲ့တာတော့… ကျွန်တော်လည်း သေချာ မသိဘူးဗျ။ သူ အခါးတွေ မကြိုက်တာပဲ သိတယ်”။ စူစူလေး ဘာကြိုက်တတ်သလဲ ဆိုတာကိုတော့ ချင်းရှင်းကျစ် တကယ်မသိပါ။

ချိုင်ကျမ့်ယဲ့နဲ့ ကောလောင်ရှစ်တို့ အကြည့်ချင်းဖလှယ်လိုက်ပြီး မျက်လုံးဖြင့် တစ်ခုခုကို ဆက်သွယ်ပြောဆိုနေသည့် ပုံစံပင်။

ချင်းရှင်းကျစ်နဲ့ ဝမ်ချင်းတို့က ဒါကိုမြင်ပြီး အဘိုးကြီးနှစ်ယောက် တစ်ခုခု ဖုံးကွယ်ထားသည်ဟု ခံစားလာရသည်။

“ဦးလေးချိုင် ပြောစရာရှိရင် ကျေးဇူးပြုပြီး ပွင့်ပွင့်လင်းလင်းသာ ပြောပါ”။ ချင်းရှင်းကျစ်က တဲ့တိုး မေးလိုက်ပါသည်။

“ဒီလိုပါ။ မစ္စတာကောက သူ့အသက်သခင် ကျေးဇူးရှင် စူစူလေးကို ကျေးဇူးတင်လွန်းလို့ သူ့တပည့်အဖြစ် ထားချင်လို့ပါတဲ့”။ ချိုင်ကျမ့်ယဲ့ ရှင်းပြလိုက်သည်။

ကောလောင်ရှစ်က စူစူလေးကို တပည့်အဖြစ်ထားချင်တယ် ဟုတ်လား?

ဒါ အခွင့်အလမ်းကောင်းပဲ!

စူစူလေးသာ လက်ရေးလှပညာနဲ့ ပန်းချီပညာတို့ကို စိတ်ဝင်စားလျှင် ကောလောင်ရှစ်ထံမှာ တပည့်ခံခြင်းက အကောင်းဆုံး ရွေးချယ်မှုဖြစ်ပါသည်။

အစ်ကိုကြီးတစ်ယောက် အနေဖြင့် ချင်းရှင်းကျစ်က သူ့ညီမလေး၏ အနာဂတ်ကို တောက်ပစေချင်သည်။ သို့သော်လည်း စူစူလေးက ငယ်လွန်းသေးသဖြင့် ပညာရေး ဖိအားတွေ မပေးချင်သေးတာကြောင့် ဘာမှ မပြောခြင်း ဖြစ်သည်။

သူ့ညီမလေးက ဘာကိုမှ စိတ်ပူစရာမလိုဘဲ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာရမည်။

သူမ နယ်ပယ်တစ်ခုခုမှာ အောင်မြင်လျှင် ကောင်းမွန်မှာဖြစ်သော်လည်း မအောင်မြင်ခဲ့သည်ရှိသော် ဘာမှ မဖြစ်ပါ။

“မစ္စတာကောရဲ့ ကမ်းလှမ်းချက်က ကျွန်တော့်ညီမလေးအတွက် ဂုဏ်ယူစရာပါပဲ။ ဒါပေမယ့် ဒီကိစ္စက သူ့ဆန္ဒပေါ်မှာပဲ မူတည်တာပါ။ ပြီးတော့ မစ္စတာကောက ပေကျင်းမြို့ကို ပြန်ရမှာမဟုတ်ဘူးလား။ မြို့နှစ်မြို့က ဝေးတော့ အဆင်ပြေပါ့မလား”။ ချင်းရှင်းကျစ်က မေးလိုက်သည်။

“အဲ့တာတော့ မပူပါနဲ့။ စူစူလေးဘက်ကသာ ဆန္ဒရှိရင် မစ္စတာကောက သူ့အတွက် ပေကျင်းမြို့မှာ နေထိုင်ဖို့ အကုန် စီစဉ်ပေးမှာပါ”။ ချိုင်ကျမ့်ယဲ့က ပြောလိုက်ပါသည်။

စူစူလေးက ကံကောင်းစေသည့်ကြယ်ပွင့်လေးဟု ယုံကြည်သဖြင့် ကောလောင်ရှစ်က အနားမှာ ခေါ်ထားချင်တာ ဖြစ်သည်။

သို့သော်လည်း ဟွာချန့်လို မြို့ငယ်မှာ သူအကြာကြီးနေလို့မဖြစ်ပါ။ ထို့ကြောင့် ဒီလို စီစဉ်လိုက်ရခြင်း ဖြစ်သည်။

“အဲ့လိုဆိုရင်တော့ မဖြစ်ဘူး”။ ချင်းရှင်းကျစ် ပြတ်သားစွာ ကန့်ကွက်လိုက်ပါသည်။

သူ့ညီမလေးကို ပေကျင်းမြို့ဆီ လွှတ်ရမယ်တဲ့လား? လုံးဝ မဖြစ်နိုင်ဘူး!

… … …

အခန်း(၂၃၃) စူစူလေးက ပန်းချီဆရာမ ဖြစ်ချင်လာား

“ဘာလို့မဖြစ်တာလဲ ငါ့တူဟူကျစ်။ စူစူလေးသာ ပေကျင်းမြို့မှာနေရင် အခွင့်အလမ်းတွေ အများကြီး ပိုရမှာ။ ပြီးတော့ မင်းဒုတိယညီတို့ မိသားစုလည်း ပေကျင်းမြို့မှာ နေနေကြတာ မဟုတ်ဘူးလား။ အဲ့တာကြောင့် စူစူလေးကို စောင့်ရှောက်ပေးဖို့ လူတွေ အများကြီး ရှိမှာပါ”။ ချိုင်ကျမ့်ယဲ့က သုံးသပ်ပြလိုက်သည်။

“မဖြစ်ပါဘူး။ ကျွန်တော့်ညီမလေးက အရမ်းငယ်သေးတယ်။ မိဘတွေနဲ့ ခွဲလို့ မဖြစ်ဘူး။ ပြီးတော့ ကျွန်တော့် မိဘတွေက တစ်သက်လုံးနီးပါး ဟွာချန့်မြို့မှာပဲ နေခဲ့ကြတာ။ အသက်ကြီးမှ ပေကျင်းမြို့ကို ပြောင်းရမှာ အဓိပ္ပာယ်မရှိဘူး”။ ချင်းရှင်းကျစ်က အကြောင်းပြချက်ပေးကာ ပြန်ပြောလိုက်သည်။

“ငါ့တူ ဟူကျစ်။ ဒါတစ်သက်မှာ တစ်ခါပဲ ရမယ့် အခွင့်အလမ်းနော်။ ဆရာကြီးကောရဲ့ တပည့်ဖြစ်ချင်တဲ့လူတွေ ဘယ်လောက်တောင် များလဲ မင်းမသိဘူးလား?။ ဒါ လူတွေ စိတ်တောင် မကူးရဲတဲ့ အခွင့်အလမ်းနော်!”။ ချိုင်ကျမ့်ယဲ့က ပြောလိုက်ပါသည်။

“အဲ့အခွင့်အလမ်းကို ဘယ်သူတွေ ဘယ်လောက်လိုချင်လိုချင် ကျွန်တော် ဂရုမစိုက်ဘူး။ အဲ့တာ သူတို့အလုပ်။ ဒါပေမယ့် ကျွန်တော့်ညီမလေးက ငယ်လွန်းသေးတယ်။ ခရီးရှည်သွားဖို့ မသင့်တော်ဘူး။ ပေကျင်းမြို့ကို သွားလို့ကို မဖြစ်ပါဘူး!”။ ချင်းရှင်းကျစ်က ပြတ်သားစွာ ပြောလိုက်ပါသည်။

အနည်းငယ် ဒေါသထွက်သွားသဖြင့် ချင်းရှင်းကျစ်၏ စကားက မလေးစားရာ ကျသွားသည်။

ယောက်ျားဖြစ်သူ၏ စကားကြောင့် လူကြီးသူကောင်း ၂ ယောက် စိတ်ထင့်သွားမှာစိုးရိမ်သဖြင့် ဝမ်ချင်း တီးတိုး ပြောလိုက်ပါသည်။ “ယောက်ျား၊ ရှင့်မိဘတွေ ပြန်လာတဲ့အထိစောင့်ပြီး သူတို့ အမြင်ကို မေးပါဦးလား”

“ဘာမှမေးစရာမလိုဘူး။ မေးစရာအကြောင်းလည်း မရှိဘူး။ သူတို့ သဘောတူရင်တောင် ငါသဘောမတူနိုင်ဘူး”။

ဒီကိစ္စက စဉ်းစားဖို့တောင် လိုလို့လား။ သူ့ညီမလေးကို ပေကျင်းမြို့ဆီလွှတ်ပြီး သူ့ညီ ချင်းယန်ကျစ် လက်အောက်မှာ ထားရမယ်တဲ့လား?။ နောက်ဆို သူ့ညီမလေးက ချင်းယန်ကျစ်ကိုပဲ ချစ်သွားပြီး သူ့အစ်ကိုကြီးကို မေ့သွားရင် ဘယ်လိုလုပ်မလဲ?!

ချင်းရှင်းကျစ်၏ ခိုင်မာသော သဘောထားကြောင့် ဆရာကြီးကောနဲ့ ချိုင်ကျမ့်ယဲ့တို့လည်း ရွေးချယ်စရာမရှိတော့ဘဲ လောလောဆယ်တော့ လက်လျှော့ထားဖို့သာ ရှိတော့သည်။

ချိုင်ကျမ့်ယဲ့က ပြုံးလိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်ပါသည်။ “ဒါနဲ့ မင်း ရှေးဟောင်းပစ္စည်းတွေ စုထားတာ တော်တော်များတယ်ဆို။ ငါတို့ကို လိုက်ပြပေးပါလား”

“ရပါတယ် ရပါတယ်”။ သူစုဆောင်းထားသည့် ရှေးဟောင်းပစ္စည်းတွေအကြောင်း စကားလမ်းကြောင်း ပြောင်းသွားသောအခါ ချင်းရှင်းကျစ် မျက်နှာပေါ် အပြုံး ပြန်ပေါ်လာခဲ့ပါသည်။

သူ့ရှေ့က လူကြီးလူကောင်း ၂ ယောက်ကို ချင်းရှင်းကျစ် လေးစားပါသည်။ သူ့ညီမလေးကို ပစ်မှတ်ထားတာကလွဲလို့ ကျန်တာအကုန် လိုက်လျောပေးလို့ရသည်။

ဒီလိုနဲ့ စူစူလေးပြန်လာမည့်အချိန်ကို စောင့်ရင်း သူတို့ ၃ ယောက်သား ချင်းရှင်းကျစ်၏ ရှေးဟောင်းပစ္စည်းများကို သွားကြည့်လိုက်ကြပါသည်။

ညနေစောင်းသောအခါ အဘိုးချင်းနဲ့ အဘွားချင်းတို့၏ လက်ကိုဆွဲလျက် စူစူလေး အိမ်ပြန်ရောက်လာခဲ့ပါသည်။

“စူစူလေး ပြန်လာပြီပဲ!”။ ဆရာကြီးကောက စူစူလေးကို တွေ့လိုက်ရသဖြင့် အလွန်ပျော်ရွှင်သွားပါသည်။

“ဟမ် ဦးလေးက သမီးကို ရှာနေတာလား”

“ဟုတ်တယ်။ ဦးလေးကို မှတ်မိသေးလား စူစူလေး”

“အွန်းမှတ်မိပါတယ်။ သမီးက မှတ်ဉာဏ်ကောင်းတယ်”။ စူစူလေးက ယုံကြည်မှုအပြည့်ရှိသော မျက်နှာလေးဖြင့် ပြောလိုက်ပါသည်။

“ဟုတ်ပါပြီ စူစူလေးက အတော်ဆုံးပဲ!။ ဒီနေ့ စူစူလေးကို ကျေးဇူးတင်ဖို့ လာခဲ့တာ”။ ဆရာကြီးကောက ကျေးဇူးတင်စကား ဆိုလိုက်ပါသည်။

“ရပါတယ်!”

စူစူလေး၏ အပြုအမူလေးများကို ကြည့်ပြီး ဆရာကြီးကော ပျော်ရွှင်သွားကာ မေးမြန်းလိုက်သည်။ “ဒီ လက်ဆောင်လေးတွေက ဦးလေး ကျေးဇူးတင်တဲ့အနေနဲ့ ပေးတာ။ ဒါပေမယ့် မလုံလောက်သေးဘူးလို့ ခံစားနေရတယ်။ စူစူလေး တခြား ဘာလိုချင်သေးလဲ။ ဦးလေးကို ပြောပြလေ”

“မလိုဘူး။ ဘာမှ မလိုချင်ပါဘူး”။ စူစူလေးက လက်ခါပြကာ ငြင်းဆန်လိုက်ပါသည်။

“ဒါပေမယ့် စူစူလေးကို တစ်ခုခုပေးရမှ ဦးလေးကော နေလို့ထိုင်လို့ကောင်းမှာပေါ့”။ ဆရာကြီးကောက ဆက်ပြီး တိုက်တွန်းသည်။

“မလိုချင်ဘူးလို့ ပြောပြီးပြီလေ။ ဦးလေး အရမ်း ယဉ်ကျေးပြနေရင် သမီးနေရခက်တယ်”။ စူစူလေးက လူကြီးလေး တစ်ယောက်လို သက်ပြင်းချလိုက်ပါသည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ ဘာမှမပေးတော့ပါဘူး။ နေရ မခက်နဲ့နော်”။ ဆရာကြီးကောက အမြန်ပြောလိုက်သည်။

“အွန်း~ ဒီလိုမှပေါ့!”

“ဒါနဲ့ စူစူလေး ပန်းချီဆွဲရတာ ကြိုက်လား”။ ဆရာကြီးကောက မေးလိုက်သည်။

“ကြိုက်တယ်”

ထိုအဖြေကို ကြားသောအခါ ဆရာကြီးကော မျက်နှာများ အရောင်တောက်သွားပြီး မျှော်လင့်ချက်အရိပ်အယောင်များ မြင်လာရပါသည်။

“ဒါဆို ကြီးလာရင် ပန်းချီဆရာမ ဖြစ်ချင်လား”

ဘေးနားမှာ ချင်းရှင်းကျစ်တစ်ယောက် စိတ်ဖိစီးနေပါပြီ။

စူစူလေး ဘာတွေ တွေးနေမလဲဆိုတာ သူ မသိပါ။ သူမ ပန်းချီဆရာမ ဖြစ်ချင်သည်ဟု ပြောလိုက်မှာကို စိတ်ပူမိသည်။ အစ်ကိုကြီးတစ်ယောက်အနေနဲ့ သူမ ဆန္ဒကို ကန့်ကွက်ဖို့ ခက်ခဲပါလိမ့်မည်။

All Chapters