← Chapters

အခန်း (၂၃၄+၂၃၅)

Vol. 10 Ch. 234+235

အခန်း (၂၃၄+၂၃၅)

Vol. 10 Ch. 234+235

အခန်း(၂၃၄) တူလေးကို သေတ္တာ ကူဖွင့်ပေးမယ်

“မဖြစ်ချင်ဘူး”။ စူစူလေး ပွင့်လင်းပြတ်သားစွာ ပြောလိုက်ပါသည်။

“ဘာလို့လဲ စူစူလေးက ပုံဆွဲရတာ ကြိုက်တယ်ဆို”။ ဆရာကြီးကောက မေးလိုက်သည်။

“ပုံဆွဲတာ ကြိုက်တာနဲ့ပဲ ဘာလို့ ပန်းချီဆရာလုပ်ရမှာလဲ။ သမီး မုန့်စားရတာ ကြိုက်တာနဲ့ပဲ စားဖိုမှူးလုပ်စရာ လိုလို့လား”။ စူစူလေးက ပြန်ဖြေလိုက်ပါသည်။

အဲ…

အဲ့လိုဆိုတော့လည်း အဓိပ္ပာယ်တော့ရှိသား…

ခေတ္တစဉ်းစားပြီးနောက် ဆရာကြီးကော အကြောင်းအရာ ပြောင်းလိုက်သည်။ “ဒါဆို စူစူလေး ပေကျင်းမြို့မှာ နေချင်လား”

“မနေချင်ဘူး”။ စူစူလေး တွန့်ဆုတ်မှုမရှိဘဲ ပြတ်သားစွာ ချက်ချင်း ပြန်ဖြေလိုက်သည်။

“ဘာလို့ မနေချင်တာလဲ။ ပေကျင်းမြို့က အရမ်း ပျော်စရာကောင်းတာ။ လူတွေလည်း အရမ်း စည်ကားတယ်။ ဟွာချန့်မှာ မရှိတဲ့ ပျော်စရာ နေရာလေးတွေ အများကြီးရှိတယ်။ ပြီးတော့ အရသာရှိတဲ့ မုန့်တွေလည်း ပေကျင်းမှာ ပိုပေါတယ်”။ ဆရာကြီးကောက စူစူလေးကို မက်လုံးပေးလိုက်သည်။

“အသက်ကြီးမှ သွားတော့မယ်။ ကလေးတွေက အိမ်နဲ့ အဝေးကြီးကို မသွားရဘူးတဲ့”။ စူစူလေးက ပြန်ပြောလိုက်ပါသည်။

စူစူလေးကို ချီထားသည့် ချင်းရှင်းကျစ်တစ်ယောက် ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးလိုက်ပြီး စူစူလေး၏ ပါးကို ၂ ချက်လောက် နမ်းလိုက်သည်။

“အစ်ကိုကြီး ဘာလုပ်တာလဲ”။ စူစူလေးက သူမအစ်ကိုကြီးကို အူတူတူဖြင့် ကြည့်လိုက်သည်။

“ဘာမှမဟုတ်ပါဘူး ဘာမှမဟုတ်ဘူး။ အစ်ကိုကြီး ပျော်လို့ပါ!”။ ချင်းရှင်းကျစ်က ပျော်ရွှင်စွာ ရယ်မောလိုက်ပါသည်။

ဆရာကြီးကော လက်မလျှော့သေးပါ။ စူစူလေးသာ ပေကျင်းမြို့ကို မလိုက်ဘူးဆိုလျှင် သူစိတ်အေးလက်အေး ပြန်နိုင်မှာ မဟုတ်ပေ။

ထို့ကြောင့် အဘိုးချင်းနဲ့ အဘွားချင်းတို့ဘက်ကို လှည့်သွားသည်။ “သခင်ကြီးချင်းနဲ့ သခင်မကြီးချင်းတို့။ တကယ်တော့ စူစူလေးကို ကျုပ်တပည့်အဖြစ် တကယ်ထားချင်တာပါ။ စူစူလေးသာ ဆန္ဒရှိမယ်ဆိုရင် ကျုပ်နဲ့အတူ ပေကျင်းမြို့ကို လိုက်လာလို့ရတယ်။ အနုပညာနယ်ပယ်မှာ ထိပ်တန်း ရင်းမြစ်တွေနဲ့ သူ့ကိုထောက်ပံ့ပျိုးထောင်ပေးပါ့မယ်လို့ ကျုပ် ကတိပေးပါတယ်”

“ဆရာကြီးကောရဲ့ စေတနာကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ကျွန်တော့်သမီးလေးက ပန်းချီဆရာ ဖြစ်နိုင်မယ့် လူမျိုးမဟုတ်လောက်ဘူး။ ဆရာကြီးကောရဲ့ စေတနာတွေ ဖြုန်းတီးမိသလို ဖြစ်သွားမှာ စိုးရိမ်မိတယ်”။ အဘိုးချင်းက အပြုံးဖြင့် ငြင်းဆန်လိုက်ပါသည်။

အခုတော့ ဆရာကြီးကော နည်းလမ်းမရှိတော့ပေ။ ချင်းမိသားစုတစ်စုလုံး တညီတညွတ်တည်း သူ့ကို ငြင်းဆန်လိုက်ကြသည်။ ထို့ကြောင့် မျှော်လင့်ချက် မရှိတော့ပါ။

ဆရာကြီးကောနဲ့ စကားပြောပြီးသွားသောအခါ ဘာမှလုပ်စရာမရှိတော့ဘူးဟု ထင်သဖြင့် ချင်းယုကျီး၏ အခန်းဆီသွားဖို့ အပေါ်ထက် ပြေးတက်သွားခဲ့ပါသည်။

စူစူလေးရဲ့ အမြင်မှာတော့ ဆရာကြီးကောက သာမန်ဦးလေးကြီးသာ ဖြစ်သည်။ သူမ ပြောစရာရှိတာ ပြောပြီးပြီ ဖြစ်သဖြင့် ဆက်နေစရာ မလိုတော့ပါ။

အခန်းထဲဝင်သွားသောအခါ ဂိမ်းဆော့နေသည့် ချင်းယုကျီးကို မြင်လိုက်ရသည်။

“တူလေး နင်မလိမ္မာပြန်ဘူးလား”

ကွန်ပျူတာစားပွဲရှေ့မှာ စူစူလေး ခါးထောက်ကာ စိတ်ဆိုးနေသော မျက်နှာဖြင့် ပြောလိုက်သည်။

“ဒေါ်လေး ငါပြောင်းလဲသွားပါပြီ။ ညဘက် ဂိမ်းတွေ မဆော့တော့ဘူး။ အားလပ်ရက်တွေမှာ Log In ဝင်ပြီး သေတ္တာလေး တစ်ခုနှစ်ခု ဖွင့်ရုံပါ။ ဒါလေးတောင် လုပ်ခွင့်မပေးရင် ငါ့ဘဝ သနားစရာ အရမ်းကောင်းသွားမှာ!”

အနားမှာ ဘယ်သူမှ မရှိသဖြင့် ချင်းယုကျီးက သူမကို ‘ဒေါ်လေး’ဟု ခေါ်လိုက်ပါသည်။ ဒေါ်လေးဟု ခေါ်တိုင်း စူစူလေး သဘောကျမှာကို ချင်းယုကျီး သိသည်။ ဒါမှ သူ့ကို ပြဿနာမရှာမှာ ဖြစ်ပါသည်။

“တကယ်လား ခဏလေးပဲလား”။ စူစူလေး မေးလိုက်သည်။

“ဒါပေါ့! ငါ့ကိုမယုံဘူးလား။ လာကြည့်လိုက် လာ!”

ချင်းယုကျီးက စူစူလေးကို ဆွဲခေါ်လိုက်ပြီး သူ့ပေါင်ပေါ် ချီတင်လိုက်ကာ ကွန်ပျူတာ ဖန်သားပြင်ကို ပြလိုက်သည်။

ဂိမ်းမျက်နှာပြင်၏ ညာဘက်အပေါ်ထောင့်မှာ အွန်လိုင်းပေါ်ရှိနေသည့် အချိန်ကို ပြသထားပါသည်။

လောလောဆယ် ၄၈ မိနစ်ဟု ပြသနေ၏။

“တွေ့လား။ ငါလိုင်းပေါ်တက်တာ ၄၈ မိနစ်ပဲရှိသေးတယ်။ ခဏလေးပဲ ကစားရသေးတယ်”

စူစူလေးက နံပါတ်တွေ သိပ်နားမလည်သေးသော်လည်း ချင်းယုကျီး မလိမ်ပါ။

“ဪ” စူစူလေး ခေါင်းငြိမ့်လိုက်သည်။

“အေး ငါသေတ္တာလေးတွေ ဖွင့်မလို့။ နင်က ကံကောင်းတယ်မလား။ အဲ့ကံလေး ငါ့ကို ခဏငှားစမ်းပါ။ ငါ့ကို ဒီသေတ္တာတွေ ကူဖွင့်ပေး”။ ချင်းယုကျီးက တောင်းဆိုလိုက်သည်။ စူစူလေးကို မောက်စ်ကိုင်ခိုင်းလိုက်ပြီး မဖွင့်ရသည့် လက်ဆောင်သေတ္တာများကို နှိပ်ဖွင့်ခိုင်းလိုက်သည်။

စူစူလေးက ဘာမှ နားမလည်ပါ။ ချင်းယုကျီး လုပ်ခိုင်းသည့်အတိုင်းသာ လိုက်လုပ်လိုက်သည်။

ထို့နောက် ဖန်သားပြင်တစ်ခုလုံး ရွှေရောင်အလင်းတန်းများဖြင့် ပြည့်နှက်သွားကာ လင်းထိန်သွားလေသည်။

အောင်မယ်လေး! သူ့ကြောင့် ပျက်သွားပြီလား?!

နှိပ်တာ အဲ့လောက်လည်း မကြမ်းပါဘူး!

စူစူလေးက ချင်းယုကျီးအား စပ်ဖြီးဖြီးဖြင့် လှည့်ကြည့်လိုက်ပါသည်။

သို့သော်လည်း ချင်းယုကျီးကတော့ အလွန်တုန်လှုပ်သွားဟန်ဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေသည်။

သူမတူလေး အဲ့လောက်တောင် ထိတ်လန့်သွားတာလား…။

… … …

အခန်း(၂၃၅) ပိုင်ကျဲနတ်သားရဲက အရမ်းမိုက်တယ်

စူစူလေးက ချင်းယုကျီး၏ အင်္ကျီစကို ဆွဲကာ နှစ်သိမ့်ပေးလိုက်ပါသည်။ “တူလေး စိတ်မကောင်းမဖြစ်ပါနဲ့။ ဒေါ်လေးကြောင့် ပျက်သွားရင် ပြန်လျော်ပေးပါ့မယ်! ပိုက်ဆံတော့ မရှိဘူး…”

သူမ တူလေးရဲ့ ကွန်ပျူတာ ဘယ်လောက်တောင် ဈေးကြီးမလဲ မသိပါ။ ဈေးအရမ်းကြီးရင် ဘယ်လိုလုပ်ရမလဲ။

“ပျက်- ပျက်သွားတာ မဟုတ်ဘူး”

“ဟမ်”။ စူစူလေး ကြောင်စီစီဖြစ်သွားသည်။ ပျက်တာမဟုတ်ရင် သူမ တူလေး ဘာကြောင့် အလွန် အံ့အားသင့်နေရတာလဲ။

အတန်ကြာမှ ချင်းယုကျီး အသိစိတ်ပြန်ဝင်လာသည်။ ထို့နောက် စူစူလေး၏ ပါးကို အားရပါးရတစ်ချက်နမ်းလိုက်သည်။ “ဒေါ်လေး နင်အရမ်းတော်တာပဲ!”

“တော်တယ် ဟုတ်လား”။ စူစူလေး ဘာမှ နားမလည်သေးပါ။

“နင်ဖွင့်လိုက်တဲ့ သေတ္တာက ငါတို့ ဆာဗာတစ်ခုလုံးရဲ့ ပထမဆုံး နတ်သားရဲပဲ!!!”။ ချင်းယုကျီးက ပျော်ရွှင်မြူးထူးစွာ ပြောလိုက်ပါသည်။

“နတ်သားရဲဟုတ်လား?! ဘယ်မှာလဲ ဘယ်မှာလဲ”။ စူစူလေး အမြန် ရှာဖွေလိုက်သည်။

“ဂိမ်းထဲက နတ်သားရဲကို ပြောနေတာ!”။ ချင်းယုကျီးက ရှင်းပြလိုက်ပါသည်။

“ဂိမ်းထဲက နတ်သားရဲဟုတ်လား”။ စူစူလေး ရွှေရောင်လင်းနေသည့် ဖန်သားပြင်ကို ပြန်ကြည့်လိုက်သည်။

“ဟုတ်တယ်! ငါကစားနေတဲ့ ဂိမ်းထဲမှာ နတ်သားရဲဆိုတာ ထိပ်တန်းအဆင့် Pet ပဲ!”။ ချင်းယုကျီးက စူစူလေးကို ရှင်းပြလိုက်လေသည်။

“ဘာ နတ်သားရဲလဲ”

“ခဏလေး ကြည့်ကြည့်မယ်! ငါလည်း အခုမှ ပေါက်ဖူးတာ။ ဘာစကေးတွေရှိလဲ မသိဘူး။ ငါဖွင့်ကြည့်လိုက်မယ်”။ ချင်းယုကျီးက အသေးစိတ်ဖော်ပြချက် မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်ပါသည်။

“ဒါ ပိုင်ကျဲ နတ်သားရဲပဲ။ ဒီမှာရေးထားတာ ပိုင်ကျဲတဲ့။ နိမိတ်ကောင်းခြင်းနဲ့ ကံကောင်းခြင်းတို့ကို ယူဆောင်လာပေးတဲ့ သတ္တဝါလေ။ ပိုင်ကျဲက ဉာဏ်ပညာပြယုဂ်တစ်ခုလည်းဖြစ်တယ်။ အတိတ်နဲ့ အနာဂတ်တွေကို မြင်နိုင်စွမ်း ရှိတယ်။ လူသား စကားလည်း ပြောနိုင်တယ်။ တစ်ချိန်တုန်းက တစ္ဆေတွေ နတ်ဆိုးတွေကို လမ်းပြပေးဖို့အတွက် အဝါရောင် ဧကရာဇ်မင်းကြီးက ဖန်ဆင်းခဲ့တာ။ အဲ့တာကြောင့် ရှေးခေတ်ကတည်းက တစ္ဆေနှင်ဖို့နဲ့ ကံကောင်းခြင်း သင်္ကေတအဖြစ် ပိုင်ကျဲကို နတ်သားရဲအဖြစ် ကိုးကွယ်ခဲ့ကြတယ်တဲ့”

ချင်းယုကျီးက နတ်သားရဲအကြောင်း အသေးစိတ်ရေးထားသည့် ဖော်ပြချက်ကို ဖတ်ပြလိုက်သည်။

ထို့နောက် ပိုင်ကျဲနတ်သားရဲ၏ စကေးများကို ဖော်ပြထားသည်။

“Attack က 10,000, Defense က 8,888, Resistance က 100… Passive Skills တွေက…”

ထိုစကေးတွေကို ဖတ်ပြီးနောက် ချင်းယုကျီး သူ့ဒူးသူ ရိုက်လိုက်ပါသည်။ “မိုက်လိုက်တာ! ဒီပိုင်ကျဲ နတ်သားရဲက အရမ်းမိုက်တာပဲ!”

ဆာဗာတစ်ခုလုံးမှာ စွမ်းအားအကြီးဆုံး နတ်သားရဲ Pet ဖြစ်သည်။

အခုတော့ ဆာဗာတစ်ခုလုံးမှာ ချင်းယုကျီးက နံပါတ် ၁ ဖြစ်သွားပါပြီ။

စူစူလေး၏ မျက်နှာပေါ်မှာ ဂုဏ်ယူဝံ့ကြွားမှုများ ပေါ်လာသည်။ “ဒါပေါ့! ငါတို့ ပိုင်ကျဲက အရမ်း တော်တယ်!”

ချင်းယုကျီးက ရယ်မောလိုက်ပြီး စူစူလေး၏ ခေါင်းကို ပွတ်ပေးလိုက်ပါသည်။ “အမှန်ပဲ။ ငါတို့ ပိုင်ကျဲပေါ့။ နင်ဖွင့်ပေးလို့ ငါရခဲ့တာ! အကြွေးတင်သွားပြီ! နင်က တကယ့် ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ!”

--- --- --

ဆရာကြီးကောကို နှုတ်ဆက်ပြီးနောက် ဝမ်ချင်းတစ်ယောက် စိတ်အနည်းငယ် ထိုင်းမှိုင်းစွာဖြင့် အိပ်ခန်းထဲ ပြန်လာခဲ့ပါသည်။

စူစူလေးကြောင့် မဟုတ်သလို ဆရာကြီးကောကြောင့်လည်း မဟုတ်ပါ။

သူမ စိတ်မရွှင်ရသည့် အကြောင်းအရင်းက ကုမ္ပဏီကိစ္စကြောင့်ဖြစ်ပါသည်။

သိပ်မကြာသေးခင်တုန်းက သူမနဲ့ သူမယောက်ျားတို့ ခရီးရှည်ထွက်ခဲ့ရခြင်းမှာ အလွန်အရေးကြီးသည့် ကုမ္ပဏီအလုပ်ကိစ္စကြောင့် ဖြစ်သည်။

တစ်ဖက်အဖွဲ့အစည်းနဲ့ ညှိနှိုင်းမှု အောင်မြင်သွားပြီး အော်ဒါတွေကို အတည်ပြု လက်မှတ်ထိုးပြီးသားဖြစ်သည်။ ကုမ္ပဏီကလည်း ထုတ်လုပ်မှု စတင်နေပါပြီ။

သို့သော် သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် သူတို့ ကွန်တိန်နာတွေ ငှားရမ်းလို့ မရတော့ပါ။ ထို့ကြောင့် ကုန်တင် ကွန်တိန်နာများ လိုအပ်ချက်ရှိလာသည်။

ထို့ကြောင့် ထုတ်လုပ်ရေးအတွက် လိုအပ်သည့် ကုန်ကြမ်းများကို ပို့ဆောင်မရ ဖြစ်ကာ ထုတ်လုပ်ရေး ရပ်တန့်သွားရသည်။

နည်းလမ်းတစ်ခုခု မရှာပါက သူတို့ အော်ဒါတွေကို အချိန်မှီ အပ်နိုင်မှာ မဟုတ်ပါ။

ဒီအော်ဒါတစ်သုတ်ကို ကုမ္ပဏီ ဆုံးရှုံးသွားရုံတင်မကဘဲ စာချုပ်ပါစည်းကမ်း ချိုးဖောက်မှုကြောင့် လျော်ကြေးငွေ အများကြီး ပေးရလိမ့်မည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း သူမနဲ့ သူမယောက်ျားတို့ သိကျွမ်းသမျှ လူတိုင်းကို ဖုန်းဆက် အကူအညီ တောင်းကြည့်ကြသည်။ သို့သော်လည်း ဘယ်သူမှ မကူညီနိုင်ပါ။

သို့သော် ဟွော်အုပ်စုက ရေကြောင်းသယ်ယူပို့ဆောင်မှု လမ်းကြောင်းများစွာကို ပိုင်ဆိုင်ထားလေသည်။

တစ်နည်းအားဖြင့် ဟွော်ချန်းယီ ခေါင်းတစ်ချက် ညိမ့်လိုက်တာနဲ့ အရေးပေါ် လိုအပ်နေသည့် ကုန်ကြမ်းများကို အလွယ်တကူ ပို့ဆောင်နိုင်လိမ့်မည်ဖြစ်သည်။

အရင်တုန်းကဆို ဟွော်မိသားစု၏ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို အသုံးပြုဖို့ စိတ်တောင် ကူးရဲမှာ မဟုတ်ပါ။

သို့သော် အခုတော့…

All Chapters