အခန်း (၂၃၆+၂၃၇)
Vol. 10 Ch. 236+237
အခန်း(၂၃၆) ချင်းမိသားစုကို မွဲပြာကျသွားစေချင်တယ်
ဟွော်မိသားစု သခင်လေးက သူတို့အိမ်မှာ လာနေနေတာဖြစ်သည်။ အရင်တစ်ခေါက်က ဟွော်ချန်းယီ ကိုယ်တိုင်တောင် သူတို့အိမ်ကို လာလည်ခဲ့ပါသေးသည်။
ဟွော်ချန်းယီ၏ သဘောထားကို ကြည့်ခြင်းအားဖြင့် သူတို့ တောင်းဆိုလိုက်လျှင် လိုက်လျောနိုင်ချေ မြင့်မားပါသည်။
သူတို့ကို ကူညီပေးဖို့ဆို ဟွော်ချန်းယီ စကားတစ်ခွန်းသာ ပြောလိုက်ဖို့ လိုသည်။
သို့သော်လည်း သူမ ယောက်ျားဖြစ်သူနဲ့ တိုင်ပင်ကြည့်သောအခါ ယောက်ျားဖြစ်သူက ကန့်ကွက်ခဲ့ပါသည်။
ယောက်ျားဖြစ်သူ၏ အမြင်အရ ကလေးတွေရဲ့ ခင်မင်ရင်းနှီးမှုကို လူကြီးတွေရဲ့ အကျိုးအမြတ်အတွက် အသုံးမချသင့်ဘူးဟု ဆိုသည်။
တခြားအချိန်မှာဆို ဝမ်ချင်း ဒါကို လက်ခံပေးနိုင်ပါသည်။
သို့သော်လည်း အခုအခြေအနေက သာမန်အခြေအနေမဟုတ်ပါ။ သူတို့ ဒီပြဿနာကို မဖြေရှင်းနိုင်လျှင် မိသားစု တစ်စုလုံး ထိခိုက်သွားနိုင်သည်။
မိသားစု စီးပွားရေးအတွက် အန္တရာယ်ရှိလာလျှင် ထိုခံယူချက်တွေ ဘာတွေက အရေးကြီးသေးလို့လား။
ဝမ်ချင်းကတော့ မထင်ပါ။ သို့သော်လည်း သူမ ယောက်ျားက ခေါင်းမာနေသည်။ ပေါင်းသင်းလာတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သဖြင့် ဒီကိစ္စကြောင့် စကားမများချင်ပါ။
ထို့ကြောင့် ထိုအကြံကို လက်လျှော့ပြီး တခြား နည်းလမ်းသာ စဉ်းစားရတော့မည်။
မနက်ဖြန် သူမ မိသားစုထံ သွားလည်ပြီး သူမ အဖေ၊ အစ်ကိုကြီးတို့နဲ့ စကားပြောကာ ချင်းမိသားစုကို ကူညီပေးဖို့ တောင်းဆိုကြည့်ပါဦးမည်။
စာချုပ်က အလွန်အရေးကြီးသည်။ ဘယ်လိုပဲဖြစ်ဖြစ် စာချုပ် မချိုးဖောက်မိအောင် ကြိုးစားရပါမည်။
--- --- ---
ဟွာချန့်မြို့ တစ်နေရာတွင်…
အဆင့်မြင့်ဗီလာ အိမ်ရာတစ်ခု၌ သက်လတ်ပိုင်း ယောက်ျားကြီးတစ်ယောက် စာကြည့်ခန်းထဲတွင် ထိုင်နေပြီး လက်အောက် ငယ်သား တစ်ယောက်၏ အစီရင်ခံချက်ကို နားထောင်နေပါသည်။
သူ့နာမည်က ရှုထျန်းဖေး ဖြစ်ပြီး ရှုယီချန့်နဲ့ ရှုယီဟောက်တို့၏ အဖေဖြစ်သည်။
သူ့ သားနှစ်ယောက်စလုံး ချင်းမိသားစုကြောင့် အဖမ်းခံလိုက်ရပြီဖြစ်ပြီး ပြစ်ဒဏ်ချမှတ်ခံရမည့် အချိန်ကို စောင့်မျှော်နေကြပါသည်။
သားတွေကို ကာကွယ်ဖို့ အကောင်းဆုံးရှေ့နေများ ငှားထားသော်လည်း ချင်းမိသားစု၏ ဝင်ရှုပ်မှုကြောင့် သူတို့ နှစ်ယောက်စလုံး လွတ်လမ်းမရှိတော့ဘဲ ထောင်ကျဖို့ ရာခိုင်နှုန်း များနေပါသည်။
ထို့ကြောင့် ချင်းမိသားစုကို ရှုထျန်းဖေး အငြှိုးကြီးကြီးထားကာ ကလဲ့စားပြန်ချေမည်ဟု ကျိန်ဆိုထားသည်။
ရှုထျန်းဖေးက ရေကြောင်း ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကို ဦးဆောင်ပြီး ဟွာချန့်မြို့တွင် အတော်လေး အရေးပါသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။
ဟွာချန့်မြို့ရှိ ဆိပ်ကမ်းအများအပြားကို သူလွှမ်းမိုးထားနိုင်သည်။
သူ့သား ၂ ယောက် ပြဿနာဖြစ်ပြီးကတည်းက ချင်းမိသားစုကို တိုက်ခိုက်ဖို့ အကွက်ချ ကြံစည်နေခဲ့တာ ဖြစ်သည်။ နောက်ဆုံးတော့ သူ့အကြံတွေကို အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။
လက်ရှိ ပို့်ဆောင်ဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ချင်းမိသားစုကို သူ တိုက်ခိုက်ဖို့ အခွင့်ကောင်းတစ်ခု ပေါ်လာခဲ့သည်။
ချင်းမိသားစု၏ လုပ်ငန်းက ကုန်ကြမ်းတွေ တင်သွင်းနိုင်ဖို့ အလွန်အရေးပါသည်။ ထို့ကြောင့် သူ့အဆက်အသွယ်တွေကို အသုံးချပြီး ကုမ္ပဏီအများစုကို ချင်းမိသားစုနဲ့ မပူးပေါင်းဖို့ ရှောင်ရှားခိုင်းခဲ့သည်။
ကုန်ကြမ်းတွေကိုသာ မတင်သွင်းနိုင်လျှင် ချင်းမိသားစု၏ စက်ရုံများ ထုတ်ကုန်တွေ ထုတ်လုပ်နိုင်တော့မှာ မဟုတ်ဘဲ ချင်းမိသားစု စာချုပ်လျော်ကြေးတွေ အများကြီး ပေးဆောင်ရလိမ့်မည်။
ထိုအခါ ချင်းမိသားစု၏ တခြား စီးပွားရေးလုပ်ငန်းတွေကိုပါ အဆင့်ဆင့် ထိခိုက်သွားနိုင်ချေ ရှိသည်။
ထိုအခါ နောက်ကွယ်မှ မီးလောင်ရာ လေပင့်ပေးလိုက်ပြီး ချင်းမိသားစုနဲ့ ရန်ငြှိုးရှိဖူးသူများနဲ့ ပူးပေါင်းကာ ချင်းမိသားစု တစ်စုလုံး မွဲတေသွားအောင် လုပ်ပြစ်လိုက်မည်။
ချင်းမိသားစု၏ မဟာဆုံးရှုံးမှုကြီးကို မြင်ရဖို့ ရှုထျန်းဖေး မစောင့်နိုင်တော့ပါ။
ဒါသူ့သားနှစ်ယောက်ကို ထောင်ထဲပို့ခဲ့သည့်အတွက် ပြန်ပေးဆပ်ရခြင်း ဖြစ်သည်။
“မစ္စတာရှု၊ ဟိုလူတွေကို ခေါ်လာခဲ့ပါပြီ”
ရှုထျန်းဖေး၏ လက်အောက်ငယ်သားက ပြောလိုက်သည်။
“အထဲလွှတ်လိုက်”။
သူစောင့်နေတာကြာပြီဖြစ်သည်။ ထိုအခါ ရှုထျန်းဖေး၏ လက်အောက်ငယ်သားက ယောက်ျားတစ်ယောက်နဲ့ မိန်းမ တစ်ယောက်တို့ကို ခေါ်လာခဲ့သည်။
သူတို့ ပုံစံက ငယ်ရွယ်သော်လည်း အဝတ်အစားတွေက တွန့်ကြေ ညစ်ပေလျက် ရှိပြီး ဆံပင်တွေလည်း ရှုပ်ပွနေကာ အတော်လေး စုတ်ချာနေပုံပေါက်သည်။
ရှုထျန်းဖေးက ထိုလူ့ဆီလျှောက်သွားလိုက်ပြီး အထင်အမြင်သေးစွာ ကြည့်လျက် ပြောလိုက်သည်။
“ချင်းချန်းကျစ် မင်းတော်တော် သတ္တိကောင်းနေတယ်လား! ငွေတွေ ဒီလောက် အကြွေးတင်နေတာတောင် ဒီတိုင်း ထွက်ပြေးရဲတယ်ပေါ့?!”
… … …
အခန်း(၂၃၇) ချင်းစူစူအကြောင်း ဘယ်လောက် သိထားလဲ
ထို့လူ့မျက်နှာက မုတ်ဆိတ်မွေးကြမ်းများဖြင့် ဖုံးလွှမ်းနေပြီး မျက်တွင်းတွေလည်း နက်နေကာ အသက် ၃၀ ဝန်းကျင်ပဲ ရှိသေးသော်လည်း အသက် ၄၀ ဟု ထင်ရလောက်သည်။
သူက အသက် ၃၂ နှစ်အရွယ် ချင်းချန်းကျစ် ဖြစ်သည်။ ချင်းကျင်းဖန်၏ သားဖြစ်ပြီး ချင်းရှင်းကျစ်နဲ့ ချင်းယန်ကျစ်တို့၏ ဝမ်းကွဲညီဖြစ်ပါသည်။
“ဘော့ရှု! ကျွန်တော့်ကို ချမ်းသာပေးပါ! ကျွန်တော် ခဏပဲ ငွေပြတ်သွားလို့ပါ! ငွေတွေ ပြန်ရပြီဆိုတာနဲ့ ကျိန်းသေပေါက် ပြန်ဆပ်ပါ့မယ်!”။ ချင်းချန်းကျစ်က အမြန် တောင်းပန်လိုက်ပါသည်။
“ခဏငွေပြတ်သွားတယ် ဟုတ်လား။ မင်း ငွေဘယ်တော့ ပြန်ရမလဲဆိုတာ ငါဘယ်လိုလုပ် သိမှာလဲ”။ ရှုထျန်းဖေးက အေးစက်စွာ မေးလိုက်သည်။
“ကျွန်တော့်ကို ယုံလို့ရပါတယ် ဘော့စ်ရှု! ကျွန်တော့်အကြောင်း ဘော့စ်ကောင်းကောင်း သိပါတယ်။ ကျွန်တော့် ဦးလေးက ချင်းဖေးဖန်လေ သူက အရမ်းချမ်းသာတာ! ကျွန်တော့်ကိုလည်း အရမ်းချစ်တယ်! ကျွန်တော့်ကို မကူညီဘဲ နေမှာမဟုတ်ပါဘူး!”။ ချင်းချန်းကျစ်က ရှင်းပြလိုက်သည်။
“ဟုတ်လား။ ငါကြားတာတော့ မင်းဦးလေးက မင်းသေသေရှင်ရှင် ဂရုမစိုက်ဘူးတဲ့။ ပြီးတော့ မင်းအကြွေးတွေ ဆပ်ဖို့ မင်းမိဘတွေကိုတောင် နေတဲ့အိမ်ကို အတင်းအကြပ် ရောင်းခိုင်းခဲ့ကြတာဆို”
ဒါကိုကြားတော့ ချင်းချန်းကျစ်မျက်နှာ ဖြူဆုပ်သွားသည်။ သူ့အခြေအနေကို ရှုထျန်းဖေး ဒီလောက် သိနေလိမ့်မည်ဟု ထင်မထားခဲ့ပါ။
“ဘော့စ်ရှု နားလည်မှုလွဲနေတာပါ! တကယ် နားလည်မှုလွဲနေတာပါ!”။ ချင်းချန်းကျစ်က အမြန်ရှင်းပြလိုက်သည်။ သူ့ဦးလေးက သူ့ကို ဂရုမစိုက်တော့မှန်း ရှုထျန်းဖေး သိသွားလျှင် အခြေအနေ ဒီ့ထက်ဆိုးရွားသွားမှာကို ကြောက်ရွံ့နေပါသည်။
“နားလည်မှုလွဲတာ ဟုတ်လား။ ငါတော့ မထင်ပါဘူး”။ ရှုထျင်းဖေးက လှောင်ပြုံးပြုံးလိုက်ပါသည်။
ထိုအပြုံးကိုမြင်သောအခါ ချင်းချန်းကျစ် နှလုံးရပ်မတတ် ဖြစ်သွားသည်။
သူအလွန် စိတ်ချောက်ချားနေသည်။ ရှုထျန်းဖေး၏ ရက်စက်ကြမ်းကြုတ်သည့် လူတစ်ယောက်ဖြစ်မှန်း သူသိပါသည်။ သူ့ကို ရန်စမိသည့်လူတိုင်း ဇာတ်သိမ်းမလှနိုင်ပါ။
“ဘော့စ်ရှု ကျေး… ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ…”
“မင်းလိုကောင်မျိုးက ဒေါသထွက်ဖို့တောင် မတန်ပါဘူး”။ ရှုထျန်းဖေးက တည်ငြိမ်စွာပါသည်။
“ဟုတ်ပါတယ် ဟုတ်ပါတယ် ကျွန်တော့်လိုကောင်အတွက်နဲ့ ဘော့စ်ရှု ဒေါသမထွက်သင့်ပါဘူး”။ ချင်းချန်းကျစ်က ခပ်မြန်မြန် ထောက်ခံလိုက်ပါသည်။
“မင်းဦးလေးတို့ မိသားစုအကြောင်း ဘာတွေသိထားလဲ ငါ့ကို ပြောစမ်း”
ရှုထျန်းဖေးအတွက် ချင်းချန်းကျစ်လို ဆန်ကုန်မြေလေးကို အာညောင်းခံပြီး စစ်ဆေးမေးမြန်းဖို့ပင် မထိုက်တန်ပါ။
သူ့အမြင်မှာ ချင်းချန်းကျစ်၏ တစ်ခုတည်းသော အသုံးဝင်မှုက ချင်းဖေးဖန်းတို့ မိသားစုနဲ့ အနည်းငယ် ဆက်နွယ်မှု ရှိနေခြင်းပင်။
“ကျွန်တော့် ဦးလေးတို့ မိသားစုက…”။ ချင်းချန်းကျစ် အသုံးဝင်သည့် အချက်အလက်တစ်ခု ပေးဖို့ အမြန် စဉ်းစားလိုက်သည်။
သို့သော်လည်း အိပ်ရေးတွေ အလွန်ပျက်ထားတာကြောင့် သူ့မှတ်ဉာဏ်တွေ အလွန်ဆိုးရွားနေပါသည်။ အသုံးဝင်မည့် အချက်အလက် ဘာတစ်ခုမှ စဉ်းစားမရခဲ့ပါ။
“မင်း ဘာမှ စဉ်းစားလို့မရရင် ငါ သဲလွန်စပေးမယ်။ ချင်းစူစူဆိုတဲ့ ကောင်မလေးအကြောင်း မင်းဘယ်လောက် သိထားသလဲ”။ ရှုထျန်းဖေးက မေးလိုက်သည်။
သူ့သားနှစ်ယောက်စလုံး ထောင်ကျခဲ့ရတာ ဒီကလေးမလေးနဲ့ ပတ်သတ်နေသည်။
၃ နှစ်ခွဲ အရွယ်ကောင်မလေးတစ်ယောက်က သူ့သားတွေကို ထောင်ကျသွားအောင် လုပ်နိုင်ခဲ့တယ်တဲ့လား?
တကယ်ဖြစ်ထားပြီးသားကိစ္စ ဖြစ်နေတာကြောင့်သာ မဟုတ်လျှင် ရှုထျန်းဖေး ယုံကြည်မှာမဟုတ်ပါ။
သူ့သားတွေကို ထောင်ဝင်စာ သွားတွေ့ခဲ့တုန်းက သူ့သားအငယ်ကောင် ရှုယီဟောက်မှာ အလွန်အမင်း ကြောက်ရွံ့နေခဲ့သည်။
ထိုချင်းစုစုကို “မကောင်းဆိုးဝါး” ဟုခေါ်နေပြီး တစ်သက်လုံး ထပ်မတွေ့ချင်တော့ဘူးဟုသာ ပြောနေခဲ့သည်။
သူ့သားအငယ်ကောင် တစ်ယောက်ယောက်ကို ဒီလောက်ထိ ကြောက်ရွံ့နေတာကို ရှုထျန်းဖေး ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ကားအက်ဆီးဒင့်တစ်ခုတွင် စူစူလေး လူကယ်တင်နေသည့် ဗီဒီယိုကို အွန်လိုင်းပေါ်မှာ မြင်လိုက်ရပြီးနောက် ဒီကောင်မလေး သာမန်ထက် ပိုပြီး သန်မာနေမှန်း သေချာသွားပါသည်။
သို့သော် ဒီလောက်နဲ့ သူသားတွေ စိတ်ဒဏ်ရာရသွားမှာမဟုတ်မှန်း ရှုထျန်းဖေး ကောင်းကောင်းသိပါသည်။
ထို့ကြောင့် ဒီကောင်မလေးက ဘာတွေထူးခြားနေသလဲဆိုတာ ရှုထျန်းဖေး သိချင်ပါသည်။ သူမက ကောလဟာလတွေအတိုင်း တကယ်ပဲ အဘိုးချင်း အဘွားချင်းတို့ရဲ့ သမီးအရင်းလား။
အနည်းငယ် သန်မာနေတာအပြင် တခြား ဘာစွမ်းရည်တွေ ရှိနေဦးမလဲ။
ချင်းချန်းကျစ်က ဒါတွေ ဘယ်လိုလုပ်သိမှာလဲ။
ချင်းစူစူကို သူတစ်ခါမှတောင် မတွေ့ဖူးဘူး!
သူ့ဦးလေးနဲ့ ဒေါ်လေးတို့ ချင်းစူစူနဲ့အတူ တောင်ပေါ်ဒေသမှ ပြန်လာသည့်အချိန်မှာ ချင်းချန်းကျစ်နဲ့ သူ့မိန်းမတို့ သိတောင်မသိကြပါ။
လောင်းကစားလုပ်လိုက်၊ သောက်စားပျော်ပါးလိုက်နဲ့ ဒီလိုကိစ္စတွေ ဂရုစိုက်အားပါဦးမလား။
သို့သော်လည်း ယခု ရှုထျန်းဖေးက မေးမြန်းနေပြီဖြစ်သဖြင့် ချင်းချန်းကျစ် မသိဘူးဟု မပြောရဲပါ။ ရှုထျန်းဖေးရဲ့ မျက်လုံးထဲမှာ သူက အသုံးမဝင်သည့်ကောင် ဖြစ်သွားလို့ မရသေးပါ။
ချင်းချန်းကျစ်က ပြန်ပြောလိုက်သည်။ “ဒါပေါ့ဗျ ကျွန်တော်သိတာပေါ့! အဲ့ဒီကောင်မလေးက… အဲ… တစ်ခုခုတော့ ထူးဆန်းနေတာ သေချာတယ်!”