ဒီစကားတွေက အသည်းခိုက်အောင် နာကျင်စေတယ်
Vol. 11 Ch. 251
လင်းရှောင်ယွဲ့သည် လင်းလန်ဟွာအား ပြုံး၍ ကြည့်နေသည်။
"တကယ်ကို နှမြောစရာပဲနော်။ အရင်တုန်းကသာ သူ့ကြောင့်မဟုတ်ခဲ့ရင် ပထမအိမ်နဲ့ ဒုတိယအိမ်မှာလည်း စာတတ်ပေတတ် ပညာရှိလေးတွေ ပေါ်ချင်ပေါ်လာမှာ။"
ဤကား အသည်းနှလုံးကို ထုတ်ချင်းခွင်းသည့် စကားတစ်ခွန်းပင်။
အကြီးဆုံးဦးလေးလင်းနှင့် ဒုတိယဦးလေးလင်းတို့၏ လင်းလန်ဟွာကို ကြည့်သော အကြည့်တို့တွင် မျက်နှာများပင် ပြာနှမ်းခြောက်သွေ့လာကြသည်။ သူတို့ညီအစ်ကိုနှစ်ယောက်တွင် ထူးထူးခြားခြား အရည်အချင်းမရှိသောကြောင့် ဤဘဝတွင် ဤမျှနှင့်သာ ပြီးဆုံးသွားနိုင်ချေရှိသည်။ သူတို့၏ မျှော်လင့်ချက်အားလုံးသည် နောင်လာမည့် မျိုးဆက်သစ်များအပေါ်တွင်သာ တည်မှီနေသည်။
အိမ်၏အခြေအနေကြောင့်သာ သားသမီးများကို ကျောင်းမထားနိုင်ခဲ့ဟု သူတို့အစက ထင်မှတ်ထားခဲ့သည်။ သို့သော် ယခုမူ...
အိမ်ငယ်နှင့် ညီမငယ်... တကယ်ကို စိတ်ဓာတ်တွေ ရက်စက်ကြပါပေတယ်...
လင်းရှောင်ယွဲ့သည် အကြီးဆုံးဦးလေးလင်းနှင့် ဒုတိယဦးလေးလင်းတို့၏ တုံ့ပြန်မှုကို အလွန်ပင် ကျေနပ်နေ၏။ သူမ လိုချင်သော သက်ရောက်မှုမှာ ဒီအတိုင်း။
ဤလင်းမိသားစုမှ မောင်နှမသုံးယောက်ကို ဆုံးမရန်မှာ မခက်ခဲဘဲ သူတို့အချင်းချင်း ပြန်ကိုက်ကြမှ ပိုကောင်းမည်။ သို့မှသာ သူတို့အတွင်းရေး ပြဿနာများနှင့် ရှုပ်နေပြီး လျိုမိသားစုကို အနှောင့်အယှက်ပေးရန် အချိန်ရတော့မည် မဟုတ်ပေ။
အထူးသဖြင့် လင်းလန်ဟွာလို လက်စားချေလိုစိတ်ပြင်းပြပြီး ယုတ်မာသောစိတ်ထားရှိသည့် မိန်းမမျိုးကိုမူ အမြစ်ပြတ်ရှင်းလင်းရန် လိုအပ်သည်။ ယခုတစ်ကြိမ် သူမအရင် အန္တရာယ်ပြုရန် ကြံစည်လာသောကြောင့် သူမဘဝ ပြန်လည် နာလန်မထူနိုင်တော့သည်အထိ ချေမှုန်းပစ်မှ ဖြစ်မည်။
လင်းရှောင်ယွဲ့သည် လင်းလန်ဟွာကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။
ဖြစ်နိုင်လျှင် လင်းလန်ဟွာအတွက် သွားစရာနေရာတစ်ခုကို စိတ်ကောင်းထားပြီး စီစဉ်ပေးရဦးမည် ဖြစ်သည်။
လင်းရှောင်ယွဲ့၏ နှုတ်ခမ်းထောင့်တွင် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
"ကဲ... ဒီအရေးမပါတဲ့ ကိစ္စတွေ ထားလိုက်တော့။ မနက်က ကိစ္စကိုပဲ ဆက်ပြောကြတာပေါ့။" ဟု လင်းရှောင်ယွဲ့က ရုတ်တရက်ပြောလိုက်သည်။
အကြီးဆုံးဦးလေးလင်းနှင့် ဒုတိယဦးလေးလင်းတို့ မျက်လုံးပင် မလှုပ်ရှားနိုင်ကြတော့။ လင်းလန်ဟွာက သူတို့အိမ်နှစ်အိမ်အပေါ် ပြုမူခဲ့သော ကိစ္စရပ်များကို သိလိုက်ရပြီးနောက်တွင် မျက်စိရှေ့မှ ပြဿနာသည်ပင်လျှင် ကြီးကြီးမားမား မဟုတ်တော့ဟု ခံစားလာရသည်။
လင်းလန်ဟွာမှာမူ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ရင်း မလှုပ်ဝံ့ဘဲ ရှိနေသည်။
ပြီးပြီ... သူမ၏ လျှို့ဝှက်ချက်များအားလုံး ပေါ်ကုန်ပြီ။
ယနေ့ လျိုအိမ်မှ အသက်ရှင်လျက် ထွက်သွားနိုင်ဦးလျှင်ပင် အိမ်ပြန်ရောက်သည့်အခါ အစ်ကိုကြီးနှင့် အစ်ကိုလတ်က သူမကို အလွတ်ပေးလိမ့်မည် မဟုတ်တော့ချေ။
"လင်းလန်ဟွာ... နင်က ငါ နင့်စေ့စပ်ပွဲကို ဖျက်တယ်လို့ စွပ်စွဲတယ်။ နင့်မှာ ဘာသက်သေ အထောက်အထားရှိလို့လဲ။"
"ငါ... ငါ..." လင်းလန်ဟွာသည် တုန်တုန်ယင်ယင်နှင့် ပါးစပ်ဟရန် ကြိုးစားသော်လည်း အဆုံးတွင် စကားတစ်လုံးမျှ ထွက်မလာခဲ့။
သက်သေလား။ သူမမှာ သက်သေအထောက်အထားဆိုရအောင် ဘာမှမရှိပါ။ အောင်သွယ်တော် အဒေါ်ဝူက စေ့စပ်ပွဲကို လာဖျက်သိမ်းစဉ်က လင်းရှောင်ယွဲ့အကြောင်းကို တစ်ချက်ပြောသွားခဲ့သည်။ လင်းရှောင်ယွဲ့၏ သတိပေးမှုကြောင့် လင်းမိသားစု၏ အကျင့်စာရိတ္တမကောင်းပုံကို စုံစမ်းသိရှိသွား၍ စေ့စပ်ပွဲကို ဖျက်သိမ်းရခြင်းဖြစ်ကြောင်း ပြောသွားခဲ့သည်။
ထို့ကြောင့် သူမက ဤအပြစ်ကို လျိုမိသားစုအပေါ် ပုံချလိုက်ပြီး လျိုမိသားစုက ယခု ကောက်ညှင်းအေးတုံးလုပ်ငန်းနှင့် ငွေရှာနေနိုင်သောကြောင့် လျော်ကြေးငွေအချို့ တောင်းရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။
အခြေအနေက ဤသို့ပြောင်းပြန်ဖြစ်သွားလိမ့်မည်ဟု သူမ မည်သို့သိနိုင်ပါ့မလဲ။ ဒီလိုဖြစ်မယ်မှန်းသာ ကြိုသိခဲ့ရင် လျိုမိသားစုကို ပြဿနာရှာရန် သူမ ဘယ်လိုမှ သတ္တိရှိမည် မဟုတ်ပါ။
လင်းရှောင်ယွဲ့က ခပ်ဖွဖွ ရယ်မောလိုက်သည်။
"သက်သေမရှိဘူးဆိုတော့ ဒါက ပိုင်နက်ကျူးကျော်ပြီး လူကိုရန်ပြုတိုက်ခိုက်တဲ့ ပြစ်မှု မြောက်သွားပြီပေါ့။"
လင်းလန်ဟွာ၏ ခန္ဓာကိုယ်သည် တုန်ခါသွားသည်။ အကြီးဆုံးဦးလေးလင်းနှင့် ဒုတိယဦးလေးလင်းတို့လည်း လင်းရှောင်ယွဲ့ကို ကြောက်လန့်တကြား လှမ်းကြည့်လိုက်ကြသည်။ ဤပြစ်မှု၏ အမည်ကို ကြားရုံနှင့်ပင် မပေါ့လှမှန်း သူတို့သိသည်။
သူတို့ပြန်လည်ချေပချင်သော်လည်း လင်းရှောင်ယွဲ့၏ ဘေးတွင်ရပ်နေသော ဟိုင်ကန်းနှင့် လူများကို မြင်သောအခါ စကားတစ်ခွန်းမျှ မဟရဲကြတော့။
ထားလိုက်တော့။ သူတို့ဘက်က ဘာပြောပြော လက်ခံရုံသာ ရှိသည်။ သူတို့တွင် စကားအခြေအတင်ပြောခွင့်မှ မရှိဘဲ။ စကားများလေ အမှားများလေ ဖြစ်မည့်အစား အားလုံးကို ဝန်ခံလိုက်ခြင်းက ပိုကောင်းသည်။ ဤနေရာမှ ကိစ္စပြီးသွားလျှင် အိမ်ပြန်ရောက်သောအခါ မိမိတို့၏ ဇနီးများနှင့် မိဘများကို လင်းရှောင်ယွဲ့ပြောသောစကားများ အမှန်ဟုတ်မဟုတ် သေချာအောင် မေးမြန်းရဦးမည်။
သူတို့၏ စိတ်ထဲတွင်တော့ ထိုအရာများက အမှန်ဖြစ်ကြောင်း ယုံကြည်နေကြပြီး ဖြစ်သော်လည်း သေချာအောင်တော့ လုပ်ရဦးမည် မဟုတ်လော။
တစ်ကယ်လို့များ အမှားဖြစ်နေခဲ့လျှင်ရော... ဖြစ်နိုင်ပါ့မလား။
"တစ်ရွာတည်းသားတွေပဲမို့ အာဏာပိုင်တွေကိုတော့ တိုင်ကြားမနေတော့ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ လျိုမိသားစုရဲ့ နစ်နာဆုံးရှုံးမှုတွေကိုတော့ ရှင်တို့ လျော်ကြေးပေးရမယ်။" ဟု လင်းရှောင်ယွဲ့က ထပ်ပြောသည်။
ဤစကားထွက်လာသောအခါ ဟိုင်ကန်းနှင့် အပေါင်းအပါများ၏ စိတ်ထဲတွင်မူ အနည်းငယ် ရယ်ချင်စိတ် ဖြစ်သွားကြသည်။ လူကို တကယ်ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့သော ဤကိစ္စမျိုးကို အာဏာပိုင်များထံ တိုင်ကြားလျှင်လည်း သူတို့က လက်ခံဆောင်ရွက်ပေးလိမ့်မည် မဟုတ်ချေ။ သို့သော် ဤနည်းဖြင့် ခြိမ်းခြောက်နိုင်သေးသည်။
"အင်း... အင်းပါ။ ယွဲ့...ယွဲ့အာပဲ ပြောပါ။" ဟု အကြီးဆုံးဦးလေးလင်းက ထွက်ပြောသည်။
ငွေအနည်းငယ်ပေးပြီး ကိစ္စပြီးနိုင်လျှင် ကောင်းသည်။ ထိုအခါမှ ညီမငယ်ဆီက ထိုငွေကို ပြန်တောင်းရမည်။ မည်သို့ပင်ဖြစ်စေ ဤကိစ္စက သူမကြောင့် စခဲ့သည် မဟုတ်လော။
ဒုတိယဦးလေးလင်းသည်လည်း အကြီးဆုံးဦးလေးလင်းနှင့်အတူ လင်းရှောင်ယွဲ့ကို သဘောတူသော အကြည့်ဖြင့် ကြည့်နေသည်။
***