အခန်း (၂၃၈+၂၃၉)
Vol. 10 Ch. 238+239
အခန်း(၂၃၈) ချင်းစူစူက ဘာအန္တရာယ်မှ မရှိလောက်ဘူး
ချင်းချန်းကျစ်က ရှုထျန်းဖေး ကြားချင်နေသည့် စကားကို ပြောလိုက်ပါသည်။
“ထူးဆန်းတယ် ဟုတ်လား။ အဲ့တာ ဘာကို ပြောချင်တာလဲ”။ ရှုထျန်းဖေး စိတ်ဝင်စားသွားသည်။
“ပထမဆုံးအနေနဲ့ ကျွန်တော့်ဦးလေးနဲ့ ဒေါ်လေးတို့က ဘယ်အသက်အရွယ် ရှိနေပြီလဲ။ အဲ့တာတောင် ကလေး မွေးနိုင်သေးတယ်ပေါ့? အဲ့တာ ပုံမှန်လား လုံးဝ မဖြစ်နိုင်ဘူး! ပြီးတော့ ချင်းစူစူမှာ အရမ်းထူးဆန်းတဲ့ ရောဂါတစ်ခု ရှိတယ်လို့လည်း ကြားမိတယ်”
ချင်းချန်းကျစ်က ဉာဏ်ရည်မမြင့်မားသော်လည်း လိမ်လည်သည့်နေရာမှာ တစ်ဖက်ကမ်းရောက်အောင် ကျွမ်းကျင်ပါသည်။
မှန်တာဖြစ်စေ မမှန်တာဖြစ်စေ အပြောကောင်းလျှင် နားထောင်နေသည့်လူတိုင်း အနည်းနဲ့အများ ယုံကြည်သွားလိမ့်မည်။
“အသေးစိတ်ပြောစမ်း။ ဘာရောဂါလဲ”။ ရှုထျန်းဖေးက မေးလိုက်၏။
“ပထမဆုံး သူက အရမ်းခွန်အားကြီးတာ၊ အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်နီးပါး သန်မာတယ်! အဲ့တာ သာမန်မှ မဟုတ်တာ ရောဂါဆိုးတစ်ခုလိုပဲ! သူ့ရောဂါကို ကုသပေးဖို့ ကျွန်တော့်ဦးလေးနဲ့ ဒေါ်လေးတို့က ဆရာဝန်တွေ အများကြီးနဲ့ တိုင်ပင်ပြီး ဆေးရုံတွေအများကြီးကိုလည်း သွားဖူးတယ်လို့ ကြားမိတယ်!”။ ချင်းချန်းကျစ်က ကျိန်းသေစွာ ပြောလိုက်သည်။
ချင်းစူစူ ခွန်အား အလွန်ကြီးမားကြောင်း သူ့မိဘတွေ ပြောဖူးတာကို ကြားဖူးပါသည်။ တကယ်ဟုတ်သလား မဟုတ်သလား မသိသော်လည်း သူ့ပုံပြင်ထဲမှာ ထည့်သုံးလိုက်သည်။
ဘယ်လောက်ထိ သန်မာသလဲဆိုတာကတော့ အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်နဲ့ နှိုင်းယှဉ်ပြလိုက်လျှင် လုံလောက်ပါပြီ။ ဒီ့ထက် ပိုသန်မာတာတွေနဲ့ နှိုင်းယှဉ်ပြလိုက်ပါက ရှုထျန်းဖေး မယုံကြည်နိုင် ဖြစ်သွားနိုင်သည်။
ရှုထျန်းဖေး သူ့ကို ယုံကြည်နေမှန်း မြင်သောအခါ ချင်းချန်းကျစ် ဇာတ်လမ်းဆက်ထွင်လေသည်။ “တစ်ခါတလေ တိရိစ္ဆာန်တွေနဲ့လည်း စကားပြောတယ်လို့ ကြားမိတယ်။ တိရိစ္ဆာန်စကားကို နားလည်နေတဲ့ ပုံစံကြီးနဲ့ တစ်ယောက်တည်း စကားတွေပြောနေတာ!”
“အင်း… ပြီးတော့ကော? အခုထိတော့ ဘာမှထူးဆန်းတာ သိပ်မပါသေးဘူးနော်”
ချင်းချန်းကျစ် ပြောပြသည့်အရာတွေက စိတ်မကျန်းမာသည့် လူတစ်ယောက်အတွက်တောင် သိပ်မထူးဆန်းပေ။
“သူက အစားလည်း အရမ်းစားတယ်လို့ကြားတယ်။ ကျွန်တော့်မှာ သမီးလေးတစ်ယောက်ရှိတယ်။ သူတောင် ချင်းစူစူ စားတာရဲ့ ၃ ပုံ ၁ ပုံလောက်ပဲ စားနိုင်တာ!”။ ချင်းချန်းကျစ်က ဆက်ပြောလိုက်ပါသည်။
“အဲ့တာပဲလား”
“အဲ့တာပါပဲ…”။ ချင်းချန်းကျစ်က ရှုထျန်းဖေး၏ တုန့်ပြန်မှုကို ကြောက်ရွံ့စွာ စောင့်ကြည့်နေလိုက်ပါသည်။
ဒီ့ထက် ဇာတ်လမ်းတွေ ဆက်မထွင်ရဲတော့ပါ။ ဒီ့ထက်လည်း စဉ်းစားလို့ မရတော့ပါ။
အလွန်ချဲ့ကားပြောလိုက်ပါက မယုံကြည်နိုင်စရာ ဖြစ်သွားမည်။
ရှုထျန်းဖေး အတွေးများ နက်နဲသွားလေသည်။ ဒီလောက် အချက်အလက်လေးနဲ့ သူမကို ထူးဆန်းသည်ဟု သတ်မှတ်ဖို့ မလုံလောက်သေးပါ။
သူ့သက်တမ်းတစ်လျှောက် ထူးဆန်းသည့် လူတွေ၊ အဖြစ်အပျက်တွေကို ရှုထျန်းဖေး အကြိမ်ကြိမ်ကြုံဖူးသည်။ ဒီလို အခြေအနေမျိုးကို သူ့ခေါင်းထဲ ထည့်စဉ်းစားမှာတောင် မဟုတ်ပါ။
သူအတွေးလွန်သွားတာသာ ဖြစ်မည်။ ချင်းစူစူက သာမန်ထက် အနည်းငယ်သာ ထူးကဲသည့် ကောင်မလေး တစ်ယောက် ဖြစ်ပါသည်။
ချင်းမိသားစုကို နှိမ်နင်းသည့်နေရာမှာ သူမ ဘာမှဝင်ရှုပ်နိုင်မှာ မဟုတ်ပါ။ ထို့ကြောင့် သူမကို ထည့်စဉ်းစားပြီး အချိန်ဖြုန်းဖို့ မလိုပေ။
ရှုထျန်းဖေး၏ မျက်နှာထားကို အကဲခတ်ရင်း ချင်းချန်းကျစ် ရင်ထဲ ဗလောင်ဆူနေသည်။ ရှုထျန်းဖေး သူ့ကို ယုံကြည်သွားသလား မယုံကြည်ဘူးလား သူ မသိပါ။
အကြာကြီး စဉ်းစားပြီးနောက် ချင်းချန်းကျစ်နဲ့ သူ့မိန်းမ ကျန်းဝမ်ဝမ်တို့ကို ရှုထျန်းဖေး ပြန်ကြည့်လိုက်သည်။
“မင်းတို့နှစ်ယောက် ငါ့ကို အကြွေးပေးစရာရှိသေးတယ်။ ဒါပေမယ့် ငါ့ကို တစ်ခုကူညီပေးရင် အဲ့တာတွေ မေ့ပေးလိုက်မယ်”။ ရှုထျန်းဖေးက ပြောလိုက်သည်။
“ဘာလုပ်ပေးရမလဲ ပြောသာ ပြောလိုက်ပါ မစ္စတာရှု! ကျွန်တော်တို့ ရေကုန်ရေခမ်း ကူညီပေးပါ့မယ်!”။ ချင်းချန်းကျစ်က အမြန်သဘောတူလိုက်သည်။
သူ့အသက်မသေသရွေ့ ကျန်တာအကုန် လုပ်ပေးနိုင်သည်။
“ဟုတ်ပါတယ်ရှင် ကျေးဇူးပြုပြီး ကျွန်မတို့ကို ခိုင်းချင်တာခိုင်းပါ!”။ ကျန်းဝမ်ဝမ်က အားရဝမ်းသာ ဝင်ပြောလိုက်ပါသည်။
“အဲ့လောက်ကြီး မလိုဘူး။ ချင်းမိသားစုအိမ်ကနေ ဟွော်ထျင်းဆိုတဲ့ကောင်လေးကို ထွက်သွားအောင် လုပ်ပေးနိုင်ရင် ရပြီ။ သူ့ကို ဒေါသထွက်အောင်လုပ်တာပဲဖြစ်ဖြစ် လှည့်စားတာပဲဖြစ်ဖြစ် လုပ်ချင်တာသာလုပ်။ ချင်းမိသားစုအိမ်ကနေ သူထွက်သွားရင် မင်းတို့နှစ်ယောက် တာဝန်အောင်မြင်ပြီ” ။ ရှုထျန်းဖေး ရှင်းပြလိုက်သည်။
ဟွော်ထျင်းက ပြဿနာကြီးသည်။ ဟွော်မိသားစုက သူရန်စလို့ ကောင်းသည့် မိသားစု မဟုတ်ပါ။
ထို့အပြင် ဟွော်မိသားစုက ရေကြောင်းသယ်ယူပို့ဆောင်ရေး လမ်းကြောင်းများစွာကို ထိန်းချုပ်ထားသည်။ ထို့ကြောင့် အခုလက်ရှိ ချင်းမိသားစု၏ အခက်အခဲကို ကူညီနိုင်စွမ်း ရှိနေသည်။
သူဒီလောက် ကြိုးစားထားရတာတွေ ဟွော်ချန်းယီရဲ့ အမိန့်တစ်ခုတည်းကြောင့် သဲထဲရေသွန်ဖြစ်သွားလို့မရပေ။
ကံကောင်းစွာဖြင့် ချင်းမိသားစုနဲ့ ဟွော်မိသားစုရဲ့ ဆက်ဆံရေးက ကလေးနှစ်ယောက်ရဲ့ ခင်မင်မှုနဲ့သာ ချည်နှောင်ထားခြင်းဖြစ်သည်။
ချင်းမိသားစုထံမှ ဟွော်မိသားစုရဲ့သခင်လေး ထွက်သွားမည်ဆိုလျှင် ချင်းမိသားစုကို ဟွော်မိသားစု ကူညီပေးမှာ စိတ်ပူစရာ မလိုတော့ပေ။
… … …
အခန်း(၂၃၉) ကလေးတစ်ယောက်ကို မောင်းထုတ်ဖို့ ဘယ်လောက်ခက်လို့လဲ
ချင်းချန်းကျစ်နဲ့ ကျန်းဝမ်ဝမ်တို့ ဒါကိုကြားပြီး အလွန်ပျော်ရွှင်ဝမ်းမြောက်သွားကြသည်။
ဒီလောက်ပဲလား?
ကလေးတစ်ယောက်ကို မောင်းထုတ်ပေးနိုင်ရုံနဲ့ သူတို့ ဘာအကြွေးမှ ပေးစရာ မလိုတော့ဘူးပေါ့?
“ရပါတယ် ရပါတယ်! လုံးဝ ရပါတယ်!”။ လင်မယားနှစ်ယောက် တညီတညွတ်တည်း သဘောတူလိုက်ကြပါသည်။
ကလေးတစ်ယောက်ကို မောင်းထုတ်ဖို့ ဘယ်လောက်ခက်ခဲမှာ မို့လို့လဲ။
“ဟုတ်ပြီ မင်းတို့ ပြန်လို့ရပြီ”။ ရှုထျန်းဖေးက ချင်းချန်းကျစ်နဲ့ ကျန်းဝမ်ဝမ်တို့ကို ကြိုးဖြည်ပေးဖို့ သူ့လူတွေကို ခိုင်းလိုက်ပါသည်။
ချင်းချန်းကျစ်နဲ့ ကျန်းဝမ်ဝမ်တို့ ပြန်လည်လွတ်လပ်သွားပြီဖြစ်သဖြင့် မျက်နှာများ ပြုံးရွှင်သွားကြသည်။
“စိတ်ချပါ မစ္စတာရှု။ ကျွန်တော်တို့က ကလေးထိန်းတာ ကျွမ်းပြီးသားပါ!”။ ချင်းချန်းကျစ်က ပြောလိုက်ပါသည်။
“ဟုတ်ပါတယ် မစ္စတာရှု! စိတ်ချနော် ကျွန်မတို့ တာဝန်ကို ပြီးမြောက်အောင် လုပ်ပေးပါ့မယ်!”။ ကျန်းဝမ်ဝမ်ကလည်း အာမခံလိုက်သည်။
“အေး အပြောနဲ့ အလုပ်နဲ့ ညီပါစေပေါ့ကွာ။ မဟုတ်ရင် နောက်တစ်ခါ ငါ့ကိုတွေ့တဲ့အချိန်ကျ မင်းတို့ တစစီဖြစ်သွားပြီမှတ်”။ ရှုထျန်းဖေးက သွေးအေးစွာ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ နားလည်ပါပြီ”
ချင်းချန်းကျစ်နဲ့ ကျန်းဝမ်ဝမ်တို့ အမြန် ထွက်ပြေးသွားကြသည်။
သူတို့ မရှိတော့သောအခါ ရှုထျန်းဖေး၏ တပည့်က ရှုထျန်းဖေးကို မေးလိုက်ပါသည်။ “မစ္စတာရှု။ ဒီလောက် အရေးကြီးတဲ့ တာဝန်ကို အဲ့ဒီအရှုံးသမားနှစ်ယောက်လက်ထဲ တကယ်ထည့်လိုက်မလို့လား။ သူတို့ ဟွော်ထျင်းကို မောင်းထုတ်ဖို့ မအောင်မြင်ရင် ဘယ်လိုလုပ်မလဲ”
“သူတို့က အရံအစီအစဉ် သက်သက်ပါ။ တကယ်အောင်မြင်မယ်လို့ ငါလည်း မယုံကြည်ပါဘူး”။ ရှုထျန်းဖေးက ပြန်ပြောလိုက်သည်။
သူ့မှာ တခြား အစီအစဉ်တွေ ရှိပါသေးသည်။
ဟွော်ထျင်းက စွယ်တော်ပန်းဝတ်မှုံနဲ့ ဓာတ်မတည့်ကြောင်း သူ သိထားသည်။
ထို့ကြောင့် ချင်းမိသားစုအိမ်နားတစ်ဝိုက်မှာ စွယ်တော်ပန်းဝတ်မှုံတွေ ဖြန်းဖို့ တစ်ယောက်ယောက်ကို တာဝန် ပေးထားပါသည်။
ဟွော်ထျင်း ဓာတ်မတည့်မှုကို စတင်ခံစားရလျှင် ဟွော်ချန်းယီက ကျိန်းသေပေါက် ပြန်ခေါ်လိမ့်မည်။
အားလုံးကို ရှုထျန်းဖေး ကြိုတင်စီစဉ်ထားပြီးသားဖြစ်ပါသည်။ ချင်းမိသားစု ကျိန်းသေပေါက် ကျရှုံးရမည်။
--- --- ---
ချင်းမိသားစုတွင်…
ဟွော်ထျင်းတစ်ယောက် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်မှာလှဲလျောင်းနေပါသည်။ ဆရာကြီးရှုယီက သူ့နှာခေါင်းနဲ့ ပါးစပ်ထဲ ဆေးတွေ ထည့်ပေးနေသည်။
“ခါးလိုက်တာ…”။ ဟွော်ထျင်း ရှုံ့မဲ့သွား၏။
ဟွော်ထျင်းက စူစူလေးလို အခါးမကြောက်သော်လည်း ခါသည့်အရသာကို ခံစားရတာ အလွန်စိတ်မသက်သာစရာ ကောင်းပါသည်။
“ကောင်လေး သည်းခံလိုက်စမ်းပါ! ငါပြောပြီးသား ငါ့ဆေးတွေကို လူတိုင်း လိုချင်တောင် မရဘူး! မင်း ဆက်ပြီး အထွန့်တက်နေဦးမယ်ဆိုရင် ပါးရိုက်လွှတ်လို့ လွင့်ထွက်သွားမယ်!”။ ဆရာကြီးရှုယီ သတိပေးလိုက်သည်။
သူတို့ သခင်လေး အဆူငေါက်ခံနေရသော်လည်း အိမ်တော်ထိန်းလျို့က ပြုံးရွှင်နေပါသည်။
“ဆရာကြီးရှုယီ ဒီဆေးတွေ သုံးပြီးသွားရင် ကျွန်တော်တို့ သခင်လေး ဓာတ်မတည့်တာတွေ ပျောက်သွားမှာလား”။ အိမ်တော်ထိန်းလျို့က မျှော်လင့်တကြီး မေးလိုက်ပါသည်။
“အဓိပ္ပာယ်မရှိတာတွေ လာမေးနေတယ်! အလုပ်မဖြစ်တာကို ငါက လုပ်နေပါ့မလားကွ။ ဒါရောဂါဖြစ်တာ ထင်လို့လဲ။ သာမန် ဝတ်မှုံ ဓာတ်မတည့်တာပဲဥစ္စာ! မင်းတို့တွေ ဘယ်လောက်တောင် ကြောက်နေလဲ ကြည့်ပါဦး။ အခုချက်ချင်း ပေကျင်းကို ပြန်တော့မယ်ပုံစံနဲ့။ ဟာသပဲ!”
ဆရာကြီးရှုယီက အထင်အမြင်သေးစွာ ပြောလိုက်ပါသည်။
အိမ်တော်ထိန်းလျို့က အပြုံးဖြင့် ပြန်ပြောလိုက်ပါသည်။ “ဟုတ်ပါတယ် ဟုတ်ပါတယ် ဆရာကြီးရှုယီ စိတ်ကြိုက် ဝေဖန်ပါ။ ကျွန်တော်တို့ တကယ် အကြောက်လွန်သွားပါတယ်။ ဆရာကြီးရှုယီ ရှိနေမှတော့ ဒီလောက် အသေးအဖွဲ ကိစ္စလေးအတွက် ပေကျင်းမြို့ကို ပြန်ဖို့ လိုပါဦးမလား”
ထို့နောက် အိမ်တော်ထိန်းလျို့က ထပ်မေးလိုက်သည်။ “ဒါဆို ဆရာကြီးရှုယီ… ကျွန်တော်တို့ သခင်လေးရဲ့ ဓာတ်မတည့်မှုကို အမြစ်ပြတ်ပျောက်သွားအောင် ကုပေးဖို့ နည်းလမ်းရှိလား”
“ဘာကွ သူ့ကို အမြစ်ပြတ်ကုပေးစေချင်တယ်ပေါ့”။ ဆရာကြီးရှုယီက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့ ဆရာကြီးရှုယီ။ ဒါက ရှားပါး အခွင့်အရေးမို့လို့ပါ”။ အိမ်တော်ထိန်းလျို့ အမြန် ရှင်းပြလိုက်ပါသည်။ သူ စကားမှားလျှင် သူ့သခင်လေးကို ဆရာကြီးရှုယီ ဆေးမကုပေးတော့မှာ စိုးရိမ်မိပါသည်။
“ဆုတောင်းလေ! သူအသက်ရှူတွေ ကြပ်လို့ စူစူလေးကြောက်သွားတာကြောင့်သာ မဟုတ်ရင် ဒီလိုကောင်ကို ဆေးတောင်ကုပေးမနေဘူး!”။ ဆရာကြီးရှုယီက ပြန်ပြောလိုက်သည်။။
“ဦးလေးပိုင်ဟူကျစ် သမီးမကြောက်ပါဘူး”။ စူစူလေးက ဝင်ပြောလိုက်၏။
တီဗီပေါ်မှာ မြင်ဖူးသည့် အရေးပေါ် အသက်ကယ်နည်းအတိုင်း ထျင်းထျင်း၏ ရင်ဘတ်အား ဖိပေးနေခဲ့တာဖြစ်သည်။
တစ်ယောက်ယောက် အသက်မရှူနိုင်လျှင် ရင်ဘတ်ကို ဖိပေးခြင်းက အကူအညီဖြစ်နိုင်သည်ဟု သူမ ဖေဖေ ပြောဖူးပါသည်။