အခန်း (၂၄၀+၂၄၁)
Vol. 10 Ch. 240+241
အခန်း(၂၄၀) စူစူလေးလည်း ကူညီချင်တယ်
ဆရာကြီးရှုယီက စူစူလေးအား ပြောလိုက်သည်။ “စူစူလေး အဲ့လို မလုပ်ရဘူး။ နောက်တစ်ခါ တစ်ယောက်ယောက် သတိလစ်သွားတာကို မြင်ရင် အဲ့လိုထပ်မလုပ်ရဘူးနော်! တီဗီက ကလေးတွေကို လှည့်စားတတ်တယ်! စူစူလေးက ကလေးမဟုတ်တော့လို့ သူတို့လှည့်စားတာကို မခံသင့်ဘူး!”
“တီဗီက ကလေးတွေကို လှည့်စားတယ်ဟုတ်လား။ ဆိုးရွားလိုက်တာ!”။ စူစူလေး၏ မျက်နှာလေး စူပုတ်သွားသည်။
“ဟုတ်တယ် ဟုတ်တယ် အရမ်းဆိုးရွားတယ်။ အဲ့တာကြောင့် စူစူလေး အတုမယူနဲ့နော်!”။ ဆရာကြီးရှုယီ ရှင်းပြလိုက်သည်။
တကယ်တော့ CPR လုပ်ပေးသင့်တာ မှန်သော်လည်း စူစူလေးလုပ်ပေးသည့် ပုံစံ မမှန်တာဖြစ်သည်။
“ဦးလေး ပိုင်ဟူကျစ် သမီးမကြောက်ဘူးနော်!”။ စူစူလေးက ထပ်ကြုံးဝါးလိုက်ပါသည်။
သူမက အလွန်သတ္တိရှိသည်။ ဒီလိုကိစ္စလေးကြောင့် ကြောက်သွားတာ ဖြစ်နိုင်ပါ့မလား။ လုံးဝ မဖြစ်နိုင်ပါ။
“ဟုတ်ပါပြီ ဟုတ်ပါပြီ။ စူစူလေးက သတ္တိအရှိဆုံးပဲ။ မကြောက်တတ်ဘူးနော်”။ ဆရာကြီးရှုယီ အမြန် ပြန်ပြောလိုက်သည်။
“ဟုတ်တယ်! မှန်တယ်!”
အိမ်တော်ထိန်းလျို့က ဆရာကြီးရှုယီအား ရွှင်ရွှင်မြူးမြူး ပြောလိုက်ပါသည်။ “ဆရာကြီးရှုယီ ကုသိုလ်လုပ်လက်စနဲ့ ကျွန်တော်တို့သခင်လေးရဲ့ ဓာတ်မတည့်မှုကို အမြစ်ပြတ်အောင် ကုပေးလိုက်ပါလားဟင်”
သူတို့ သခင်လေးရဲ့ ဓာတ်မတည့်မှုက မပြင်းထန်ပါ။ အသက်အန္တရာယ် စိုးရိမ်ရတာမျိုးလည်း မဟုတ်ပါ။ သို့သော် စိတ်အနှောင့်အယှက် ဖြစ်စရာတော့ ကောင်းပါသည်။
အမြစ်ပြတ်ကုသနိုင်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်။
ဆရာကြီးရှုယီကို အကူအညီတောင်းဖို့ အစက အစီအစဉ်မရှိသော်လည်း ကံကြမ္မာက လမ်းခင်းပေးနေပြီဖြစ်သဖြင့် အခွင့်ကောင်းကို လက်လွှတ်စရာအကြောင်း မရှိပါ။
“အောင်မယ်လေး ရာသီဥတုလေးက သာယာလိုက်တာ။ စူစူလေး ဒီနေ့ တူချောလေးက ဘာတွေ အရသာရှိတာ ချက်ပေးထားလဲ မသိဘူးနော်။ သွားစပ်စုကြည့်ရအောင်။ နောက်ကျသွားရင် တခြားသူတွေ အကုန်စားပြစ်ကြလိမ့်မယ်!”
ဆရာကြီးရှုယီက အိမ်တော်ထိန်းလျို့ကို မသိချင်ယောင် ဆောင်လိုက်ပါသည်။
ဉာဏ်ကောင်းသည့် အဘိုးကြီးက သူတို့ကို ငြင်းလိုက်ရုံတင်မကဘဲ စူစူလေးကိုပါ ခေါ်သွားသည်။ ထို့ကြောင့် အိမ်တော်ထိန်းလျို့တစ်ယောက် စူစူလေးကို အသုံးချပြီး ဟွော်ထျင်းအား ဆေးကုပေးဖို့ တိုက်တွန်းလို့ မရတော့ပါ။
သို့သော် ဆရာကြီးရှုယီကို သူတို့ တွန်းအားပေးလို့မဖြစ်ပါ။ သူတို့ အလျှင်လည်း မလိုသေးပါ။
ချင်းမိသားစုမှာ ဆက်နေထိုင်နေသေးသရွေ့ အခွင့်အရေးတွေ အများကြီး ထပ်ရလာပါလိမ့်မည်။
ဒီအဖြစ်အပျက်ကို ဟွော်ချန်းယီထံ တင်ပြပြီး သခင်လေးဟွော်ထျင်းအား ချင်းမိသားစုအိမ်မှာ ခပ်ကြာကြာ ဆက်နေခွင့် ပေးဖို့ ပြောရမည်။ ဒါမှ အကျိုးကျေးဇူးတွေ အများကြီး ရရှိနိုင်မှာဖြစ်ပါသည်။
စူစူလေး မီးဖိုချောင်ထဲ ရောက်သောအခါ ချင်းယုချဲက သူမအတွက် အချိုမုန့်လေးတစ်ခု တကယ်လုပ်ပေးထားပါသည်။
ချိုမြိန်သော ပဲနီကိတ်မုန့်လေးများဖြစ်၏။ ကိတ်မုန့်လေးတိုင်းက လက်သည်းခွံလောက်သာ ရှိပြီး မက်မွန်ပွင့်သဏ္ဌာန် ပုံဖော်ထားသဖြင့် ချစ်ဖို့ကောင်းလွန်းပါသည်။
“တူချောလေး၊ ခုတလော အစ်ကိုကြီးနဲ့ တူကြီးတို့ကို ဘာလို့ သိပ်မတွေ့ရတာလဲ”။ စူစူလေးက ချင်းယုချဲလုပ်ပေးထားသော ပဲနီကိတ်မုန့်ကို စားရင်း မေးလိုက်သည်။
“ခုတလော ကုမ္ပဏီမှာ ပြဿနာ နည်းနည်းတက်နေလို့ အဲ့ဒီပြဿနာတွေကို ဖြေရှင်းနေရတယ်။ အဲ့တာကြောင့် သူတို့ အလုပ်ရှုပ်နေတာ”။ ချင်းယုချဲက ရှင်းပြလိုက်ပါသည်။
ချင်းယုချဲက မိသားစုလုပ်ငန်းတွေမှာ တစ်ခါမှ ဝင်မပါဖူးသော်လည်း ခုတလော သူတို့ကုမ္ပဏီ အခက်အခဲဖြစ်နေကြောင်းကိုတော့ ကြားမိပါသည်။
“ဟမ် ပြဿနာဟုတ်လား။ ဘာပြဿနာလဲ။ ဒေါ်လေး ကူညီပေးမယ်လေ”။ စူစူလေးက စိတ်ဝင်တစား မေးလိုက်ပါသည်။
“စီးပွားရေးကိစ္စပါ။ နင်ငယ်သေးတယ် နားလည်မှာမဟုတ်ဘူး”။ ချင်းယုချဲက ပြန်ပြောလိုက်ပါသည်။
“ငါက အရမ်းတော်ပြီးသားပါ တူချောလေးရဲ့!”။ စူစူလေးက လက်ကို ခါရမ်းကာ ပြောလိုက်ပါသည်။
ချင်းယုချဲက စူစူလေးကို ကြည့်ရင်း အနည်းငယ် ပြုံးမိသွားကာ ပြောလိုက်သည်။ “စူစူလေး လူကြီးဖြစ်လာရင် ခွန်အားသုံးပြီး ဖြေရှင်းလို့မရတဲ့ ကိစ္စတွေအများကြီးရှိတယ်”
ချင်းယုချဲ၏ စကားကို စူစူလေး နားမလည်နိုင်ဘဲ ဇဝေဇဝါဖြစ်သွားပါသည်။
စူစူလေး နားမလည်မှန်း သိသဖြင့် ချင်းယုချဲ စိတ်ရှည်စွာ ရှင်းပြလိုက်သည်။ “အခု ကုမ္ပဏီက ပြည်တွင်းမှာ ရှားပါးတဲ့ ကုန်ကြမ်းတစ်ခုကို လိုအပ်နေတယ်။ အဲ့တာကြောင့် ပြည်ပကနေ တင်သွင်းရမှာ။ ဒါပေမယ့် ရေကြောင်း သယ်ယူ ပို့ဆောင်ရေး အခက်အခဲကြောင့် အဲ့ဒီကုန်ကြမ်းတွေကို တင်သွင်းလို့ မရဘူးဖြစ်နေတယ်။ အဲ့တာကြောင့် ကုမ္ပဏီက ထုတ်ကုန်တွေကို ဆက်ထုတ်လုပ်လို့ မရဘူး”
စူစူလေး နားလည်နိုင်ပါ့မလား သူမသိပါ။ သို့သော် သူမက စိတ်ဝင်စားနေသဖြင့် ချင်းယုချဲ အကောင်းဆုံး ရှင်းပြလိုက်တာဖြစ်သည်။
ကုန်ကြမ်းတွေ လိုအပ်နေတယ် ဟုတ်လား။
“ဘာကုန်ကြမ်း လိုအပ်နေလို့လဲ။ ဒေါ်လေး ရှာပေးမယ်!”။ စူစူလေးက စိတ်ပါလက်ပါ ပြောလိုက်သည်။
… … …
အခန်း(၂၄၁) လူကြီးတွေရဲ့ ကိစ္စပါ
“စူစူလေး ကုမ္ပဏီမှာ လိုအပ်နေတဲ့ ကုန်ကြမ်းတွေ အများကြီးရှိတယ်။ လူတိုင်းရှာနိုင်တဲ့ ပစ္စည်းတွေ မဟုတ်ဘူး”။ ချင်းယုချဲက စိတ်ရှည်စွာ ရှင်းပြလိုက်သည်။
“ဒါဆို အများကြီး သွားရှာမှာပေါ့!”။ စူစူလေးက ပြန်ပြောလိုက်ပါသည်။
“ကုမ္ပဏီလိုအပ်နေတဲ့ ကုန်ကြမ်းတွေက ရှားပါးကျောက်တွေ။ ငါတို့ နိုင်ငံမှာ တော်တော်ရှားတယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဟွာချန့်မြို့ မြောက်ပိုင်းမှာ သတ္ထုတွင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ ငါတို့ ချင်းမိသားစုက အဲ့နားမှာ စက်ရုံတစ်ခု ဆောက်လုပ်ပြီး အဲ့ဒီသတ္ထုတွင်းက ရင်းမြစ်တွေကို သုံးခဲ့ကြတယ်။ ဒါပေမယ့် အဲ့ဒီ သတ္ထုတွင်းထဲက ရှားပါးကျောက်တွေ ကုန်ခမ်းသွားတာ ၁၀ နှစ်ကျော်ကြာပြီ။ အဲ့ဒီအချိန်ကတည်းက ကုမ္ပဏီက ပြည်ပသွင်းကုန်တွေကိုပဲ အားကိုးပြီး ဆက်လည်ပတ်ခဲ့ရတာ”
ချင်းယုချဲက အသေးစိတ်ရှင်းပြလိုက်သော်လည်း စူစူလေးအတွက် နားလည်ဖို့ ခက်ခဲနေဆဲဖြစ်သည်။
သူမ အကြမ်းဖျင်း နားလည်လိုက်တာဆိုလို့ သူမတို့ လိုအပ်နေသည့်အရာက အရင်က ရှိခဲ့ဖူးပြီး အခုမရှိတော့ဘူး ဆိုတာသာ ဖြစ်သည်။
စူစူလေး အရာရာ နားလည်လိမ့်မည်ဟု ချင်းယုချဲလည်း ထင်မထားပါ။ ဒီကိစ္စတွေက ကလေးတွေ စိတ်ပူစရာ ကိစ္စမဟုတ်မှန်း နားလည်သွားလျှင် လုံလောက်ပါပြီ။
“စူစူလေး ဘာမှ စိတ်ပူစရာမလိုပါဘူး။ မိုးပြိုရင်တောင် လူကြီးတွေ တာဝန်ယူပေးလိမ့်မယ်။ အဲ့တာကြောင့် ဘာမှ ဦးနှောက်ခြောက်ခံပြီး စဉ်းစားနေစရာမလိုဘူး”
“ဒါပေမယ့် ဖေဖေ၊ မေမေ၊ အစ်ကိုကြီးနဲ့ တူကြီးတို့ စိတ်ညစ်နေရင် ငါလည်း စိတ်ညစ်တာပေါ့။ သူတို့ကို စိတ်မညစ်စေချင်ဘူး။ ကူညီပေးချင်တယ်။ တူချောလေး စိတ်မပူပါနဲ့! ဒေါ်လေးက ပစ္စည်းတွေ ရှာတဲ့နေရာမှာ အရမ်း တော်တာ!”။
စူစူလေး၏ အပြစ်ကင်းစင်သော မျက်လုံးလေးများကို ကြည့်ရင်း ချင်းယုချဲ ရင်ထဲ ဖော်ပြလို့မရနိုင်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အလွန်ငယ်သေးသေ်လည်း စူစူလေးက မိသားစုကို ကယ်တင်ပေးချင်စိတ် အပြည့်ရှိနေသည်။ သူကတော့ သူ့အကြောက်တရားကြောင့် အပြင်လောကနဲ့ လူတွေနဲ့ ပတ်သတ်မှုကို အမြဲတမ်းရှောင်ရှားနေမိခဲ့သည်။
သို့သော် ချင်းမိသားစုသာ တကယ်တမ်း ကပ်ဆိုက်သွားလျှင် သူဒီလို ဘာကိုမှ မမှုဘဲ အေးအေးချမ်းချမ်း နေနိုင်ပါဦးမလား။
ချင်းယုချဲက စူစူလေး၏ ဆံပင်လေးကို နူးညံ့စွာ ပွတ်သပ်ပေးလိုက်သည်။
သူ ဘာမှ ထပ်မပြောတော့ပါ။
--- --- ---
၆ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ထံသို့ ချင်းချန်းကျစ်နဲ့ ကျန်းဝမ်ဝမ်တို့ ပြန်ရောက်လာကြသည်။
သားဖြစ်သူနဲ့ ချွေးမဖြစ်သူတို့ကို မြင်သောအခါ ချင်းကျင်းဖန်တို့လင်မယားနှစ်ယောက် အလွန် စိတ်ဖိစီးသွားကြ၏။
“အာ့ချန်း ဒီလိုအချိန်မှာ ဘာလို့ ပြန်လာတာလဲ။ တစ်ယောက်ယောက် မြင်သွားရင် ဘယ်လိုလုပ်မလဲ”။ ဟုံပေါင်ကျူးက မေးလိုက်ပါသည်။
“အမေ ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့ အကြွေးပြဿနာ ဖြေရှင်းပြီးသွားပြီ”။ ချင်းချန်းကျစ်က ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။
“တကယ်လား။ တကယ်ဆို ကောင်းတာပေါ့! ငါတို့ အရမ်းစိတ်ပူနေတာ!”။ ဟုံပေါင်ကျူး အတိုင်းထက်အလွန် ပျော်ရွှင်သွားပါသည်။
ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့က သူတို့ရဲ့ တစ်ဦးတည်းသော သားလေး ချင်းချန်းကျစ်ကို အလွန်ချစ်မြတ်နိုင်းကြပါသည်။
ထို့ကြောင့် ချင်းချန်းကျစ် ငယ်ငယ်က အလွန်အလိုလိုက်ခံရသဖြင့် ဆိုးဆိုးသွမ်းသွမ်း ကြီးပြင်းလာခဲ့သည်။ ဘယ်လောက်ပဲ ဆိုးသွမ်းပါစေ ချင်းကျင်းဖန်တို့ လင်မယားက ချင်းချန်းကျစ်ကို အသက်တမျှ ချစ်မြတ်နိုးနေဆဲ ဖြစ်သည်။
“အားလုံး အဆင်ပြေသွားပြီ အမေ။ ဝမ်ဝမ်နဲ့ ကျွန်တော်နဲ့ အပြင်ခဏသွားရမယ်”။ ချင်းချန်းကျစ်က အလောတကြီး ပြောလိုက်၏။
“ဘာလို့ အစောကြီး ပြန်မှာတုန်း။ ခဏလောက် အိမ်မှာနေပြီး တစ်ခုခုစားသွားပါဦး။ အမေ အရသာရှိတာတွေ ချက်ပေးပါ့မယ်”။ ဟုံပေါင်ကျူးက ဆိုသည်။
“ဘာချက်စရာလိုသေးလို့လဲ။ အမေ့ အချက်အပြုတ်စကေးနဲ့ ဘာအရသာရှိတာ ချက်နိုင်မှာမို့လို့လဲ”။ ချင်းချန်းကျစ် စိတ်မရှည်စွာ ပြောလိုက်သည်။ “ကျွန်တော်တို့ အကုန်လုံး ဦးလေးတို့ အိမ်မှာ သွားစားသင့်တာ။ သူတို့ ငှားထားတဲ့ စားဖိုမှူးက အရသာရှိတာတွေ ချက်ပေးနိုင်တယ်”
“နင်က နင့်ဦးလေးအိမ်မှာ သွားစားချင်တယ် ဟုတ်လား”။ ဟုံပေါင်ကျူးက အံ့အားသင့်စွာ ပြောလိုက်သည်။
“ဘာဖြစ်လို့လဲ။ ဦီးလေးနဲ့ ဒေါ်လေးတို့ ပြန်ရောက်လာကြပြီမဟုတ်ဘူးလား။ ဒီတိုင်းသွားလည်တာ ဘာဖြစ်လို့လဲ”
မကြာသေးခင်က သူ့မိဘတွေနဲ့ သူ့ဦးလေးတို့မိသားစုကြားထဲ ဖြစ်ပျက်ခဲ့သည့် ပြဿနာတွေကို ချင်းချန်းကျစ် ဘာမှ မသိသေးပါ။
“အာ့ချန်း မင်းဦးလေးတို့မိသားစုနဲ့ ငါတို့နဲ့ ပြဿနာနည်းနည်း တက်ထားတယ်။ အခု ယွင်ယွင်လေးကလွဲပြီး ငါတို့ မိသားစု သူတို့အိမ်ကို သွားလည်ခွင့် မရှိတော့ဘူး”။ ချင်းကျင်းဖန်က ရှက်ရွံ့မှု၊ ဒေါသထွက်မှုတို့ဖြင့် ပြောလိုက်ပါသည်။
“ဘာ?!”။ ချင်းချန်းကျစ် အလွန် ထိတ်လန့်သွားရလေသည်။