← Chapters

ငါတကယ်ဓားပြတိုက်နေတာပဲလေ

Vol. 11 Ch. 252

ငါတကယ်ဓားပြတိုက်နေတာပဲလေ

Vol. 11 Ch. 252

လင်းရှောင်ယွဲ့၏ မျက်လုံးများက တစ်ချက်လှုပ်ရှားသွားသည်။

"ရှင်တို့ လျိုအိမ်ထဲကို ကျူးကျော်ဝင်ရောက်ပြီး ခြံထဲမှာ အော်ဟစ်ဆူပူကြတယ်။ ကျွန်မတို့အိမ်က ပစ္စည်းတွေကို မဖျက်ဆီးမိပေမဲ့ ခြံထဲက ကြမ်းခင်းကျောက်ပြားတွေကိုတော့ အားနဲ့ ဖိနင်းခဲ့ကြတယ်။ ဒါကို ငွေတစ်စလို့ပဲ သတ်မှတ်လိုက်မယ်။"

လင်းမိသားစုမှ မောင်နှမသုံးယောက် သက်ပြင်းတစ်ချက်ချလိုက်ကြသည်။ လျိုအိမ်ခြံဝင်းအတွင်းမှ ကြမ်းခင်းကျောက်ပြားများသည် အလွန်ခိုင်ခံ့စွာ ခင်းကျင်းထားသောကြောင့် သူတို့မည်မျှပင် အားသုံးခဲ့သည်ဖြစ်စေ ကျောက်ပြားများ ပျက်စီးသွားခြင်း သို့မဟုတ် နေရာရွေ့သွားခြင်း မရှိနိုင်သည်မှာ သေချာသည်။

ငွေတစ်စသည် မနည်းလှသော်လည်း မျက်မှောက်အခြေအနေကို ဖြေရှင်းနိုင်မည်ဆိုလျှင် အလွန်တန်သည်ဟု ဆိုရမည်။

"နောက်ပြီးတော့..."

လင်းရှောင်ယွဲ့ထံမှ ဤစကားနှစ်လုံးထွက်လာသည်နှင့် လင်းမောင်နှမသုံးယောက်၏ နှလုံးသားများမှာ ဒိန်းခနဲ ခုန်တက်သွားကြပြန်သည်။

"ရှင်တို့က ကျွန်မအမေ့ကို လန့်အောင်လုပ်ခဲ့ကြတယ်။ စိတ်ပိုင်းဆိုင်ရာ နစ်နာကြေးအနေနဲ့ တစ်ယောက်ကို... ငွေ၁၀စ!" ဟု လင်းရှောင်ယွဲ့က ရုတ်တရက်ဆို၏။

လင်းမောင်နှမသုံးယောက်၏ နှလုံးသားများ တုန်လှုပ်သွားကြသည်။

ဘာ... ၁၀စ ဟုတ်လား။

လျိုရှီက အကောင်းအတိုင်းကြီး ရှိနေတာမဟုတ်ဘူးလား။ သူတို့သုံးယောက်ပေါင်း ငွေစ၃၀ လျော်ရမယ်ဆိုပါလား။ ဒီလောက်တောင် လိုချင်နေရင် တခါတည်းဓားပြတိုက်သွားလိုက်ပါတော့လား။

သို့သော် သူတို့၏ စိတ်ထဲတွင် မည်မျှပင် ဒေါသထွက်နေပါစေ၊ မည်သူမျှ စကားတစ်ခွန်း မဟဝံ့ကြပေ။

ဟိုင်ကန်းနှင့် သူ၏ လက်အောက်ငယ်သားများမှာ ဤမြင်ကွင်းကို ကြည့်ရင်း အနည်းငယ် ရယ်ချင်စိတ်ပေါက်လာကြသည်။ အထူးသဖြင့် ဟိုင်ကန်းသည် လင်းရှောင်ယွဲ့ကို ကြည့်သော အကြည့်များတွင် အထင်ကြီးလေးစားမှုများ ပိုမိုပြင်းထန်လာသည်။

သူ ဟိုင်ကန်း၏ ညီမလေးဆိုတဲ့အတိုင်းပင်၊ တကယ်ကို လက်ရဲဇက်ရဲနိုင်လွန်းသည်။

လင်းရှောင်ယွဲ့သည် မျက်နှာအမူအရာ အမျိုးမျိုးပြောင်းနေသော အကြီးဆုံးဦးလေးလင်းနှင့် ဒုတိယဦးလေးလင်းကို တစ်ချက်ကြည့်ရင်း နှုတ်ခမ်းစွန်းများကွေးတက်သွားသည်။

ဟုတ်တယ်၊ ငါတကယ် ဓားပြတိုက်နေတာပဲ။ နင်တို့ ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ။

"ကျွန်မတို့ လျိုမိသားစုကို စုစုပေါင်း ၃၁စ လျော်ကြေးပေးပြီးရင် ဒီနေ့ကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်မယ်။"

ဒုတိယဦးလေးလင်းသည် မျက်နှာငယ်လေးဖြင့် အကြီးဆုံးဦးလေးလင်းကို လှမ်းကြည့်ရင်း ဆုံးဖြတ်ချက်ချပေးရန် မျှော်လင့်နေသည်။ အကြီးဆုံးဦးလေးလင်း၏ မျက်နှာမှာမူ သောကများဖြင့် ပြည့်နှက်နေပြီး စိတ်ထဲတွင် အလွန်တရာ လွန်ဆွဲနေသည်။

အချိန်အတော်ကြာမှ သူသည် လင်းရှောင်ယွဲ့ကို ကြည့်လိုက်သည်။

"ရှောင်ယွဲ့... ရှောင်ယွဲ့၊ ငါ... ငါတို့မှာ တကယ် အဲ့လောက်ပိုက်ဆံ မရှိလို့ပါ။" ဟု မျက်နှာငယ်လေးဖြင့် ပြောရှာသည်။

သို့သော် သူ့ကို ကြိုဆိုနေသည်မှာ လင်းရှောင်ယွဲ့၏ အေးစက်သော အကြည့်တစ်ချက်သာ ဖြစ်သည်။

"ပိုက်ဆံမရှိဘဲနဲ့ သူများအိမ်လာပြီး ပြဿနာရှာရဲသေးတယ်လား။" ဟု လှောင်ပြောင်သရော်လိုက်၏။

"ကျွန်မအမေက အားအရမ်းနည်းတယ်။ ရှင်တို့ ဒီလိုခြောက်လှန့်လိုက်တော့ သူဘယ်လောက်တောင် အားဆေးတွေစားပြီး ပြန်အားဖြည့်ရမလဲ။ ရှင်တို့ကို ငွေစ၃၀ပဲတောင်းတာ တော်တော်သက်ညှာနေပြီ။ တကယ်တမ်း တွက်ရမယ်ဆိုရင် ၅၀တောင် မလောက်ဘူး။"

အကြီးဆုံးဦးလေးလင်း၏ ခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်သွားသည်။ ထိုအချိန်တွင် သူ့ဘေးမှ ဒုတိယဦးလေးလင်းက သူ၏အင်္ကျီလက်ကို ဆွဲလိုက်သည်။

၃၀ဆိုလည်း ၃၀ပေါ့။ ဒီအချိန်ရောက်မှ ဒီကောင်မလေးကို ဒေါသထွက်အောင် ထပ်လုပ်မိရင် သူတို့ လွတ်လမ်းရှိတော့မှာ မဟုတ်ဘူး။

အကြီးဆုံးဦးလေးလင်းသည် ဒုတိယဦးလေးလင်းကို တစ်ချက်လှည့်ကြည့်ပြီးနောက် အံကိုတင်းတင်းကြိတ်လိုက်သည်။

နောက်ဆုံးတွင် သူက လင်းရှောင်ယွဲ့ကို ပြောလိုက်သည်။ "ကောင်းပြီ။ ၃၁စ၊ ငါ... ငါတို့ ပေးပါ့မယ်။"

ထိုအခါမှ လင်းရှောင်ယွဲ့၏ မျက်နှာထားသည် အနည်းငယ် ပြေလျော့သွားသည်။

"ဒါပေမဲ့ ငါ... ငါတို့ အိမ်ပြန်ယူရဦးမယ်။"

လင်းရှောင်ယွဲ့က အကြီးဆုံးဦးလေးလင်းကို စွေကြည့်လိုက်ပြီး "သူတို့နှစ်ယောက် ဒီမှာနေခဲ့၊ ရှင်တစ်ယောက်တည်း ငွေပြန်ယူ။"

ဒုတိယဦးလေးလင်း၏ မျက်နှာသည် ချက်ချင်းပင် ထိတ်လန့်သွားပြီး လင်းရှောင်ယွဲ့ကို ကြည့်လိုက်သည်။ လင်းရှောင်ယွဲ့၏ အေးစက်သော မျက်နှာထားကို မြင်သောအခါ သူ စကားမပြောဝံ့တော့ချေ။ ထို့ကြောင့် အကြီးဆုံးဦးလေးလင်းကိုသာ လှည့်ကြည့်လိုက်ရသည်။

"အစ်ကိုကြီး၊ အစ်ကိုကြီး ကျွန်တော့်ကို ပစ်မသွားနဲ့နော်။" ဟု ငိုတော့မယောင် အသံဖြင့် ပြောသည်။

သူတယ်ကြောက်သည်။ အစ်ကိုကြီးနှင့် အိမ်ကလူများက သူနှင့် ညီမငယ်ကို ပစ်ထားခဲ့မည်ကို သူကြောက်နေသည်။ ၃၁စဆိုသည်မှာ မနည်းလှသော ငွေပမာဏဖြစ်သည်။

အကြီးဆုံးဦးလေးလင်းက ဒုတိယဦးလေးလင်း၏ ပခုံးကို ပုတ်၍ နှစ်သိမ့်လိုက်သည်။ "စိတ်မပူပါနဲ့၊ ငါအိမ်ပြန်ပြီး အမေ့ဆီက ပိုက်ဆံသွားတောင်းမယ်။ မင်းကို ပြန်လာရွေးမှာပါ။"

ဟိုင်ကန်းနှင့် လူများမှာမူ ဘာပြောရမှန်းမသိ ဖြစ်သွားကြသည်။

ရွေးမယ် ဟုတ်လား။ သူတို့ကို ဓားပြလို့များ ထင်နေလား။

"လီသာ့၊ မင်းသူနဲ့ လိုက်သွားလိုက်။" ဟု ဟိုင်ကန်းက ရုတ်တရက် အမိန့်ပေးလိုက်သည်။

အကြီးဆုံးဦးလေးလင်းက ထွက်မပြေးရဲဟု သူသိသော်လည်း လူတစ်ယောက် လိုက်သွားခိုင်းခြင်းဖြင့် အချိန်များစွာ သက်သာစေနိုင်သည်။

"ဟုတ်ကဲ့။" ဟိုင်ကန်းဘေးမှ လက်အောက်ငယ်သားတစ်ဦးက ချက်ချင်းပင် လက်သီးဆုပ်ပြီး အရိုအသေပေးကာ အမိန့်နာခံလိုက်သည်။

ထို့နောက် အကြီးဆုံးဦးလေးလင်း အံ့အားသင့်နေစဉ်မှာပင် သူ့ရှေ့သို့ လျှောက်သွားပြီး သူ့ကိုဆွဲကာ အပြင်သို့ ထွက်သွားတော့သည်။

ဤမြင်ကွင်းကို မြင်သောအခါ ဒုတိယဦးလေးလင်းသည် သက်ပြင်းတစ်ချက် ချနိုင်သွားသည်။ သခင်ကြီးဟိုင်၏ လူတစ်ယောက် လိုက်သွားသောကြောင့် အစ်ကိုကြီးသည် ငွေကို သေချာပေါက် ယူလာနိုင်လိမ့်မည်။

ထို့နောက် လင်းရှောင်ယွဲ့သည် ဟိုင်ကန်းတို့ကို ခြံအတွင်းရှိ သစ်ပင်ကြီးအောက်သို့ ဖိတ်ခေါ်ပြီး ထိုင်စေသည်။ ပြီးလျှင် လူတစ်ဦးချင်းစီအတွက် ကောက်ညှင်းအေးတုံးတစ်ပန်းကန်စီ ထည့်ပေးပြီးကျွေးမွေးဧည့်ခံလေသည်။

***

All Chapters