အခန်း (၂၄၂+၂၄၃)
Vol. 10 Ch. 242+243
အခန်း(၂၄၂) ကလေကချေ ချင်းချန်းကျစ်
ချင်းချန်းကျစ်က ဆက်မေးလိုက်သည်။ “ဘယ်လိုဖြစ်ရတာလဲ။ အရင်တုန်းကလည်း ဦးလေးနဲ့ ဒေါ်လေးတို့ အဖေ့ကို စိတ်ဆိုးဖူးတာပဲ။ ဒါပေမယ့် ဒီတိုင်း ဆူငေါက်ပြီးရင် ခွင့်လွှတ်ပေးလိုက်တာပဲ မဟုတ်ဘူးလား?”
ထိုအကြောင်း ကြားရုံနဲ့ ဟုံပေါင်ကျူး အံကြိတ်မိပါသည်။ “အရင်ကတော့ အဲ့လိုပဲပေါ့။ နင့်ဦးလေးနဲ့ နင့်အဖေနဲ့က ညီအစ်ကိုတွေကိုး။ ပြဿနာတွေ ဘယ်လောက်ဖြစ်ဖြစ် နောက်ဆုံး ပြန်အဆင်ပြေသွားကြတာပဲ။ ဒါပေမယ့် နင့်ဦးလေးနဲ့ ဒေါ်လေးတို့ သိပ်မကြာသေးခင်တုန်းက ကလေးမလေးတစ်ယောက်ကို အိမ်ခေါ်လာတယ်လေ။ အဲ့ဒီကလေးမလေးက ငါတို့ကို လာခွင့်မပေးတော့တာ။ နင့်ဦးလေးနဲ့ ဒေါ်လေးတို့ကလည်း သူ့စကားကို နားထောင်ကြတယ်!”
“ချင်းစူစူဆိုတဲ့ တစ်ယောက်လား”
“ဟုတ်တယ် သူပဲ”
“လခွမ်းပဲ! အဲ့ဒီကောင်မလေးက ဘယ်လို မကောင်းဆိုးဝါးလဲ။ ဘာလို့ ပြဿနာတွေချည့် လိုက်ရှာနေတာလဲ”
ချင်းချန်းကျစ် စိတ်ရှုပ်စွာ ပြောလိုက်သည်။
ကျန်းဝမ်ဝမ်က ချင်းချန်းကျစ်အား စိုးရိမ်မှုဖြင့် မေးလိုက်ပါသည်။ “ယောက်ျား ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ”
အစကတော့ သူတို့လင်မယားနှစ်ယောက် အားလုံး ကြံစည်ထားပြီးသားဖြစ်သည်။ ချင်းမိသားစုအိမ်သို့ သွားပြီး အဘိုးချင်းနဲ့ အဘွားချင်းတို့နဲ့ စကားပြောကာ ဟွော်ထျင်းကို အိမ်မှ မောင်းထုတ်ဖို့ ဖြောင်းဖြရန်ဖြစ်သည်။
အဘိုးချင်းနဲ့ အဘွားချင်းတို့သာ သဘောမတူပါက ဉာဏ်နီဉာဏ်နက်တွေထုတ်သုံးပြီး ဟွော်ထျင်းကို မပျော်တော့အောင် လုပ်လိုက်မည်။ ကလေးတွေဆိုတာ စိတ်မပျော်တော့ရင် အိမ်ပြန်ချင်သွားမှာပဲ မဟုတ်လား။
သို့သော်လည်း ချင်းမိသားစုက သူတို့ကို အိမ်ထဲတောင် ဝင်ခွင့်မပေးလျှင် ကြံစည်ထားသမျှ ဘာအသုံးဝင်တော့မှာလဲ။
ရှုထျန်းဖေး ပေးထားသည့် တာဝန်ကို အောင်မြင်အောင် မလုပ်နိုင်လျှင် သူတို့ အသက်အန္တရာယ်ရှိနိုင်ပါသည်။ ရှုထျန်းဖေးက ပြောထားတာကို တကယ်လုပ်တတ်သူဖြစ်၏။
“ငါလည်း ဘယ်လိုလုပ် သိမှာလဲဟ!”။ ချင်းချန်းကျစ် ဒေါသအလွန်ထွက်နေပါသည်။ သူ့ဒေါသကို သူ့မိဘတွေပေါ် ပုံချလိုက်သည်။ “ခင်ဗျားတို့နှစ်ယောက် ဘာတွေ သွားလုပ်ထားတာလဲ”
ဟုံပေါင်ကျူးက ဝမ်းနည်းစွာ ပြောလိုက်၏။ “အာ့ချန်း နင့်အဖေနဲ့ အမေ့ကို အပြစ်တင်လို့မရဘူးလေ! အပြစ်တင်ရမယ့်လူက ချင်းစူစူပဲ!”
“သူ့ကို အပြစ်တင်ချင်တာပေါ့။ ဒါပေမယ့် အခု သူ့ကိုတောင် တွေ့နိုင်မှာမဟုတ်တော့ဘူး။ ဘယ်လို သွားအပြစ်တင်ရမလဲ”။ ချင်းချန်းကျစ် ဒေါသတကြီး ပြောလိုက်ပါသည်။
“အာ့ချန်း စိတ်အေးအေးထားပါ။ အမြဲတမ်း ဒေါသထွက်နေရင် ကျန်းမာရေးအတွက် မကောင်းဘူး။ နင်နဲ့ ဝမ်ဝမ်နဲ့ ကလေး နောက်တစ်ယောက်ယူဖို့ လိုတယ်!”။ ဟုံပေါင်ကျူးက အမြန်အကြံပေးလိုက်ပါသည်။
သူတို့ သားနဲ့ ချွေးမတို့ လက်ထပ်ထားတာ ၅ နှစ်ကြာပါပြီ။ သို့သော်လည်း ယွင်ယွင်လေးတစ်ယောက်တည်းကိုသာ မွေးထားကြသည်။
မိသားစုမျိုးရိုး မပြတ်အောင် သားတစ်ယောက် မွေးဖို့ လိုသေးသည်။ သူတို့ငယ်ရွယ်တုန်း ကလေးနောက်တစ်ယောက် ယူဖို့ မျှော်လင့်ထားကြတာ ဖြစ်သည်။
သို့သော်လည်း သူတို့ သားနဲ့ ချွေးမနဲ့က အိမ်မှာ နေတာ အလွန်ရှားသည်။ ထို့ကြောင့် ဒီကိစ္စကို တိုက်တွန်းဖို့ အခွင့်အရေး မရခဲ့ပါ။
“ကလေးနောက်တစ်ယောက် မွေးရမယ်ဟုတ်လား။ ဘယ်မှာလဲ ဒီအိမ်စုတ်ထဲမှာလား။ အမေတို့က ဦးလေးနဲ့ ဒေါ်လေးတို့လို ကလေးမွေးချင်တိုင်း မွေးလို့ရတဲ့ အခြေအနေလို့ ထင်နေတာလား”။ ချင်းချန်းကျစ်က ဒေါသတကြီး ပြောလိုက်ပါသည်။
ကလေးတွေက အလွန်စိတ်အနှောင့်အယှက်ဖြ်စဖို့ ကောင်းသည်။ အမြဲတမ်း ငိုယို ဂျီကျနေတတ်ကြသည်။
ချင်းချန်းကျစ် လောင်းကစားမှာ ကံဆိုးနေတာက သူ့သမီးအမြဲတမ်း ငိုနေတာကြောင့် ဖြစ်မည်ဟုပင် သံသယ ဖြစ်နေပါသည်။
“စိတ်မပူနဲ့ အာ့ချန်း။ မင်းမွေးမယ့် ကလေးတွေက ချမ်းချမ်းသာသာနဲ့ နေရမှာလို့ ဗေဒင်ဆရာက ဟောထားတယ်! မင်း ကလေးများများ မွေးလေလေ ကံပိုကောင်းလေလေပဲ!”။ ချင်းကျင်းဖန်က ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။
“တော်တော့! ဘာမှ အဓိပ္ပာယ်မရှိတာတွေ လာပြောမနေနဲ့။ ကျွန်တော့်ဖာသာ ဦးလေးတို့အိမ်ကိုသွားပြီး ကြိုးစားကြည့်တော့မယ်!”။ ရှုထျန်းဖေး ပေးအပ်ထားသည့် တာဝန်ကို အမြန်ပြီးမြောက်အောင် လုပ်မှ ဖြစ်မည်။
“နင်ဝင်လို့ရမှာမဟုတ်ဘူး။ အိမ်ဖော်တွေက ဝင်ခွင့်မပေးဘူး။ နင့်အဖေနဲ့ ငါနဲ့ အကြိမ်ကြိမ် ကြိုးစားကြည့်ပြီးပြီ!”။ ဟုံပေါင်ကျူးက ပြောလိုက်ပါသည်။
“ဟိုကောင်မလေးကို ဝင်ခွင့်ပေးတယ်ဆို?။ သူ့ကိုခေါ်လာခဲ့! သူ့ကိုခေါ်သွားရင် ဝင်ခွင့်ပေးချင် ပေးမှာပေါ့!”
ချင်းချန်းကျစ်က သူ့သမီး ချင်းလောင်ယွင်ကို သံယောဇဉ်မရှိပါ။
သူ့မိန်းမ ကိုယ်ဝန်ရင့်မာနေချိန်မှာတောင် အပြင်ထွက်ပြီး ပျော်ပါးနေတာဖြစ်သည်။ ကလေး မွေးလာတော့လည်း သူ့မိဘတွေကပဲ ပြုစုပေးခဲ့ရတာဖြစ်သည်။ သူကတော့ သူ့သမီးနဲ့ အချိန်မဖြုန်းသလောက် ရှားပါသည်။
“သူ့အခန်းထဲမှာ မူကြိုက ပေးတဲ့ အိမ်စာတွေ လုပ်နေတယ်”။ ချင်းကျင်းဖန် ပြောလိုက်သည်။
“မူကြိုက ပေးတဲ့အိမ်စာ ဟုတ်လား။ မိန်းမ သူ့ကို သွားခေါ်လာခဲ့စမ်း!”။ ချင်းချန်းကျစ်က သူ့မိန်းမကို စိတ်မရှည်စွာ အမိန့်ပေးလိုက်သည်။
… … …
အခန်း(၂၄၃) လူဆိုးတွေကို ရိုက်နှက်ရမယ် (၁)
ချင်းလောင်ယွင်က သူမ မိဘတွေကိုမြင်ပြီး ပျော်ရွှင်စွာ လှမ်းခေါ်လိုက်သည်။ “ဖေကြီးနဲ့ မေကြီး!”
သူမ ပျော်လို့မဝခင် ချင်းချန်းကျစ်က ရုတ်တရက် ပွေ့ချီလိုက်ပြီး အိမ်ရှေ့တံခါးဆီ တန်းလျှောက်သွားခဲ့သည်။
“ဖေကြီး ဘယ်သွားမလို့လဲ”။ ချင်းလောင်ယွင်က အမြန်မေးလိုက်သည်။
“ဘာလို့ မေးခွန်းတွေ လာထူနေတာလဲ။ လူကြီးတွေအလုပ်လုပ်နေတယ် ကလေးက ကလေးလိုနေ!”။ ချင်းချန်းကျစ် စိတ်မရှည်စွာ အော်လိုက်သည်။
ချင်းလောင်ယွင် အပြုံးများ ချက်ချင်း အေးခဲသွားပြီး သူမ အဖေကို ဝမ်းနည်းစွာ ကြည့်ရင်း ဘာမှ မပြောရဲတော့ပါ။
သူမ အဖေနဲ့ မတွေ့ရတာ အတော်ကြာပါပြီ။ ပြန်ရောက်လာတော့လည်း ဘာကြောင့် ဒေါသထွက်နေသလဲဆိုတာ သူမ နားမလည်ပါ။
သူမ အမှားတစ်ခုခု လုပ်မိလို့လား။
ချင်းချန်းကျစ်က သူ့မိန်းမနဲ့ သမီးတို့ကို ခေါ်ပြီး ချင်းအိမ်တော်သို့ သွားခဲ့ပါသည်။
ဘဲလ်တီးလိုက်သောအခါ ချင်းအိမ်တော်မှ အိမ်စေက ချင်းချန်းကျစ်အား စကားပြောစက်မှတဆင့် ပြောလိုက်သည်။ ချင်းမိသားစုက သူတို့ကို မကြိုဆိုသဖြင့် အေးအေးဆေးဆေး ပြန်ဖို့ ပြောလိုက်ခြင်း ဖြစ်ပါသည်။
ချင်းချန်းကျစ်က ချင်းလောင်ယွင်အား ပြောလိုက်သည်။ “ယွင်ယွင် ဖေကြီးနဲ့ မေကြီးက သမီး ဘကြီးတို့နဲ့ တွေ့ချင်လို့ အထဲဝင်လို့ရအောင် ကူညီပေးပါဦး”
ချင်းလောင်ယွင်က စိတ်အားထက်သန်စွာ ခေါင်းငြိမ့်လိုက်သည်။ “သမီးကြိုးစားပါ့မယ်!”
ထို့ကြောင့် ချင်းလောင်ယွင် တံခါးဘဲလ်ကို ထပ်တီးလိုက်သည်။ “သမီး ဒေါ်လေးစူစူနဲ့ တွေ့ဖို့ လာခဲ့တာ။ အထဲဝင်ခွင့် ပေးပါလား”။
အရင်တစ်ခေါက်က အတွေ့အကြုံကြောင့် ဒေါ်လေးစူစူဟု ခေါ်လျှင် သူမနဲ့ ချင်းစူစူတို့ ပိုမိုရင်းနှီးသွားနိုင်မှန်း ချင်းလောင်ယွင် သိနေပါပြီ။
ထို့ကြောင့် ထိုအားသာချက်ကို ဘယ်လိုအသုံးချရမလဲဆိုတာ ချင်းလောင်ယွင် ကောင်းကောင်းသိပါသည်။
ချင်းမိသားစု၏ အိမ်စေလည်း တွန့်ဆုတ်သွားခဲ့သည်။ ခဏကြာတော့ အိမ်စေက ခြံတံခါးဆီသို့ ထွက်လာခဲ့သည်။
“ယွင်ယွင်လေး ဝင်လို့ရပေမယ့် သမီးဖေဖေနဲ့ မေမေ ဝင်လို့မရဘူးနော်”
“ရပါတယ် ရပါတယ်”။ ချင်းချန်းကျစ်က အမြန်ခေါင်းငြိမ့်လိုက်သည်။ “ကျွန်တော်တို့က ယွင်ယွင်လေးကို လိုက်ပို့ပေးတာပါ”
ချင်းချန်းကျစ်၏ စကားကိုကြားပြီး ချင်းမိသားစုအိမ်စေက ခြံတံခါးဖွင့်ပေးလိုက်ပါသည်။
ခြံတံခါးပွင့်သွားတာနဲ့ တစ်ပြိုင်နက် ချင်းချန်းကျစ်က ခြံထဲ အကြမ်းပတမ်း ဝင်သွားခဲ့သည်။
“ရှင်ဘာလုပ်တာလဲ?!”။ အိမ်စေက ဒေါသတကြီး အော်လိုက်ပါသည်။
ချင်းချန်းကျစ်က အထင်အမြင်သေးသည့် အကြည့်ဖြင့် ပြန်ပြောလိုက်၏။ “ငါ့မျိုးရိုးနာမည်က ချင်းနော်။ ငါလည်း ဒီအိမ်ရဲ့ သခင်တစ်ယောက်ပဲ။ နင့်လို အိမ်စေက ငါ့ကို ပြန်ပြောရဲတယ်ပေါ့?!”
ထိုသို့ပြောပြီးနောက် ချင်းချန်းကျစ်က သူ့မိန်းမ၊ သမီးတို့နဲ့အတူ ခြံထဲ မောက်မောက်မာမာ ဆက်လျှောက်လာခဲ့သည်။
အိမ်စေက သူတို့ကို တားဖို့ မအောင်မြင်ခဲ့ပါ။ ချင်းချန်းကျစ်ကိုလည်း ပြဿနာ မရှာရဲပေ။ ချင်းချန်းကျစ်ပြောတာမှန်ပါသည်။ သူ့ မျိုးရိုးနာမည်က ချင်းဖြစ်သဖြင့် ချင်းမိသားစုဝင်တစ်ယောက် ဖြစ်နေသည်။
ခြံထဲ လျှောက်လာစဉ် ဟွော်ထျင်းနဲ့ စူစူလေးကို ကစားနေတာကို ချင်းချန်းကျစ် မြင်သွားသည်။
ချင်းချန်းကျစ် ချက်ချင်း ဦးတည်ချက်ပြောင်းပြီး သူတို့နှစ်ယောက်ထံ လျှောက်သွားလိုက်သည်။
သူစိမ်းတစ်ယောက် ရောက်လာသဖြင့် စူစူလေးနဲ့ ဟွော်ထျင်းတို့ ကစားနေတာကို ရပ်တန့်လိုက်ပါသည်။
ချင်းချန်းကျစ်က မျက်နှာလိုမျက်နှာရပြုံးကာ စူစူလေးအား ပြောလိုက်ပါသည်။ “သမီးက စူစူလေးမလား။ အစ်ကိုကြီးက သမီးရဲ့ ဝမ်းကွဲအစ်ကိုလေ”။
“နင်က လူဆိုကြီးလား”။ စူစူလေး မဆိုင်းမတွ ပြန်မေးလိုက်လေသည်။
သူမမှာ ဝမ်းကွဲအစ်ကိုတစ်ယောက်ရှိသည်ဟု တူလေးက ပြောဖူးသည်။ ထိုဝမ်းကွဲအစ်ကိုက အလွန်ဆိုးရွားသဖြင့် တစ်ချိန်ချိန်ဆုံလာခဲ့လျှင် အမြန်ဆုံး ကန်ထုတ်ပြစ်လိုက်ဖို့လည်း မှာထား၏။
တူလေးက သူမ မမှတ်မိမှာ စိုးသဖြင့် အကြိမ်ကြိမ် မှာထားခဲ့ပါသည်။ သို့သော်လည်း စူစူလေးက ဉာဏ်ကောင်းသဖြင့် တစ်ခါတည်း ပြောထားရုံနဲ့ မှတ်မိနိုင်သည်။
“ဘယ်က လူဆိုးကြီးလဲ”။ ချင်းချန်းကျစ် ကြောင်စီစီဖြစ်သွားသည်။
“နင်က လူဆိုးကြီးပဲ!” စူစူလေးက ချင်းချန်းကျစ်အား လက်ညှိုးထိုးလိုက်သည်။
ချင်းလောင်ယွင် စိတ်ပူသွားပြီး ဝင်ပြောလိုက်၏။ “ဒေါ်လေးစူစူ သူက သမီးအဖေပါ။ လူဆိုးမဟုတ်ပါဘူး။ ကျေးဇူးပြုပြီး သူ့ကို လူဆိုးလို့ မခေါ်ပါနဲ့”
“ငါမှားသွားလို့လား”။ စူစူလေး ဇဝေဇဝါဖြစ်သွားလေသည်။
ဟွော်ထျင်းက အထင်အမြင်သေးစွာ ဝင်ပြောလိုက်သည်။ “မမှားလောက်ဘူး။ ဒီလူ့ကြည့်ရတာ လူကောင်းသူကောင်းပုံစံ မပေါက်ဘူး!”
သူ့အပြုံးက ကပ်ဖားလျက်ဖားနိုင်လွန်းသည်။ ဟွော်ထျင်း ဘဝမှာ ထို ကပ်ဖားလျက်ဖား အပြုံးနဲ့ လူတွေအများကြီးကို မြင်ဖူးပါသည်။