အခန်း (၂၄၄+၂၄၅)
Vol. 10 Ch. 244+245
အခန်း(၂၄၄) လူဆိုးတွေကို ရိုက်နှက်ရမယ် (၂)
ချင်းချန်းကျစ်က အမြန်ရှင်းပြလို်ကပါသည်။ “နားလည်မှုလွဲနေပြီ ထင်တယ် သခင်လေးဟွော်။ အစ်ကိုကြီးက စူစူလေးရဲ့ ဝမ်းကွဲအစ်ကိုကြီးလေ။ ဘာလို့ လူဆိုးဖြစ်ရမှာလဲ?”
“ဟား ခင်ဗျားကို ဘယ်သူယုံမှာလဲ?! တစ်ယောက်က ကောင်းပြီး တစ်ယောက်က ဆိုးတဲ့ အမြွှာတွေတောင် ရှိတယ်! ဝမ်းကွဲအစ်ကိုဖြစ်နေလို့ မဆိုးတော့ဘူးတဲ့လား?!”။ ဟွော်ထျင်း မယုံပါ။
သူ့ကို ၃ နှစ်ခွဲသားလေးများ ထင်နေလား?! ဒီလို အရူးလာလုပ်လို့ ဘယ်ရမလဲ?!
ချင်းချန်းကျစ်က အပြုံးမပျက်ဘဲ စကားလမ်းကြောင်းလွှဲလိုက်သည်။ “သခင်လေးဟွော် လိမ္မာတဲ့ ကလေးတွေက ကျောင်းသွားကြတယ်။ အခု ကျောင်းတွေဖွင့်နေပြီ မဟုတ်ဘူးလား။ သခင်လေးဟွော် ကျောင်းမတက်ဘဲ ချင်းမိသားစုအိမ်မှာပဲ အမြဲတမ်း နေနေတာ မကောင်းဘူးနော်။”
“ကျွန်တော့်ဖာသာ ကျောင်းတက်တာ မတက်တာ ခင်ဗျားအလုပ်လား”။ ဟွော်ထျင်း စိတ်ရှုပ်စွာ ပြန်ငေါက်လိုက်သည်။
“ဒေါသမထွက်ပါနဲ့ သခင်လေးဟွော်။ အစ်ကိုကြီးက သခင်လေးဟွော်ကောင်းဖို့အတွက် ပြောတာပါ။ ဒီအရွယ်မှာ ကျောင်းတက်သင့်တယ်။ ကျောင်းမတက်တာ မကောင်းဘူးနော်”
ချင်းချန်းကျစ် ငယ်ငယ်က ကျောင်းအမြဲတမ်း ပြေးလေ့ရှိသည်။ ပညာကိုလည်း ကောင်းကောင်း မသင်ခဲ့ပါ။
“စိတ်ရှုပ်ဖို့ကောင်းလိုက်တာ! ကိုယ့်ကိစ္စကိုယ် စိတ်ဝင်စားစမ်းပါ!”။ ဟွော်ထျင်း အလွန်ဒေါသထွက်သွားသည်။ စူစူလေး ချင်းချန်းကျစ် စကားကို နားယောင်သွားပြီး ကျောင်းပြေးသည့် သူ့ကို သဘောမကျတော့ရင် ဘယ်လိုလုပ်မလဲ။
ဟွော်ထျင်း စိုးရိမ်နေတာတွေ တကယ်ဖြစ်လာခဲ့သည်။ ဟွော်ထျင်းကို တိုက်ရိုက်စကားပြောတာ အသုံးမဝင်မှန်း မြင်သဖြင့် ချန်းချန်းကျစ်က စူစူလေးဘက်ကို လှည့်ကာပြောလိုက်သည်။ “ညီမလေးစူစူ။ လိမ္မာတဲ့ကလေးလေးတွေက ကျောင်းတက်ရတယ်။ သခင်လေးဟွော်ကို ကူပြောပေးပါဦး။ သူ့ကို ကျောင်းတက်ဖို့ ပြောပေးပါဦး။ သူ့အသက်အရွယ်နဲ့ ကျောင်းမတက်တာ မဟုတ်သေးဘူး။ အဲ့တာ ကလေးဆိုးတစ်ယောက်ရဲ့ အကျင့်ပဲ!”
ဒီကိုလာသည့်လမ်းမှာ ချင်းချန်းကျစ်က သူ့သမီးထံမှ ချင်းစူစူအကြောင်းတွေ မေးမြန်းထားသည်။ ချင်းစူစူက မလိမ္မာသည့် စကားနားမထောင်သည့် ကလေးဆိုးတွေကို သဘောမကျကြောင်း သိခဲ့ရသည်။
မလိမ္မာသည့် ကလေးဆိုးတွေကို စူစူလေးက လျစ်လျူရှုထားတတ်သည်။ ထို့ကြောင့် စူစူလေးနဲ့ ဟွော်ထျင်းကို သူ ရန်တိုက်ပေးလိုက်ခြင်း ဖြစ်ပါသည်။
ကလေးတွေက အသေးအဖွဲ ကိစ္စလေးတွေကြောင့် ဒေါသထွက်ပြီး တစ်ယောက်နဲ့တစ်ယောက် မခေါ်တော့တာမျိုး လုပ်နေကျဖြစ်သည်။
သခင်လေးဟွော်သာ ထသောင်းကျန်းလျှင် ချင်းမိသားစုအိမ်မှ အမြန်ဆုံး ထွက်သွားရလိမ့်မည်။
ချင်းချန်းကျစ်က ပညာမတော်သော်လည်း ဉာဏ်နီဉာဏ်နက် အလွန်များပါသည်။
စူစူလေးက ချင်းချန်းကျစ်နဲ့ ဟွော်ထျင်းတို့ကို တစ်လှည့်စီကြည့်လိုက်ပြီး သူမ မျက်နှာလေးက တစ်ခုခုကို သေသေချာချာ စဉ်းစားချင့်ချိန်နေသည့် ပုံစံမျိုးပင်။
ထို့နောက် သူမ ဆုံးဖြတ်ချက် ချလိုက်၏။ “ထျင်းထျင်း မနက်ဖြန် ငါနဲ့အတူ မူကြိုကိုလိုက်ခဲ့!”
ဟွော်ထျင်းက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြောလိုက်သည်။ “ငါ့အသက် ၇ နှစ်တောင် ရှိပြီ မူကြိုသွားရမယ့် အရွယ် မဟုတ်တော့ဘူး!”
“ဒါဆို ဘယ်သွားရမှာလဲ”။ စူစူလေးက မေးလိုက်သည်။
“မူလတန်းကျောင်း သွားရမှာ!”။ သူက မူကြိုကလေးတွေလို မဟုတ်တော့ပါ။
“ဒါဆို မူလတန်းကျောင်း သွားတက်လေ!” စူစူလေးက ပြန်ပြောလိုက်သည်။
ချင်းချန်းကျစ်ကလည်း သံယောင် ဝင်လိုက်လိုက်သည်။ “ဟုတ်တယ် ဟုတ်တယ်! သခင်လေးဟွော် မူလတန်းကျောင်း တက်နေရမှာ! ပေကျင်းကို မြန်မြန်ပြန်ပြီး ကျောင်းတက်လိုက်တော့နော်!”
ချင်းချန်းကျစ် စိတ်ထဲမှာလည်း ရေရွတ်နေမိသည်။
လစ်တော့ မြန်မြန်လစ်လိုက်ပါတော့!
“ပါးစပ်ပိတ်ထား!”။ ချင်းချန်းကျစ်ကို ဟွော်ထျန်း အတော်လေး သည်းမခံနိုင်တော့ပါ။
သူနဲ့ စူစူလေးတို့ စကားပြောနေတာကို ဝင်နှောင့်ယှက်ခွင့် မရှိပါ။ ဒီလူကြီးက လူကောင်းလုံးဝ မဖြစ်နိုင်ပေ။
“သခင်လေးဟွော် ကျွန်တော်ပြောနေတာ သခင်လေးကောင်းဖို့အတွက်ပါ! ကလေးမှန်ရင် ကျောင်းတက်ပြီး ပညာသင်ရမယ်လေ”။ ချင်းချန်းကျစ်က စိတ်ပူနေသော လေသံဖြင့် ပြောလိုက်ပါသည်။
“အဓိပ္ပာယ်မရှိတာတွေ! မဟုတ်တာတွေ ဆက်မပြောနဲ့နော်! ခင်ဗျားကို ဒီအိမ်က မကြိုဆိုဘူး ပြန်လိုက်တော့!”။ ချင်းချန်းကျစ်ကို ဟွော်ထျင်း ငေါက်ပြီးနောက် စူစူလေးကို သတိကြီးစွာ ပြန်ကြည့်လိုက်သည်။
ဒီလူကြီးပြောတာကို စူစူလေး လက်ခံပြီး သူ့ကို ပေကျင်းမြို့ ပြန်လွှတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။
ချင်းချန်းကျစ်က စူစူလေးဘက်သို့လှည့်ကာ ပြောလိုက်သည်။ “ညီမလေးစူစူ။ အစ်ကိုကြီးက သခင်လေးဟွော်ကို စေတနာနဲ့ ကျောင်းတက်ဖို့ အကြံပေးတာပါ။ ဒါပေမယ့် အစ်ကိုကြီးပြောတာကို လက်မခံတဲ့အပြင် ရိုင်းရိုင်းစိုင်းစိုင်းပါ ပြန်ပြောနေတယ်။ အဲ့တာ ကလေးဆိုးတွေ လုပ်တဲ့ လုပ်ရပ်လို့ မထင်ဘူးလား”
စူစူလေး ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ဟွော်ထျင်းဘက်သို့ လှည့်ကာ ပြောလိုက်ပါသည်။ “ထျင်းထျင်း နင်က ငယ်သေးတယ်။ ကလေးတွေက လိမ်လိမ်မာမာနဲ့ ကျောင်းတက်ပြီး ကြီးပြင်းလာသင့်တာ။ အဲ့တာမှ သူများ ငေါက်တာကို မခံရမှာ”
“နင် အမှားအမှန်တောင် မခွဲခြားနိုင်တော့ဘူးလား?! ဒီလူကြီးပြောတာကို တကယ် ထောက်ခံနေတာလား”။ ဟွော်ထျင်း ဒေါသထွက်သွားသည်။
… … …
အခန်း(၂၄၅) လူဆိုးတွေကို ရိုက်နှက်ရမယ် (၃)
သူတို့က သူငယ်ချင်းတွေလို့ သူမကိုယ်တိုင် ပြောခဲ့တာဖြစ်သည်။ သို့သော်လည်း သူ့ကို မယုံကြည်ဘဲ ထိုလူယုတ်မာကြီးကို ယုံကြည်နေသည်။
“ဒါပေမယ့် သူပြောတာ မှားမှ မမှားတာ”။ သူမ ဖေဖေနဲ့ မေမေလည်း ဒီလိုပဲ ပြောဖူးသည်။
“ချင်းစူစူ!”။ ဟွော်ထျင်း ဒေါသမီးတောက်သွား၏။
စူစူလေးကို ဟွော်ထျင်း ဒေါသထွက်နေတာကို မြင်ပြီး ချင်းချန်းကျစ် အပျော်လွန်သွားသည်။
ဟုတ်တယ်! ရန်ဖြစ်ကြစမ်း! ရန်ဖြစ်ပြီး ပေကျင်းကို ပြန်စမ်း!
ဒီလိုကောင်လေးကို မောင်းထုတ်ရတာ လွယ်ကူမှန်း သူ ကြိုသိနေခဲ့သည်။ မိနစ်ပိုင်းအတွင်း အောင်မြင်နိုင်သော တာဝန်တစ်ခုဖြစ်သည်။ ဒီလို ကိစ္စလေးက သူ့အတွက် ခက်ခဲနိုင်ပါ့မလား။
ချင်းချန်းကျစ် ဘေးမှ ဂုဏ်ယူဝံ့ကြွားစွာ ပြုံးနေလိုက်ပါသည်။
“မရိုင်းနဲ့နော်”။ စူစူလေးက ဟွော်ထျင်းကို အတည်ပေါက် မျက်နှာဖြင့်် ပြောလိုက်၏။
“နင်ငါ့ကို မောင်းထုတ်နေတာလား”။ ဟွော်ထျင်းက ဒေါသလည်းထွက် ဝမ်းလည်းနည်းစွာ မေးလိုက်သည်။
စူစူလေး မျက်နှာ ဇဝေဇဝါဖြစ်သွားသည်။
သူမ ထျင်းထျင်းကို မောင်းထုတ်နေတာ မဟုတ်ပါ။ သူ့ကို ကျောင်းတက်ဖို့ ပြောရုံသာ ဖြစ်သည်။ သူမလည်း ကျောင်းတက်နေရတာပဲ မဟုတ်လား။ ကျောင်းဆင်းရင် အတူတူ ကစားလို့ ရတာပဲ။
စူစူလေး ပြန်မဖြေသဖြင့် ဟွော်ထျင်း အပစ်ပယ်ခံရသလို ခံစားလိုက်ရပြီး ဒေါသပိုထွက်သွားသည်။
“ချင်းစူစူ! နင်တော်တော် စိတ်ရှုပ်စရာကောင်းတာပဲ!”။ ဟွော်ထျင်း ဒေါသတကြီး ပြောလိုက်သည်။
စူစူလေး ပိုပြီး အူကြောင်ကြောင် ဖြစ်သွားခဲ့သည်။
“ငါက ဘယ်လို စိတ်ရှုပ်စရာ ကောင်းတာလဲ”။ စူစူလေးက သိချင်စိတ်ဖြင့် ပြန်မေးလိုက်သည်။
“ဘယ်ဘက်က ကြည့်ကြည့် စိတ်ရှုပ်ဖို့ကောင်းတယ်!”။ ဟွော်ထျင်း အလွန်ဒေါသထွက်နေပါပြီ။
သူ့မျက်နှာတစ်ခုလုံး ဒေါသဖြင့် ပြည့်နှက်နေသည်။
ဘေးမှ ကြည့်နေသည့် ချင်းလောင်ယွင်တောင် ကြောက်လန့်နေပါပြီ။ ချင်းစူစူ နေရာမှာ သူမသာဆိုလျှင် ကြောက်ပြီး ငိုနေလောက်ပါပြီ။
ချင်းချန်းကျစ်က အားလုံး သူ့အစီအစဉ်အတိုင်း ဖြစ်နေသဖြင့် သူ့မိန်းမနဲ့ အောင်ပွဲခံ အကြည့်ချင်း ဖလှယ်လိုက်သည်။
“ဪ…”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။
စူစူလေး၏ မျက်နှာက အလွန်တည်ငြိမ်နေပါသည်။ ဟွော်ထျင်း၏ ကြမ်းတမ်းသော စကားများကို လုံးဝ မမှုပါ။
“နင်… နင် စိတ်မဆိုးဘူးလား။ ဒေါသတောင် မထွက်ဘူးလား”
စူစူလေး ဒေါသထွက်လျှင် ဟွော်ထျင်းလည်း ဒေါသထွက်တတ်သည်။ သူမ ဒေါသမထွက်လျှင် ဟွော်ထျင်းက ဒေါသ ပိုထွက်တတ်ပါသည်။
သူမကို စိတ်ရှုပ်စရာ ကောင်းသည်ဟု ပြောနေတာတောင် စိတ်မဆိုးပါ။ ဆိုလိုတာက သူ့ကို စူစူလေး ဂရုမစိုက်ဘဲ သူငယ်ချင်းဟု မသတ်မှတ်တာကြောင့် ဖြစ်မည်။
“စိတ်မဆိုးပါဘူး။ ငါတို့က သူငယ်ချင်းတွေပဲ ဥစ္စာ။ နင်ငါ့ကို စိတ်ရှုပ်စရာကောင်းတယ်လို့ပဲ ပြောတာ။ သူငယ်ချင်း မလုပ်တော့ဘူးလို့ ပြောတာမှ မဟုတ်တာ။ ငါက ဘာလို့ စိတ်ဆိုးရမှာလဲ”။ စူစူလေးက ပြန်ပြောလိုက်ပါသည်။
ဟွော်ထျင်း ကြက်သေသေသွား၏။
စူစူလေး၏ တွေးခေါ်ပုံက အမြဲတမ်း ထူးဆန်းသော်လည်း အဓိပ္ပာယ်တော့ ရှိပါသည်။
ထိုစကားကြားပြီးနောက် ဟွော်ထျင်း အနည်းငယ် ပျော်ရွှင်သွားသည်။ ဒီကောင်မလေးက သူ့ကို သူငယ်ချင်းဟု သတ်မှတ်ထားဆဲဖြစ်၏။
ဟွော်ထျင်း စိတ်အခြေအနေ ချက်ချင်း ပြောင်းလဲသွား၏။
“နင်ငါ့ကို သူငယ်ချင်းအဖြစ် သတ်မှတ်ထားရင် ငါ့ကို မောင်းထုတ်လို့ မရတော့ဘူး!”။ ဟွော်ထျင်းက ပြောလိုက်သည်။
“ငါနင့်ကို မောင်းမထုတ်ပါဘူး!”။ သူ့ကို ဘယ်တုန်းက မောင်းထုတ်လို့လဲ။ သူပဲ ပြောချင်တာ ပြောနေပြီးတော့!
“ဒါပေမယ့် နင်ငါ့ကို ကျောင်းသွားခိုင်းတယ်လေ!”
“ငါလည်း ကျောင်းသွားတာပဲဥစ္စာ။ နေ့ဘက်ကျောင်းတက်ပြီး ညနေဘက် ကျောင်းဆင်းမှ ကစားလည်း ရတာပဲကို”
အဲ့တာလည်း ဟုတ်တာပဲ။
ကျောင်းတက်ရမယ်ဆိုတာ ပေကျင်းမြို့ကို ပြန်ရမယ်လို့မှ မဆိုလိုတာ!
ဟွော်ထျင်း သဘောပေါက်သွားသည်။ သူကျောင်းတက်ဖို့ ပေကျင်းကို ပြန်စရာ မလိုပါ။
“ဟုတ်တယ် ဟုတ်တယ် နင်ပြောတာ မှန်တယ်!”။ ဟွော်ထျင်း သဘောတူလိုက်ပါသည်။
“ငါပြောသားပဲ! ငါပြောတာ အမြဲတမ်း မှန်တယ်!”။ စူစူလေးက ရယ်မောရင်း ပြန်ပြောလိုက်သည်။
ကလေးနှစ်ယောက်စလုံး ခုနက ဘာမှမဖြစ်ခဲ့သလိုမျိုး ရယ်မောပျော်ရွှင်သွားကြသည်။
ချင်းချန်းကျစ် ကြက်သေသေသွား၏။
ဒါသူလိုချင်တဲ့ ရလဒ်မှ မဟုတ်တာ!
ချင်းချန်းကျစ် အမြန်ဝင်ပြောလိုက်သည်။ “စူစူလေး! ဟွော်ထျင်းက ပေကျင်းမြို့က ကျောင်းမှာ တက်ရမှာ! သူ့အိမ်က အဲ့မှာလေ။ အဲ့တာကြောင့် ပေကျင်းကို ပြန်လွှတ်မှဖြစ်မယ်!”
“ပါးစပ်ပိတ်ထားစမ်း လူဆိုးကောင်!”။ ဟွော်ထျင်း ပြန်ငေါက်လိုက်ပါသည်။
စူစူလေးက သတိမထားမိလောက်သော်လည်း ဟွော်ထျင်း တဖြည်းဖြည်း ရိပ်မိလာပါပြီ။ ဒီလူကြီးမှာ အကြံဆိုး ရှိနေသည်။
သူမ အဖေကို ရိုင်းစိုင်းစွာပြောသဖြင့် ချင်းလောင်ယွင် စိတ်ဆိုးသွားသည်။
“ငါ့အဖေပြောတာ မှန်တယ်။ သူက နင်ကောင်းဖို့အတွက် ပြောနေတာ! ဘာလို့ ငါ့အဖေကို ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောရတာလဲ?”