← Chapters

အခန်း (၂၄၆+၂၄၇)

Vol. 10 Ch. 246+247

အခန်း (၂၄၆+၂၄၇)

Vol. 10 Ch. 246+247

အခန်း(၂၄၆) လူဆိုးတွေကို ရိုက်နှက်ရမယ် (၄)

“နင့်အဖေက လူဆိုးကြီးပဲ! အကျင့်လည်းမကောင်းဘူး ရုပ်လည်းဆိုးတယ်!”။ ဟွော်ထျင်းက အထွန့်တက်ကာ ထပ်ပြောလိုက်သည်။

“နင်… နင်မဟုတ်တာတွေ ပြောနေတာ!”။ ချင်းလောင်ယွင် ပြန်အော်လိုက်ပါသည်။ သူမ မျက်နှာမှာ ဝမ်းနည်းမှုနဲ့ ဒေါသတွေ ပေါ်လာသည်။

“ငါမဟုတ်တာ ပြောတာမဟုတ်ဘူး! သူက တကယ့် လူဆိုးကြီး!”။ ဟွော်ထျင်း ခက်ထန်စွာ ငေါက်လိုက်ပါသည်။

“နင်… ဖေကြီးကို အဲ့လို မပျော်နဲ့… နင်ကောင်းဖို့အတွက် စေတနာနဲ့ ပြောတာကို… အီးဟီးဟီး…”။ ချင်းလောင်ယွင် မျက်ရည်တွေ ကျလာပါသည်။

“ဘာလို့ ငိုနေတာလဲ?! စိတ်ရှုပ်ဖို့ကောင်းလိုက်တာ!”။ ဟွော်ထျင်းက အလွန်ဒေါသထွက်လွယ်ပါသည်။ အထူးသဖြင့် တစ်ချိန်လုံး ငိုနေသည့် ကလေးတွေကို သည်းမခံနိုင်ပါ။

သူချင်းလောင်ယွင်ကို သဘောမကျပေ။ သူမက စူစူလေးနားမှာ အမြဲတမ်း သနားစရာကောင်းအောင်လိုက်လုပ်ပြနေပြီး ‘ဒေါ်လေးစူစူ’ဟု ခေါ်လျက် ကပ်ဖားနေတတ်သူဖြစ်သည်။ ထို့အပြင် တစ်ချိန်လုံး ငိုနေတတ်သေးသည်။

“အီးဟီးဟီး… ငါ့ကို ဆူတယ်… ငါဘာလုပ်မိလို့လဲ။ ဘာလို့ ငါ့ကို ဆူတာလဲ… အီးဟီးဟီး”။ ဟွော်ထျင်း ငေါက်တာ ခံလိုက်ရသဖြင့် ချင်းလောင်ယွင် ပိုဝမ်းနည်းသွားပြီး မျက်ရည်တွေ ပိုကျလာပါသည်။

ချင်းချန်းကျစ်လည်း ချင်းလောင်ယွင် ငိုတာကို မကြိုက်ပါ။ “မငိုနဲ့ တိတ်စမ်း! ငါဒီမှာ စကားပြောနေတယ်!”

ထို့နောက် သူ့မိန်းမဘက်သို့လှည့်ကာ အမိန့်ပေးလိုက်သည်။ “နင့်သမီးကို မြန်မြန် အငိုတိတ်အောင် ချော့စမ်း!။ သူငိုလို့ ငါတော်တော် ကျက်သရေတုံးနေတာ!”

ကျန်းဝမ်ဝမ်လည်း ဒေါသထွက်သွား၏။ “ကျွန်မကို အဲ့လို အမိန့်လာမပေးနဲ့လေ။ ကျွန်မလည်း သူ့ကို မထိန်းနိုင်ဘူး!”

ချင်းချန်းကျစ်က ဒေါသတကြီး ပြန်ပြောလိုက်သည်။ “သူက နင့်ဗိုက်ထဲက ထွက်လာတာ မဟုတ်ဘူးလား။ နင်မထိန်းနိုင်ဘူး ဆိုရင် ဘယ်သူ့ သွားထိန်းခိုင်းရမှာလဲ”။

ကျန်းဝမ်ဝမ်က ပြန်ပြောသည်။ “သူ့ကို ငါတစ်ယောက်တည်း မွေးထားသလို လာမပြောနဲ့လေ။ နင့်မှာလည်း တာဝန်ရှိတာပဲ!”

ချင်းချန်းကျစ်နဲ့ ကျန်းဝမ်ဝမ်တို့ ရန်ဖြစ်နေသဖြင့် ချင်းလောင်ယွင် ပိုဝမ်းနည်းသွားပြီး ငိုသံပိုကျယ်လောင် သွားပါသည်။

ဟွော်ထျင်းက ဒေါသတကြီး အော်ဟစ်ပြစ်လိုက်သည်။ “အကုန် သွားကြစမ်းပါ!! ခင်ဗျားတို့ကို မကြိုဆိုဘူး!”

ချင်းလောင်ယွင်၏ ငိုသံ၊ ချင်းချန်းကျစ်နဲ့ ကျန်းဝမ်ဝမ်တို့၏ စကားများ ရန်ဖြစ်သံ၊ ဟွော်ထျင်း၏ ဒေါသတကြီး အော်သံတို့ အားလုံး ပေါင်းစည်းသွားကြသည်။

ထိုအသံပေါင်းစုံတို့က စူစူလေး၏ နားထဲမှာ ယင်ကောင်တွေ တဝီဝီလာမြည်နေသလို သည်းမခံနိုင်စရာ ဖြစ်လာသည်။

“ရန်မဖြစ်ကြနဲ့တော့!!!”။ စူစူလေး စူးစူးရှရှ အော်ဟစ်လိုက်ပါသည်။

သူမရဲ့ အော်ဟစ်သံနဲ့အတူ ကောင်းကင်ပေါ်မှ မိုးချုန်းသံအကျယ်ကြီး ထွက်ပေါ်လာသည်။

အားလုံး ချက်ချင်း ပါးစပ်ပိတ်သွားကြ၏။

တိုက်ဆိုင်တာသာဖြစ်ပါလိမ့်မည်။ မဟုတ်ပါက စူစူလေးရဲ့ နူးနူးညံ့ညံ့အသံလေးနဲ့ သူတို့ အကုန်လုံးကို ပါးစပ်ပိတ်သွားအောင် လုပ်နိုင်မှာ မဟုတ်ပါ။

မိုးချုန်းသံကြောင့် အိမ်ထဲက ချင်းယုကျီးလည်း လန့်ဖျပ်သွားသည်။

မိုးချုန်းသံကြောင့် စူစူလေးကြောက်သွားမှာစိုးသဖြင့် အိမ်ပြင် အမြန်ပြေးထွက်လာခဲ့သည်။ သို့သော် စူစူလေး ငိုနေတာကို မတွေ့ရဘဲ ငိုယိုနေသည့် ချင်းလောင်ယွင်နဲ့ သူမရဲ့ အရှက်မရှိသော မိဘနှစ်ယောက်ကို ချင်းယုကျီး မြင်လိုက်ရပါသည်။

လခွမ်းပဲ! အရှက်မရှိတဲ့ ဒီသတ္တဝါနှစ်ကောင် သူတို့ အိမ်ကို ရောက်လာရဲသေးတယ်လား?!

ချင်းယုကျီးက စူစူလေးဘေးသို့ ရောက်လာပြီး ချက်ချင်း သတိပေးလိုက်သည်။

“စူစူလေး အဲ့တာ ကြက်ဥပုပ်ပဲ။ သူပြောတဲ့စကား ဘာမှ နားမယောင်နဲ့!”

“သူက ကြက်ဥပုပ်လား”

“ဟုတ်တယ်! သူဘာတွေပဲပြောပြော နားမထောင်နဲ့နော်”။ ချင်းယုကျီးက ပြန်ဖြေလိုက်ပါသည်။

ချင်းယုကျီး စကားဆုံးတာနဲ့တစ်ပြိုင်နက် စူစူလေးက ချင်းချန်းကျစ်ထံ လျှောက်သွားလေသည်။

“စူစူလေး ဘာလုပ်မလို့လဲ”။ ပြဿနာ ဘယ်လောက်ကြီးသလဲ ချင်းချန်းကျစ် နားမလည်သေးပါ။

စူစူလေးအကြောင်း သူ မသိသေးပေ။ သူမ သန်မာသည်ဆိုတာကို ကြားဖူးသော်လည်း တကယ်တန်း ဘာကိုဆိုလိုသလဲ နားမလည်သေးပါ။

စူစူလေးက ဘာမှမပြောဘဲ သူမ ခြေထောက်လေးကို မြှောက်လိုက်သည်။

အမြင့်ကြီးမြှောက်ပြီးမှ အားဖြင့် ပြန်နင်းချလိုက်၏။

သူမ စီးထားသည့် အဖြူရောင်စနိကာလေးက ချင်းချန်းကျစ်ခြေထောက်ပေါ် ကွက်တိ ကျရောက်သွားပါသည်။

အချိန်တွေ ရပ်တန့်သွားသလို ဘယ်သူမှ မလှုပ်ရဲကြတော့ပေ။

လမ်းလျှောက်လျှင် မီးလင်းတတ်သည့် စူစူလေး၏ စနိကာ ဖိနပ်လေးသာ မှိတ်တုတ်မှိတ်တုတ် မီးလင်းနေပါသည်။

… … …

အခန်း(၂၄၇) လူဆိုးတွေကို ရိုက်နှက်ရမယ် (၅)

“အား!!!”

၃စက္ကန့် အကြာတွင် ငယ်သံပါအောင် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

သူ့ခြေထောက် အနင်းခံရတာ နာကျင်လွန်းသဖြင့် ချင်းချန်းကျစ် မျက်နှာ နီရဲသွားပြီး နဖူးတွေမှာ ချွေးတွေရွှဲလာကာ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားပါသည်။

“အား!!!”

အော်သံတွေ မရပ်သေးပါ။

ကျန်းဝမ်ဝမ်က ချီထားသည့် ချင်းလောင်ယွင်ကို အောက်ချပေးလိုက်ပြီး ချင်းချန်းကျစ်၏ အခြေအနေကို မေးမြန်းလိုက်ပါသည်။ “ယောက်ျား! ယောက်ျား! ဘာဖြစ်လို့လဲ ဘာဖြစ်တာလဲ?!”

“အရိုး… အရိုးကျိုးသွားပြီ…”။ ချင်းချန်းကျစ် စကားလုံးတိုင်းကို ညှစ်ကာ ပြောလိုက်သည်။

သူ့ခြေချောင်း ၅ ချောင်းမှာ သူ့အပိုင်မဟုတ်တော့သလို ခံစားလိုက်ရလေသည်။

အရိုးကျိုးသွားပြီ ဟုတ်လား?

ဒီလောက်ကြီး မဖြစ်နိုင်ပါဘူးဟု ကျန်းဝမ်ဝမ် တွေးလိုက်ပါသည်။

တစ်ဖက်က အသက် ၃ နှစ်ခွဲအရွယ် ကောင်မလေးမဟုတ်ဘူးလား။ သာမန်ကလေးတစ်ယောက်ထက် ပိုသန်မာတယ် ဆိုရင်တောင် တစ်ချက်နင်းလိုက်ရုံနဲ့ အရိုးကျိုးသွားရလောက်တဲ့အထိတော့ မသန်မာနိုင်ပါဘူး။

“မဖြစ်နိုင်တာ လျှောက်မတွေးစမ်းပါနဲ့။ ခဏသည်းခံလိုက် ပြီးရင် နာတာ ပျောက်သွားလိမ့်မယ်”။ သူမ နှစ်သိမ့်လိုက်သည်။

“ကျိုးသွားပြီ… တကယ် ကျိုးသွားတာ…”။ ချင်းချန်းကျစ် မျက်နှာ ဆိုးဆိုးရွားရွား ရှုံ့တွနေသည်။

တကယ်ကြီးလား?။

ကျန်းဝမ်ဝမ်လည်း ချင်းချန်းကျစ်၏ ဖိနပ်ကို ကူချွတ်ပေးလိုက်ပြီး ဒဏ်ရာကို စစ်ဆေးလိုက်ပါသည်။

ဖိနပ်နဲ့ ခြေအိတ်တွေကို ချွတ်လိုက်တာနဲ့ တစ်ပြိုင်နက် ချင်းချန်းကျစ်၏ ခြေချောင်းများ နီရဲ ဖူးယောင်နေတာကို မြင်လိုက်ရလေသည်။

အရိုးကျိုးတာလား မကျိုးတာလား မသေချာသော်လည်း အတော်လေး နာကျင်မည့် ပုံပေါက်တာတော့ သေချာပါသည်။

“ဖေကြီး! ဖေကြီး ဘာဖြစ်လို့လဲ။ သမီးကြောက်တယ်…!”။ သူမအဖေ ခြေထောက်ကို မြင်လိုက်ရသောအခါ ချင်းလောင်ယွင် ပိုကြောက်သွားပြီး ဘာလုပ်ရမလဲ မသိသဖြင့် ရှိုက်ကြီးတငင် ထပ်ငိုသွားပါသည်။

ဒါကိုမြင်တော့ ချင်းယုကျီး လှောင်ပြုံးပြုံးလိုက်၏။ စူစူလေး၏ လုပ်ရပ်က အနည်းငယ် ကြမ်းတမ်းသော်လည်း ကြည့်ရတာ စိတ်ကျေနပ်ဖို့ ကောင်းပါသည်။

ဟွော်ထျင်းက ရယ်မောပြစ်လိုက်သည်။

ဒီလူဆိုးကောင်ကြီး တန်တာကို ရတာပဲ!

စူစူလေးနဲ့ သူ့ရဲ့ ခင်မင်မှုကို လာဖျက်ဆီးဖို့ ကြိုးစားရဲတယ်ပေါ့?!

တော်ပါပေတယ် စူစူလေး!

စူစူလေးက လက်တစ်ဖက်ဖြင့် ခါးထောက်ကာ ကျန်တစ်ဖက်ဖြင့် ချင်းချန်းကျစ်ကို လက်ညှိုးထိုးလျက် ပြောလိုက်သည်။ “အခုချက်ချင်း ထွက်သွားတာ ပိုကောင်းမယ်နော်! မသွားရင် ထပ်ရိုက်ပြစ်မှာ!”

သူမ အတည်ပေါက် ပြောတာဖြစ်သည်။ သူမ အိမ်ထဲကို လူဆိုးတွေ ဝင်ခွင့်မရှိပါ။

သူမ မိသားစုနဲ့ သူငယ်ချင်းတွေကို ဘယ်သူမှ လာအနိုင်ကျင့်လို့ မရပါ။

ချင်းချန်းကျစ်က နာကျင်လွန်းနေသဖြင့် သူများ ပြောတာတွေကိုတောင် မကြားနိုင်တော့ပါ။ စူစူလေး ပြောသလို အိမ်မှ ထွက်သွားဖို့ဆိုတာ ပိုဝေးပါသည်။

အဖေဖြစ်သူ နာကျင်အော်ဟစ်နေပုံနဲ့ စူစူလေး၏ အကြမ်းပတမ်း ပုံစံကို မြင်သောအခါ ချင်းလောင်ယွင် မျက်လုံးများ ဝမ်းနည်းမှု၊ နာကျည်းမှုများဖြင့် ပြည့်နှက်သွားသည်။

လွန်ခဲ့သည့်ရက်ပိုင်းလောက်က ဖြစ်ပေါ်လာသော စူစူလေးကို သဘောကျမှုတွေလည်း ချက်ချင်း ပြန်လည် ပျောက်ကွယ်သွားခဲ့ပါသည်။

ငိုယိုလျက် စူစူလေးကို ချင်းလောင်ယွင် ပြောလိုက်သည်။ “ငါ့အဖေကို ဘာလို့ အနိုင်ကျင့်တာလဲ?! နင်အရမ်း ရက်စက်တာပဲ…”

စူစူလေးက ခေါင်းစောင်းလျက် ပြန်ပြေလာိုက်ပါသည်။ “သူက လူဆိုးကြီးလေ။ လူဆိုးတွေဆိုတာ ရိုက်လွှတ်ပေးရတယ်!”

ဒီလူကြီးကို သူမရဲ့ တူလေးနဲ့ ထျင်းထျင်းတို့က လူဆိုးကြီးဟု ပြောထားသဖြင့် မမှားနိုင်ပါ။

“ငါ့အဖေက လူဆိုးကြီး မဟုတ်ဘူး… နင်က သူများတွေကို လိုက်ရိုက်တာ နင်ကမှ လူဆိုးကြီး။ လိမ္မာတဲ့ ကလေးတွေက သူများတွေကို မရိုက်ဘူး…။ ငါတို့ဘာမှမလုပ်ဘဲနဲ့ နင်ငါတို့ကို အနိုင်ကျင့်တယ်… နင်က ကြောက်ဖို့ကောင်းတယ်…”။ ချင်းလောင်ယွင် စူစူလေးကို ငိုယိုလျက် စွပ်စွဲလိုက်ပါသည်။

“ဘာမှမဟုတ်ဘူး! ငါ့တူလေးက သူ့ကို လူဆိုးကြီးလို့ ပြောထားတာ အဲ့တာကြောင့် သူက လူဆိုးကြီးပဲ!”။ စူစူလေးက ခါးထောက်လျက် ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။

“ငါ့အဖေက လူဆိုးကြီး မဟုတ်ဘူး! နင်… နင်က သူများတွေကို အနိုင်ကျင့်တာ… ဘာလို့ ငါတို့ကို အနိုင်ကျင့်တာလဲ… ငါတို့က သနားဖို့ကောင်းတာကို… နင်က သူများတွေကို အနိုင်ကျင့်ဖို့ပဲ သိတယ်…”

ချင်းလောင်ယွင်က ရှိုက်ကြီးတငင်နဲ့ ဆက်ပြီး ငြင်းဆန်နေသည်။

စူစူလေးက ချင်းလောင်ယွင်နဲ့ စကားမများချင်တော့သဖြင့် မျက်နှာလွှဲလိုက်ပါသည်။

ဟူး… ဟိုနေ့တွေတုန်းက သူ့ကို ဒေါ်လေးစူစူလို့ ခေါ်တုန်းက ချစ်ဖို့ကောင်းနေတာကို…

အခုတော့ နှပ်ချေးဗလပွနဲ့ အငိုသံတဲ့ စိတ်ရှုပ်စရာ ကလေးမ ပြန်ဖြစ်သွားပြီ! အငိုသန်တဲ့ လူပေါက်စတွေကို သူတကယ် မကြိုက်ဘူး!

ချင်းယုကျီးက စူစူလေးရှေ့မှာ ရပ်လိုက်ပြီး ချင်းချန်းကျစ်နဲ့ ကျန်းဝမ်ဝမ်တို့အား သတိပေးလိုက်ပါသည်။ “စူစူလေးနားကို ထပ်မလာနဲ့နော်! သူက ငယ်သေးတာနဲ့ပဲ သူ့ကို အနိုင်ကျင့်လို့ရမယ်လို့ မထင်နဲ့။ သူတစ်ခုခုဖြစ်သွားရင် ဒါမှမဟုတ် သူ့ကို နည်းနည်းလေး နေရထိုင်ရခက်အောင် လုပ်မိရင်တောင် သူ့တူတွေ အကုန်လုံး ခင်ဗျားတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး!”

All Chapters