အခန်း (၂၄၈+၂၄၉+၂၅၀)
Vol. 10 Ch. 248+249+250
အခန်း(၂၄၈) လက်သုံးစရာတောင် မလိုဘူး
အချိန်အတော်ကြာမှ ချင်းချန်းကျစ် အသိစိတ်ပြန်ဝင်လာပြီး အံကြိတ်လျက် ပြန်ပြောလိုက်ပါသည်။ “ချင်းယုကျီး၊ ငါက မင်းဦးလေးကွ! ဒါ တူတစ်ယောက် ဦးလေးကို ပြောသင့်တဲ့ စကားလား?!”
စူစူလေးက အမြန်ဝင်ပြောလိုက်သည်။ “နင်က လူဆိုးကြီးလေ! ငါ့တူလေးက နင့်ကို ကောင်းကောင်းပြောစရာ မလိုဘူး! ငါ့တူလေးကို မကောင်းထပ်ပြောရင် ထပ်တက်နင်းပလိုက်မှာနော်!”
စူစူလေး၏ ကာကွယ်ပေးမှုကြောင့် ချင်းယုကျီး ခေါင်းမော့ရင်ကော့လျက် ထပ်ပြီး သတိပေးလိုက်သည်။ “ကြားလား! ကျုပ်ကို လာမစော်ကားနဲ့။ မဟုတ်ရင် ကျုပ်ဒေါ်လေးက ခင်ဗျားကို နောင်တရသွားအောင် လုပ်ပြစ်လိုက်လိမ့်မယ်! ထပ်ပြီး အတီးမခံချင်ရင် ကျုပ်တို့အိမ်က မြန်မြန်ထွက်သွားတော့!”
ချင်းချန်းကျစ် နားထဲမှ မီးခိုးတွေ ထွက်နေပါပြီ။ “လခွီးပဲ သောက်ကလေး နှစ်ကောင်! မင်းတို့နှစ်ကောင်နဲ့ ဖက်ပြီး ရန်မဖြစ်နိုင်ဘူး! လူကြီးတွေ ဘယ်မှာလဲ! လူကြီးတွေနဲ့ စကားပြောချင်တယ်!”
တိုက်တိုက်ဆိုင်ဆိုင်ပဲ အဘွားချင်းက ဖြည်းညှင်းစွာ ရောက်ချလာပါသည်။
“နင်အော်ဟစ်နေတဲ့အသံကို တစ်မိုင်အကွာလောက်ကတည်းက ကြားရတယ်။ နင်ဘာပြောချင်လို့လဲ”။ အဘွားချင်းက ချင်းချန်းကျစ်နဲ့ ကျန်းဝမ်ဝမ်တို့ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
သူတို့ တူက အလွန် အရှက်မဲ့သူဖြစ်သည်။
ငယ်စဉ်ကတည်းက ပညာလည်း ကောင်းကောင်းမသင်ဘဲ အရွယ်ရောက်လာသောအခါ ပြစ်မှုပေါင်းစုံ ကျူးလွန်ခဲ့သည်။
အပျင်းလည်းကြီးပြီး အလုပ်ကောင်းကောင်း မလုပ်ချင်ပါ။ ရွှေတွေငွေတွေ ကောင်းကင်ပေါ်က ကျလာမည့်အချိန်ကိုသာ အိပ်စောင့်နေတတ်သူဖြစ်သည်။
အဆိုးဆုံးက လောင်းကစားစွဲနေခြင်းပင်။ လက်ထဲ ငွေရှိလာတိုင်း အကုန်လောင်းကစား လုပ်ပြစ်သည်။
မိန်းမဖြစ်သူကလည်း မထူးပါ။ အဘိုးချင်းက သူ့ညီကို ငွေတွေ ပေးခဲ့တုန်းက ချင်းချန်းကျစ် ပိုက်ဆံချမ်းသာသွားခဲ့သည်။ ထို့ကြောင့် မိန်းမတွေ အများကြီး ချဉ်းကပ်လာခဲ့ကြသည်။ ထိုမိန်းမတွေထဲမှာ ကျန်းဝမ်ဝမ်လည်း ပါသည်။
အဘွားချင်းကို မြင်လိုက်တာနဲ့တစ်ပြိုင်နက် ကျန်းဝမ်ဝမ် အံ့အားသင့်သွားလေသည်။
သူမယောက်ျားနဲ့ ယောက္ခမများထံမှ အဘွားချင်းအကြောင်းကို ကြားဖူးပါသည်။ သို့သော်လည်း အပြင်မှာ တစ်ခါမှ မမြင်ဖူးပါ။
အဘွားချင်းက သူမ ယောက္ခမ ဟုံပေါင်ကျူးထက် အသက် ၁၀ နှစ်ကျော် ပိုကြီးသည်ဟု ကြားထားသည်။ ထို့ကြောင့် အဘွားချင်းက တစ်ခေါင်းလုံးဖြူနေပြီး ခြေတစ်လှမ်း မနည်းလှမ်းနေရသော အဘွားကြီးဖြစ်မည်ဟု ကျန်းဝမ်ဝမ် ထင်ထားခဲ့တာဖြစ်ပါသည်။
သို့သော်လည်း သူမရှေ့က အမျိုးသမီးကြီးက သူမ ယောက္ခမ ဟုံပေါင်ကျူးထက် အများကြီး ပိုငယ်ရွယ်နေပုံ ပေါက်လေသည်။ ဒီအမျိုးသမီးကြီး အသက် ၅၀ ဝန်ကျင်းသာ ရှိသေးသည်ဟု လာပြောလျှင် သူမ ယုံမိလောက်သည်။
“ဒေါ်လေး! ကျွန်တော့် ခြေထောက်ကို ကြည့်ပါဦး။ ဒေါ်လေး သမီးက ကျွန်တော့်ခြေထောက်ကို တက်နင်းပြစ်လိုက်တာ!”။ ချင်းချန်းကျစ်က တိုင်ကြားလိုက်ပါသည်။
သူမှတ်မိသလောက်ဆို သူ့ဒေါ်ကြီးက အလွန်ဉာဏ်ရည်မြင့်ပြီး ကျိုးသင့်ကြောင်းသင့် စဉ်းစားတတ်သူဖြစ်သည်။ ထို့အပြင် မိသားစုအတွင်း တရားမျှတမှုရှိအောင် အမြဲတမ်း အုပ်ချုပ်တတ်သူလည်း ဖြစ်ပါသည်။
အဘွားချင်းက ချင်းချန်းကျစ်၏ ခြေထောက်ကို ကြည့်ကာ ဆောင့်ကြောင့်ထိုင်လျက် စူစူလေး၏ ပခုံးကို ပုတ်ပေးလိုက်ပါသည်။
“သမီးလေး နောက်တစ်ခါ ဒီလို အခြေအနေမျိုးနဲ့ ကြုံရင် ခြေထောက်ကို တက်မနင်းရဘူးနော်”
“အဲ့လိုလုပ်တာ မကောင်းဘူးလား” စူစူလေး ပြန်မေးလိုက်သည်။
“မဟုတ်ပါဘူး အဲ့လို မဟုတ်ဘူး။ သမီးလေး ခြေထောက် နာသွားမှာ စိုးလို့ပါ။ မေမေ့သမီးလေးရဲ့ ခြေထောက်က အဲ့လိုဟာတွေကို တက်မနင်းသင့်ဘူး”
“ဪ သမီး မနာပါဘူး”။ စူစူလေးက ပြန်ပြောလိုက်ပါသည်။
အဘွားချင်း၏ စကားကိုကြားသောအခါ ချင်းချန်းကျစ် မခံမရပ်နိုင်ဖြစ်သွားသည်။
ဒါ သူသိထားတဲ့ သူ့ဒေါ်ကြီးကော ဟုတ်သေးရဲ့လား။
ပေါ်တင်ကြီးကို လိမ်ညာနေတာပဲ!
ချင်းချန်းကျစ်တင်မကဘဲ ချင်းယုကျီးလည်း အံ့အားသင့်သွားပါသည်။
သူတို့ငယ်ငယ်တုန်းကဆို သူတို့အဘွား ဒီလိုပုံစံ မဟုတ်ပါ။ စူစူလေးကတော့ တကယ် ထူးခြားပါသည်။
သူတို့ ဒေါ်လေးက သူတို့အဘွားရဲ့ နှလုံးသားဖြစ်သည်။
ချင်းယုကျီးက မနာလိုမဖြစ်ဘဲ ရယ်ချင်သွားပါသည်။
သူတို့က သားယောက်ျားလေးတွေဖြစ်သဖြင့် သမီးမိန်းကလေးနဲ့တော့ ဘယ်တူနိုင်ပါ့မလဲ။ ထို့အပြင် သူတို့ ဒေါ်လေးက မျိုးဆက်မတူသဖြင့် ခြားနားနေတာ မထူးဆန်းပါ။
ချင်းချန်းကျစ်က အဘွားချင်းကို မေးလိုက်သည်။ “ဒေါ်လေး သမီးက အခု ကျွန်တော့်ကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့တာ! သူများတွေကို ကိုယ်ထိလက်ရောက် မတိုက်ခိုက်ရဘူးလို့ မသင်ပေးထားဘူးလား?!”
“ငါ့သမီးလေးက နင့်ကို လက်နဲ့ရိုက်တာမှမဟုတ်တာ။ ငါ့သမီးလေးက ခြေထောက်နဲ့နင်းတာ”။ အဘွားချင်းက ပြန်ပြောလိုက်သည်။
စူစူလေးကလည်း ခေါင်းငြိမ့်ပါသည်။ “ဟုတ်တယ် ဟုတ်တယ်! ခြေထောက်နဲ့ နင်းတာ!”
… … …
အခန်း(၂၄၉) သတ္ထုတွင်းကို မိုးကြိုးပစ်ခြင်း
ချင်းချန်းကျစ် ဆွံ့အသွားသည်။
သူတို့ ဒေါ်ကြီးက ဒီလို ပေါ်တင်ကြီး မျက်နှာပြောင် တိုက်တတ်နေပြီလား???
အဘွားချင်းက ချင်းချန်းကျစ်နဲ့ ကျန်းဝမ်ဝမ်တို့ကို ဆက်ပြောလိုက်သည်။ “နင်တို့နှစ်ယောက် ဘယ်တော့မှ အလုပ်ကောင်းကောင်းလုပ်ပြီး အခြေတကျ နေကြမှာလဲ။ ဘယ်တော့မှ ရိုးရိုးသားသား ပိုက်ဆံရှာပြီး နင်တို့သမီးလေးကို ထောက်ပံ့ကြမှာလဲ။ အဲ့ဒီအချိန်ကျရင် ငါတို့ ချင်းမိသားစုက နင်တို့ မိသားစုကို ကြိုဆိုလိမ့်မယ်။ ဒါပေမယ့် အဲ့လိုမှ မဟုတ်ရင်တော့ ငါ့သမီးလေး နင့်ကို တက်နင်းတာလောက် လာမပြောနဲ့။ အဘွားကြီးဖြစ်နေတဲ့ ငါတောင် နင်တို့ကို ရိုက်လွှတ်ချင်စိတ် ပေါက်မိလိမ့်မယ်”
ထိုသို့ပြောပြီးနောက် အဘွားချင်းက အိမ်စေတွေကို ခေါ်လိုက်သည်။ “အဲ့ဒီနှစ်ယောက်ကို မောင်းထုတ်လိုက်။ နောက်တစ်ခါ ထပ်ဝင်ခွင့်မပေးနဲ့နော်”
“ဟုတ်ကဲ့ပါ သခင်မကြီး။ နောက်တစ်ခါ မဖြစ်စေရပါဘူး”။ အိမ်စေတွေက ပြန်ပြောလိုက်ပါသည်။
သင်ခန်းစာ ကောင်းကောင်း ရသွားပြီဖြစ်သဖြင့် အိမ်စေတွေလည်း ချင်းချန်းကျစ်နဲ့ ကျန်းဝမ်ဝမ်တို့ကို လျှော့တွက်မှာ မဟုတ်တော့ပါ။
အိမ်စေတွေက ချင်းချန်းကျစ်နဲ့ ကျန်းဝမ်ဝမ်တို့အား အပြင်သို့ “လိုက်ပို့”ပေးလိုက်ကြသည်။
သူတို့နှစ်ယောက် ပြန်ဖို့ ငြင်းဆန်လျှင် အိမ်စေတွေက သူတို့ကို မ,ချီပြီး အပြင်ထုတ်ပေးပါမည်။
ချင်းချန်းကျစ်တစ်ယောက် အံကြိတ်လျက် ဆဲဆိုချိန်တောင် မရလိုက်ဘဲ အိမ်စေတွေရဲ့ သယ်ဆောင်မှုဖြင့် ခြံအပြင်သို့ ရောက်ရှိသွားပါသည်။
“ယောက်ျား!!”။ ကျန်းဝမ်ဝမ် ချက်ချင်း လိုက်သွားခဲ့သည်။
“ဖေကြီး မေကြီး! သမီးကို စောင့်ဦး…”။ ချင်းလောင်ယွင်လည်း ငိုကြွေးလျက် အနောက်မှ ပြေးလိုက်သွားလေသည်။ သူမ ခြေထောက်လေးများနဲ့ မနည်းမှီအောင် ပြေးလိုက်နေရသည်။
ထိုမြင်ကွင်းကိုကြည့်လျက် အဘွားချင်း စိတ်ပျက်လက်ပျက် ခေါင်းသာ ခါမိတော့သည်။
နေ့လယ်ခင်းတွင် စူစူလေး၊ အဘိုးချင်း၊ အဘွားချင်း၊ ချင်းယုချဲ၊ ချင်းယုကျီးနဲ့ ဟွော်ထျင်းတို့ အတူတူ လက်ဘက်ရည် ထိုင်သောက်နေကြသည်။
ချင်းယုကျီးက အတန်းဖော်တစ်ယောက်ထံမှ ကြားလာသော သတင်းတစ်ခုကို ပြောပြလိုက်သည်။
စူစူလေးအား ချင်းယုကျီး မေးလိုက်၏။ “စူစူလေး။ ဒီနေ့ ချင်းချန်းကျစ်တို့နဲ့ စကားများနေတုန်း ကြားလိုက်ရတဲ့ မိုးချုန်းသံကြီးကို မှတ်မိလား”။
စူစူလေးက သူမရဲ့ အထူးလက်ဘက်ရည်ခွက်ကလေးကို သေသေချာချာ ကိုင်လျက် သောက်နေပါသည်။
လက်ဘက်ရည်ခွက်ဟုဆိုသော်လည်း နို့မှုန့်ဖျော်ထားတာဖြစ်သည်။
“အွန်း မှတ်မိတယ်”။ စူစူလေး ခေါင်းငြိမ့်နေသည်။
“မိုးချုန်းသံက အကျယ်ကြီးမို့လို့ ငါတောင် လန့်သွားတာ။ မိုးကြိုးပစ်ခံရတဲ့နေရာက တော်တော်နီးမယ်လို့လည်း ခန့်မှန်းမိတယ်။ ငါ့အထင် မှန်တယ် သိလား။ အရမ်းနီးတယ်။ ဟွာချန့်မြို့ မြောက်ပိုင်းက ငါတို့ သတ္ထုတွင်းကြီးကို မိုးကြိုး ပစ်သွားတာ!”
“အဲ့ သတ္ထုတွင်းကြီးက ဘာကြီးလဲ။ ပျော်စရာကောင်းလား”။ စူစူလေး မေးမြန်းလိုက်သည်။
“ပျော်စရာတော့ မကောင်းဘူး။ ဒါပေမယ့် ငါတို့ မိသားစု လုပ်ငန်းနဲ့ ဆက်နွယ်မှုရှိတယ်”။ ချင်းယုကျီးက ရှင်းပြလိုက်သည်။
ဟွာချန့်မြို့၏ မြောက်ပိုင်းတွင် ရှားပါးကျောက်သတ္ထုများ ရှာဖွေတွေ့ရှိခဲ့သဖြင့် ချင်းမိသားစုက ထိုနေရာတွေ သက်ဆိုင်ရာ စက်ရုံများ တည်ဆောက်ခဲ့သည်။
ပထဝီမြေပြင် အားသာချက်ကို ရယူလျက် အစောပိုင်းကာလများတုန်းက ချင်းမိသားစုအတွက် ကုန်ကြမ်းများ တင်သွင်းမှုစရိတ် သက်သာခဲ့သည်။
ထိုသတ္ထုတွင်းကြီးအကြောင်း ကြားသောအခါ အဘွားချင်းက လွမ်းဆွေးစွာဖြင့် ဝင်ပြောလိုက်ပါသည်။ “ဪ… နင်တို့ အဘိုးနဲ့ ငါနဲ့ အဲ့ဒီ သတ္ထုတွင်းကြီးကို ခဏခဏ သွားလည်ဖူးတယ်။ သံယောဇဉ်လည်း ဖြစ်မိတယ်။ နောက်ပိုင်း သတ္ထုတွင်းက ရင်းမြစ်တွေ ကုန်ခမ်းသွားတော့ ရွေးချယ်စရာမရှိတော့ဘဲ ပြည်ပကနေ ကုန်ကြမ်းတွေ တင်သွင်းခဲ့ရတာ”
ထိုအကြောင်း တွေးမိသောအခါ လက်ရှိ ချင်းမိသားစု ရင်ဆိုင်နေရသည့် အခက်အခဲကို အဘွားချင်း ပြန်သတိရသွားသည်။
ထိုသတ္ထုတွင်းရှိ ရှားပါးကျောက်များ မကုန်ခမ်းခဲ့ပါက အခုလို ကုန်ကြမ်းမလုံလောက်သည့် ပြဿနာမျိုးနဲ့ ကြုံရမှာ မဟုတ်ပါ။
မိန်းမဖြစ်သူ သက်ပြင်းချနေတာကို မြင်သဖြင့် ဘာတွေတွေးနေသလဲဆိုတာ အဘိုးချင်းသိသွားပြီး နှစ်သိမ့်ပေးလိုက်သည်။ “အဘွားကြီး စိတ်မပူစမ်းပါနဲ့။ အဲ့ဒီ လုပ်ငန်းကိစ္စတွေကို မင်းသားတွေ စိတ်ပူပါစေ။ ကောင်းတာဖြစ်စေ မကောင်းတာဖြစ်စေ ငါတို့ စီမံရမယ့် အရာမှ မဟုတ်တော့တာ”။
အဘွားချင်းက ခေါင်းငြိမ့်လိုက်ပါသည်။
ချင်းယုကျီးက ဆက်ပြော၏။ “အဲ့လို မိုးကြိုးပစ်လိုက်လို့ တွင်းပေါက် အကျယ်ကြီးဖြစ်သွားတယ်တဲ့။ မူလ သတ္ထုတွင်းကြီးတောင် ပြိုကျသွားတယ်ကြားတယ်”
… … …
အခန်း(၂၅၀) ရှုထျန်းဖေးမှ လှောင်ပြောင်ခြင်း
မိုးကြိုး၏ စွမ်းအားက ကြောက်မက်ဖွယ်ကောင်းပါသည်။
“လူတွေ ထိခိုက်ဒဏ်ရာ ရသွားသေးလား”။ အဘွားချင်းက စိတ်ပူစွာ မေးလိုက်သည်။
“အဲ့ဒီနေရာကြီးက ပိတ်သိမ်းထားပြီး ဘယ်သူမှ မသွားကြတော့လို့ ထိခိုက်ဒဏ်ရာ ရတာမျိုးတော့ မှရိဘူး။ ဒါပေမယ့် သတ္ထုတွင်းကြီး ပြိုကျသွားတော့ တာဝန်ရှိတဲ့သူတွေက အဖွဲ့လိုက် သွားစစ်ဆေးနေကြတယ်တဲ့”။ ချင်းယုကျီးက ရှင်းပြလိုက်ပါသည်။
ဘယ်သူမှ ထိခိုက်ဒဏ်ရာမရလျှင် အဘိုးချင်းနဲ့ အဘွားချင်းတို့ ကျန်တာ ဘာမှ စိတ်မပူပါ။
ဘယ်လိုပဲဖြစ်ဖြစ် သာမန် မိုးကြိုးပစ်တာဖြစ်သည်။ သစ်ပင်ကိုပစ်တာဖြစ်စေ သတ္ထုတွင်းကို ပစ်တာဖြစ်စေ သူတို့ စိတ်ပူစရာ မလိုပါ။
--- --- ---
စူစူလေးကို တပည့်အဖြစ်မွေးဖို့ မအောင်မြင်ခဲ့သော်လည်း ဆရာကြီးကော အရှုံးမပေးပါ။ ပေကျင်းမြို့ကိုလည်း မပြန်သေးပါ။ ထို့အစား ဟွာချန့်မြို့တွင် တစ်ကိုယ်တော် အနုပညာလက်ရာပြပွဲတစ်ခု ကျင်းပခဲ့သည်။
ဆရာကြီးကော၏ အဆင့်အတန်းနဲ့ ဂုဏ်သတင်းတို့ကြောင့် သူ့အနုပညာလက်ရာပြပွဲမှာ နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာ အသိုင်းအဝိုင်းကလူပေါင်းများစွာနဲ့ ပြည့်နှက်နေမှာ သေချာပါသည်။ ထို့အပြင် သက်ဆိုင်ရာ သတင်းမီဒီယာတွေလည်း ရောက်လာကြလိမ့်မည်။
ဆရာကြီးကောက ချင်းမိသားစုကိုလည်း ဂုဏ်သရေရှိ ဧည့်သည်တော်များအဖြစ် အထူးတလည် ဖိတ်ကြားခဲ့ပါသည်။
လက်ရှိမှာ ချင်းမိသားစု လုပ်ငန်းတွေ အနည်းငယ် အဆင်မပြေ ဖြစ်နေသော်လည်း အဘိုးချင်းနဲ့ အဘွားချင်းတို့က ကုမ္ပဏီကိစ္စတွေမှာ ဝင်မပါတာ ကြာပြီဖြစ်သဖြင့် သူတို့ သားတွေကို ဘာမှ မကူညီတော့ပါ။
ထို့ကြောင့် လင်မယားနှစ်ယောက် အားလပ်နေသဖြင့် စူစူလေးကို ခေါ်ပြီး အနုပညာပြပွဲသို့ ရောက်ရှိလာကြသည်။
ဆရာကြီးကော၏ ဖိတ်ကြားမှုကို အသိအမှတ်ပြုသည့်အနေဖြင့်ကော၊ စူစူလေးရဲ့ အနုပညာ အမြင် တိုးတက်စေဖို့အတွက်ကော ဒီလို လာခဲ့ရခြင်း ဖြစ်ပါသည်။
စူစူလေးအား ဆရာကြီးကော၏ တပည့်အဖြစ် ထားဖို့ သူတို့ သဘောမတူသေးသော်လည်း စူစူလေးသာ အနုပညာကို သဘောကျလျှင် အရွယ်ရောက်လာသည့်အခါ သူမ သဘောကျသည့် လမ်းကို လျှောက်ခွင့်ပေးပါမည်။
စူစူလေးက သူမအကြိုက်ဆုံး အားကစား ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး အဖြူရောင် စနိကာလေးများ စီးထားကာ ဆံပင်ကို Ponytail လေးစည်းထားသည်။
လူကောင်သေးသော်လည်း ခုန်ဆွခုန်ဆွဖြင့် အနုပညာပြပွဲဆီ တက်ကြွစွာ ရောက်လာခဲ့ပါသည်။
ဒီနေ့ပွဲကို ရှုထျန်းဖေးလည်း ရောက်လာသည်။
ဟွာချန့်မြို့ရှိ အထင်ကရပုဂ္ဂိုလ်တစ်ယောက် ဖြစ်သဖြင့် ဒီလို ဂုဏ်သရေရှိ ပွဲမျိုးကို မလာလို့ မဖြစ်ပါ။
မီတာ ၅၀ အကွာအဝေးမှ အဘိုးချင်းတို့ လင်မယားနဲ့ စူစူလေးတို့ကို သူ မြင်သွားပါသည်။
ရှုထျန်းဖေး၏ မျက်လုံးများ အေးစက်သွားပြီး အငြှိုးတရားများဖြင့် ပြည့်နှက်သွားသည်။ ထို့နောက် လှောင်ပြုံးပြုံးကာ အဘိုးချင်းတို့ထံ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
ထိုအချိန်တွင် အဘိုးချင်းနဲ့ အဘွားချင်းက စူစူလေးကို ပန်းချီကားအကြောင်းတွေ ရှင်းပြနေတာဖြစ်သည်။
“မစ္စတာချင်းနဲ့ မစ္စချင်းတို့ စိတ်ရွှင်နေကြတဲ့ပုံပဲ။ အိမ်မှာ ပြဿနာအကြီးကြီး တက်နေတာတောင် သမီးလေးနဲ့ အနုပညာပြပွဲ တက်ရောက်နိုင်သေးတယ်နော်”။
ထိုအသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ ရုပ်ကြမ်းကြမ်းနဲ့ သက်လတ်ပိုင်းယောက်ျားကြီး တစ်ယောက်ကို စူစူလေး မြင်လိုက်ရပါသည်။
ထိုလူ့ကို မြင်သောအခါ အဘိုးချင်းနဲ့ အဘွားချင်းတို့ ဘယ်သူဘယ်ဝါမှန်း ချက်ချင်း သိသွားကြသည်။
“ဪ ဘယ်သူများလဲလို့။ မင်းပါလား”။ အဘိုးချင်းက ရယ်မောလျက် ပြောလိုက်သည်။
ဒီလူ ဘယ်လို ကြီးပွားလာသလဲဆိုတာ အဘိုးချင်း ကောင်းကောင်း သိပါသည်။ သူ့လက်တွေမှာ လူပေါင်းများစွာရဲ့ အသက်တွေ စွန်းထင်းနေသည်။ သူ့ စည်းစိမ်တွေနောက်ကွယ်မှာလည်း ညစ်နွမ်းသည့် အပေးအယူတွေ အများကြီး ရှိနေပါသည်။
အမှန်ပင်။ စူစူလေးကို ပြန်ပေးဆွဲသည့်ကိစ္စမှာ သူ့သားအငယ်ကောင်က ခေါင်းဆောင်ဖြစ်နေတာကိုလည်း မမေ့သေးပါ။
သူတို့ မိသားစုနှစ်စု၏ ဆက်ဆံရေးက ဘယ်တော့မှ ကျေအေးနိုင်မှာ မဟုတ်ပေ။
ရှုထျန်းဖေး အခု ချဉ်းကပ်လာတာလည်း ကောင်းသော ရည်ရွယ်ချက်နဲ့ မဖြစ်နိုင်ပါ။
ရှုထျန်းဖေးက လှောင်ပြောင်ကာ ပြောလိုက်သည်။ “ကုန်ကြမ်းတွေ မလုံလောက်လို့ ချင်းမိသားစု စက်ရုံတွေ ထုတ်လုပ်ရေး ရပ်ဆိုင်းထားရတယ်ဆို။ ဒီမှာ ပန်းချီကားတွေ အေးအေးလူလူ လာကြည့်နေမယ့်အစား စက်ရုံတွေကို သွားပြီး အဖြေတစ်ခုခု ရှာကြပါလား။ ဒါမှမဟုတ် လက်လျှော့လိုက်ကြပြီလား”။
ခေတ္တရပ်တန့်ပြီးနောက် ရှုထျန်းဖေး ဆက်ပြောလိုက်သည်။ “ဟုတ်ပါတယ်လေ။ ဘာမှ ကြိုးစားစရာမှ မလိုတော့တာ။ ပျော်လို့ရတုန်းပျော်ထားပြီး ဒီလိုပွဲမျိုးတွေ တက်ခွင့်ရှိတုန်း တက်ထားရမှာပေါ့”။
… … …