← Chapters

ဆေးပင်များ အပ်နှံခြင်း

Vol. 14 Ch. 196

ဆေးပင်များ အပ်နှံခြင်း

Vol. 14 Ch. 196

" မင်္ဂလာပါ အစ်မဝမ် " ယီယွင် ဆေးခြင်းတောင်းကို ကျောတွင်လွယ်ကာ ရုံးခန်းထဲသို့ ဝင်လာလေသည်။ သူ၏မျက်နှာထက်တွင် ရူးကြောင်ကြောင် အပြုံးတစ်ခု ဆင်မြန်းထားလေ၏။

ဝမ်က မဖော်ရွေစွာဖြင့် ကြည့်နေသော်လည်း ယီယွင်ကမူ ယင်းအား အသားကျနေခဲ့ပြီး ဖြစ်လေသည်။

" ကျွန်တော် အစ်မဝမ် စာဖတ်နေတာကို မြင်..." ယီယွင်က စကားလမ်းစရှာရန် ကြိုးပမ်းလိုက်သော်လည်း ဝမ်၏အကြည့်ကြောင့် စကားလုံးများကို ပြန်မျိုချလိုက်ရသည်။

ဝမ်က နှုတ်ဆိတ်နေသည်။ သူမက စာအုပ်ကို စားပွဲပေါ်တင်ကာ ယီယွင်အား အေးစက်စက်ကြည့်လိုက်လေ၏။

" အမ်....." ယီယွင် မည်သို့ပြောရမည်မှန်း မသိတော့ချေ။ သူ ဆေးခြင်းတောင်းကို ဖြုတ်ကာ စားပွဲပေါ်သို့ တင်လိုက်သည်။ ယန်သွေးပန်းနှင့် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းတို့ ပါရှိနေသည့် ကျောက်စိမ်းသေတ္တာနှစ်ခုသည်လည်း ဆေးခြင်းတောင်းထဲတွင် ရှိနေသည်။

" နင် အစောကြီးပြန်လာတာပဲ " ဝမ်က ပေါ့ပါးနေသည့် ဆေးခြင်းကို တစ်ချက်ကြည့်ကာ အပြစ်တင်လေသံနှင့် ဆိုလိုက်သည်။

" ဟုတ်တယ်... ကျုပ် အပိုဆုကြေးရအောင် လုပ်နိုင်ခဲ့တယ်လေ။ ဆေးအနှစ်သာရတွေ လျော့သွားမှာကို စိုးရိမ်တာကြောင့် စောစောပြန်လာလိုက်တာပါ။ ဒါ့အပြင် ကျုပ် လုပ်စရာလည်းရှိနေသေးတယ် " ယီယွင်၏စကားများက အမှန်ဖြစ်သော်လည်း အကြောင်းပြချက်ပေးနေသည့်ဟန် ဖြစ်နေလေသည်။

" ဟမ့်..." ဝမ်က ယီယွင်ကို အပြစ်တင်လိုခြင်းပင် မရှိတော့ပေ။ သူမသည် အပျင်းကြီးကာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေသည့် လူငယ်တစ်ဦးအတွက် လေကို ဖြုန်းတီးရန်ပင်မသင့်ဟု ခံစားမိသည်။

" နင်က ခုနစ်ရက်ဆက်တိုက် ဆေးပင်ခူးဖို့ လျှောက်လွှာတင်ထားခဲ့တယ်။ တစ်ရက်ချင်းစီတိုင်းအတွက်က မှော်နဂါးကြေးပြား ၃၅ ပြား။ နင် စောစောပြန်လာတယ်ဆိုရင်တောင် မှော်နဂါးကြေးပြားတွေကို တစ်ပြားမကျန် နုတ်ယူထားမှာပဲနော် "

ဆေးပင် ဆက်တိုက်ခူးရန် လျှောက်လွှာတင်ခြင်းသည် ငှားရမ်းခ ပိုကာပေးရ၏။ အကြောင်းကမူ သာမန်ဆေးပင်ခူးခြင်းသည် နေ့အချိန်သာဖြစ်ပြီး ဆက်တိုက် ဆေးပင်ခူးလျှင်မူ ညအချိန်အထိပါ ပါဝင်လေသောကြောင့် ဖြစ်လေသည်။

သာမန်ကျင့်ကြံသူများက ညအချိန်တွင် တိုင်အာနတ်မြို့တော်ထဲ၌သာ ကျင့်ကြံကြသည်ဖြစ်ပြီး အနည်းစုသော ကျင့်ကြံသူများကသာ လျှောက်လွှာတင်တတ်ကြလေသည်။

" ဒါကို တွေးထားပြီးသားပါ " ယီယွင်က မှော်နဂါးကြေးပြား ၂၀၀ ခန့်မျှကို အရေးစိုက်မနေပေ။

မတုန်မလှုပ်ရှိနေသည့် ယီယွင်ကို ကြည့်နေရင်းဖြင့် ဝမ်သည် ထိုကောင်လေးက အမှန်တကယ်ပင် မျှော်လင့်စရာမရှိတော့ဟု ခံစားလိုက်ရလေ၏။

ဆေးခြင်းကို မြှောက်ကြည့်လိုက်ရာ ဝမ် ထင်ထားသကဲ့သို့ပင် ဆေးခြင်းက ဗလာကျင်းနီးပါး ရှိနေလေသည်။ ဝမ်က ကြုံရာဆေးပင်အချို့ ကောက်ယူကာ အလေးချိန် ချိန်ကြည့်ရန် ပြင်လိုက်သည်။ သို့သော် သူမ၏လက်ချောင်းများ ဆေးခြင်းထဲသို့ ရောက်သွားချိန်တွင် မာကျောသည့် အရာတစ်ခုနှင့် ထိမိသွားလေသည်။

ဆေးသေတ္တာလား။

ဆေးဖော်စပ်သူတစ်ဦး၏ ထက်မြက်သော ပင်ကိုယ်အသိကြောင့် ဝမ်က မာကျောသောအရာကို ချက်ချင်းပင် သရုပ်ခွဲလိုက်နိုင်သည်။ သူမက အနည်းငယ် မှင်တက်မိသွားပြီး သေတ္တာကို ဖွင့်လိုက်လေသည်။

သေတ္တာ ပွင့်သွားချိန်တွင် နီရဲသောအရာတစ်ခု ရှိနေလေ၏။ ထိုအရာက အကြီးအကျယ်ပင် ပျက်စီးနေလျက်ရှိပြီး သွေးစွန်းနေသော သစ်သီးပျော့တစ်လုံးနှင့်ပင် တူနေလေသည်။

" ဒါ..."

ဝမ်၏မျက်ဝန်းတွင် မရေမရာဟန်အချို့ ပေါ်လာခဲ့သော်လည်း ထို့နောက်တွင်မူ ပျောက်ကွယ်သွားလေ၏။

ဆေးဖော်စပ်သူတစ်ဦးက ဆေးပင်ကို အမျိုးအမည် မခွဲနိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် ထိုဆေးပင်က ကောင်းကင်အဆင့်၌ ရှိနေကြောင်းကို သူမ၏ ပင်ကိုယ်အသိက ပြောနေလေသည်။ ဆေးပင်ထံမှ ရရှိနေသည့် ထိုခံစားချက်က မှားစရာမရှိပေ။

ဝမ်က အနီရောင်အရာကို ကောက်ယူကာ ပုံဖော်ကြည့်ရန် ကြိုးစားလိုက်သည်။ ၎င်းက လက်သီးဆုပ်အရွယ် သစ်သီးတစ်လုံးခန့် ရှိလေသည်။ ထိခိုက်မိထားခြင်းကြောင့် သစ်သီးထံမှ အရည်များ ထွက်နေလေ၏။

" ဖြစ်နိုင်တာက ..."

ဝမ်၏မျက်နှာ နီမြန်းသွားကာ မယုံကြည်နိုင် ဖြစ်သွားလေသည်။ သူမက သစ်သီးပျော့ကို အနည်းငယ်ဖဲ့ကာ မြည်းကြည့်လိုက်လေ၏။ သန်မာလှသော ယန်ချီနှင့် သွေးအရသာတို့က သူ၏ထင်မြင်ချက်ကို အတည်ပြုပေးသွားခဲ့သည်။

ယန်သွေးပန်း...။

ဤအရာက ယန်သွေးပန်းမှ ပေါက်ဖွားလာသည့် သစ်သီး ဖြစ်လေ၏။ ကောင်းကင်အဆင့် အလယ်အလတ် ဆေးပင်။

ဝမ်က ယီယွင်ကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်ကာ..." နင်... တကယ်ပဲ ယန်သွေးပန်းတစ်ပွင့် ခူးနိုင်ခဲ့တာလား "

ဝမ်က ရုံးခန်းကို လွှဲပြောင်းရယူခဲ့သည့် ဆယ်စုနှစ်အတွင်း၌ ကျင့်ကြံသူတစ်ဦးက ကောင်းကင်အဆင့် ဆေးပင်တစ်ပင် အပ်နှံလာသည်ကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းသာ ဖြစ်လေသည်။ ၎င်းက ကောင်းကင်အဆင့် အလယ်အလတ်ဆေးပင် ဖြစ်နေလေပြီး အံ့ဩဖွယ်ကောင်းချေသည်။

" ဟုတ်တယ်... ကျုပ်ရဲ့ကံက ကောင်းတယ်လေ " ယီယွင် ခေါင်းကုတ်လိုက်၏။ ကောင်းကင်အဆင့် ယန်သွေးပန်းက ရှာတွေ့နိုင်ရန် အလွန်ခက်ခဲလေသည်။ သို့သော် တိုင်အာနတ်မြို့တော်၏ ရှည်လျားသော သမိုင်းကြောင်းတွင် အာရုံခံထက်မြက်သည့် ကျင့်ကြံသူအနည်းစုက ကောင်းကင်အဆင့် ဆေးပင်များ ရလာဖူးကြသည်။

ကျုံးယီကဲ့သို့ အတော်ဆုံးလူများကသာ တစ်ခုထက်ပို၍ ရှာနိုင်ခဲ့ကြသည်။ ထို့ကြောင့် ယီယွင်အဖို့ ယန်သွေးပန်းအတွက် များစွာရှင်းပြနေရန် မလိုခဲ့ပေ။

" ကံကောင်းတာတဲ့လား "

ဝမ် မျက်နှာမဲ့သွားရ၏။ သူမကိုယ်တိုင် သွားမည်ဆိုလျှင်ပင် ကောင်းကင်အဆင့် ဆေးပင်ကို ရှာတွေ့နိုင်ရန် လွယ်မည်မဟုတ်ပေ။ ယီယွင်ကမူ ကံကောင်းသည်ဟုဆိုကာ ဖြေရှင်းချက်ထုတ်သွားခဲ့ချေသည်။

ယန်သွေးပန်းက ကောင်းကင်အဆင့် ဆေးပင်များထဲတွင်ပင် ပိုမိုကာ အပုန်းကောင်းသည့် အမျိုးအစားထဲ၌ ပါဝင်လေသည်။ ကံကောင်းရုံမျှနှင့် အဘယ်သို့များ ရှာတွေ့နိုင်ပါမည်နည်း။

ဝမ်က ယီယွင်ကို နက်နဲစွာပင် စူးစိုက်ကြည့်လိုက်သည်။ သူမက မပျော်မရွှင် ဖြစ်နေလေ၏။ ဤကောင်လေးက ဇွဲလုံ့လ နည်းပါးသည့်တိုင်အောင် ယန်သွေးပန်းကို ရှာနိုင်ခဲ့ချေသည်။ လုံ့လဝီရိယစိုက် ဆေးပင်ခူးနေကြသည့် ကျင့်ကြံသူများအတွက် မည်သို့များ မျှတပါတော့မည်နည်း။

" ဒီလိုဆေးပင်မျိုးကို ရှာတွေ့လာတဲ့ နင်က တကယ်ကို ကံကောင်းတာပဲ " ဝမ်က မပျော်ရွှင်စွာ ဆိုလိုက်သည်။ သာမန်လူတစ်ဦးက ယန်သွေးပန်းကို ခူးနိုင်ရန်မှာ မဖြစ်နိုင်ပေ။ သို့သော် ယီယွင်ကဲ့သို့ပင် အာရုံခံထက်မြက်သူများအတွက်မူ ယန်သွေးပန်းကို ရှာတွေ့သည်မှာ ပုံမှန်ပင်ဖြစ်လေ၏။

" အရမ်းပျော်မနေနဲ့ဦး။ ဒီကံကော​င်းမှုက တစ်ခါတစ်ရံပဲ ဖြစ်တတ်တာနော်။ ပြီးတော့ ယန်သွေးပန်းက အတော်ကြီးကို ထိခိုက်ပျက်စီးနေသေးတယ်။ ဆေးပင် ဘယ်လိုခူးရသလဲကို နင် မသိဘူးလား။ နင်က ဆေးပင်ကို ဒီလိုရုပ်ပျက်ဆင်းပျက်ဖြစ်လာအောင် ခူးလာသေးတယ်။ ငါက ဆေးပင်ရဲ့တန်ဖိုး သုံးပုံရဲ့ တစ်ပုံကိုပဲ ပေးနိုင်မယ် " ဝမ်က အေးစက်စက်ဆိုကာ ယီယွင်ကို ဆက်လက်၍ ဦးချိုးထားလေသည်။

သူမ ဆေးပင်များ၏ တန်ဖိုးပမာဏကို အကြွင်းမဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဖြစ်ပြီး ယီယွင်အား မှော်နဂါးကြေးပြားများ ပိုမပေးလိုပေ။ ပါရမီနည်းသော်လည်း အလုပ်ကြိုးစားသည့် လူများကို ပေးလိုက်ခြင်းကပင် ပိုကောင်းလောက်သည်။

ဝမ်က စကားဆိုနေရင်းဖြင့် ဒုတိယမြောက် ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်လေသည်။

အစိမ်းရောင်အဖုံး ပွင့်သွားလေပြီး မုန်လာဥနှင့်ဆင်တူ ခြောက်သွေ့အက်ကွဲနေသည့် အရာတစ်ခု ပေါ်လာလေသည်။

" ထပ်ပြီး ပျက်စီးနေပြန်ပြီ " ဝမ် ဒေါသထွက်သွားသည်။ ယီယွင်၏ ဆေးပင်ခူးနည်းလမ်းက နတ်ရတနာများကို ပျက်စီးစေလေသည်။ ယီယွင်ကြောင့် ရတနာများစွာ ပျက်စီးခဲ့ရ၏။

" နင် ကန်းနေတာလား။ ဆေးပင်ခူးရင် နည်းနည်းလေးပိုပြီး ဂရုစိုက်လို့ မရဘူးလား။ ဒီဆေးပင် ပျက်စီးသွားရင်....."ဝမ်က ယီယွင်ကို ပြစ်တင်ကြိမ်းမောင်နေစဥ်မှာပင် စကားနင်သွားရလေ၏။

ဝမ် မျက်လုံးအပြူးသားနှင့် ကြည့်နေသည်။ သူမသည် ကျောက်စိမ်းသေတ္တာထဲရှိ မုန်လာဥနှင့်ဆင်တူသော အက်ကွဲခြောက်​သွေ့နေသည်အရာကို သေချာကြည့်လိုက်သည်။ ဆယ်စက္ကန့်မျှ ကြည့်ပြီးသည့်နောက် သူမ အေးခဲသွားရလေ၏။ သူမ မျက်လုံးများ ပျာဝေသွားကာ စိတ်များ ဗလာကျင်းဖြစ်သွားသည်။

" ဒါ...ဒါက..."

သူမ ရင်ထုမနာ ဖြစ်နေရသည်။ သူမ၏စိတ်ထဲတွင် လုံးဝပင် ရယ်စရာကောင်းကာ မယုံကြည်နိုင်စရာဖြစ်သည့် ကောက်နုတ်ချက်တစ်ခု ပေါ်လာသည်။

" ရှေး...ရှေးဦးဆေးပင်လား "

၁၂ နှစ်သားအရွယ် ကလေးတစ်ဦး ပေးလာခဲ့သည့် ခြောက်သွေ့အက်ကွဲနေသော အရာက ရှေးဦးဆေးပင်တစ်ပင်တဲ့လား။

သူမ၏ ကျောက်စိမ်းသေတ္တာအား တုန်ယင်သောလက်များနှင့် ကိုင်ကာ ဂရုတစိုက်ပင် လေ့လာကြည့်လေသည်။ သူမက သေးငယ်သော အမြစ်များကိုပင် တစ်ခုချင်း ကြည့်ခဲ့လေ၏။

သူမ မည်မျှပင်ကြည့်စေကာမူ အစောပိုင်းက ကောက်နုတ်ချက်အာယ ပိုမို၍ပင် လက်ခံလာရသည်။ ယင်းက ရှေးဦးဆေးပင် ဖြစ်လေ၏။ စာအုပ်နှင့် တိုက်စစ်ကြည့်လျှင် ယင်းက ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း ဖြစ်လေ၏။

ဤကလေးက ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းကို ခူးနိုင်ခဲ့သည်တဲ့လား။

ဝမ်က ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းနှင့် ယီယွင်အား တစ်လှည့်စီ ကြည့်နေလေ၏။

ဤသည် အိပ်မက်သာ ဖြစ်ရချေမည်။ သို့​သော် အဘယ်သို့ဖြစ်၍ အိပ်မက်က အစစ်နှင့် တူနေရလေသနည်း။ လူသားအရှင်သခင်တစ်ဦးဖြစ်သည့် သူမသည်ပင် စိတ်ကူးယဥ်နှင့် အစစ်အမှန်တို့အကြား ဝေခွဲရခက်နေသည်။

သူမက ယီယွင်ကို မေးလိုက်သည်..." ဒီ...ဒီဆေးပင်ကို နင် ခူးလာတာလား။

" ဟုတ်တယ် " ယီယွင် ခေါင်းညိတ်လိုက်သည်။

" နင် ဘယ်...ဘယ်လိုမျိုး ခူးခဲ့တာလဲ "

" အာ... ကံကောင်းသွားတာပါ "

ယီယွင်၏ ဖြေရှင်းချက်ကြောင့် သူမ သွေးအန်ရလုနီးပါး ဖြစ်သွားရလေ၏။

" နင် ငါ့ကို ငတုံးထင်နေလား " ဝမ် အံကျိတ်ကာ ယီယွင်အား မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့် ကြည့်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူမက ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ ဆေးအဆီအနှစ်များ လွင့်ပါးသွားမည်ကို ကာကွယ်ရန်အတွက် သေတ္တာကို အမြန်ပိတ်လိုက်သည်။

ဟုတ်သည်။ ယီယွင်က ဝမ်ကို ထိုမျှလောက်ဖြင့် ရှင်းပြ၍ရမည်ဟု မျှော်လင့်မထားပေ။ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းအား မည်သို့ရလာပုံအတွက်မူ သူက ပုံပြင်တစ်ပုဒ် ကြိုတင်ပြင်ဆင်ထားခဲ့သည်။

ပြီးခဲ့သည့်ရက်များတွင် ယီယွင် စာကြည့်တိုက်ထဲတွင် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းနှင့် ပတ်သတ်နေသည့် အကြောင်းအရာများကို အသေးစိတ်ကို လေ့လာထားခဲ့သည်။ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းကို မမြင်ဖူးသည့် ဆေးဖော်စပ်သူအချို့အဖို့ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းနှင့် ပတ်သတ်နေသည့် ဗဟုသုတအရာတွင် ယီယွင်ကို ယှဥ်နိုင်မည်မဟုတ်ပေ။.

ထို့အပြင် ရှေးဦးဆေးပင်များက များပြားလွန်းချေသည်။ အချို့သော ဆေးဖော်စပ်သူများ အခြားသော ရှေးဦးဆေးပင်များကို မြင်ဖူးနေခဲ့သည့်တိုင်အောင် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းကို မ​မြင်ဖူးပါက အလွန်ပင် သာမန်ဆန်လေ၏။

All Chapters