ယီယွင်၏ အကြောင်းပြချက်
Vol. 14 Ch. 197
" ဒီလိုဆေးပင်မျိုးကို ခူးနိုင်ခဲ့တဲ့ ဒီဂျူနီယာက တကယ်ကို ကံကောင်းတာပါ။ အဲ့ဒါက ဒီလိုပါ....." ယီယွင် စကားကြောကို ဆွဲဆန့်လိုက်လေ၏။ ထွင်လုံးဇာတ်လမ်းတွင် မည်သည့်ဟာကွက်မျှ မကျန်စေရန် သေချာလုပ်ဆောင်ရပေမည်။
" ပြီးခဲ့တဲ့ရက်တွေမှာ ဒီဂျူနီယာက ဆေးတောင်တန်း အမှတ် ၆၀ မှာ လုံ့လဝီရိယထားပြီး ဆေးပင်ခူးနေခဲ့ပါတယ်။ မနေ့ညက ဒီဂျူနီယာက တောင်တစ်လုံးနားမှာ ရှိနေခဲ့တယ်လေ။ မိုင်ရာပေါင်းအနည်းငယ်လောက်မှာ လျှပ်စီးရောင်တွေ တောက်ပနေတာကို ကျုပ် မြင်လိုက်ရတယ်။ အဲ့ဒီနေရာမှာ မိုးတွေရွာနေသလိုမျိုးပဲ "
" ဒါပေမဲ့ မိုးရွာချိန်မှာ လျှပ်စီးလက်ရင် အဖြစ်များတာက ခရမ်းပြာရောင်လေ။ အဲ့ဒီ လျှပ်စီးအရောင်ကတော့ သွေးနီရောင်အဆင်း ရှိတယ်ဗျ။ နေရာက အရမ်းဝေးနေတာကြောင့် ကျုပ် သဲသဲကွဲကွဲ မမြင်ရပါဘူး။ ဒါတောင်မှပဲ ကျုပ် အမြင်မမှားဘူးလို့ ခံစားမိတယ် "
" ကျုပ် ငယ်ငယ်ကတည်းက ထူးဆန်းတဲ့ဖြစ်ရပ်တွေကို မကြာခဏ ကြုံရလေ့ရှိတယ်။ အဲ့ဒီ လျှပ်စီးအရောင်က ထူးဆန်းနေပြီး မူမမှန်တာတစ်ခုခု ဖြစ်နေပြီလို့ ကျုပ် ခံစားရတယ်။ ဒါကြောင့် ကျုပ်က အဲ့ဒီနေရာကို သွားစူးစမ်းကြည့်ခဲ့တယ် "
" ကျုပ်က အမြင့်ဆုံးအမြန်နှုန်းနဲ့ ပြေးသွားခဲ့ပေမဲ့ အဲ့ဒီနေရာကို ရောက်သွားတဲ့အချိန်မှာ လျှပ်စီးလက်တာက ရပ်သွားခဲ့ပြီ။ အဲ့ဒီနေရာတစ်ဝိုက်မှာ လျှပ်စီးတွေ ထိမှန်ထားတာကို မြေဆီလွှာနဲ့ အပင်တွေကတစ်ဆင့် ကျုပ် သိခဲ့ရတယ် "
" ကျုပ် ဘေးပတ်ဝန်းကျင်ကို ဂရုတစိုက် လေ့လာကြည့်လိုက်တော့ ပတ်ဝန်းကျင်မှာ ယင်နဲ့ယန်ချီတွေ မူမမှန်ဖြစ်နေတာကို တွေ့ခဲ့ရတယ်လေ။ ဘာဖြစ်နေတာလဲတော့ ကျုပ်လည်း မသိဘူး။ ရတနာတွေ ပေါ်ထွက်လာရင် ထူးဆန်းတဲ့ဖြစ်ရပ်တွေ ဖြစ်တတ်ကြောင်းကို စာထဲမှာ ဖတ်ဖူးမိတာကို ကျုပ် သတိရသွားမိတယ်။ အဲ့ဒီအတွေးနဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေကြောင့် ကျုပ်လည်း အဲ့ဒါက ရတနာတစ်ခုခု ဖြစ်လိမ့်မယ်လို့ ခံစားမိသွားခဲ့တယ် "
" ဒါနဲ့ ကျုပ်လည်း ဘေးပတ်ဝန်းကျင်မှာ ဂရုတစိုက် လိုက်ရှာကြည့်တော့တာပဲ။ ကျုပ်က မြေပြင်ကို သုံးပေအနက်အထိ တူးကြည်ခဲ့ပြီးတော့ သစ်ရွက်တစ်ရွက်ကိုတောင် အလွတ်မပေးခဲ့ဘူး။ အဲ့ဒီနောက်မှာတော့ ကျုပ်က ယန်သွေးပန်းကို တွေ့ခဲ့တာပဲ "
" ယန်သွေးပန်းက မြေကြီးထဲမှာ မြုပ်နေပြီးတော့ ထိခိုက်ပျက်စီးနေပြီ။ ယန်သွေးပန်းရဲ့ အရည်တွေက ရွံ့တွေပေကျံနေပေမဲ့ ကျုပ်က ယန်သွေးပန်းကို သိပါတယ် "
" ကောင်းကင်အဆင့် ဆေးပင်ကို တွေ့လိုက်ရတော့ ကျုပ်လည်း အရမ်းကို ဝမ်းသာသွားခဲ့တယ်။ ကျုပ်လည်း ယန်သွေးပန်းရဲ့ ဆေးအဆီအနှစ်တွေ မဆုံးရှုံးစေရအောင် ပိတ်ထားဖို့တွေးပြီး ကျောက်စိမ်းသေတ္တာကို ထုတ်လိုက်တယ်။ ဒါပေမဲ့ ရုတ်တရက်မှာပဲ ကျုပ်ရဲ့ ဘေးပတ်ဝန်းကျင်က ပြောင်းလဲသွားခဲ့တယ်။ ကျုပ် အချိန်ဟင်းလင်းပြင်လိုဏ်ခေါင်းထဲမှာ ခရီးသွားလိုက်ရသလို ခံစားလိုက်ရတယ်။ ကောင်းကင်မှာ မိုးကြိုးလျှပ်စီးတွေ ပြည့်နေပြီးတော့များပြားလှတဲ့ ပျက်စီးခြင်းသားရဲတွေကလည်း ကျုပ်ဆီကို အရပ်မျက်နှာပေါင်းစုံကနေ ပြေးဝင်လာကြတယ် "
" ကျုပ်လည်း လန့်သွားပြီး တိုက်ခိုက်ဖို့အတွက် တပ်တစ်ထောင်ဓားမောက်ကို ဆွဲထုတ်လိုက်တယ်။ ဒါပေမဲ့ တစ်ခုခုမှားနေတာကို ကျုပ် ခံစားမိသွားခဲ့တယ်။ ဘယ်လိုဖြစ်ပြီး မြင်ကွင်းတွေက ရုတ်တရက်ကြီး ပြောင်းသွားခဲ့ရတာလဲ "
" ကျုပ် ငယ်စဥ်ကတည်းက ကျုပ်ရဲ့ သိမြင်ခံစားနိုင်စွမ်းက အခြားသူတွေနဲ့ ကွဲပြားတယ်။ ကျုပ် မြန်မြန်ဆန်ဆန်ပဲ တည်ငြိမ်သွားပြီး ဘေးပတ်လည်ကို လေ့လာကြည့်လိုက်တယ်။ ကျုပ်ဆီကို ပြေးဝင်လာနေတဲ့ သားရဲတွေက တကယ်မရှိတာကို ခံစားမိလိုက်မိတယ်။ အရာအားလုံးက ပုံရိပ်ယောင်တစ်ခုပဲ "
" တစ်ခုခုက ကျုပ်ကို အန္တရာယ်ပြုဖို့ ကြိုးစားနေတာကို သဘောပေါက်သွားတယ်လေ။ ကျုပ် အဲ့ဒီအရာကို ရှာမတွေ့ပေမဲ့ ကြီးမားတဲ့အရာ ဆိုတာကိုတော့ ခန့်မှန်းမိပါတယ် "
" အဲ့ဒီအချိန်မှာပဲ ကျုပ်ရဲ့ ခေါင်းတစ်ခုလုံး ကိုက်ခဲလာတော့တာပဲ။ အဲ့ဒါက ကျုပ်ရဲ့ခေါင်းထဲကို တစ်ခုခု တိုးဝင်နေသလိုမျိုးပဲ။ ကျုပ် ရူးတော့မလိုဖြစ်နေပေမဲ့ ကျုပ်သာ တောင့်မခံနိုင်ရင် ပျက်စီးကိန်းဆိုက်ရတော့မှာကို ရုတ်တရက် နားလည်သွားတယ်။ ကျုပ်ရဲ့ ရှင်းလင်းတဲ့ နောက်ဆုံးအသိစိတ်လေးကို ရအောင်ထိန်းပြီးတော့ ထိုက်ခန်းလေးနဲ့ မြားတစ်စင်းကို ကပြာကယာပစ်လိုက်ရတယ် "
" အဲ့ဒီမြားကို ကျုပ်ကိုယ်တိုင် အထူးဖန်တီးထားတာလေ။ မြားခေါင်းမှာ အရင်က ကျုပ်ဝယ်ထားတဲ့ နတ်ပုတီးစေ့ကို မြုပ်ထားခဲ့တယ် "
" နတ်ပုတီးစေ့လား " ဝမ်က ရုတ်တရက်ပင် ကြားဖြတ်ပြောလိုက်သည်။ သူမက ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ အားနည်းချက်ကို သိလေသည်။ ယင်းက တိုက်ဆိုင်မှုများလွန်းနေ၏။ ယီယွင် ကြိုတင်ပြင်ဆင်ထားခဲ့သည့် အရာက ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းကို ထိခိုက်ပျက်စီးနိုင်နေစေသည်။
" အင်း "
ယီယွင်က ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်ကာ..." နတ်အရိုင်းမြေစခန်းက အသေအပျောက်များတယ်လို့ ကျုပ် ကြားဖူးတယ်လေ။ ဒီဂျူနီယာက သေရမှာကို ကြောက်တာကြောင့် ပထမဆုံးရတဲ့ မှော်နဂါးကြေးပြားတွေကို ခုခံရေးပစ္စည်းအချို့နဲ့ လဲလှယ်ခဲ့တယ်လေ။ အဲ့ဒီပစ္စည်းကို စောစောစီးစီး သုံးပစ်ရလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး။ ကျုပ် တကယ်ကို ကံကောင်းတာပဲ "
ယီယွင်၏ ဖော်ရွေသောအသွင်နှင့်ရှိနေပြီ " ကံကောင်းလို့ " ဟူသည့် စကားလုံးအား လှိုင်လှိုင်သုံးနေလေသောကြောင့် ဝမ် မျက်ဖြူလှန်ပြလိုက်သည်။ ယီယွင် နတ်ပုတီးစေ့ကို ဝယ်ယူခဲ့သည့် အကြောင်းအရင်းက ကြောက်ရွံ့၍တဲ့လား။
ခရမ်းသွေးနယ်ပယ် အလယ်အဆင့် ကလေးတစ်ဦးဖြစ်တဲ့ နင်က အကာအကွယ်အတွက် နတ်ပုတီးစေ့ကို ဝယ်ခဲ့တာတဲ့လား။ လုံးဝကို ပြောစရာမဲ့တယ်။
နတ်ပုတီးစေ့အား အမှန်တကယ်ပင် မွမ်းမံအသုံးပြုခဲ့သည်မှာ လွန်လွန်းလှချေသည်။ ထိုမျှ ကံကောင်းသည်က ရယ်စရာကောင်းလှချေသည်။
ယီယွင်က နတ်ပုတီးစေ့အကြောင်း ထုတ်ပြောရသည်ကို မကြောက်ခဲ့ချေ။ သူက လပြည့်ယင်အစီအရင်နှင့် ပုစဥ်းတောင်ပံအစီအရင်တို့ကိုမူ ထည့်ပြောမသွားချေ။ သူ သောင်းတန်စေတီထဲတွင် မည်သည့်ပစ္စည်းအား ဝယ်ယူခဲ့ကြောင်းကို ကျောက်ချင်းချန် သိမထားပေ။
" ပြီးတော့ နင်က အဲ့ဒီဆေးပင်ကို ဒီအတိုင်း ပစ်ချလိုက်တာလား " ဝမ်က မေးလိုက်လေသည်။
" အဲ့ဒီလို ဖြစ်သွားခဲ့တာပဲ။ အဲ့ဒီအချိန်တုန်းမှာ ကျုပ်ရဲ့ စိတ် ကြည်လင်မှုအစွန်းအစက သမုဒ္ဒရာထဲက လှေငယ်တစ်စင်းလို ဖြစ်နေတယ်လေ။ မြားပစ်လိုက်တဲ့ အရပ်မျက်နှာကတော့ ကျုပ် ခံစားမိတဲ့ဘက်ကို ပစ်လိုက်တာပဲ။ ကျုပ်က ဘာကိုပစ်လိုက်တာမှန်းတောင် ကျုပ် မသိခဲ့ဘူး။ ကျုပ်သာ မပစ်ရင် သေရတော့မယ်လို့ ခံစားမိသွားရုံတင်ပဲ "
" အဲ့ဒီနောက်တော့ ကြီးမားတဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်လာခဲ့တယ်။ ပေါက်ကွဲမှုကြောင့် ကျုပ်လည်း ပြင်းပြင်းထန်ထန် လွင့်စဥ်သွားရပြီး ပျော့ခွေကျလုနီးပါး ဖြစ်သွားရတယ် "
" သတိလစ်မသွားအောင် ရုန်းကန်ပြီးတဲ့နောက်မှာ ကျုပ် ဘေးပတ်လည်မှာ ရှာကြည့်လိုက်တယ်။ ကြောက်ဖို့ကောင်းတဲ့အရာ တစ်ခုခုက ကျုပ်ကို တိုက်ခိုက်လာတယ်လို့ ထင်မိတာကြောင့် ကျုပ်လဲ အဲ့ဒါက ဘာလဲဆိုတာကို သိချင်တယ်လေ "
" ကျုပ်ရဲ့ဘေးပတ်လည်က ပူပြင်းလောင်ကျွမ်းနေတဲ့ နေရာငယ်တစ်ခု ဖြစ်နေပြီ။ ယန်သွေးပန်းကလည်း မြေဆီလွှာတွေ ထပ်ဖုံးအုပ်သွားပြီး ပိုပြီးတော့ ထိခိုက်ပျက်စီးသွားတယ်။ ကျုပ်ရဲ့အာရုံခံနိုင်စွမ်းနဲ့ ကျောက်တုံးတွေကိုပါ လှန်ပြီး ဂရုတစိုက်ရှာခဲ့တယ်။ နောက်ဆုံးတော့ သုံးပေအနက်မှာ မုန်လာဥနဲ့တူတဲ့ အရာတစ်ခုကို ကျုပ် တွေ့ခဲ့ရတယ်လေ။ ဒါပေမဲ့ အဲ့ဒါက အံ့မခန်းအရာတစ်ခုဆိုတာကို ကျုပ် သိတာပေါ့ "
ယီယွင်၏ဇာတ်လမ်းက အမှန်နှင့်အမှား ရောထွေးနေ၏။ သို့သော် အရာအားလုံးကို အချက်အလက်ခိုင်မာစွာ လုပ်ဆောင်ထားလေ၏။
ဝမ်က ဇာတ်လမ်းကို ဂရုတစိုက် နားထောင်နေခဲ့သည်။ ဇာတ်လမ်း ပြီးဆုံးသွားချိန်တွင် သူမက ယီယွင်ကို အထူးတဆန်း ကြည့်လိုက်သည်။ ယီယွင်၏ စကားများအရဆိုလျှင် ယီယွင်၏ကံကောင်းပုံက အလွန်ပင် ရယ်စရာကောင်းနေချေ၏။
ယီယွင် မိုင်ပေါင်းရာချီအဝေးမှ မြင်လိုက်ရသည့် လျှပ်စီးအရောင်များက ကောင်းကင်ကပ်ဘေး ဖြစ်ဟန်ရှိသည်။
ရှေးဦးဆေးပင်များစွာတို့က ဆင့်ကဲပြောင်းလဲကြသော်လည်း အချို့သော ရှေးဦးဆေးပင်များကမူ ကံကောင်းစွာဖြင့် ဆန်းကြယ်မှုများကြုံတွေ့ကာ ကောင်းကင်ကပ်ဘေး အငယ်စားတစ်ခု ဖြစ်လာစေခြင်းမျိုးကမူ ဖြစ်လာနိုင်ခြေသေးငယ်လွန်းလှသည်။
ကောင်းကင်ကပ်ဘေးအား ကြိုတင်ခန့်မှန်း၍မရသလို ပုံမှန်ဆိုလျှင် ရှေးဦးဆေးပင်များ သတိလက်လွတ်ဖြစ်နေချိန်တွင်သာ ဖြစ်ပွားတတ်သည်။ ထိုသို့ကောင်းကင်ကပ်ဘေးက ရှေးဦးဆေးပင်ကို ဆင့်ကဲပြောင်းလဲနိုင်စေသော်လည်း ကပ်ဘေးကို ဖျက်ကျော်နိုင်ခြင်းမရှိပါက ပျက်စီးရလိမ့်မည်။
ရှေးစာအုပ်များအရဆိုလျှင် ယီယွင် ကြုံတွေ့ခဲ့ရသည့် သွေးနီရောင်မိုးကြိုးက ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ ကောင်းကင်ကပ်ဘေးပုံစံနှင့် အတိအကျတူညီနေသည်။ ကပ်ဘေးမှ ရှင်သန်နိုင်ခဲ့လျှင် ဆေးပင်များ၏ အားအနည်းဆုံးအချိန် ဖြစ်လေ၏။ ထိုအခိုက်အတန့်တွင် ဆေးပင်များ၏ ဖုံးကွယ်စွမ်းရည် ၊ တိုက်ခိုက်ရေးစွမ်းအား ၊ ထွက်ပြေးနိုင်စွမ်းတို့မှာ အားအနည်းဆုံး ဖြစ်နေကြသည်။
ယီယွင်၏ စကားအရဆိုလျှင် ကောင်းကင်ကပ်ဘေးက ရုတ်တရက်ဆန်လွန်းသည်ဟု ဝမ် ခံစားမိသည်။ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းက ထိတ်လန့်တကြား တုန့်ပြန်ခဲ့၍သာ အလွန်အားနည်းသွားရသည့် ရလဒ်မျိုး ဖြစ်လာရခြင်းသာ ဖြစ်ရချေမည်။
ထိုအချိန်မျိုးတွင် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းအတွက် ဒဏ်ရာများ လျင်မြန်စွာ သက်သာလာစေနိုင်သည့် ယန်သွေးပန်းက အလွန်ပင် အရေးကြီးလေ၏။
အဘယ်သို့ဖြစ်ပြီး ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းက ယန်သွေးပန်းအား ယီယွင် ခိုးယူသည်ကို ခွင့်ပြုခဲ့ရလေသနည်း။ ယင်းကြောင့် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းက ဒဏ်ရာပြင်းထန်သည်ကို လျစ်လျူရှုကာ ယီယွင်အား တိုက်ခိုက်ခဲ့ခြင်းပင်လော။
ထို့အတိုင်းဆိုလျှင် ပြဿနာရှိနိုင်မည်မဟုတ်ပေ။ ယီယွင်က ငယ်ရွယ်ကာ ကျင့်ကြံမှု နိမ့်သေးသည်။ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းက ကြီးစွာအားနည်းနေလျှင်ပင် ယီယွင် မကိုင်တွယ်နိုင်သည်မှာ အံ့ဩစရာမဟုတ်ပေ။
သို့သော် ယီယွင် သန်မာလှသော စိတ်စွမ်းအား ရှိနေလေ၏။ သူက အသက်ငယ်ရွယ်ကာ ခရမ်းသွေးနယ်ပယ် အလယ်အဆင့် ကျင့်ကြံမှုသာ ရှိနေသေးသည့်တိုင်အောင် ပုံရိပ်ယောင်ထဲမှ လွတ်မြောက်လာနိုင်ခဲ့သည်။ ယင်းအဖြစ်ကြောင့် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းသည် ရွေးချယ်စရာမရှိတော့ဘဲ ယီယွင်အပေါ်တွင် စိတ်စွမ်းအားတိုက်ခိုက်မှုကို တိုးမြင့်ခဲ့ရပြီး သန့်စင်သော ယန်ချီများကို အလွန်အကျွံထုတ်သုံးမိသွားခဲ့၏။
သို့သော် ဝမ် ပဟေဠိအဖြစ်ရဆုံး အရာမှာမူ ယီယွင်က ပုံရိပ်ယောင်တိုက်ခိုက်မှုအောက်တွင်ပင် အသိစိတ်ရှိကာ သူ့ကိုယ်သူအား လမ်းညွှန်နိုင်နေခြင်းကိုပင်။ သူ ကြိုတင်ပြင်ဆင်ထားခဲ့သည့် နတ်ပုတီးစေ့မြားကို အသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းအားဖြင့် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းကို သတ်နိုင်သွားခဲ့သည်။
ယင်းက ရယ်စရာကောင်းလှချေသည်။
သို့သော် အသေအချာတွေးကြည့်လျှင်မူ ဒဏ်ရာအပြင်းအထန် ရရှိထားပြီး စွမ်းအားများ အလွန်အကျွံသုံးထားသည့် ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းကို ပညာရှင်တစ်ဦး ပြုလုပ်ထားသည့် နတ်ပုတီးစေ့အား အသုံးပြုထားသည့် ထိုက်ခန်းလေးနှင့် အားအပြည့်ပစ်ချက်က ယီယွင်အတွက် ကစားပွဲအား ပြောင်းပြန်လှန်ပစ်ရန် ဖြစ်နိုင်ခြေရှိလေသည်။
ဝမ် အတန်ကြာအောင် မှင်တက်မိနေသည်။ ယီယွင် ပြောပြခဲ့သည်မှာ ထူးဆန်းနေသော်လည်း အသေအချာတွေးကြည့်လျှင်မူ ထိုဇာတ်လမ်းတွင် ကျိုးကြောင်းမသင့်သည့်အရာ ရှိမနေပေ။
ယင်းက ရယ်စရာကောင်းလှသည်။
ဆယ့်သုံးနှစ် မပြည့်သေးသည့် ကလေးတစ်ဦးက ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းကို ဖမ်းနိုင်ခဲ့ချေ၏။ တစ်ခုတည်းသော ဆန်းကြယ်မှုမှာ ယီယွင်၏ အလိုလိုသိစိတ် ဖြစ်လေသည်။
သို့သော် ယင်းက အံ့ဩစရာမရှိပေ။ ဤလောကထဲတွင် ထက်မြက်သော သိမြင်ခံစားနိုင်စွမ်းများနှင့် မွေးဖွားလာကြသူများ ရှိလေသည်။ အကျင်းအကျပ်အခြေအနေတွင် ၎င်းတို့က ဆဋ္ဌမအာရုံတစ်ခု ရရှိလာကာ ကပ်ဘေးအား ကံကောင်းမှုအဖြစ် ပြောင်းလဲပစ်နိုင်ကြသည်။ တစ်ခါတစ်ရံတွင် အလိုလိုသိစိတ်က အသက်ကယ်ဆေး ဖြစ်လေ၏။
ဝမ်က ယီယွင်က တစ်ချက်ကြည့်ကာ မျက်လွှာချလိုက်ပြီး..." နင် ဘာကို တူးယူလာမိသလဲဆိုတာကို သိရဲ့လား "
ယီယွင် တွေးကာဆိုသည်..." ဒါက ရှေးဦးဆေးပင်တစ်ပင်ပဲ ဖြစ်မယ်။ ကျုပ်မှာ မှန်းဆချက်အချို့တော့ ရှိပါတယ်။ ကျုပ်က နတ်အရိုင်းမြေစာအုပ်အချို့ကို ကြည့်ဖူးတယ်လေ။ စာအုပ်ထဲမှာ ဖော်ပြထားတဲ့ ဆေးပင်တွေထဲက တစ်ပင်က ကျုပ် ခူးလာခဲ့တဲ့ ဆေးပင်နဲ့ တူညီနေတယ်။ ဒီကိစ္စက အရမ်းအရေးကြီးတာကို သိလိုက်တာကြောင့် ကျုပ် အမြန်ပြန်လာခဲ့ရတာပဲ "
ဝမ် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူမ မည်သို့ပြောရမည်ပင် မသိတော့ချေ။ " ကျုပ် အပိုဆုကြေးအချို့ရအောင် လုပ်နိုင်ခဲ့တယ်လေ။ ဆေးအနှစ်သာရတွေ လျော့သွားမှာကို စိုးရိမ်တာကြောင့် စောစောပြန်လာလိုက်တာပါ " ဟု ယီယွင် ပြောခဲ့သည်ကို သူမ အစောပိုင်းက ကြားထားလေသည်။
ထိုစဥ်ကမူ ယီယွင်က လုပ်ကြံဇာတ်လမ်းအား ပြောနေခဲ့သည်ဟု သူမ ခံစားရသည်။ ယီယွင်က အမှန်အတိုင်း ပြောကြားခဲ့ပြီး ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းကို ယူလာခဲ့လိမ့်မည်ဟု သူမ လုံးဝထင်မထားခဲ့ပေ။
အပိုဆုကြေးအချို့ဆိုတာ ဒါလား။ ဘယ်လိုဟာသမျိုးလဲ။
" နင်...နင် ငါ့ကို ဒီမှာစောင့်နေ။ ငါ အကြီးအကဲဆီ သတင်းသွားပို့လိုက်ဦးမယ် "
ဝမ်မှာ စကားပြောနိုင်စွမ်းများ ဆုံးရှုံးထားသည့်အလားပင် ထိုစကားများကို ပြောရခက်နေသည်။ ဝမ်အတွက်မူ ကျင့်ကြံသူတစ်ဦးက ရှေးဦးဆေးပင်တစ်ပင် ခူးလာနိုင်ခဲ့သည်မှာ အလွန်အရေးကြီးသော ကိစ္စတစ်ခု ဖြစ်လေ၏။
တိုင်အာနတ်မြို့တော်ကို စတင်တည်ထောင်ခဲ့စဥ်ကတည်းက ယခုကဲ့သို့ ကိစ္စမျိုးကို ပထမဆုံး ကြုံတွေ့ရခြင်း ဖြစ်လေသည်။
သူမ ထိုကိစ္စကို မကိုင်တွယ်တတ်တော့ပေ။ ရုံးခန်းထဲရှိ မှတ်တမ်းထဲတွင်လည်း ရှေးဦးဆေးပင်အတွက် ဆုကြေးကို သတ်မှတ်ပေးမထားချေ။
ဝမ် ထိုသို့တွေးမိချိန်တွင် ယီယွင် ရုံးခန်းထဲသို့ ရောက်လာခဲ့စဥ်က ရှေးဦးဆေးပင်အတွက် ဆုကြေးအား မေးမြန်းဖူးသည်ကို ရုတ်တရက်ပင် သတိရမိသွားလေ၏။ ထိုစဥ်ကမူ သူမသည် ဤကလေးက ရူးနေသည့် အဖျက်သမားဟုသာ ထင်ခဲ့မိ၏။
ယခုတွင်မူ သူမကသာ အဖျက်သမား ဖြစ်နေချေသည်။ ဤလောကကြီးက အမှန်တကယ်ပင် ရူးနှမ်းသွားချေပြီ။