← Chapters

ခွန်အား တိုးတက်လာခြင်း

Vol. 14 Ch. 198-a

ခွန်အား တိုးတက်လာခြင်း

Vol. 14 Ch. 198-a

" အကြီးအကဲဆီ သတင်းပို့မလို့လား "

ယီယွင် တုန့်ဆိုင်းသွားပြီး စိတ်ထဲတွင် အချိန်တွက်ရင်း ဆိုလိုက်သည်...." အကြီးအကဲဆီ သတင်းပို့တာ ဘယ်လောက်ကြာမှာလဲ "

" ဘာဖြစ်လို့မေးတာလဲ "

ဝမ် အံ့အားသင့်သွားသည်။ နတ်မြို့တော်၏ အကြီးအကဲအားလုံးက ဗဟိုနတ်မျှော်စင်တွင် နေထိုင်ကြသည်ဖြစ်ပြီး အများစုက တံခါးပိတ်လေ့ကျင့်နေကြသည်။ ဝမ်၏အဆင့်နှင့်ပင် သက်ဆိုင်ရာအကြီးအကဲများကို တင်ပြရဦးမည်ဖြစ်၍ သေချာပေါက်ပင် အချိန်တချို့ ကြာမြင့်ပေလိမ့်မည်။

" ကျုပ်မှာ လုပ်စရာအချို့ ရှိနေတယ်လို့ ပြောထားတယ်လေ။ ကျုပ် အခု သွားလို့ရလား "

ယီယွင်က ဤနေရာတွင် ဘာမျှမလုပ်ရဘဲ စောင့်မနေချင်ပေ။ လွန်ခဲ့သည့်တစ်လခန့်က ကတုံးချင်၏ စစ်ဆေးမှုကို သူ သတိရသေးသည်။ အစက ယီယွင်သည် ယင်လပြည့်နေ့ အချိန်မီအတွင်း ရှေးဦးဆေးပင်ကို ခူးဆွတ်နိုင်ရန် အပြည့်အဝ ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ယင်းကြောင့်ပင် သူက ခုနစ်ရက်ဆက်တိုက် ဆေးပင်ခူးရန် လျှောက်လွှာတင်ခဲ့ကာ စစ်ဆေးမှုကို လက်လွှတ်ပစ်ရန် ဆုံဖြတ်ချက်ခဲ့သည်။

သို့သော် သူက သုံးရက်ခွဲအတွင်းမှာပင် ရှေးဦးဆေးပင်ကို အံ့အားသင့်ဖွယ်ရာဖြင့် အောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ပြီး စုပ်ယူနိုင်ခဲ့သည်။ ထို့ကြောင့် စစ်ဆေးမှုကို မီနိုင်လောက်သည်ဟု ယီယွင်က တွေးဆထားသည်။

နတ်အရိုင်းမြေခန်းမထဲတွင် နှစ်နာရီခန့် လေ့ကျင့်ရသည်မှာ မှော်နဂါးကြေးပြား ၁၀၀၀ တန်ကြေးရှိသည်။ မှော်နဂါးကြေးပြား တစ်ရာ ၊ နှစ်ရာခန့်မျှက အဆင်ပြေသေးသော်လည်း တစ်ထောင်ဆိုလျှင်မူ ယီယွင် နှမြောတသ ဖြစ်ရပေလိမ့်မည်။

သူက ရှေးဦးဆေးပင် အပ်နှံထားကာ ကြီးမားဆုကြေးများ ရရှိမည်ဖြစ်သော်လည်း တိုင်အာနတ်မြို့တော်ထဲတွင်မူ အရင်းအမြစ်တိုင်းကို မှော်နဂါးကြေးပြားများနှင့် ဝယ်ယူရမည်ဖြစ်၍ သူအဖို့ မှော်နဂါးကြေးပြားတိုင်းကို အသုံးစီစစ်ရပေမည်။

" ဘာကိစ္စကြောင့်လဲ " ဝမ်က မေးလိုက်သည်။ လက်ရှိတွင် ရှေးဦးဆေးပင်ထက် မည်သည့်အရာက ပိုအရေးကြီးလေသနည်း။

ယီယွင်က ဝမ်အား စစ်ဆေးမှုအကြောင်း ရှင်းပြလိုက်သည်။

ဝမ်က မပျော်ရွှင်စွာဖြင့် ဆိုလေသည်..." ဒါက နှစ်နာရီစာလောက်ပဲ ကျင့်ကြံခွင့်ရရုံပဲလေ။ ငါလည်း နင့်ကို ဆုချပေးနိုင်ပါတယ်။ ဒီတစ်ခေါက်မှာ အကြီးအကဲက နင်နဲ့တောင် တွေ့လောက်တယ် "

ယီယွင် ပျော်ရွှင်သွားကာ..." ကျေးဇူးပါ အစ်မဝမ်။ အရင်က အစ်မဝမ်က သဘောထားဆိုးတယ်ဆိုတဲ့ ကောလဟာလတွေကို ကျုပ် ကြားခဲ့ဖူးတယ်။ အခုတော့ ကောလဟာလတွေက အမှန်မဟုတ်ကြောင်း ရှင်းလင်းသွားပြီ။ အစ်မဝမ်က ကျုပ်ကို နှစ်နာရီကျင့်ကြံခွင့် ဆုလာဘ်ကို ပေးမယ်ဆိုမှတော့ နည်းပြချင်ရဲ့ ဆုလာဘ်ကိုလည်း အလဟဿ ဖြစ်စေလို့မရဘူးလေ။ အကြီးအကဲကသာ ကျုပ်ကို တွေ့ချင်တယ်ဆိုရင် ကျုပ် ဘာကိုပဲလုပ်နေပါစေ ချက်ချင်းရပ်ပစ်ပြီး ဗဟိုနတ်မျှော်စင်ဆီ အပြေးသွားမှာပါ။ ဘာအတွက်နဲ့မှ နှောင့်နှေးစေမှာမဟုတ်ဘူး "

ယီယွင်က လူအများကို ချော့မော့ပြောရာတွင် တော်လေ၏။ သူက ဝမ်၏ကမ်းလှမ်းမှုအား လက်ခံခဲ့သလို့ နည်းပြချင်၏ ကမ်းလှမ်းမှုကိုလည်း ဖြုန်းတီးမပစ်လိုပေ။ လေးနာရီကြာ ကျင့်ကြံခြင်းသည် မှော်နဂါးကြေးပြား နှစ်ထောင် တန်ကြေးရှိလေ၏။

ဝမ် ပြောစရာမဲ့သွားရသည်။ ဤကလေးက ကလိမ်ဥာဏ်များလိမ့်မည်ဟု သူမ ထင်မထားခဲ့ချေ။ သို့သော် တွေးကြည့်လျှင်မူ အကြီးအကဲက ထိုကလေးအား ဆင့်ခေါ်ခဲ့လျှင် ရုံးခန်းမှလာသည်ဖြစ်စေ ၊ ကျောင်းမြေမှလာသည်ဖြစ်စေ အကွာအဝေးက အတူတူသာဖြစ်ပြီး များစွာနှောင့်နှေးမည်မဟုတ်ပေ။

ဆုလာဘ်အတွက်ကမူ ဝမ်က ပြောခဲ့ပြီးသားဖြစ်၍ ပြန်ရုတ်သိမ်းမည်မဟုတ်ပေ။ ထို့အပြင် ယီယွင်က ရှေးဦးဆေးပင်တစ်ပင် ပြန်ယူလာခဲ့ချေသည်။ ယင်းသည် နတ်အရိုင်းမြေခန်းမထဲတွင် နှစ်နာရီတာ ကျင့်ကြံခွင့်ဆုလာဘ်ထက် ပိုမိုထိုက်တန်နေသည် မဟုတ်ပေလော။

" ငါ နင့်ကို ဆယ့်ငါးမိနစ် အချိန်ပေးမယ်။ အားလုံးကို အမြန်ပြီးအောင်လုပ်ခဲ့ " သူမက ခပ်တင်းတင်းပြောလိုက်သော်လည်း ယီယွင်အား အသိအမှတ်ပြုထားပုံနှင့် ကြည့်နေလေသည်။ ယီယွင်က ကံကောင်းခဲ့သည့်ဟန် ရှိနေခဲ့သော်လည်း သူ၏ချိန်သားကိုက် အကဲဖြတ်နိုင်စွမ်းနှင့် အာရုံခံနိုင်စွမ်းကို အသုံးပြုကာ မြားပစ်ခဲ့ခြင်းမျိုးကိုမူ ကံကောင်းမှုဖြင့် တွက်ဆ၍မရပေ။

ယီယွင် မဟုတ်ဘဲ အခြားသူတစ်ဦးသာဆိုပါက ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းကြောင့် ထုံထိုင်းသွားမည်ဖြစ်ပြီး ရွှေရောင်အခွင့်အရေးကို ဖြုန်းတီးမိသွားပေလိမ့်မည်။

" ကျေးဇူးတင်ပါတယ် အစ်မဝမ် " ယီယွင် ပြုံးကာလှည့်ထွက်သွားပြီး ကျောင်းမြေဆီသို့ အပြေးသွားခဲ့လေသည်။

.............................

ဆယ်မိုင်ခန့်အဝေးမှ ကျောင်းမြေထဲတွင် နည်းပြချင်၏ လူငယ်အဖွဲ့သည် စစ်ဆေးမှုခံယူနေကြ၏။

" ထိုးပစ်...ထိုးပစ် "

အားမာန်ပြည့်ဝနေသည့် လူငယ်များက အော်ဟစ်နေကြသည်။

တောင့်တင်းသော လူငယ်တစ်ဦးက ရှေးဦးမြားတစ်ချောင်း ကိုင်ထားလေ၏။ သူ၏နဖူးတွင် သွေးကြောများ ထောင်နေလျက်ရှိပြီး ကျယ်လောင်စွာဟစ်အော်ကာ ရှေးဦးမြားကို ခရမ်းရောင်အဖြိုက်နက်နံရံထဲသို့ ခက်ခဲမှုကြီးစွာနှင့်ပင် ထိုးသွင်းလိုက်သည်။

ဒေါင်...။

ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ရှေးဦးမြားက ခရမ်းရောင်အဖြိုက်နက်နံရံထဲသို့ စိုက်သည်ဆိုရုံမျှ ဝင်သွားခဲ့သည်။ ယင်းက မတည်ငြိမ်သော်လည်း စိုက်ဝင်နေဆဲပင်။

ယနေ့စစ်ဆေးမှုတွင် ရာချီသောလူများ၏ တစ်ဝက်ခန့်ကသာ ရှေးဦးမြားတစ်ချောင်းကို ခရမ်းရောင်အဖြိုက်နက်နံရံထဲသို့ ထိုးစိုက်နိုင်ကြသည်။

ထိုရလဒ်က လွန်ခဲ့သည့်တစ်လခန့်ကနှင့် လုံးဝကွာခြားလေသည်။ ပထမအကြောင်းအရင်းသည် တစ်လခန့်ကြာပြီးနောက် ဤသူများက များစွာပင် အရွယ်ရောက်လာခဲ့ကြသည်။ ဒုတိယအကြောင်းအရင်းသည် လွန်ခဲ့သည့်တစ်လခန့်က ဤသူများက နတ်အရိုင်းမြေခန်းမထဲတွင် နှစ်နာရီကျင့်ကြံခဲ့ပြီး အလေးချိန်နှင့်အတူ ငါးကီလိုမီတာခန့် ဖားခုန် ခုန်ထားပြီးခါစသာဖြစ်၍ ၎င်းတို့က အားကုန်ခမ်းနေခဲ့ရခြင်း ဖြစ်လေသည်။ ယနေ့တွင်မူ သူတို့အားလုံးက အမြင့်ဆုံးအခြေအနေတွင် ရှိနေကြသည်။

" လုပ်တာကောင်းတယ် အစ်ကိုကြီးခွေ့... ဒါက ​ဒုတိယမြားပဲ "

တစ်စုံတစ်ဦးက အော်လိုက်သည်။ ရှေးဦးမြား ထိုးခိုက်ခဲ့သည့် တောင့်တင်းသောလူငယ်က အခြားသူမဟုတ်လေဘဲ ကျိုးခွေ့ ဖြစ်လေသည်။ ရာချီသော လူများထဲတွင် သူက ခွန်အားအကြီးဆုံး ဖြစ်လေ၏။ ကျိုးခွေ့အတွက် ပထမရှေးဦးမြားကို ထိုးစိုက်ရန်မှာ လွယ်ကူခဲ့သော်လည်း ဒုတိယမြားကမူ ပိုမိုခက်ခဲလာကြောင်း သက်သေပြနေသည်။

ထို့နောက်တွင် တတိယရှေးဦးမြားက အကျဥ်းအကျပ် အဖြစ်ရဆုံးမြား ဖြစ်လေ၏။ ထိုမြားကို ထိုးစိုက်နိုင်ခဲ့လျှင် နှစ်နာရီကျင့်ကြံခွင့် ရရှိပေလိမ့်မည်။ ထိုးစိုက်နိုင်ခြင်းမရှိလျှင် အရာအားလုံး သဲထဲရေသွန် ဖြစ်ရပေမည်။

ကျိုးခွေ့ မာန်တင်းလိုက်သည်။ ပြီးခဲ့သည့်လတွင် သူက ပန်းပဲထုခဲ့ပြီး သောင်းချီသော သတ္တုများကို ထုရိုက်ခဲ့ရသည်။ သူ၏လက်ဖဝါးများ ကြမ်းတမ်းနေလျက်ရှိပြီး အားလုံးက သူ့ကိုယ်သူအား သက်သေပြနေလျက်ရှိသည်။

ယနေ့တွင် သူက တတိယရှေးဦးမြားကို ထိုးစိုက်နိုင်ခြင်းမရှိလျှင်ပင် ယခင်က သူ့ကိုယ်သူထက် ကျော်လွန်ခဲ့သည်ဖြစ်၍ အနိုင်ရသည့်ပမာသာ ခံစားရလေသည်။

ကျိုးခွေ့ အသက်ပြင်းပြင်းရှုကာ ရှေးဦးမြားကို ကောက်ယူရန် ပြင်ဆင်နေချိန်တွင် တစ်စုံတစ်ဦးက အော်ဟစ်လိုက်သည်။

" အဲ့ဒါ ယီယွင်မလား " အသံကြောင့် လူတိင်း လှည့်ကြည့်လိုက်ကြသည်။ ကျောင်းမြေနှင့် မဝေးလှသောနေရာတွင် ချည်ကြမ်းဝတ်စုံနှင့် လူငယ်တစ်ဦး လာနေချေသည်။

ထိုလူငယ်က ဆံပင်များ ရှုပ်ထွေးနေကာ အဝတ်များစုတ်ပြဲနေပြီး သနားစရာအသွင် ဖြစ်နေလေ၏။ ယင်းသည် ရှေးဦးဆေးပင် ခူးလာခဲ့ရခြင်း၏ရလဒ် ဖြစ်လေ၏။ နတ်ပုတီးစေ့ ပေါက်ကွဲသွားချိန်တွင် ပေါက်ကွဲအားလှိုင်းက ယီယွင်အား ထိမှန်ခဲ့သေး​​​ချေသည်။ သူ ရှေးဦးဆေးပင်၏ အဆီအနှစ်များကို စုပ်ယူပြီးနောက်တွင် တိုင်အာနတ်မြို့တော်ဆီသို့ အပြေးပြန်လာခဲ့ရလေသောကြောင့် ပြင်ဆင်ချိန်မရခဲ့ပေ။

ဆေးပင်ခူးသည့် ထိုကလေး ပြန်လာခဲ့ချေပြီ။

နည်းပြချင်က ယီယွင်ကိုမြင်ကာ အနည်းငယ် မျက်မှောင်ကုတ်လိုက်၏။ သို့သော် ယီယွင်၏ကျင့်ကြံမှု တိုးတက်ခဲ့သည်ကို သူ မြင်သွားခဲ့သည်။

လွန်ခဲ့သည့်တစ်လခန့်တွင် ယီယွင်က ခရမ်းသွေးနယ်ပယ် အစောပိုင်းအဆင့်၌ ရှိနေသည်။ ယခုတွင်မူ ခရမ်းသွေးနယ်ပယ် အလယ်အဆင့်၌ ရှိနေလေ၏။

" နည်းပြချင်... တပ်သားသစ်ယီယွင် ရောက်ရှိလာကြောင်း တင်ပြပါတယ် " ယီယွင်က ကတုံးချင်အား တိုင်အာနတ်မြို့၏ အလေးပြုပုံစံအတိုင်း အလေးပြုလိုက်သည်။

" မင်း တစ်နာရီနောက်ကျတယ် " နည်းပြချင်က ယီယွင်အား ခက်ထန်စွာ ကြည့်လိုက်သည်။ ထိုအကြည့်ကြောင့် တပ်သားသစ်များစွာ တုန်လှုပ်သွားရလေ၏။

" တောင်းပန်ပါတယ် နည်းပြ။ ကျုပ် ဆေးပင်ခူး သွားနေခဲ့တာကြောင့် အချိန်မီပြန်မရောက်တာပါ....." ယီယွင်က ရှင်းပြရန် ကြိုးစားလိုက်သည်။

အခြားတပ်သားသစ်များက ထိန်းမရစွာပင် ရယ်လိုက်ကြလေ၏။

ဆေးပင်ခူးနေခြင်းကြောင့် နောက်ကျခဲ့ရ၏။ ထိုကောင် ယီယွင်က ငယ်ရွယ်စဥ်အချိန်များကို ဆေးပင်ခူးရာတွင် မြုပ်နှံထားနေချေ၏။ ယင်းက ထိုကောင့်၏ ဘဝလမ်းစဥ် ဖြစ်ဖို့ရာများသည်။ သူတို့ နားမလည်နိုင်တော့ချေ။ ဆေးပင်ခူးအလုပ်က မိန်းမများအတွက် ဖြစ်သည်ကိုပင် အဘယ့်ကြောင့် ယီယွင်က စိတ်ဝင်စားနေရလေသနည်း။

" ဟဲဟဲ... ယီယွင်က အချိန်ကိုက်ရောက်လာတာပဲ။ ထပ်ပြီး ပြိုင်လိုက်ကြရအောင်။ ငါ​ ရှေးဦးမြားနှစ်ချောင်း စိုက်ပြီးသွားပြီ။ ဒါက ငါ့ရဲ့ တတိယမြားပဲ "

ကျိုးခွေ့ လျှာသပ်လိုက်သည်။ ယနေ့တွင် ယီယွင်အား မတွေ့ရလေသောကြောင့် ကျိုးခွေ့ စိတ်ပျက်နေခဲ့ရ၏။ သူ၏ခွန်အားများနှင့် စွမ်းရည်များ တိုးတက်လာခဲ့သည်။ ယင်းအရာအားလုံးက သူ့ကိုယ်သူအား သက်သေပြရန် ဖြစ်လေ၏။ ထို့အပြင် ယီယွင်က အကောင်းဆုံးပြိုင်ဘက် ဖြစ်နေလေသည်။

" ဒါက... နည်းပြချင်... ကျွန်တော်က အခုမှရော​က်လာတာဆိုတော့ စစ်ဆေးမှုမှာ ဝင်ပါလို့ရသေးလားမသိဘူး " ယီယွင်က ခပ်တိုးတိုးဆိုကာ ကတုံးချင်၏ ညွှန်ကြားချက်ကို စောင့်နေလေ၏။

သူက နောက်ကျနေသည်ဖြစ်ရာ ကတုံးချင်က သူ့အား ဤစစ်ဆေးမှုတွင် အရည်အသွေးမမီကြောင်း လုပ်ပိုင်ခွင့်ရှိလေ၏။

ကတုံးချင်က အေးစက်စက်အော်လိုက်သည်..." လုပ်စရာရှိတာသာလုပ်။ မင်း တိုင်အာနတ်မြို့တော်ကို ဘာအတွက် ရောက်လာခဲ့သလဲဆိုတာကို မမေ့နဲ့ "

ကတုံးချင်က ယီယွင်အား ရည်ရွယ်ချက်မဲ့သော အလုပ်အတွက်ဖြင့် ကျင့်ကြံမှုအား ထိခိုက်စေခြင်းမရှိစေရန် သတိပေးလိုက်လေသည်။ ယီယွင်က ဆေးပင်ခူးအလုပ်ကို အဘယ့်ကြောင့် အလွန်မြတ်နိုးနေရကြောင်းကို သူ နားမလည်နိုင်တော့ပေ။

" ဟားဟား...လာခဲ့လိုက်တော့ "

စိတ်အလှုပ်ရှားဆုံးသူက ကျိုးခွေ့ ဖြစ်လေ၏..." ဒီလိုလုပ်ကြမလား။ ပြီးခဲ့တဲ့လအတွင်းမှာ မင်းက ဆေးပင်ခူးရာကနေ ရိတ်သိမ်းထားပြီးလောက်ပြီး ဖြစ်ထားလောက်မယ်။ မင်းက ခုနစ်ရက်ဆက်တိုက် ဆေးပင်ခူးဖို့ လျှောက်လွှာတင်ခဲ့တယ်လို့ ငါ ကြားထားတယ်။ ဘယ်လိုဖြစ်ပြီး စောစောပြန်လာရတာလဲ "

ကျိုးခွေ့က ယီယွင်အား ပြုံးကာကြည့်လိုက်သည်။ သူ လက်ပိုက်ထားကာ ရှေးဦးမြား​တစ်ချောင်းအား မှီထားလေသည်။ သူက ရှေးဦးမြားနှစ်ချောင်း ထိုးစိုက်ထားသည်။ တစ်ချောင်းက ခရမ်းရောင်အဖြိုက်နက်နံရံထဲတွင် မြဲမြံစွာစိုက်ဝ​င်နေသော်လည်း အခြားတစ်ချောင်းကမူ မြဲမြံခြင်းမရှိပေ။ မြား၏အမြီးပိုင်းက တဖြည်းဖြည်းချင်း အောက်သို့လျောကျလာနေ၏။

သို့တိုင်အောင်ပင် ထိုရလဒ်က ဂုဏ်ယူစရာဖြစ်သည်။ လူပေါင်းရာချီထဲတွင် ဒုတိယမြောက် ရှေးဦးမြားတံကို ထိုးစိုက်နိုင်သူမှာ ကျိုးခွေ့ တစ်ဦးတည်းသာ ဖြစ်လေ၏။

" အတော်ကော​င်းအောင် ရိတ်သိမ်းနိုင်ခဲ့တာကြောင့် ငါ စောစောပြန်လာခဲ့တာပဲ " ယီယွင်က သာမန်ပင်ဆိုလိုက်သည်။

" ရိတ်သိမ်းနိုင်ခဲ့တာတဲ့လား။ မင်းက ဆေးပင်းခူးရင်း အများကြီး ရိတ်သိမ်းနိုင်ခဲ့တာတဲ့လား။ ဟားဟား " ကျိုးခွေ့ ရယ်ချင်ပင်ကျိ ဖြစ်သွားရသည်။ ဆေးပင်အနည်းငယ်ခန့် ခူးနိုင်ခဲ့သည်အား အတော်လေး ရိတ်သိမ်းနိုင်သည်ဟု ဆိုနိုင်ပါလေသလော။ အဘယ့်အတွက် ပျော်နေရလေသနည်း။

" ယီယွင်... မင်း တစ်လလုံး ဆေးပင်ခူးခဲ့တာဆိုတော့ မင်းနဲ့ယှဥ်ပြိုင်ရတာ မမျှတဘူး။ ဒါပေမဲ့ အဲ့ဒါက မင်းရဲ့ရွေးချယ်မှုဆိုတော့လဲ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး။ ဒီနေ့ ရိတ်သိမ်းမှုအစစ်က ဘာလဲဆိုတာကို ငါ မင်းကို ပြပေးမယ် "

ကျိုးခွေ့ လက်သီးအား ခါယမ်းလိုက်​၏။ ပြီးခဲ့သည့်လအတွင်း သူ၏လက် အရည်ကြည်ဖုများစွာ ဖြစ်ခဲ့ရ၏။ သူ၏သွေးများက ချွေးများနှင့် ရောနှောခဲ့ရသည်။ လက်တွင် ပတ်တီးအချို့သာ ပတ်ထားပြီး ပူပြင်းသော ပန်းပဲတူကို ကိုင်ရသည်မှာ ကြီးစွာပင်နာကျင်ရသည်။ ယင်းအဖြစ်များက ကျိုးခွေ့အတွက် မမေ့နိုင်စရာဖြစ်ခဲ့သော်လည်း သူ့အား ဂုဏ်ယူဝင့်ကြွားစိတ် တိုးလာစေသည်။

ယင်းက ယောက်ျားသားတစ်ဦး၏ဘဝ မဟုတ်​ပေလော။ အမျိုးသမီးများအတွက်သာဖြစ်သည့် ဆေးပင်ခူးအလုပ်က သူ့အား မည်သို့များ ယှဥ်နိုင်ပါမည်နည်း။

သို့သော် ယီယွင်က ဆိုသည်..." မင်း ဘာမှတွေးမနေနဲ့။ ငါ မင်းနဲ့ ပြိုင်မှာပါ။ မကြာခင်မှာ ငါ့ကို တစ်ယောက်ယောက်က လာရှာလောက်မှာမလို့ ငါ အမြန်လိုတယ် "

ယီယွင်က ရှေးဦးမြားများ ထည့်ထားသည့် သတ္တုသေတ္တာ၏ရှေ့တွင် ရပ်လိုက်သည်။ သူ၏လေသံက ခပ်အေးအေးဖြစ်နေခြင်းကြောင့် ထိုလေသံကြောင့်ပင် ကျိုးခွေ့ မျက်မှောင်ကုတ်သွားရသည်။ ယီယွင်က ဤစစ်ဆေးမှုကို များစွာအရေးစိုက်မထားပုံပင်။

ကျိုးခွေ့ လက်ကောက်ဝတ်များကို ပွတ်သပ်လိုက်သည်။ အသက်ပြင်းပြင်းရှုကာ ခါးကုန်းလိုက်ပြီး ရှေးဦးမြားကို ပွေ့လိုက်လေ၏။

ကျိုးခွေ့က မြင်းထိုင် ထိုင်ထားလျက်ရှိပြီး ခြေနှစ်ချောင်းလုံးက မြေပြင်တွင် ခိုင်မာစွာနေရာယူထားသည်။ သူ၏ခန္ဓာကိုယ်အား ကုန်းထားပြီး ခွန်အားများကို ကျောရိုးများမှတစ်ဆင့် ပုခုံးဆီသို့ ပို့လွှတ်ပြီးနောက် လက်မောင်းများဆီသို့ ပို့လိုက်လေသည်။

သူ၏ကြွက်သားများ ဖောင်းကြွနေကာ သွေးကြောများ ထောင်ထနေလေ၏။ သူ မာန်သွင်းဟစ်အော်ကာ ရှေးဦးမြားကို ပင့်မြောက်တော့မည့်အချိန်တွင် ဒေါင်ခနဲ မြည်သံတစ်ခုအား ကြားလိုက်ရသည်။

ကျိုးခွေ့ လှည့်ကြည့်ကာ မျက်လုံးပြူးသွားလေ၏။ သူ၏နောက်တွင် ရှေးဦးမြားတစ်ချောင်းက ခရမ်းရောင်အဖြိုက်နက်နံရံထဲတွင် ခိုင်မာစွာစိုက်ဝင်နေ၏။ မြားတံအမြီးပိုင်းက တုန်ခါနေဆဲပင်။ မြားတံအား ထိုးစိုက်လိုက်သည့် အင်အားများက အလွန်ကြီးမားနေပြီး စွမ်းအားများ ပျောက်ကွယ်သွားရမည့်နေရာ မရှိလေသောကြောင့် မြားတံ အပြင်းအထန်တုန်ခါနေခြင်း ဖြစ်လေသည်။

ရှေးဦးမြား စိုက်ဝင်နေသည်မှာ အနည်းဆုံးအနေဖြင့် သုံးပေခန့် နက်လေသည်။

ကျိုးခွေ့ ကြက်သေသေနေသည်။ ထိုမြားကို ယီယွင်က ထိုးစိုက်​လိုက်လေသလော။ အဘယ့်သို့များ ထိုကောင်က မြန်ဆန်စွာ လုပ်နိုင်ခဲ့လေသနည်း။

All Chapters