ခွန်အားများ တိုးတက်လာခြင်း
Vol. 14 Ch. 198-b
ယီယွင်က မြားတံထိုးစိုက်ရန် ဆယ်စက္ကန့်မျှသာ အချိန်ယူခဲ့လေ၏။ မြားတံအား ကောက်ယူချိန်တွင် ခွန်အားများ စုစည်းရလေသောကြောင့် အချိန်ကုန်လွယ်သည်။
သူက ခါးကုန်းထားပြီး မြားတံကို ပင့်မြောက်ရခြင်းမရှိသေးမီမှာပင် ယီယွင်က မြားတံကို ထိုးစိုက်ပြီးသွားခဲ့ပြီတဲ့လား။
ယီယွင်က သတ္တုသေတ္တာထဲမှ ဒုတိယမြားတံကိုပင် ကောက်ယူနေချေပြီ။
ဘေးပတ်လည်မှ လူငယ်များမှာ ပါးစပ်အဟောင်းသားဖြစ်ကာ ကြောင်ငေးနေကြ၏။ ယီယွင်က ရှေးဦးမြားတံကို သစ်ချောင်းတိုတစ်ခုပမာ ကောက်ယူသွားခဲ့သည်ကို သူတို့၏ မျက်လုံးများနှင့် တပ်အပ်မြင်ခဲ့ရသည်။ လုံးဝပင် အားစိုက်ရခြင်းမရှိပေ။
ထို့နောက်တွင် ထိုကောင်က ရှေးဦးမြားတံကို ခရမ်းရောင်အဖြိုက်နက်နံရံထဲသို့ အသားအား တုတ်ထိုးသည့်ပမာပင် နက်ရှိုင်းစွာ ထိုးစိုက်ပစ်ခဲ့ချေသည်။
ယီယွင်၏လက်များက ရှေးဦးမြားကို ကိုင်ရာတွင် အစမှအဆုံးအထိ တုန်ယင်ခြင်းမဖြစ်ခဲ့ပေ။
လူအများ မှင်တက်မိရာမှ သတိပြန်မဝင်သေးမီတွင် ယီယွင်က ဒုတိယ ရှေးဦးမြားကို ကောက်ယူပြီးသွားချေပြီ။
ယီယွင်၏စွမ်းအားများက ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေသည်။ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းအား စုပ်ယူရာမှဖြစ်ပေါ်လာသည့် နွေးထွေးသော စွမ်းအင်စီးကြောင်းက သူ၏ခန္ဓာကိုယ်အနှံ့ လည်ပတ်နေသည်။
သူက ခရမ်းသွေးနယ်ပယ် အလယ်အဆင့်သို့ ချိုးဖျက်ခဲ့ပြီးဖြစ်၍ ရှေးဦးမြားကို အားကုန်သုံးကာ ထိုးစိုက်ရာတွင် မောပန်းစေမည်မဟုတ်ပေ။ သူ့အဖို့ ရွှင်လန်းသောခံစားချက်ကိုပင် ရရှိစေသည်။
သို့သော် ယီယွင် ဒုတိယမြားတံကို ကိုင်ထားချိန်တွင် ရုတ်တရက် ရပ်သွားကာ..." အိုး... စွမ်းအင်စီးဆင်းတာမှာ အဆင်မချောတာအချို့ ရှိနေပုံပဲ "
ခန္ဓာကိုယ်ထဲမှ စွမ်းအင်အားလုံးကို အသုံးပြုလိုက်ချိန်တွင် ရှေးဦးဆေးပင်မှ စွမ်းအားများက ကြီးမားလှသော်လည်း ဇက်ကြိုးမပါသော မြင်းတစ်ကောင်ပမာပင် ထိန်းရခက်လှသည်ဟု ယီယွင် ခံစားရသည်။
ရှေးဦးဆေးပင်၏ စွမ်းအားများက အားကောင်းလွန်းလှသည်ဖြစ်ပြီး ခရမ်းသွေးနယ်ပယ်သို့ မရောက်မီက ကျင့်ကြံထားသော နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းသည်ပင် လုံလောက်ခြင်းမရှိတော့ပေ။
ယီယွင် ရပ်သွားချိန်တွင် လူအများ ပြောစရာမဲ့သွားရ၏။
ရှေးဦးမြား၏ အလေးချိန်ကြောင့် သူတို့၏လက်မောင်းများ ပြုတ်ထွက်တော့မည့်ပမာ ခံစားရသည်ဖြစ်ပြီး ရှေးဦးမြားကို ပင့်မြောက်ပြီးသည်နှင့် စွမ်းအားများ ချွေတာရန်အတွက် မြားတံထိုးစိုက်ရေးကိုသာ အလျင်လိုတတ်ကြသည်။ မည်သူတစ်ဦးကမျှ ယီယွင်ကဲ့သို့ မြားတံအားကိုင်ကာ ဘဝကို မေးခွန်းထုတ်နေသကဲ့သို့ပင် ရပ်နေခြင်းမပြုကြပေ။
ဤသည်က လွန်လွန်းလှချေသည်။
လူအများ တွေးနေချိန်မှာပင် ယီယွင်က ရုတ်တရက်ပင် ဥာဏ်အလင်းရသွားသည့်ပမာပင် ဒုတိယမြားတံကို ကိုင်ကာ ခရမ်းရောင်အဖြိုက်နက်နံရံဆီသို့ ပြေးဝင်သွားသည်။
ဒေါင်...။
မြည်သံထွက်ပေါ်လာကာ ဒုတိယ ရှေးဦးမြားသည် ခရမ်းရောင်အဖြိုက်နက်နံရံထဲသို့ ခိုင်မာစွာစိုက်ဝင်သွားလေ၏။ တစ်ဖန်ထပ်၍ပင် မြားခေါင်းသည် သုံးပေအနက်ခန့် စိုက်ဝင်နေပြီး အမြီးပိုင်းသည် တုန်ခါနေလေ၏။
ကတုံးချင်မှာ ထိုမြင်ကွင်းကြောင့် အတော်ပင် မှင်တက်မိနေသည်။
ထိုကလေးက အဘယ်အရာကို လုပ်ခဲ့လေသနည်း။
ထိုကလေးက တစ်လလုံး ဆေးပင်ခူးနေခဲ့သည်မှာ သိသာလှသော်လည်း စွမ်းအားများကမူ ထိုမျှအထိ တိုးတက်လာသည်တဲ့လား။ ထိုကလေးက ခရမ်းသွေးနယ်ပယ် အလယ်အဆင့်သို့ ချိုးဖျက်ခဲ့သည့်တိုင်အောင် အစောပိုင်းအဆင့်နှင့် အလယ်အဆင့်က အနည်းငယ်သာ ကွာခြားလေသည်။ ခွန်အားများ ကြီးမားစွာတိုးတက်စေနိုင်ခြင်း မရှိပေ။
ကတုံးချင်တွင် လူသားအရှင်သခင်အဆင့် ကျင့်ကြံမှုစွမ်းအား ရှိနေသော်ငြားလည်း ယီယွင်ကိုကြည့်ကာ မည်သည့်သဲလွန်စမျှ ရှာမတွေ့ပေ။
" ဒုတိယမြားကလည်း လွယ်ကူနေတုန်းပဲ "
လူအများ ရင်တုန်နေကြသည်။ ယီယွင်၏ခွန်အားက သူတို့ထက် အပြတ်သာလွန်နေသည်။
ယီယွင် လျှာသပ်ကာ ပျော်ရွှင်နေလေ၏။ မှော်နဂါးကြေးပြား တစ်ထောင်က ရှာရလွယ်လွန်းလှချေ၏။
ယီယွင် လက်ကောက်ဝတ်အား ပွတ်သပ်ကာ တတိယမြားကို ကောက်ယူရန် ခါးကုန်းလိုက်သည်။ သူက အနားယူခြင်းပင်မပြုဘဲ ဆက်တိုက်လုပ်ဆောင်နေခဲ့သည်။
" ထပ်လာစမ်း "
အော်သံနှင့်အတူ ယီယွင်၏လက်များက ရှေးဦးမြားကို ခိုင်မာစွာကိုင်မြာက်လိုက်သည်။
သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအင်စီးဆင်းမှုကို ခံစားကြည့်လိုက်ရာ ဟန်ချက်မညီခြင်းကို ခံစားနေရဆဲပင်။ မည်သို့ပင်ဖြစ်စေကာမူ ယင်းက ယီယွင်၏ စွမ်းအားဖောက်ခွဲမှုကို ထိခိုက်စေခြင်းမရှိပေ။
ယီယွင်၏သွေးကြောများထဲတွင် သွေးများဆူပွက်လာပြီး ရှေးဦးဆေးပင်၏ စွမ်းအားများက မီးတောင်တစ်လုံးပမာ ပေါက်ကွဲထွက်လာသည်။ သူ၏စွမ်းအားများက အထွတ်အထိပ်သို့ ရောက်ရှိနေသည်ဟု ခံစားနေရပြီး ဖွင့်ထုတ်ပစ်ရန်အတွက် မစောင့်နိုင်တော့ပေ။
သူ၏တစ်ကိုယ်လုံးမှ ခွန်အားများကို ရှေးဦးမြားဆီသို့ ပို့ဆောင်ကာ အားကုန်ထိုးစိုက်လိုက်လေ၏။
ဒေါင်...။
ဆူညံသောအသံက ကောင်းကင်ယံအား ထိုးဖောက်သွားခဲ့သည်။ ခရမ်းရောင်အဖြိုက်နက်နံရံပင် အနည်းငယ် တုန်ခါသွားရလေ၏။
တတိယမြောက် ရှေးဦးမြားက နံရံထဲသို့ စွဲမြဲစွာဝင်ရောက်သွားလေသည်။ မြားအမြီးပိုင်းက မြန်ဆန်စွာ တုန်ခါနေကာ အရိပ်များပင် ဖြစ်ပေါ်နေသည်။ ဤမြားချက်က ယခင်နှစ်ချက်ထက် နှစ်ဆပို၍ပင် အားပြင်းလေသည်။
လူငယ်များ ကြက်သေသေနေကြလေ၏။ မည်ကဲ့သို့ ခွန်အားမျိုးပေနည်း။ အဘယ်သို့ ဖြစ်ရလေသနည်း။ သူတို့၏ရှေ့မှောက်မှ ယီယွင်က လူသားအသွင်ယူထားသည့် သားရဲတစ်ကောင်သာ ဖြစ်ချေသည်။
ကျိုးခွေ့ ငေးငိုင်နေ၏။ အစောပိုင်းက သူ၏ စိတ်အားတက်ကြွမှုများ ပျောက်ကွယ်သွားရလေ၏။ သူ အနိုင်ရလျှင် ကြွေးကြော်မည့် ပုရိသဝါဒီမှာတမ်းမှာလည်း ဟာသတစ်ခု ဖြစ်သွားခဲ့ရသည်။
ယီယွင်က ဆေးပင်ခူးနေခဲ့သည် မဟုတ်ပေလော။ ဆေးပင်ခူးရင်းနှင့်ပင် လူတစ်ဦး၏ ခွန်အားများ တိုးတက်လာနိုင်လေသလော။
ဤအဖွဲ့ထဲတွင် အချို့က ပန်းပဲထုကြပြီး ကျန်သူများကမူ လက်ရည်ယှဥ်ဖော်အဖြစ် လုပ်ဆောင်ကြသည်။ သူတို့က ခက်ခဲကြမ်းတမ်းသော တစ်လတာကို ဖြတ်ကျော်ခဲ့ရသည်။ ပန်းပဲတူအား အကြိမ်ကြိမ် ထုရိုက်ရခြင်းကြောင့် ကြွက်သားများ နာကျင်ကိုက်ခဲရပြီး လက်ဖဝါးတွင် သွေးခြေဥရပြီး လက်ရည်ယှဥ်ဖော်များကမူ ပြင်းထန်စွာ ဒဏ်ရာရရှိကြသည်။ သူတို့ ဆေးအချို့ အသုံးပြုပြီးသည်နှင့် ထပ်မံကာ အရိုက်ခံကြရပြန်၏။
သူတို့ အလုပ်ကြိုးစားကာ မှော်နဂါးကြေးပြားများ စုဆောင်းနိုင်ခဲ့သည်။ မှော်နဂါးကြေးပြားများကို သောင်းတန်စေတီတွင် အမတေများ ၊ ဆေးဝါးများနှင့် လဲလှယ်ခဲ့ကြသည်။ သောင်းတန်စေတီမှ အမတေနှင့်ဆေးဝါးများက သူတို့၏အိမ်များတွင် စားခဲ့ရသည့် အရာများထက် ပိုကောင်းသည်ဟု ပြောရပေမည်။
သူတို့၏တိုးတက်မှုများက သိသာသော်လည်း ယီယွင်နှင့် ယှဥ်ကြည့်လျှင်မူ လုံးဝပင် နိမ့်ကျနေလေသည်။
" ဘယ်...ဘယ်လိုဖြစ်ပြီး မင်းရဲ့ခွန်အားတွေ အရမ်းတိုးတက်လာရတာလဲ။ ဘယ်လိုဖြစ်တာလဲ " ကျိုးခွေ့ မယုံကြည်နိုင် ဖြစ်နေရသည်။ ယခင်လတွင် သူက ပျင်းရိခြင်းမရှိခဲ့သော်လည်း ဆေးပင်ခူးသည့် ယီယွင်ကိုမူ ယှဥ်နိုင်ခြင်းမရှိပေ။
ယီယွင် ပြုံးလိုက်သည်။ ပြီးခဲ့သည့်လတွင် စက္ကန့်တိုင်းကို ရေတွက်ရမည်မဟုတ်ပေလော။ သူက ဆေးပင်ခူးသည့်အပြင် နေ့စဥ်လိုပင် ပြဒါးစီးဝတ်စုံကို ဒယ်စောက်နှစ်ရာ အလေးချိန်တွင် ထားရှိထားခဲ့သည်။ သူက ဆေးတောင်တန်းများပေါ်တွင် အတက်အဆင်းလုပ်ကာ ခွန်အားနှင့်လှုပ်ရှားမှုတို့ကို လေ့ကျင့်ခဲ့သည်။
ညအချိန်တွင်လည်း သူက မနက်လင်းသည်အထိ သမထထိုင်ခဲ့သည်။ သူ မည်သည့်အခါကမျှ လဲလျောင်းအိပ်စက်ခြင်း မပြုခဲ့ပေ။
တိုင်အာနတ်မြို့တော်တွင် အိပ်စက်ခြင်းက ဇိမ်ခံလွန်းခြင်းသာ ဖြစ်လေ၏။ အိပ်စက်ခြင်းအား သမထထိုင်ခြင်းနှင့် အစားထိုးခြင်းအားဖြင့် သူ အနားယူချိန်တွင်ပင် ကျင့်ကြံမှုများ တိုးတက်လာစေနိုင်သည်။
ရှေးဦးဆေးပင်ကို ဖမ်းဆီးခြင်းကြောင့်လည်း ယီယွင်မှာ ဝှက်ဖဲအကုန် သုံးခဲ့ရပြီး အန္တရာယ်ကြီးအောက် ရောက်ခဲ့ရသည်။ ကြီးမားသောအန္တရာယ်နှင့် မျိုးစုံသောခက်ခဲမှုများအောက်တွင် သူက မည်သူမျှ မတွေးနိုင်သည့် ကံကောင်းမှုအခွင့်အရေးကို ဖမ်းဆုပ်နိုင်ခဲ့သည်။
ယင်းအရာကို ပန်းပဲထုခြင်းနှင့် လက်ရည်ယှဥ်ခြင်းတို့က နှိုင်းယှဥ်နိုင်ပါဦးမည်လော။
ယီယွင်က ထိုစကားများကို ထုတ်မပြောခဲ့ပေ။
သူ ပြုံးကာ ကျိုးခွေ့အား ပြောလိုက်သည်..." ဒါဘာ့ကြောင့်လဲဆိုတော့...."
ယီယွင်က သံရှည်ဆွဲလိုက်လေရာ လူအများ သိလိုစိတ်ပြင်းပြသွားကြရလေ၏။
" ကံကောင်းတာကြောင့်ပဲ... "
ကျိုးခွေ့ ဒေါသထွက်ကာ သွေးအန်လုနီးပါး ဖြစ်သွားရလေ၏။ သူ့အား ယီယွင်က နောက်ပြောင်နေသည်ဟု ခံစားရလေသည်။ သူတို့ တစ်လလုံး အလုပ်ကြိုးစားခဲ့ရသမျှမှာ ယီယွင်၏ ကံကောင်းမှုဟူသည့် စကားကြောင့် အဆုံးသတ်ခဲ့ရချေ၏။
ကျိုးခွေ့ အမှန်တကယ်ပင် ဒေါသထွက်နေသည်။ သူနှင့်ယီယွင်တို့အကြားမှ ခွန်အားကွာခြားချက်ကို သူက လျစ်လျူရှုကာ ပြောင်ပြောင်တင်းတင်းပင် ပြောလိုက်လေသည်..." ငါ့ကို ပြက်ရယ်ပြုနေတာ ရပ်လိုက်တော့။ ကံကောင်းတယ်ဆိုတာ ဘာကိုပြောချင်တာလဲ။ မင်းက အမျိုးသမီးတွေပဲလုပ်တဲ့ ဆေးပင်ခူးတာကို လုပ်ခဲ့တာလေကွာ။ နေ့တိုင်း ပေါက်ကရတွေလုပ်နေတဲ့ မင်းရဲ့ခွန်အားတွေ ဘယ်လိုလုပ်ပြီး တိုးတက်လာနိုင်မှာလဲ။ ကျင့်ကြံမှုအဆင့်လည်း တိုးတက်လာတာတဲ့လား။ မင်း ဘာလုပ်...."
ကျိုးခွေ့ စကားမဆုံးသေးမီမှာပင် ကျောင်းမြေ၏ အစွန်းပိုင်းဆီသို့အနက်ရောင်ဝတ်စုံများနှင့် လူတစ်စု ချဥ်းကပ်လာသည်။
ထိုသူများက ထူးဆန်းစွာ ဝတ်ဆင်ထားကြလေပြီး သူတို့အား ဆန်းကြယ်သောခံစားချက်တစ်ရပ် ဖြစ်စေလေသည်။ သူတို့၏ သာမန်ခြေလှမ်းများက နှေးကွေးဟန်ရှိနေသော်လည်း သူတို့၏ခြေထောက်များက ဟင်းလင်းပြင်နှင့် ထိတွေ့မိနေသကဲ့သို့ပင် ဖြစ်နေသည်။ သူတို့က ခြေလှမ်းအနည်းငယ်မျှနှင့်ပင် ကျောင်းမြေအလယ်သို့ ရောက်လာခဲ့ကြသည်။
ထိုသူများထဲတွင် ဆေးပင်ခူးရုံးမှ ဝမ်လည်း ပါဝင်နေသည်။ သူမက ထိုသူများ၏နောက်မှ ရိုကျိုးစွာ လိုက်လာခဲ့ချေသည်။ မည်သူကိုမျှ လေးစားမှုမပြသည့် ဝမ်က ယခုအခါတွင် လေးစားမှုပြနေချေ၏။ သူမ၏ရှေ့မှ လူများက အရေးပါသူများဖြစ်ကြောင်း ထင်ရှားလေသည်။
နည်းပြချင်က ထိုသူများကို မြင်သောအခါတွင် လေးနက်သွားလေ၏။ နောက်ပစ်ထားသည့် သူ၏လက်များ ခပ်ကုတ်ကုတ်ဖြစ်သွားလေသည်။
" ဥပဒေထိန်းအရာရှိ " နည်းပြချင်က အနည်းငယ် ဦးညွတ်လိုက်သည်။ တိုင်အာနတ်မြို့တော်ထံတွင် သူ၏ရာထူးက ဤသူများထက် နိမ့်လေ၏။
ဥပဒေထိန်းတဲ့လား။
လူငယ်များ တုန်လှုပ်သွားကြသည်။ ဥပဒေထိန်းက မည်သည့်ရာထူးပေနည်း။
အနက်ဝတ်လူများ၏ ကျင့်ကြံမှုအဆင့်များကို သူတို့ မသိကြသော်လည်း ထိုသူများ၏ အရှိန်အဝါများထံမှ ဖိအားကိုမူ သူတို့ ခံစားမိကြသည်။ နည်းပြချင်၏ ပြုမူပုံအရဆိုလျှင် ဥပဒေထိန်းဆိုသည့် ထိုသူများက အရေးပါသူများဖြစ်ကြောင်း ပြသနေချေ၏။
လူငယ်များက ချက်ချင်းပင် သတိစွဲကာ ရပ်လိုက်ကြသည်။ နည်းပြချင် ဇဝေဇဝါဖြစ်နေရလေ၏။ ဗဟိုနတ်မျှော်စင်မှ ဥပဒေထိန်းများက အဘယ့်ကြောင့် တပ်သားသစ်ကျောင်းမြေသို့ ရောက်လာကြရလေသနည်း။
အနက်ဝတ်လူစု၏ ခေါင်းဆောင်ဖြစ်သူ အသက်လတ်ပိုင်းလူက မျက်နှာဖုံးကို ဖယ်ရှားကာ ဖြူလျော်နေသောမျက်နှာကို ထုတ်ပြလာသည်။ ထိုသူ၏မျက်နှာပေါ်တွင် မျဥ်းပြိုင်သဏ္ဌာန် အမာရွတ်သုံးကြောင်း ရှိနေလေ၏။ ထိုသူအား ပျက်စီးခြင်းသားရဲတစ်ကောင်၏ လက်သည်းနှင့် ကုတ်ခြစ်မိထားသည့်အလားပင်။
ထိုသူက လူငယ်အဖွဲ့ကိုကြည့်ကာ တည်ငြိမ်စွာပင် မေးလိုက်လေသည်...." ယီယွင်က ဘယ်သူလဲ "