အကြီးအကဲကျန်းကဲ့
Vol. 14 Ch. 199
" ယီယွင်လား။ သူက ယီယွင်ကို ရှာနေတာလား "
အနက်ဝတ်လူက ယီယွင်အား ရှာနေကြောင်း ကြားလိုက်ရလေသောကြောင့် လူငယ်များ အံ့အားသင့်သွားကြ၏။ ထိုမျှ အရေးပါသော လူတစ်ဦးက ယီယွင်ကို အဘယ့်ကြောင့် ရှာနေရလေသနည်း။
ယီယွင်က ထူးချွန်သော်လည်း ထိုသို့သော အရေးကြီးပုဂ္ဂိုလ်များ၏ အာရုံများကို ဆွဲဆောင်နိုင်ခြင်းမရှိသေးသည့် တပ်သားသစ်တစ်ဦးသာ ဖြစ်လေသည်။
" ကျုပ်ပါ " ယီယွင် ရှေ့ထွက်လာသည်။ သူက ဥပဒေထိန်းကို တိုင်အာနတ်မြို့တော်၏ အလေးပြုပုံစံအတိုင်း အလေးပြုလိုက်သည်။
အနက်ရောင်ဝတ်စုံနှင့် အသက်လတ်ပိုင်းလူသည် ယီယွင်ကို ဤလူငယ်က မည်သည့်အရာ ထူးခြားနေကြောင်းကို သိလိုနေသည့်အလားပင် အသေအချာ အကဲခတ်လိုက်သည်။ ဤလူငယ်လေးက အံ့ဩဖွယ်ကောင်းစွာဖြင့်ပင် အသက် ၁၃ နှစ်နှင့် ခရမ်းသွေးနယ်ပယ် အလယ်အဆင့်သို့ ရောက်နေချေသည်။
အနက်ရောင်ဝတ်စုံနှင့် လူက ပြုံးကာဆိုသည်..." ငါတို့နဲ့လိုက်ခဲ့။ အကြီးအကဲက မင်းနဲ့ တွေ့ချင်နေတယ် "
ထို့နောက် အနက်ရောင်ဝတ်စုံနှင့် လူက လှည့်ထွက်သွားလေသည်။
ကျိုးခွေ့နှင့် လူငယ်တစ်သိုက်တို့မှာ မှင်တက်မိနေကြလေ၏။ အနက်ရောင်ဝတ်စုံနှင့် လူက မည်သည့်အရာကို ပြောခဲ့လေသနည်း။ အကြီးအကဲတဲ့လား။ ဘာအကြီးအကဲလဲ။
အများစုသည် တုန်လှုပ်နေရာမှ သတိပြန်ဝင်မလာကြသေးပေ။ သူတို့ တစ်ဦးနှင့်တစ်ဦး ကြည့်နေကြ၏။ တိုင်အာနတ်မြို့တော်ခုလုံးတွင် အကြီးအကဲဟု ခေါ်ညွှန်းခံရသူများက လက်တစ်ဆုပ်စာခန့်သာ ရှိလေသည်။ အကြီးအကဲတစ်ဦးချင်းစီတိုင်းက တိုင်အာနတ်ပြည်ထောင်၏ ထောက်တိုင်ကြီးများဖြစ်ပြီး ရှေးအချိန်ကတည်းက တိုက်ပွဲဆင်နွှဲလာကြသည့် ထူးခြားသောတည်ရှိမှုများ ဖြစ်ကြသည်။
ထိုသူများက ပညာရှိများ ဖြစ်ကြလေ၏။ လူသားပညာရှိတစ်ဦးက ယီယွင်ကို တွေ့ချင်နေသည်တဲ့လား။
သူတို့ တုန်လှုပ်နေကြသည်။ လူငယ်များသာမက ကတုံးချင်သည်ပင် ကြောင်အနေရသည်။
နတ်မြို့တော်၏ အကြီးအကဲတစ်ဦးကို ယီယွင်ကို တွေ့ချင်နေသည်တဲ့လား။ ယင်းက မယုံနိုင်စရာပင်။
တိုင်အာနတ်မြို့တော်၏ သမိုင်းတွင် နှစ်ပေါင်းငါးရာကြာလျှင်ပင် လူသားပညာရှိတစ်ဦး ပေါ်ထွန်းမလာနိုင်ပေ။
အကြီးအကဲက ယီယွင်ကို တွေ့လိုနေသည်မှာ ရှေးဦးမြားအနည်းငယ်ကို ခရမ်းရောင်အဖြိုက်နက်နံရံထဲသို့ ထိုးသွင်းနိုင်ခဲ့သည့် အကြောင်းအရင်းကြောင့် မဟုတ်ကြောင်းကို ကတုံးချင်က အတပ်သိသည်။ ယီယွင်၏ ရှေးဦးမြားသုံးချောင်း ထိုးစိုက်မှုက အမှန်တကယ်ပင် မဆိုးလှသော်လည်း အကြီးအကဲတစ်ဦး အာရုံစိုက်လာရန်အတွက်မူ မထိုက်တန်သေးပေ။
ပညာရှိတစ်ဦးအတွက်မူ ထိုအောင်မြင်မှုမျိုးက ပြောပလောက်စရာ မရှိပေ။ ထိုသို့ဆိုလျှင် အကြီးအကဲက ယီယွင်ကို အဘယ့်ကြောင့် တွေ့ချင်နေရလေသနည်း။
" နည်းပြချင်... ကျုပ် ခဏလောက် ထွက်သွားရဦးမယ်။ ဆုလာဘ်အတွက်ကတော့ နည်းပြချင်ကိုပဲ အပူကပ်ရတော့မယ် " ယီယွင်က နည်းပြချင်ကို နှုတ်ဆက်ကာ အနက်ဝတ်လူ၏နောက်သို့ လိုက်သွားလေသည်။
ကတုံးချင် မှင်တက်မိနေသည်။ ကတုံးချင်၏နောက်မှ ကျိုးခွေ့နှင့် အခြားလူငယ်များကလည်း မှင်တက်မိနေနှင့်ပြီး ဖြစ်လေသည်။ သူတို့ ပါးစပ်အဟောင်းသား ဖြစ်နေကြပြီး သူတို့၏မြင်ကွင်းထဲမှ ယီယွင် ပျောက်ကွယ်သွားချိန်အထိ ပါးစပ်မပိတ်နိုင်ကြပေ။
ကျိုးခွေ့သည် ယီယွင် ရှေးဦးမြားအား ပင့်မြောက်ခဲ့ချိန်တွင် တစ်စုံတစ်ဦးက သူ့အား တွေ့ချင်လာနိုင်သည်ဖြစ်၍ အလျင်လိုနေကြောင်း ပြောခဲ့သည်ကို ရုတ်တရက် ပြန်တွေးမိသွားလေသည်။
ထိုစဥ်ကမူ ယီယွင် ခူးလာခဲ့သည့် ဆေးပင်များကြောင့် ဆေးခူးကလေးငယ်အချို့က လာတွေ့လိုခြင်းသာ ဖြစ်လိမ့်မည်ဟု ကျိုးခွေ့က ထင်ထားသည်။ ယခုတွင်မူ ယီယွင်အား တွေ့လိုနေသည်မှာ တိုင်အာနတ်မြို့တော်၏ အကြီးအကဲတစ်ဦး ဖြစ်နေကြောင်းကို သူ သိရှိခဲ့ရလေ၏။
ယီယွင်က တွေ့စရာရှိသည်ဟု ပေါ့ပေါ့ပါးပါးပင် ပြောခဲ့သူက တိုင်အာနတ်မြို့တော်၏ အကြီးအကဲတစ်ဦး ဖြစ်နေချေသည်။ ယီယွင်တွင် စိတ်ဝေဒနာ ရှိနေသည်လားဟု ကျိုးခွေ့ စတင်တွေးတောလာ၏။
" နည်းပြချင်... ဘာတွေဖြစ်ကုန်တာလဲ " တစ်စုံတစ်ဦးက မေးလိုက်သည်။ ကတုံးချင်က ခေါင်းယမ်းလိုက်၏။ သူသည်လည်း မတွေးတတ်ပေ။
" တန်းဖြုတ်မယ် " ကတုံးချင် လက်ခါပြလိုက်သည်။
အကြီးအကဲတစ်ဦးက ယီယွင်အား ဆင့်ခေါ်ခဲ့ခြင်းသည် တပ်သားသစ်စခန်းတွင် သတင်းကြီးတစ်ခု ဖြစ်လာမည်မှာ သေချာလှသည်။ ယီယွင်က အကြီးအကဲတစ်ဦးနှင့် မည်သို့ပတ်သတ်မိသွားလေသနည်း။
သူက ဝမ်ကို မေးကြည့်ရန် ပြင်ထားလေသည်။
......................
လက်ရှိတွင် ယီယွင်က ဥပဒေထိန်းအဖွဲ့နှင့်အတူ ဗဟိုနတ်မျှော်စင်ဆီသို့ သွားနေလေ၏။
ကြီးမားထည်ဝါသော ဗဟိုနတ်မျှော်စင်ကို အကြိမ်များစွာ မြင်ဖူးသည့်တိုင်အောင် ယီယွင်မှာ ဗဟိုနတ်မျှော်စင်၏ ထည်ဝါမှုကြောင့် အံ့အားသင့်နေရဆဲပင်။
ဗဟိုနတ်မျှော်စင်က ခမ်းနားထည်ဝါသော တောင်တစ်လုံးအလားပင်။ ဗဟိုနတ်မျှော်စင်တွင် လေသင်္ဘောကြီးများက ပိုးကောင်များပမာပင် အဝင်အထွက်လုပ်နေကြ၏။
အနက်ရောင်ဝတ်စုံနှင့်လူက ဆိုသည်..." တိုင်အာနတ်မြို့တော်မှာ အကြီးအကဲငါးဦး ရှိတယ်။ မင်းနဲ့တွေ့ရမှာက အကြီးအကဲကျန်းကဲ့ပဲ။ အကြီးအကဲကျန်းကဲ့က လက်ရှိမှာ ဗဟိုနတ်မျှော်စင်ရဲ့ မြေမီးအဂ္ဂရိတ်အခန်းထဲမှာ ရှိနေတယ် "
အနက်ရောင်ဝတ်စုံနှင့်လူက စကားဆိုရင်းဖြင့် ယီယွင်အား ဗဟိုနတ်မျှော်စင်ထဲသို့ ခေါ်ဆောင်သွားလေသည်။ ခန်းမစင်္ကြံလမ်းက ငါးထပ်ခန့်မြင့်မားသည်ဖြစ်ရာ အထဲတွင် လမ်းလျှောက်နေသူများအဖို့ သေးငယ်သည်ဟု ခံစားရစေသည်။
စင်္ကြံလမ်း၏ ဘေးနှစ်ဖက်တွင် ကြီးမားသော ပန်းချီကားများနှင့် ပန်းပုရုပ်များရှိပြီး ကြမ်းပြင်အား အုတ်ချပ်ပြားများ ခင်းထားလေသည်။ အုတ်ချပ်ပြားများက အနက်ရောင်ဖြစ်ပြီး ကြေးမုံပမာပင် တောက်ပြောင်သည်။ ယီယွင် အုတ်ချပ်ပြားများပေါ်သို့ ခြေချမိချိန်တွင် သွေးလည်ပတ်မှုများ မြန်ဆန်လာသည်ဟု ခံစားရသည်။ သူ၏သွေးများက အုတ်ချပ်ပြားများနှင့် ချိတ်ဆက်သွားသည့်အလား ဖျော့တော့သောခံစားချက် ဖြစ်လေသည်။
နတ်အရိုင်းမြေစာအုပ်ထဲတွင် ဗဟိုနတ်မျှော်စင်အား ဖော်ပြထားသည်များကို ယီယွင် ရုတ်တရက်ပင် သတိရသွားလေသည်။ ဗဟိုနတ်မျှော်စင်မှ အုတ်ချပ်များကို အထူးဖန်တီးထားခြင်း ဖြစ်လေ၏။ ထိုအုပ်ချပ်များက အလျားနှင့် အနံ သုံးပေသုံးလက်မ ရှိသည်။ အုတ်ချပ်များက ချောမွေ့ကာ သံမဏိတမျှ မာကျောလေသည်။ ၎င်းတို့တွင် ညဥ့်နက်သားရဲသွေးအုတ်ချပ်ဟူသည့် အထူးအမည်တစ်ရပ် ရှိလေသည်။
ညဥ့်နက်ဟု ဖော်ညွှန်းရသည်မှာ အုတ်ချပ်များက အနက်ရောင်အဆင်း ဖြစ်နေသောကြောင့်ပင်။ သားရဲသွေးဟု ခေါ်ရသည်ကမူ အုတ်ချပ်များကို သားရဲသွေးများ ဖြန်းကာ မီးဖိုထဲသို့ ထည့်ဖုတ်ထားခြင်းကြောင့် ဖြစ်သည်။
အုတ်ချပ်များကို သားရဲသွေးများနှင့် မီးဖိုထဲတွင်ထည့်ကာ သွေးများကို စုပ်ယူထားစေခြင်း ဖြစ်သည်။ အစီအရင်ပညာရှင်များ၏ အသေးစိတ် အစီအရင်ချထားမှုများကြောင့် ဗဟိုနတ်မျှော်စင်က ကီလိုမီတာငါးသိန်း ပတ်လည်အတွင်းမှ မိုးမြေယွမ်ချီများကို စုစည်းနိုင်သည့် ဧရာမရတနာကြီးတစ်ခု ဖြစ်လာရသည်။
တိုင်အာနတ်ပြည်ထောင် အလွန်အားကောင်းခဲ့စဥ်က တိုင်အာနတ်မြို့တော်ကို အလွန်ကြီးမားသော ကြွယ်ဝချမ်းသာမှုများ ၊ အရင်အမြစ်များနှင့် တည်ဆောက်ထားခဲ့သည်ဟု ဆိုရပေမည်။ ၎င်းက တိုင်အာနတ်ပြည်ထောင်၏ သင်္ကေတတစ်ရပ် ဖြစ်လေ၏။
ဝတ်ရုံနက်နှင့်လူက ကျောက်တံခါးကြီးတစ်ချပ်အား တွန်းလိုက်ရာ အောက်သို့ဆင်းသွားသည့် ကြောင်လိမ်လှေကားတစ်ခု ပေါ်လာလေသည်။
" နောက်ကလိုက်ခဲ့ " ဝတ်ရုံနက်နှင့်လူက ကြောင်လိမ်လှေကားအတိုင်း ဆင်းသွားလေသည်။ ကြောင်လိမ်လှေကားက ကြီးမားခြင်းမရှိဘဲ လူလေးငါးယောက်ခန့်သာ တပြိုင်တည်း အတက်အဆင်းလုပ်နိုင်သည်။ ယင်းက မြေအောက်သို့ဆင်းသည့် လမ်းကြောင်းငယ်တစ်ခု ဖြစ်လိမ့်မည်ဟု ယီယွင်က မှန်းဆထား၏။
သို့သော် အကြီးအကဲကျန်းကဲ့က ဗဟိုနတ်မျှော်စင်တွင် နေထိုင်ခြင်းမရှိဘဲ မြေအောက်တွင်သာ နေထိုင်လေသောကြောင့် ယီယွင် စိတ်ပျက်သွားရသည်။
ယီယွင်က ဗဟိုနတ်မျှော်စင်၏ အထပ် ၉ဝ အထက်မှ အဆင့်များကို အမှန်တကယ်ပင် ကြည့်ရှုလိုသည်။ သူက ဂန္တဝင် ထိပ်တန်းအဆင့်အခန်းများကို ကြည့်လိုလေ၏။
ထိပ်တန်းအဆင့် အခန်းများက ဆန်းကြယ်နက်နဲလှပြီး တိုင်အာနတ်မြို့မှ ကျင့်ကြံသူများ ရင်သပ်ရှုမောအဖြစ်ရဆုံးအရာ ဖြစ်လေသည်။
ကြောင်လိမ်လှေကားက အဆုံးသတ်မည့်ဟန် မရှိလေဘဲ ဘေးနှစ်ဖက်နံရံများတွင် မီးအိမ်ငယ်များ ချိတ်ဆွဲထားလေသည်။ သူတို့ မီတာရာချီအထိ အောက်ဆင်းခဲ့ပြီးနောက် သတ္တုတံခါးတစ်ခုရှေ့သို့ ရောက်သွားခဲ့သည်။
သတ္တုတံခါးပေါ်တွင် ရှုပ်ထွေးလှသော ပုံစံမျိုးစုံ ရေးထိုးထားလေ၏။ ဝတ်ရုံနက်နှင့်လူက တံခါးရှေ့တွင်ရပ်ပြီး ဦးညွတ်ကာ..." အကြီးအကဲကျန်းကဲ့... ကျုပ် ယီယွင်ကို ခေါ်လာခဲ့ပါပြီ "
" ကောင်းပြီ " တံခါးထံမှ ဗလုံးဗထွေးအသံတစ်ခု ထွက်လာသည်။ အသံက အားမပါသည့်တိုင်အောင် ပျောက်ကွယ်မသွားဘဲ ပဲ့တင်ထပ်နေသည်။
ယီယွင် အကြီးအကဲနှင့်တွေ့ရမည်ကို စိုးရိမ်နေသည်။
တံခါးက မည်သူမျှမတွန်းဘဲ ပွင့်သွားခဲ့လေ၏။
ပူတယ်...။
ယင်းက ယီယွင် ပထမဆုံး ခံစားရသည့်အရာ ဖြစ်လေသည်။ သူ၏ရှေ့တွင် မြေမီးအဂ္ဂရိတ်အခန်း ရှိလေ၏။ အခန်းအလယ်တွင် ကြေးဝါဖြင့်ပြုလုပ်ထားသည့် မီးဖိုတစ်လုံး ရှိနေသည်။ မီးဖိုသည် လူတစ်ရပ်ခန့်မြင့်ပြီး မျက်နှာပြင်တွင် ပန်းများ ၊ ငှက်များ ၊ ပိုးမွှားများ ၊ ငါးများ ရေးထွင်းထားလေ၏။
မီးဖို၏ရှေ့တွင် အစိမ်းရောင်ဝတ် အဖိုးအိုတစ်ဦး ရပ်နေသည်။ အဖိုးအိုက အလွန်ပင်သာမန်ဆန်ကာ အနည်းငယ် ပိန်ပါးသည်။ ယင်းကြောင့် အဖိုးအို ဆေးဝတ်စုံက အနည်းငယ်ခန့် ပွယောင်းနေလေ၏။
အဖိုးအို၏နောက်တွင် ဓားတစ်လက်ရှိသည်။ ဓားအား အဝတ်ပတ်ထားသည်ဖြစ်ပြီး ရိုးရှင်းသော ဓားလက်ကိုင်ရိုးသာ ပေါ်နေလေသည်။ ဓားက မည်သို့ပုံစံရှိကြောင်း မှန်းဆရန် ခက်ခဲလေ၏။
အဖိုးအိုက မြေမီးအဂ္ဂရိတ်အခန်းထဲတွင် အချိန်ကြာမြင့်စွာ ကုန်ဆုံးခဲ့ဟန်ရှိနေလေ၏။ သူ၏မျက်ဝန်းများ ရီဝေနေလျက်ရှိကာ သူ့အား နွမ်းလျနေသည့်အသွင် ဖြစ်နေစေသည်။
မည်သည့်အရာမျှ ထူးခြားဟန်မရှိဘဲ ချိနဲ့နေသည့် ထိုအဖိုးအိုအား တိုင်အာနတ်မြို့တော် အသန်မာဆုံး ကျွမ်းကျင်သူများထဲမှ တစ်ဦးအဖြစ် ထင်မိကြမည်မဟုတ်ပေ။
" အကြီးအကဲကျန်းကု... ယီယွင်ကို ခေါ်လာခဲ့ပါပြီ " ဝတ်ရုံနက်နှင့်လူက စကားဆိုပြီးနောက် တိတ်တဆိတ်ပင် နောက်ဆုတ်သွားကာ တံခါးကိုပိတ်လိုက်သည်။
အခန်းထဲတွင် ယီယွင်နှင့် အဖိုးအိုသာ ကျန်ရစ်ခဲ့သည်။ ယီယွင် အသက်အောင့်ထားမိ၏။ သူ့ကိုယ်သူ တည်ငြိမ်နေသည်ဟု ပြောနေခဲ့သည့်တိုင်အောင် နှလုံးခုန်နှုန်းမှာ ပိုမို၍ပင် မြန်ဆန်လာခဲ့သည်။
သူသည် ယခင်က သန်မာသော ပျက်စီးခြင်းသားရဲများနှင့် ရင်ဆိုင်ဖူးသော်လည်း ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။ သို့သော် ထိုအဖိုးအို၏ ရှေ့မှောက်တွင်မူ ယီယွင်မှာ ကြီးမားလှသော ဖိအားတစ်ခုကို ခံစားနေရလေ၏။
" မင်းက ယီယွင်လား " အဖိုးအိုက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။ အဖိုးအို၏ တစ်ဝက်ပိတ်နေသော မျက်လုံးများ ပွင့်လာကာ သူငယ်အိမ်တွင် ယီယွင်၏ပုံရိပ် ထင်ဟပ်နေသည်။
ယီယွင် ချက်ချင်းပင် တောင့်တင်းသွားရလေ၏။ ထိုမျက်လုံးများက သူ့အား ထွင်းဖောက်ကြည့်နေသည်ဟု ခံစားရလေသည်။
သူ၏အသွေးအသား တစ်လက်မချင်းစီတိုင်း ၊ တန်းထျန် ၊ ကိုယ်တွင်းအင်္ဂါများ ၊ ၃၆၀ သော သွေးကြောအမှတ်များ ၊ သွေးကြောကြီး ဆယ့်နှစ်ခု ၊ အထူးသွေးကြောမကြီးရှစ်ခုတို့ကို အဖိုးအိုက စီစစ်ကြည့်ရှုနေလေ၏။
နတ်မျက်လုံး...။
ယီယွင် ရင်ထိတ်သွားရသည်။ ခရမ်းရောင်သလင်းကျောက်သည်လည်း နှလုံးနှင့်အတူ ကျုံ့လိုက်ဆန့်လိုက်ဖြစ်နေရ၏။ ယီယွင်၏လက်ဖဝါးများ ချွေးများနှင့် စေးကပ်ကပ်ဖြစ်လာရသည်။
အဖိုးအိုက ယီယွင်ကို အေးအေးဆေးဆေးနှင့်ပင် ဂရုတစိုက် လေ့လာကြည့်ရှုနေလေ၏။ အကြည့်များသည် ယီယွင်၏ နှလုံးအား အကြိမ်အနည်းငယ်ခန့် ထွင်းဖောက်ကာကြည့်ခဲ့သည့်တိုင်အောင် ခရမ်းရောင်သလင်းကျောက်ကို သတိပြုမိခြင်းမရှိခဲ့ပေ။
အဖိုးအိုက ယီယွင်ကို တအံ့တဩကြည့်ကာ..." မင်းက နတ်မျက်လုံးဆံ ဖွဲ့စည်းပြီးပြီလား "
အဖိုးအိုက အာရုံခံနိုင်စွမ်း ထက်မြက်လေသောကြောင့် ယီယွင်က နတ်မျက်လုံးဆံ ဖွဲ့စည်းထားနိုင်ခဲ့သည်မှာ အဖိုးအို၏ အကြည့်များအောက်မှ လွတ်မြောက်နိုင်ခြင်းမရှိခဲ့ပေ။