နတ်ကံကြမ္မာအရိုးလက်ဖွဲ့
Vol. 14 Ch. 201
" မင်းက ထိပ်တန်းအဆင့် အဆင့် ၁ ဆုကြေးတွေကိုလည်း ကြည့်ချင်တာလား " အကြီးအကဲကျန်းကဲ့က ယီယွင်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီးနောက် ပြုံးလိုက်လေသည်။
သူက ယီယွင်ကို ထိပ်တန်းအဆင့် အဆင့် ၁ ကျောက်စိမ်းစာလိပ် ပေးအပ်ခြင်းမပြုဘဲ စိတ်ဝင်တစား မေးလိုက်လေ၏..." ကောင်စုတ်လေး... မင်းရဲ့အနာဂတ်ပန်းတိုင်က ဘာလဲ။ အနာဂတ်မှာ မင်းက ဘယ်အဆင့်အထိ လေ့ကျင့်ချင်လဲ "
အနာဂတ် အဆင့်လား။
ယီယွင် မှင်တက်မိသွားကာ မသိစိတ်ဖြင့် ခေါင်းယမ်းလိုက်၏။ အနာဂတ် ကျင့်ကြံမှုပန်းတိုင်အကြောင်းကို သူ တစ်ခါမျှပင် မတွေးဖူးပေ။
အကြီးအကဲကျန်းကဲ့ အနည်းငယ် မျက်မှောင်ကုတ်ကာ မေးလိုက်သည်..." ပန်းတိုင်မရှိဘူးလား "
ယီယွင် အနည်းငယ်တွေးကာ အဖြေပေးသည်..." ကျွန်တော့်မှာ ပန်းတိုင်မရှိတာ မဟုတ်ပါဘူး။ ဘယ်လောက်ဝေးဝေးအထိ သွားနိုင်သလဲဆိုတာကို မသိရုံတင်ပါပဲ။ ဒီဂျူနီယာက ဘယ်အဆင့်ကိုပဲ သိမြင်ခဲ့ရပါစေ အဲ့ဒီအဆင့်ကို ပစ်မှတ်ထားမှာပါ "
မဟာဧကရာဇ်တစ်ပါး၏အထက်တွင် မည်သည့်အရာ ရှိလေသနည်း။ ယီယွင် လုံးဝမသိပေ။
သိုင်းပညာလမ်းစဥ်သည် တောင်တစ်လုံး တက်ရသကဲ့သို့ ဖြစ်လေ၏။ အမြင့်သို့ရောက်လေလေ ပိုမြင့်သည့်အရာကို မြင်ရလေလေသာ ဖြစ်လေသည်။ လက်ရှိတွင် ယီယွင်အတွက်က ပညာရှိတစ်ဦးသည် ဒဏ္ဍာရီတစ်ခု ဖြစ်လေ၏။
ခရမ်းရောင်သလင်းကျောက်က အထင်ကြီးဖွယ်ရာ နတ်ပစ္စည်းတစ်ခု ဖြစ်လေသည်။ ယီယွင်၏ အာရုံခံနိုင်စွမ်းက အားနည်းနေသည့်တိုင်အောင် ခရမ်းရောင်သလင်းကျောက်ကြောင့် ရှေးဦးဆေးပင်သည်ပင် ပုန်းစရာမရှိ ဖြစ်ခဲ့ရသည်။ ပညာရှိတစ်ဦးက ယီယွင်၏ခန္ဓာကိုယ်အား အားကုန်သုံးကာ ရှာဖွေမည်ဆိုလျှင်ပင် ခရမ်းရောင်သလင်းကျောက်၏ အစအနကို တွေ့ရမည်မဟုတ်ပေ။
ခရမ်းရောင်သလင်းကျောက် ပြသနေသည့်စွမ်းရည်က ပညာရှိအဆင့်ထက် ကျော်လွန်နေသည်။ ထိုသို့သော ပစ္စည်းတစ်ခု ပိုင်ဆိုင်ထားသည့် သူ၏ပန်းတိုင်က အဘယ်သို့များ ပညာရှိတစ်ဦးမျှသာ ဖြစ်နေရမည်နည်း။
အကြီးအကဲကျန်းကဲ့သည် ယီယွင်တွင် မည်သို့သောဆန္ဒမျိုး ရှိနေကြောင်းကို မသိသော်လည်း ယီယွင်၏စကားကြောင့် ကျေနပ်သွားရလေ၏။
ယီယွင်၏ပါရမီက ကဏ္ဍများစွာတွင် ချို့တဲ့နေကြောင်းကို သူ သိသော်လည်း ယင်းတို့က အရေးမကြီးပေ။ စစ်သည်တစ်ဦးတွက် အောင်မြင်သည်ဖြစ်စေ ၊ မအောင်မြင်သည်ပင်ဖြစ်စေ ပန်းတိုင်တစ်ခု မဖြစ်မနေပင် ရှိထားရမည်။
အကြီးအကဲကျန်းကဲ့ ငယ်ရွယ်စဥ်က ပညာရှိတစ်ဦးဖြစ်လာရန် ပန်းတိုင်ထားခဲ့သည်။ ထိုစဥ်က လူများစွာတို့သည့် သူအား အိပ်မက်ကြီးနေသည့် ငတုံးတစ်ကောင်ဟု ပြောဆိုခဲ့ကြသည်။ တိုင်အာနတ်မြို့တော်၌ နှစ်ပေါင်းငါးရာလျှင် ပညာရှိတစ်ဦးသာ ပေါ်ထွန်းပေရာ အဘယ်သို့များ သူ့အလှည့် ဖြစ်လာရပါမည်နည်း။
လူပေါင်းများစွာတို့က သူ့အား သွေးနားထင်ရောက်နေသည်ဟု ပြက်ရယ်ပြုခဲ့ကြ၏။ သို့သော် သူ့အား လှောင်ပြောင်ခဲ့ကြသူများ အိုမင်းသေဆုံးကာ အရိုးဆွေးသွားကြချေပြီ။
အကြီးအကဲကျန်းကဲ့ကမူ လူသားအရှင်သခင် ထိပ်ဆုံးအဆင့်မှ ပညာရှိတစ်ဦး ဖြစ်ခဲ့ရသည်။
လိုချင်တပ်မက်သော အိပ်မက်တစ်ခု ရှိနေသည်မှာ ရယ်စရာမဟုတ်ပေ။ အိပ်မက်မရှိသူများက အိပ်မက်ရှိသူများကို လှောင်ရယ်နေခြင်းကသာ ရယ်စရာတစ်ခု ဖြစ်လေ၏။
" ဒါက ထိပ်တန်းအဆင့် အဆင့် ၁ ကျောက်စိမ်းစာလိပ်ပဲ။ မင်း ဒါကိုကြည့်လို့ရတယ်။ မင်းနဲ့ မင်းရဲ့အိပ်မက်အကြားမှာ ကွာဟချက်က အကြီးကြီးရှိနေသေးတယ် " အကြီးအကဲကျန်းကဲ့က ယီယွင်ဆီသို့ ကျောက်စိမ်းစာလိပ်တစ်ခု ပစ်ပေးလိုက်သည်။
ထိုကျောက်စိမ်းစာလိပ်က ရွှေရောင်အဆင်းရှိပြီး ယခင်တစ်ခုထက် ပိုမိုကာသေးငယ်သည်။ ယီယွင် စိတ်အသိ ထိုးသွင်းလိုက်လေ၏။
သူ ပစ္စည်းတစ်ခုကို မြင်မိသွားကာ အကြည့်မလွှဲနိုင်တော့ပေ။ ဒီလောကကြီးထဲမှာ ဒီလို နတ်ပစ္စည်းမျိုး ရှိနေသေးတာလား။
" နတ်ကံကြမ္မာအရိုးလက်ဖွဲ့ ၊ ဂုဏ်အမှတ် ၃၂ မှတ် ၊ မှော်နဂါးကြေးပြား ၅၀၀၀၀ "
ဈေးနှုန်းနှင့်ပင် ယီယွင် ပါးစပ်အဟောင်းသား ဖြစ်နေရသည်။ ဈေးကြီးလွန်းလှချေ၏။
ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း အပ်နှံခြင်းက ဂုဏ်အမှတ် ၃ မှတ်သာ ရခဲ့သည်။ သို့သော် ယန်ဂျင်ဆင်းက ထိခိုက်ပျက်စီးထားလေသောကြောင့် တန်ကြေး၏ သုံးပုံလျှင် တစ်ပုံခန့်ကိုသာ ရနိုင်လိမ့်မည်ဟု အကြီးအကဲကျန်းကဲ့က ပြောဖူးသည်။ ထိုသို့ဆိုလျှင် အကောင်းပကတိရှိနေသည့် ယန်ဂျင်ဆင်းအတွက် ဂုဏ်အမှတ် ကိုးမှတ်သာ ဖြစ်လေသည်။
နတ်ကံကြမ္မာအရိုးအဆောင်ကမူ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်း၏ တန်ဖိုးထက် လေးဆနီးပါးခန့် ပိုမြင့်လေသည်။ ထို့အပြင် မှော်နဂါးကြေးပြား ၅၀၀၀၀ ပါ ထပ်ဆောင်းလိုအပ်သည်။
" နတ်ကံကြမ္မာအရိုးလက်ဖွဲ့က လူတစ်ဦးရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုပြောင်းလဲစေပြီးတော့ လူတစ်ဦးရဲ့ မိုးမြေယွမ်ချီနဲ့ ထိတွေနိုင်မှုကိုလည်း တိုးပွားစေပြီး သိုင်းပညာပါရမီကိုလည်း တိုးမြင့်စေတယ် "
လူတစ်ဦး၏ သိုင်းပညာပါရမီကို တိုးမြင့်စေခြင်း...။
နောက်ဆုံးဖော်ပြချက်က ယီယွင်အား ဆွဲဆောင်သွားခဲ့လေ၏။
ယီယွင်၏ သိမြင်ခံစားနိုင်စွမ်းက မဆိုးလှပေ။ နှစ်ဘဝ နေထိုင်လာခဲ့သည့် သူ၏ဝိညာဥ်စွမ်းအားက အလွန်ပင် အားကောင်းလေသည်။ သူ၏ကျင့်ကြံမှုအတွက် အမတေများနှင့်ဆေးဝါးများ ပြတ်လပ်ခြင်းမရှိပေ။
သူ့တွင် ကျင့်စဥ်နည်းစနစ်တစ်ခု မရှိသော်လည်း လိုက်လံရှာဖွေစုဆောင်းနိုင်သည်။ ယီယွင် မတတ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သိုင်းပညာပါရမီ ဖြစ်လေ၏။
ဤလောကထဲမှ ကလေးတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းလာခဲ့သည့် သူ၏ပါရမီက အလွန်ပင် သာမန်ဆန်သည်။
နတ်ကံကြမ္မာအရိုးလက်ဖွဲ့က သူ၏ပါရမီကို မည်မျှတိုးမြင့်ပေးနိုင်ကြောင်း သူ မသိသော်လည်း တိုင်အာနတ်မြို့တော်က ချမှတ်ထားသည့် တန်ဖိုးအရဆိုလျှင် မျှတလိမ့်မည်ဟု ယုံကြည်ထားသည်။ ဂုဏ်အမှတ် ၃၂ မှတ်နှင့် မှော်နဂါးကြေးပြား ၅၀၀၀၀ ဟု တန်ဖိုးသတ်မှတ်ထားလေသောကြောင့် ထိုသို့တန်ကြေးရှိဖို့ရာသာ များလေ၏။
" မင်း တစ်ခုခုကို အကြိုက်တွေ့သွားတာလား " အကြီးအကဲကျန်းကဲ့က ယီယွင်၏အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသွားလေ၏။
" စီနီယာကို မေးချင်ပါတယ်။ ထိပ်တန်းအဆင့် အဆင့် ၁ ကျောက်စိမ်းစာလိပ်ထဲမှာ ဖော်ပြထားတဲ့ နတ်ကံကြမ္မာအရိုးလက်ဖွဲ့အတွက် ကျင့်ကြံမှုအဆင့် တားမြစ်ချက်ရှိလား "
" နတ်ကံကြမ္မာအရိုးလက်ဖွဲ့လား။ ဟားဟား "
အကြီးအကဲကျန်းကဲ့ ရယ်မောကာ..." မင်းက အဲ့ဒါကို အကြိုက်တွေ့နေတာပေါ့လေ။ နတ်ကံကြမ္မာအရိုးလက်ဖွဲ့အတွက် ကျင့်ကြံမှုတားမြစ်ချက် မရှိဘူး။ မင်းရဲ့ ခရမ်းသွေးနယ်ပယ်က လုံလောက်တယ်။ အဲ့ဒါက ရှေးဦးပျက်စီးခြင်းသားရဲတစ်ကောင်ဆီကနေ သန့်စင်ထားတဲ့ ထူးခြားတဲ့ ပျက်စီးခြင်းအရိုးအမတေတစ်ခုပဲ။ ဒါပေမဲ့ အဲ့ဒါကို ငါတို့ တိုင်အာနတ်ပြည်ထောင်က သန့်စင်ထားတာ မဟုတ်ဘူး။ တိတိကျကျပြောရရင် တိုင်အာနတ်ပြည်ထောင်ရဲ့ ပျက်စီးခြင်းကောင်းကင်သခင်တွေက ဒီလိုအဆင့်ရှိတဲ့ ပျက်စီးခြင်းအရိုးအမတေကို မသန့်စင်နိုင်ကြဘူး "
ယီယွင် အံ့ဩသွားကာ..." တိုင်အာနတ်ပြည်ထောင်ရဲ့ ပျက်စီးခြင်းကောင်းကင်သခင်တွေကတောင် ဒီဟာကို မသန့်စင်နိုင်ကြဘူးလား "
" ဟုတ်တယ်... ပျက်စီးခြင်းကောင်းကင်နည်းစနစ်က နက်နဲကျယ်ပြန့်တယ်။ တိုင်အာနတ်ပြည်ထောင်မှာ ပညာရှိအဆင့် ပျက်စီးခြင်းကောင်းကင်သခင်တွေ လက်တစ်ဆုပ်စာလောက် ရှိပေမဲ့ သူတို့မှာ နတ်ကံကြမ္မာအရိုးလက်ဖွဲ့ကို သန့်စင်နိုင်တဲ့ အသိပညာရပ် မရှိကြဘူး "
အကြီးအကဲကျန်းကဲ့က သက်ပြင်းရှည်ကြီးချကာ..." ဒီလောကကြီးက အရမ်းကြီးမားတယ်။ တိုင်အာနတ်ပြည်ထောင်ရဲ့ အပြင်ဘက်မှာ အခြားနတ်ပြည်ထောင်တွေလည်း ရှိနေသေးတယ်။ အမွေအနှစ်နက်ရှိုင်းတဲ့ အထွတ်အမြတ်အဆင့် မိသားစုမျိုးနွယ်တွေနဲ့ အထွတ်အမြတ်အဆင့် ဂိုဏ်းတွေလည်း ရှိတယ်။ ဒီနတ်ကံကြမ္မာအရိုးလက်ဖွဲ့ကို အထွတ်အမြတ်အဆင့် မိသားစုမျိုးနွယ်တစ်ခုက သန့်စင်ထားတာပဲ။ တိုင်အာနတ်ပြည်ထောင်နဲ့ အဲ့ဒီမိသားစုမျိုးနွယ်ရဲ့ ပတ်သတ်ဆက်နွယ်မှုက နက်ရှိုင်းတယ် "
အကြီးအကဲကျန်းကဲ့ အကြမ်းဖျင်းရှင်းပြခဲ့သည့် အချက်အလက်များကြောင့် ယီယွင် တုန်လှုပ်သွားရသည်။
အထွတ်အမြတ်အဆင့် မိသားစုမျိုးနွယ်။ အထွတ်အမြတ်အဆင့် ဂိုဏ်း။
နှစ်ပေါင်းမရေမတွက်နိုင်လောက်သော အမွေအနှစ်များနှင့် အဆိုပါ ထိပ်သီးအင်အားစုများက မည်သို့ပုံစံမျိုး ရှိကြလေသနည်း။ အမည်မသိရသော အကြောင်းအရင်းအချို့ကြောင့် ယီယွင် ရုတ်တရက်ပင် လင်ရှင်းထုံကို တွေးမိသွားလေသည်။
လင်မိသားစုက မည်သို့ရှိလိမ့်မည်နည်း။ လင်မိသားစုက တိုင်အာနတ်ပြည်ထောင်ထဲတွင် ရှိလေသလော။ တိုင်အာနတ်ပြည်ထောင်၏ အပြင်ဘက်တွင် ရှိလေသလော သို့မဟုတ် ကျယ်ဝန်းသော ဂြိုဟ်တစ်လုံးပေါ်တွင် ရှိလေသလော။
" ဟားဟား... ကောင်လေး... မင်းမှာ ရည်မှန်းချက် မချို့တဲ့ဘူး။ နတ်ကံကြမ္မာအရိုးလက်ဖွဲ့လိုမျိုး ပစ္စည်းတွေရဲ့ ဈေးနှုန်းက လူတွေက ထိတ်လန့်သွားစေနိုင်တယ်။ နတ်ကံကြမ္မာအရိုးလက်ဖွဲ့ကို တစ်ကြိမ်ပဲစားရင် အာနိသင်အဖြစ်ဆုံးပဲ။ ပိုပြီးစားလေလေ အာနိသင် နည်းလာလေလေပဲ။ ပြီးတော့ လူတစ်ဦးရဲ့ ပါရမီက ပိုကောင်းလေလေ အာနိသင်ထိရောက်မှု နည်းလေလေပဲ "
အကြီးအကဲကျန်းကဲ့၏ ရှင်းပြချက်ကြောင့် ယီယွင် နားလည်သွားလေ၏။ ပါရမီထူးကဲသူများအဖို့ နတ်ကံကြမ္မာအရိုးလက်ဖွဲ့အား အသုံးပြုလျှင် များစွာအကျိုးထူးနိုင်မည် မဟုတ်ပေ။
လက်ရှိ ယီယွင်၏ ဂုဏ်အမှတ်စုဆောင်းပုံအရ နတ်ကံကြမ္မာအရိုးလက်ဖွဲ့နှင့် အလဲအလှယ်လုပ်ရန် လွယ်ကူမည်မဟုတ်ပေ။ ရှေးဦးဆေးပင်ကဲ့သို့ ပစ္စည်းမျိုးက တစ်ကြိမ်သာ ရနိုင်လေသည်။ သူက နောက်ထပ်တစ်ခု မရှာနိုင်ခြင်းမဟုတ်လေဘဲ နောက်ထပ်တစ်ခု ရှာနိုင်ခဲ့လျှင်ပင် မအပ်နှံဝံ့တော့ခြင်း ဖြစ်လေသည်။
ဂုဏ်အမှတ်များ စုဆောင်းရန်အတွက် တစ်ခုတည်းသော နည်းလမ်းက ဝါစဥ်ကြီးများ၏ စံချိန်များကို ချိုးဖျက်ပစ်ရန်သာ ရှိတော့ပုံပင်။ အထူးသဖြင့် ပညာရှိစံအိမ်ထဲမှ ခက်ခဲသောစံချိန်များ ဖြစ်လေ၏။ ထိုစံချိန်များက ယီယွင်၏ပန်းတိုင်များ ဖြစ်လာပေလိမ့်မည်။
" အကြီးအကဲကျန်းကဲ့... ဒီဂျူနီယာက တိုင်အာနတ်ကျင့်စဥ်ရဲ့ ပထမသုံးတွဲနဲ့ လဲလှယ်ချင်ပါတယ် " ယီယွင်က ဆိုလိုက်လေ၏။ ပညာရှိစံအိမ်မှ စံချိန်များကို ချိုးဖျက်ရန်အတွက် သူ၏စွမ်းအားများကို တိုးတက်လာစေမည့် တိုင်အာနတ်ကျင့်စဥ်ကို လိုအပ်လေသည်။
နေ့ခင်းအချိန်၌ ယီယွင်က အကြီးအကဲကျန်းကဲ့ကို နှုတ်ဆက်ကာ သူ၏အိပ်ဆောင်သို့ ပြန်လာခဲ့သည်။ သူ ခြောက်လလေ့ကျင့်ရန်အတွက် စတင်ပြင်ဆင်လေ၏။
လက်ရှိအချိန်၌ သူ ရှေးဦးဆေးပင်တစ်ပင် ခူးယူနိုင်ခဲ့ပြီး ဂုဏ်အမှတ်များ ရရှိခဲ့သည့်သတင်းက တိုင်အာနတ်မြို့တော်ထဲတွင် ပျံ့နှံ့နေခဲ့သည်ကို ယီယွင် မသိခဲ့ပေ။
တိုင်အာနတ်မြို့မှ စစ်သည်များက ကျင့်ကြံရာတွင် စွဲလန်းကြသည်။ သူတို့က သမထထိုင်ခြင်းနှင့် တိုက်ခိုက်ခြင်းများအပြင် ပျက်စီးခြင်းသားရဲများကိုလည်း အမဲလိုက်ထွက်လေ့ရှိသည်။
သူတို့က အတင်းအဖျင်းပြောရသည် စိတ်မဝင်စားကြပေ။ သို့သော် ထိုသတင်း ပျံ့နှံ့သွားချိန်တွင်မူ သူတို့ လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရလေပြီး သတင်းက ပိုမို၍ပင် ပျံ့နှံ့သွားလေ၏။ တိုင်အာနတ်မြို့၏ ဂုဏ်အဆင့် အမြင့်ပိုင်းများမှ ပုဂ္ဂိုလ်များသည်ပင် ထိုအကြောင်းကို သိချင်လာကြသည်။
တိုင်အာနတ်မြို့၏ ပန်းပဲရုံတစ်ခုထဲတွင် ကျိုးခွေ့သည် အပေါ်ပိုင်းဗလာကျင်းဖြစ်နေပြီး တောင့်တင်းသန်မာသော ကြွက်သားများကို ပြသထားလေ၏။ သူသည် လူ့တစ်ရပ်ခန့်ရှိသော ပန်းပဲတူတစ်ခုနှင့်အတူ ပန်းပဲထုရင်း အလုပ်များနေလေ၏။
ကျိုးခွေ့၏နံဘေးတွင် ရွှမ်းဝူစစ်တပ်မှ လူအချို့ ရှိနေသည်။ သူတို့အားလုံးကလည်း ကျိုးခွေ့ကဲ့သို့ပင် တောင့်တင်းသန်မာကြ၏။ မည်သူတစ်ဦးကမျှ ဆယ့်သုံးနှစ်သားအရွယ်နှင့် မတူကြပေ။
" ဟေး...ဟား...ဟေး...ဟား..."
သူတို့က စည်းချက်ညီညီ ဟစ်အော်နေကြ၏။ သူတို့သည် အကြိမ်တစ်သန်းခန့် ထုနှက်ရန်လိုအပ်သည့် ထူးခြားသော သတ္တုစများ ယူထားကြကာ ထုနှက်နေကြသည်။ ယင်းက အလွန်ပင် စည်းချက်ညီလှချေ၏။