ကျော်ကြားလာခြင်း
Vol. 14 Ch. 202
ပြီးခဲ့သည့်တစ်လလုံး ပန်းပဲထုခဲ့သည့် ကျိုးခွေ့၏ အသားအရေသည် အပူရှိန်ကြောင့် ကြေးနီရောင်သမ်းနေ၏။ ချွေးများကြောင့် သူ၏တစ်ကိုယ်လုံး တောက်ပနေလေသည်။
တစ်ခါနားပြီးလျှင် အကြိမ်တစ်ထောင်ခန့် ထုနှက်ရသည်ဖြစ်ပြီး နောက်ဆုံးတွင် ကျိုးခွေ့က ထပ်မံအနားယူခဲ့လေ၏။
အခြားသူများလည်း ရပ်သွားကြသည်။ သူတို့က ချွေးသုတ်ခြင်း ၊ ရေသောက်ခြင်း ၊ သားရဲအမတေစားခြင်း အစရှိသည်များကိုလုပ်ဆောင်ကာ အနားယူကြသည်။
သတ္တုပုံသွင်းရသည်မှာ အလွန်တရာပင် ပင်ပန်းလှသည်။
" ချီးပဲ.... နောက်ဆုံးတော့ ငါ သတ္တုကောင်းတစ်ခု ပုံသွင်းနိုင်ခဲ့ပြီ "
ကျိုးခွေ့သည် ပေတုံးပေါ်မှ ပူလောင်နီရဲနေသည့် သတ္တုတုံးအား ကျေနပ်စွာကြည့်လိုက်သည်။
" အစ်ကိုခွေ့က ဟာရီကိန်းတူနည်းစနစ်ကို အသုံးပြုတာ ပိုကောင်းလာပြီပဲဲ " ရွှမ်းဝူစစ်တပ်မှ လူတစ်ဦးက ရယ်မောကာဆိုလိုက်သည်။
" ထင်ရတာပါပဲ "
ကျိုးခွေ့ ခေါင်းယမ်းလိုက်၏။ ဟာရီကိန်းတူနည်းစနစ်သည် ပန်းပဲဖိုမှ ထောက်ပံ့ပေးထားသည့် တူနည်းစနစ်တစ်ခု ဖြစ်လေ၏။ ထိုနည်းစနစ်တွင် တိုက်ခိုက်ရေးစွမ်းရည် မပါဝင်သော်လည်း သတ္တုတစ်တုံးပေါ်တွင် အသုံးပြုပါက ကျင့်ကြံသူတစ်ဦးသည် ခန္ဓာကိုယ်၏ တစ်လက်မချင်းစီတိုင်းကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ပြီး အကောင်းဆုံးအာနိသင်ရှိသည့် လေ့ကျင့်ရေးတစ်ခု ဖြစ်လာစေသည်။
ထိုတူနည်းစနစ်က အခမဲ့ဖြစ်သော်လည်း ၎င်းအား ပြီးပြည့်စုံစွာ လေ့ကျင့်ပြီးပါက အလွန်တရာပင် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ကို ကျိုးခွေ့ သိလေသည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၈၀၀၀ ခန့်က ဟာရီကိန်းတူနည်းစနစ်ကို အသုံးပြုခဲ့သည့် လူက ပန်းပဲထုရာတွင် စံချိန်ချိုးခဲ့ဖူးလေသည်။ ရက်ခြောက်ဆယ်အတွင်းမှာပင် ထိုသူက သံမဏိမျိုးစုံ ၊ သတ္တုမျိုးစုံကို ပုံသွင်းထုနှက်ကာ မှော်နဂါးကြေးပြား ၄၈၀၀၀ ရရှိခဲ့သည်။
မှော်နဂါးကြေးပြား ၄၈၀၀၀ ဆိုသည်မှာ မည်သည့်အဓိပ္ပါယ်နည်း။
အစပိုင်းတွင် ကျိုးခွေ့ မသိခဲ့ပေ။ သူ ပန်းပဲရုံသို့ ရောက်ခါစအချိန်က ဆန္ဒများအပြည့် ရှိနေခဲ့သည်။ သူက စံချိန်ကို ချိုးဖျက်နိုင်ခြင်း မရှိခဲ့လျှင်ပင် ထူးချွန်နေလိမ့်မည်ဟုသာ ထင်ထားခဲ့သည်။ ထိုသူက မှော်နဂါးကြေးပြား ၄၈၀၀၀ ရနိုင်ခဲ့လျှင် သူ့အဖို့ မှော်နဂါးကြေးပြား ၂၀၀၀၀ ၊ ၃၀၀၀၀ ခန့် ရရှိလာရန်မှာ မခက်ခဲလောက်ဟု ထင်ထားခဲ့သည်။
နောက်ရက်အနည်းငယ်အတွင်း ရလဒ်များကြောင့် ကျိုးခွေ့ ကြက်သေသေခဲ့ရသည်။ ပထမသုံးရက်တွင် ကျိုးခွေ့ အားကုန်သုံးခဲ့သည့်တိုင်အောင် တစ်ရက်လျှင် မှော်နဂါးကြေးပြား ၂၅ ပြားထက် ပိုမရခဲ့ပေ။
လေးရက်မြောက်နေ့တွင် ကျိုးခွေ့သည် ဟာရီကိန်းတူနည်းစနစ်ကို အနည်းငယ်ကျွမ်းကျင်လာပြီး နေ့စဥ်ဝင်ငွေသည် မှော်နဂါးကြေးပြား ၃၀ ဖြစ်လာခဲ့၏။ ထို့နောက်ပိုင်းတွင် သူ၏ဝင်ငွေက ၄၀ ၊ ၅၀ ဝန်းကျင် ဖြစ်လာသည်။ ကျိုးခွေ့၏ အကောင်းဆုံး တစ်ရက်ဝင်ငွေက မှော်နဂါးကြေးပြား ၅၂ ပြား ဖြစ်လေ၏။
သို့သော် စံချိန်တင်ထားသည့် ထိုသူက အဘယ်သို့နည်း။ နှစ်လအတွင်း မှော်နဂါးကြေးပြား ၄၈၀၀၀ ရရန်အတွက် တစ်ရက်လျှင် မှော်နဂါးကြေးပြား ၈၀၀ ခန့် ပျှမ်းမျှရှာဖွေရပေမည်။
ကျိုးခွေ့ ငိုချင်နေ၏။ သူ မှော်နဂါးကြေးပြားများ ရရှိရန် အားကုန်ထုတ်ခဲ့သော်လည်း သူ လုပ်ဆောင်ခဲ့သမျှသည် ထိုသူ၏ဝင်ငွေ ဆယ်ပုံလျှင် တစ်ပုံစာခန့်ပင် မပြည့်ချေ။ အဘယ်သို့ ဖြစ်ရလေသနည်း။
" အစ်ကိုခွေ့... ဟိုလူရဲ့ စံချိန်အကြောင်းကို တွေးနေတာလား။ ဒီလူမှာ ပျက်စီးခြင်းသားရဲ သွေးမျိုးဆက်ပါပြီး သာမန်လူတစ်ဦး မဟုတ်ပါဘူးလို့ ငါ ပြောပြီးပြီလေ။ အဲ့ဒါကြောင့်မဟုတ်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈၀၀၀ တုန်းက စံနှုန်းတွေက အခုလက်ရှိနဲ့ ကွဲပြားနေတာပဲ ဖြစ်လိမ့်မယ်။ အဲ့ဒီတုန်းက မှော်နဂါးကြေးပြားတွေရဖို့ အများကြီးပိုလွယ်တာပဲ ဖြစ်မယ်။ ရက်ခြောက်ဆယ်နဲ့တင် မှော်နဂါးကြေးပြား ၄၈၀၀၀ ရတာကို ငါတော့ မယုံဘူး "
ရွှမ်းဝူစစ်တပ်မှ လူတစ်ဦးက ခေါင်းမာစွာဆိုသည်။
မဝေးလှသောနေရာတွင်ရှိသည့် ပန်းပဲလူငယ်တစ်ဦးက ကြားဖြတ်ကာပြောသည်..." မင်းတို့က လောကရဲ့သူရဲကောင်းတွေကို အထင်သေးနေတာပဲ။ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက တိုင်အာနတ်မြို့တော်ရဲ့ လူတစ်ယောက်က တစ်လ ဆေးပင်ခူးပြီး မှော်နဂါးကြေးပြား ၁၀၀၀၀ ရသွားခဲ့တယ်။ အဲ့ဒီလူက ဂုဏ်အမှတ်တောင် ရသွားသေးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈၀၀၀ တုန်းက လူတစ်ဦး ပန်းပဲထုပြီး မှော်နဂါးကြေးပြား ၄၈၀၀၀ ရခဲ့တယ်ဆိုတာက မဖြစ်နိုင်တာမဟုတ်ဘူး "
ကျိုးခွေ့နှင့် အပေါင်းအပါများ မှင်တက်မိသွားကြသော်လည်း တစ်စုံတစ်ဦးက ရယ်မောကာ..." တစ်လ ဆေးပင်ခူးရုံနဲ့ မှော်နဂါးကြေးပြား ၁၀၀၀၀ ဘယ်လိုလုပ်ပြီး ရနိုင်မှာလဲ။ ပေါက်ကရတွေ မပြောစမ်းနဲ့ "
လူငယ်က အထင်သေးစွာဖြင့် ဆိုလေသည်..." မင်းတို့တွေ အဲ့ဒီကိစ္စကို မသိသေးဘူးလား။ ငါ အဲ့ဒီကိစ္စကို ဗဟိုနတ်မျှော်စင်မှာ အမြဲတမ်းနေထိုင်တဲ့ မိတ်ဆွေအချို့ဆီကနေ ကြားထားတာပဲ။ ဒီကိစ္စက ၁၀၀% မှန်တယ်။ အဲ့ဒီကျင့်ကြံသူက အခုလို မြင်မားတဲ့ဆုကြေးကို ရခဲ့တာက ရှေးဦးဆေးပင်တစ်ပင် ခူးခဲ့နိုင်တာကြောင့်ပဲ။ သူ့ကို မြို့တော်ရဲ့ အကြီးအကဲတစ်ဦးကတောင် အထူးတလည် ခေါ်တွေ့ခဲ့သေးတယ် "
" ရှေးဦးဆေးပင်တစ်ပင် ခူးခဲ့တာလား "
ကျိုးခွေ့က ဆိုသည်..." ငါ့ကို လာနောက်မနေနဲ့တော့။ အဲ့ဒါကို ငါတို့လိုလူတွေ ခူးနိုင်မှာတဲ့လား။ မြို့တော်ရဲ့ အကြီးအကဲတစ်ဦးက အဲ့ဒီလူကို ဆင့်ခေါ်ခဲ့တယ်လို့တောင် မင်းက ပြောလိုက်သေးတယ်။ အကြီးအကဲဆိုတာ ပညာရှိတစ်ဦးလေကွာ။ ပညာရှိတစ်ဦးဆိုတာ ငါတို့တွေ ပတ်သတ်..."
ထိုစကားနေရာတွင် ကျိုးခွေ့ တုန်လှုပ်ဖွယ်ရာတစ်ခု ကြုံလိုက်ရသည့်အလားပင် အသံ တိတ်သွားလေ၏။ သူ၏လူများကို ကြည့်လိုက်လေရာ လူငယ်များကလည်း သူ့အား အထူးတဆန်းဖြင့် ကြည့်နေကြလေ၏။ စင်စစ်တွင်မူ ကျိုးခွေ့သည် ကောက်ချက်ချနိုင်ခဲ့သည့် နောက်ဆုံးလူ ဖြစ်လေ၏။
ကျိုးခွေ့ တံတွေးတစ်လုတ် မျိုချကာ..." အကြီးအကဲက ဆင့်ခေါ်ခဲ့တယ်လို့ မင်း ပြောလိုက်တာလား "
" ဟုတ်တယ်... အဲ့ဒါ မနေ့က ဖြစ်ခဲ့တာပဲ။ ဗဟိုနတ်မျှော်စင်က သူငယ်ချင်းတစ်ယောက်ကိုယ်တိုင် ပြောပြခဲ့တာပဲ " လူငယ်က ဆိုလိုက်သည်။ ကျိုးခွေ့နှင့် အပေါင်းအပါများက ငေးကြည့်နေကြ၏။
ဆေးပင်ခူးခြင်း...။ အကြီးအကဲတစ်ဦးက ဆင့်ခေါ်ခဲ့သည်တဲ့လား။
ဟုတ်သည်။ ရှေးဦးဆေးပင်ကို မည်သူက ခူးယူခဲ့ကြောင်းအား သူတို့ ခန့်မှန်းမိထားကြပြီး ဖြစ်လေသည်။
" မဖြစ်နိုင်တာ... ယီယွင်က တကယ်ပဲ ရှေးဦးဆေးပင်တစ်ပင် ခူးခဲ့တာလား "
" ဟာသပဲ "
ကျိုးခွေ့နှင့်အပေါင်းအပါများက အပြင်းအထန် တုန့်ပြန်ကြသည်။
ဥပဒေထိန်းအဖွဲ့က ယီယွင်အား အကြီးအကဲတစ်ဦးနှင့် တွေ့ဆုံပေးရန် လာခေါ်သွားကြသည်ကို သူတို့ မြင်ခဲ့ရသော်လည်း အကြောင်းအရင်းကို မသိကြပေ။ ယီယွင်က ရှေးဦးဆေးပင်တစ်ပင် ခူးနိုင်ခဲ့ဖြစ်၍ကြောင်းကို ယနေ့မှသာ သူတို့ သိခဲ့ရလေသည်။
သို့သော် အဘယ်သို့ဖြစ်ရလေသနည်း။
ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦးက ရှေးဦးဆေးတစ်ပင်ကို အဘယ်သို့များ ခူးနိုင်ခဲ့လေသနည်း။
" အဲ့ဒီလူကို ယီယွင်လို့ ခေါ်တာလား "
အခြားသော ပန်းပဲလူငယ်တစ်ဦး ထရပ်လာကာ..." မင်းတို့က အဲ့ဒီလူကို သိကြတာလား "
" ငါ့ကိုယ်ငါ မိတ်ဆက်ပေးမယ်။ ငါက အားကျွင်း။ ငါတို့ ဟုန်တောက်အဖွဲ့ရဲ့ ခေါင်းဆောင်က အဲ့ဒီအကြောင်းကို ကြားပြီးတဲ့နောက်မှာ အဲ့ဒီလူကို အရမ်းစိတ်ဝင်စားနေတယ်။ ခေါင်းဆောင်က အဲ့ဒီလူကို အဖွဲ့ထဲ ခေါ်ချင်နေတယ် "
ဟုန်တောက်အဖွဲ့...။
ပန်းပဲလုပ်ငန်းမှ လူများစွာတို့သည် ဟုန်တောက်အဖွဲ့မှ ဖြစ်လေ၏။ ဟုန်တောက်အဖွဲ့၏ ခေါင်းဆောင်အမည်က လီဟုန် ဖြစ်လေသည်။ သူက ကောင်းကင်အဆင့်တွင် အဆင့် ၁၀၃၀ ဖြစ်ပြီး မြေကြီးအဆင့်တွင် အဆင့် ၁၁၀၀ ဖြစ်လေ၏။
ထိုအဆင့်များက ဆိုးရွားနေသည့်ပုံ ရှိနေသော်ငြားလည်း လီဟုန်သည် နတ်အရိုင်းမြေစခန်းသို့ ယခင်နှစ်ကမှ ရောက်လာခဲ့ခြင်း ဖြစ်လေသည်။ ယခင်တစ်လပါ ထည့်တွက်လျှင် လီဟုန် နတ်အရိုင်းမြေခန်းမသို့ ရောက်လာသည်မှာ ဆယ့်သုံးလသာ ရှိသေးလေ၏။ သူ အဆင့် ၁၀၃၀ ရနိုင်ခဲ့သည်မှာ ကြောက်စရာကောင်းလှသည်။
တစ်နှစ်အတွင်း အဆင့်တစ်ထောင်အတွင်း ဝင်နိုင်ခဲ့သူများက အလွန်ပင် ရှားပါးလှသည်။ ထိုသို့သော ထူးချွန်ပါရမီရှင်မျိုးကို နတ်ပြည်ထောင်၏ အဖွဲ့အစည်းမျိုးစုံတို့ သတိပြုမိစေရန် လုံလောက်လေသည်။
သို့သော် လီဟုန်က ထိုသို့လုပ်ဆောင်ရန် ရှက်ရွံ့လေသည်။
လီဟုန်က အလွန်ပင် ရည်မှန်းချက်ကြီးသည်။ သူက ဟုန်တောက်အဖွဲ့ကို တည်ထောင်ခဲ့ပြီး နတ်အရိုင်းမြေစခန်းတွင် နေခဲ့သည်မှာ တစ်နှစ်မပြည့်သေးသူများကိုသာ ခေါ်ယူခဲ့လေသည်။
ဟုန်တောက်အဖွဲ့က အားကောင်းခြင်းမရှိသေးပေ။ သို့သော် လီဟုန်သာ တိုင်အာနတ်မြို့ထဲတွင် သုံးလေးနှစ်ခန့် ကျင့်ကြံခဲ့မည်ဆိုပါက သူတို့က တပ်သားဟောင်းများ ဖြစ်လာကြပေလိမ့်မည်။ ထို့ကြောင့် ဤအဖွဲ့အစည်းက တိုင်အာနတ်မြို့တော်ထဲတွင် အင်အားအကောင်းဆုံး အဖွဲ့အစည်းတစ်ခုအဖြစ် ကျန်ရစ်ခဲ့ပေလိမ့်မည်။
ကျိုးခွေ့ ထိုကိစ္စအတွက် မပျော်ပေ။ သူသည် ဟုန်တောက်အဖွဲ့မှ လူများနှင့်အတူ တစ်လခန့် ပန်းပဲထုခဲ့ရသည်ဖြစ်ပြီး ထိုသူများက သူ့အား ကြည့်ပင်မကြည့်ကြချေ။ ထိုသူများက သူ့အား စကားပြောလာခဲ့သည်မှာ ယီယွင်ကြောင့် ဖြစ်လေ၏။
ကျိုးခွေ့ စိတ်ဆိုးနေသော်လည်း ဟုန်တောက်အဖွဲ့ကို အပြစ်ပြုဝံ့ခြင်းမရှိပေ။ သူသာ ဟုန်တောက်အဖွဲ့ကို အပြစ်ပြုမိပါက လေးနှစ်တာကာလလုံးတွင် ပစ်မှတ်ထားစရာတစ်ခု ဖြစ်သွားမည်ဖြစ်ပြီး တိုင်အာနတ်မြို့တော်တွင် နေထိုင်ရသည်မှာလည်း သာယာနိုင်မည်မဟုတ်တော့ပေ။
" ဟုတ်တယ်... သူက နေ့ခင်းဆို ဆေးပင်ခူးတယ်။ ညဘက်ဆိုရင်တော့ ပြန်လာလောက်ပါတယ်။ သူ ဘယ်မှာနေသလဲဆိုတာ ငါသိတယ် " ကျိုးခွေ့က ဆောင့်ဆောင့်အောင့်အောင့် ပြောလိုက်လေ၏။
" ဟားဟား...ကျေးဇူးပါပဲ "
အားကျွင်း ပြုံးလိုက်သည်။ ဟုန်တောက်အဖွဲ့က ယီယွင်အား အဖွဲ့ဝင်ဖြစ်စေလိုခြင်းကြောင့် ရှာနေသည်သာမက ယီယွင်နှင့် အရေးကြီးကိစ္စရပ်တစ်ခု ဆွေးနွေးရန်ရှိသေးသည်။
........................
ညနေခင်းအချိန်၌ နေမင်းသည် အနောက်အရပ်သို့ စတင်ငုပ်လျှိုးသွားနေ၏။ တိုင်အာနတ်မြို့တော်သည် နေရောင်ဖြင့် ရွှေနီရောင်သမ်းနေလေ၏။
တိုင်အာနတ်မြို့၏ အဆင့်နိမ့် စားသောက်ခန်းထဲတွင် ကျင့်ကြံသူများသည် အစားအစာများယူရန် နေရာပေါင်းစုံမှ တဖွဲဖွဲလာနေကြ၏။
တိုင်အာနတ်မြို့တော်တွင် ကျင့်ကြံသူများက နေ့စဥ်လိုပင် ခရီးထွက်ကာ ပြန်လာကြသည်ဖြစ်ပြီး ၎င်းတို့အမဲလိုက်လာသော ပျက်စီးခြင်းသားရဲများကို မှော်နဂါးကြေးပြားများနှင့် လဲလှယ်ကြသည်။ ကောင်းမွန်သော အသားနှင့်အရိုးများကို မပုပ်သိုးအောင် စီမံကြလေပြီး တန်ဖိုးနည်းသော အသားများကိုသာ ခွဲဝေပေးသည်။
တိုင်အာနတ်မြို့တော်မှ စားဖိုအိမ်များတွင် ပျက်စီးခြင်းသားရဲများကို ချက်ပြုတ်နိုင်သည့် အထူးဟင်းအိုးများ ရှိလေ၏။ ထိုအိုးများက ရတနာဖြစ်ပြီး ထိုက်ဟယ်ဒယ်စောက်ဟု ခေါ်ဆိုသည်။
ထိုက်ဟယ်ဒယ်စောက်ထဲတွင် ကမ္ဘာငယ်တစ်ခုရှိပြီး တောင်တစ်လုံးစာခန့်သော အသားများကို သိုမှီးထားနိုင်သည်၏။ သာမန် ဝက်သား ၊ အမဲသားများကို ပေးမည်ဆိုလျှင်ပင် စားဖိုမှူးခေါင်းဆောင်က ထိုက်ဟယ်ဒယ်စောက်ကို အသုံးပြုကာ အလွန်အရသာရှိသော ဟင်းလျာများ ချက်ပြုတ်ပေးလိမ့်မည်။ ဝက်သား ၊ အမဲသားများ မဟုတ်ဘဲ ပျက်စီးခြင်းသားရဲအသားများ ဆိုလျှင်မူ ပြောရန်ပင် မလိုအပ်တော့ပေ။
စားဖိုဆောင်သို့ ယီယွင် ပထမဆုံးအကြိမ် ရောက်ခဲ့စဥ်က ဟင်းလျားများကို နှစ်သက်ခဲ့သည်။
ယနေ့တွင် ယီယွင်က အိပ်ဆောင်သို့ စောစီးစွာပြန်ရောက်လာလေသောကြောင့် သားရဲအသားများ စားသောက်ရမည့် အခွင့်အရေးကို လက်လွှတ်မခံခဲ့ပေ။
ယီယွင် အသားတုံးကြီးကို ကိုက်ဖဲ့စားသောက်နေချိန်တွင် စားဖိုဆောင်ထဲသို့ လူတစ်စု ဝင်လာသည်ကို မျက်ဝန်းထောင့်မှ မြင်လိုက်ရသည်။
ထိုလူစုက စားသောက်ရန် ရောက်လာခြင်းမဟုတ်ကြောင်း သိသာလှသည်။ သူတို့ စားဖိုဆောင်သို့ ရောက်လာသည်နှင့် ကျီးကန်းတောင်းမှောက် လိုက်ကြည့်နေကြပြီး နောက်ဆုံးတွင် သူတို့၏ပစ်မှတ်ကို တွေ့သွားကြလေသည်။ သူတို့ ယီယွင်ဆီသို့ အပြုံးနှင့်သွားလိုက်ကြသည်။
" ဟင်... သူတို့က ငါ့ကို ရှာနေကြတာလား "
ယီယွင် အစားစားနေရင်း မှင်တက်မိနေသည်။ လူစုကို ဦးဆောင်လာသူက ကျိုးခွေ့ ဖြစ်နေသည်ကို သူ မြင်လေ၏။ ကျိုးခွေ့က လူငယ်တစ်ဦး၏နောက်တွင် ခပ်ကုတ်ကုတ်ရှိနေသည်ကို သူ သတိပြုမိသည်။
ဝသောလူငယ်က အသားဖြူကာ ကွေးလိမ်သောဆံနွယ်များ ရှိသည်။ သူ၏လက်မောင်းထဲတွင် မိန်းမပျိုတစ်ဦး ရှိနေသည်။ မိန်းမပျိုက နတ်အရိုင်းမြေစခန်း၏ ကျင့်ကြံသူတစ်ဦး ဖြစ်ပုံရသည်။
" သူက ယီယွင်လား " ဝသောလူငယ်က ကျိုးခွေ့အား မေးလိုက်သည်။
ကျိုးခွေ့က ခေါင်းညိတ်ကာ..." ဟုတ်တယ်.... သူက မင်း ရှာနေတဲ့သူပဲ "