← Chapters

မင်းက ငါ့ကို စနောက်တယ် ၊ ငါက မင်းကို စနောက်တယ်

Vol. 14 Ch. 203

မင်းက ငါ့ကို စနောက်တယ် ၊ ငါက မင်းကို စနောက်တယ်

Vol. 14 Ch. 203

ယီယွင်က ထိုလူစုကို မျက်ဝန်းထောင့်မှတဆင့် အကဲခတ်နေခဲ့သည်။

ဝသောလူငယ်က မေးစေ့အားပွတ်ရင်း ယီယွင်၏စားပွဲဆီသို့ လျှောက်လာနေသည်။ သူက ထိုင်လိုက်သော်လည်း သူ၏လူများကမူ မထိုင်ကြပေ။ သူတို့ ထောင့်လေးထောင့်တွင် တံခါးစောင့်များပမာ ရပ်နေကြ၏။

ယင်းလုပ်ရပ်ကြောင့် လူများစွာတို့အား အာရုံဖမ်းစားနိုင်သွားခဲ့သည်။ လူအချို့က ဝသောလူငယ်ကို သိကြလေသည်။

" ဟုန်တောက်အဖွဲ့ရဲ့ ခေါင်းဆောင် လီဟုန် မလား "

" သူက ဗဟိုနတ်မျှော်စင်မှာ နေတာလေ။ ဘယ်လိုဖြစ်ပြီး အဆင့်နိမ့် စားဖိုဆောင်ကို ရောက်လာရတာလဲ "

ဟုန်တောက်အဖွဲ့သည် တိုင်အာနတ်မြို့မှ တပ်သားများအကြားထဲတွင် လူအများ အာရုံအစိုက်ဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်လေ၏။ လီဟုန်က တိုင်အာနတ်မြို့တော်ထဲတွင် လွှမ်းမိုးမှုရှိသူဟု ဆိုနိုင်သည်။

လူပေါင်းများစွာက သိနေလေသောကြောင့် လီဟုန် ကျေနပ်သွားလေ၏။

" မင်းက ယီယွင်မလား "

လီဟုန်က ယီယွင်အား နှုတ်ဆက်ဟန်ဖြင့် ခေါင်းတစ်ချက်ညိတ်ပြကာ..." ရှေးဦးဆေးပင် ရှာတွေ့ခဲ့တဲ့သူက မင်းလား "

တစ်စုံတစ်ဦးက ရှေးဦးဆေးတစ်ပင် ခူးနိုင်ခဲ့ပြီး အကြီးအကဲကပင် ဆင့်ခေါ်ခဲ့ကြောင်းကို လူတိုင်း သိကြသည်။ သို့သော် ထိုသူက ယီယွင်ဖြစ်ကြောင်းကိုမူ သူတို့ မသိကြပေ။

လီဟုန်၏စကားကြောင့် သူတို့ တုန်လှုပ်သွားရသည်။ မကြာမှာပင် ထိုစားပွဲတွင် မည်သည့်အရာများ ဖြစ်ပျက်နေကြောင်းကို အာရုံစိုက်သူများ ပိုများလာလေ၏။

ယီယွင် ပါးစပ်သုတ်ကာ လီဟုန်အား ကြည့်လိုက်သည်။ လီဟုန်က ဖော်ရွေစွာပြုံးနေလေ၏။

ဟုန်တောက်အဖွဲ့၏အကြောင်းကို ယီယွင် အတော်အသင့် ကြားဖူးလေသည်။ ၎င်းက တပ်သားသစ်များအကြားတွင် လွှမ်းမိုးမှုအရှိဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်လေ၏။ ဟုန်တောက်အဖွဲ့က နှစ်အနည်းငယ်အတွင်းမှာပင် တိုင်အာနတ်မြို့တော်ထဲတွင် အားအကောင်းဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်လာနိုင်ပေသောကြောင့် လူပေါင်းများစွာတို့က ဟုန်တောက်အဖွဲ့နှင့် တစ်လှေတည်းစီလုပ်ကာ မိမိ၏ဂုဏ်သတင်းကို တည်ဆောက်လိုလေသည်။

လီဟုန်က သန်မာသော်လည်း ကံကြမ္မာကိုဖီဆန်သည့် အဆင့်မျိုးတွင် ရှိမနေပေ။ သူ တည်ထောင်ထားသည့် ဟုန်တောက်အဖွဲ့တွင်လည်း စွမ်းရည်အကန့်အသတ် ရှိနေမည်မှာ သေချာလှသည်။ ထိုအဖွဲ့ကို ခိုင်မာအောင်လုပ်ဆောင်ရန်မှာ လွယ်ကူမည်မဟုတ်ပေ။

" ငါပါပဲ " ယီယွင် ခေါင်းညိတ်လိုက်၏။

လီဟုန်က ဆိုသည်..." ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ။ ငါက လီဟုန် ၊ ဟုန်တောက်အဖွဲ့ရဲ့ ခေါင်းဆောင်ပဲ။ ငါ လိုရင်းကိုပဲပြောမယ်။ ငါ မင်းကို ဟုန်တောက်အဖွဲ့ထဲ ဝင်စေချင်တယ်။ ငါက မင်းအတွက် ခေါင်းဆောင်ရာထူးတစ်ခု ပြင်ဆင်ထားတယ် "

အာရုံစိုက်နေသည့် လူများစွာ အံ့အားသင့်သွားကြ၏။

ဟုန်တောက်အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်နှင့် လက်ထောက်အဖွဲ့ခေါင်းဆောင် ရာထူးများအပြင် ခေါင်းဆောင်ရာထူးဟူ၍ ရှိလေသည်။ ခေါင်းဆောင်တစ်ဦးသည် ဝါစဥ်ကြီးရာထူးတစ်ခု ဖြစ်လေ၏။

ယီယွင်က လီဟုန်အား အံ့အားသင့်စွာ ကြည့်လိုက်သည်။ ဤရက်အနည်းငယ်အတွင်း သူ ကျော်ကြားလာသည်မှာ အမှန်ပင်ဖြစ်သော်လည်း ခွန်အားကြောင့် ကျော်ကြားလာရခြင်း မဟုတ်ပေ။ ရှေးဦးဆေးပင် ခူးနိုင်ခဲ့ခြင်းကြောင့် ကျော်ကြားလာရခြင်း ဖြစ်လေ၏။

သူ၏ကျင့်ကြံမှုက ခရမ်းသွေးနယ်ပယ် အလယ်အဆင့်၌သာ ရှိနေသေးပြီး ပထမနှစ် တပ်သားသစ်များထဲတွင် အလွန်ပင် သာမန်ဆန်သည်။ သို့တိုင်အောင်ပင် လီဟုန်က သူ့အား ခေါင်းဆောင်တစ်ဦး ဖြစ်စေလိုနေသည်တဲ့လား။ လီဟုန်၏ လက်အောက်မှ လူများက မည်သို့များ လက်ခံနိုင်ပါမည်နည်း။

" မင်းက ကပ်ဘေးကျော်ဖြတ်နေတဲ့ ရှေးဦးဆေးပင်နဲ့ ကြုံတွေ့ခဲ့ပြီးတော့ အဲ့ဒါကြောင့်ပဲ ရှေးဦးဆေးပင် ကပ်ဘေးကျော်ဖြတ်တာ ကျရှုံးသွားခဲ့ရတယ်လို့ ငါ ကြားထားတယ်။ မင်း ဆေးပင်ကို ဘယ်လိုခူးခဲ့တာလဲ " လီဟုန်က ရေတစ်ခွက်ငှဲ့ရင်း ခပ်အေးအေးပင် ဆိုသည်။

ခရမ်းသွေးနယ်ပယ် စစ်သည်တစ်ဦးက ရှေးဦးဆေးတစ်ပင် ခူးနိုင်ခဲ့သည်မှာ စိတ်ကူးယဥ်ဆန်လှသည်။ သို့သော် ယီယွင်က ကံကောင်းစွာဖြင့် ကပ်ဘေးကျရှုံးထားသည့် ရှေးဦးဆေးပင်နှင့် ကြုံတွေ့ခဲ့ရသည်ဟူသော သတင်းအသေစိတ်ကို လီဟုန် သိထားလေသည်။ ယီယွင်အဖို့ ရှေးဦးဆေးပင်ကို ခူးနိုင်ခဲ့သည်မှာ အံ့ဩစရာမရှိပေ။

ထိုကံကောင်းမှုက မနာလိုစရာပင်။

ယီယွင်က လီဟုန်၏မေးခွန်းကို မတုန့်ပြန်ခဲ့ပေ။ သူ ရှေးဦးဆေးပင်ကို ခူးနိုင်ခဲ့သည်မှာ ကံကောင်း၍သာဖြစ်သည်ဟု လူအများက ထင်မိနေကြလျှင် အကောင်းဆုံးသာဖြစ်လေ၏။

" ညီနောင်ယီက ချမ်းသာတဲ့မိသားစုက မဟုတ်ဘူးလို့ ငါ ကြားထားတယ်။ မင်းရဲ့ ကျင့်ကြံမှုပါရမီကလည်း ထိပ်တန်းမှာ မရှိဘူးမလား " လီဟုန်က စကားခေါင်းစဥ် ပြောင်းလဲပစ်ကာ ယီယွင်၏ နောက်ခံအကြောင်းကို မေး​မြန်းလာသည်။

ယီယွင်က လီဟုန်အား ကြည့်ကာ..." ကိစ္စက ဘာလဲ "

" ဟား... ညီနောင်ယီ... ဒီအစ်ကိုကြီးက မင်းကို အထင်သေးနေတာ မဟုတ်ပါဘူး။ မင်းက တိမ်ရိုင်းနယ်မြေက လာခဲ့တာဆိုပေမဲ့ ဒီအခြေအနေအထိ ရောက်လာနိုင်တယ်ဆိုတော့ မင်းမှာ ခမ်းနားကြီးကျယ်တဲ့ စွန့်စားခန်းတွေ ရှိရလိမ့်မယ်။ မင်းရဲ့ကျင့်ကြံမှုအဆင့်က ခရမ်းသွေးနယ်ပယ် အလယ်အဆင့်မလား။ ငါ ပြောရမယ်ဆိုရင် မင်းရဲ့ကျင့်ကြံမှုအတွက် အရင်းအမြစ်တွေ ပမာဏအများကြီး ဝယ်နိုင်ဖို့အရေးကို စိုးရိမ်သင့်တယ်နော် "

လီဟုန်က ယီယွင်ကို ကောင်းစွာနားလည်နေသည့်ပမာပင် ပခုံးအားပုတ်၍ ဆိုလိုက်သည်။ အမှန်တကယ်တွင်မူ ယီယွင်နှင့်ပတ်သတ်သည့် သတင်းအချက်အလက်များစွာကို ကျိုးခွေ့က သူ့အား ပြောပြထားလေသည်။

" အဲ့ဒီတော့..." လီဟုန်၏စကားထဲတွင် တစ်ခုခုရှိနေကြောင်းကို ယီယွင် သဘောပေါက်သွားလေ၏။

" ရှေးဦးဆေးပင် ရထားခဲ့တဲ့ မင်းမှာ ဂုဏ်အမှတ်အချို့ ရှိနေတယ်မလား။ ဂုဏ်အမှတ်တွေရဲ့ အဓိကရည်ရွယ်ရင်းက တိုင်အာနတ်မြို့တော်ထဲမှာရှိတဲ့ တန်ဖိုးကြီး ကျင့်ကြံရေးအရင်းအမြစ်တွေကို ဝယ်ယူနိုင်ဖို့ပဲ။ ဂုဏ်အမှတ်တွေကို ခရမ်းသွေးနယ်ပယ် အလယ်အဆင့်လောက်နဲ့ သုံးပစ်မယ်ဆိုရင် ဖြုန်းတီးတာပဲ။ မင်းအနေနဲ့ အဆင့်မြင့် ပျက်စီးခြင်းသားရဲအမတေနဲ့ နတ်အရိုင်းမြေခန်းမထဲမှာ ကျင့်ကြံနိုင်တဲ့ အချိန်တွေကိုပဲ ဝယ်ယူသင့်တယ်။ ပြီးတော့ အဲ့ဒီအရာတွေအတွက်က မှော်နဂါးကြေးပြားတွေ ပမာဏအများကြီး လိုအပ်တယ် "

" ဒါကြောင့် မင်းအနေနဲ့ ဂုဏ်အမှတ်တွေကို မှော်နဂါးကြေးပြားတွေနဲ့ လဲလှယ်ပစ်ဖို့ကို ဒီအစ်ကိုကြီးက အကြံပြုချင်ပါတယ်။ အဲ့ဒါကပဲ အကောင်းဆုံးဖြစ်လိမ့်မယ် " လီဟုန်က ယီယွင်အတွက် အပြည့်အဝ စဥ်းစားပေးထားသည့်ပမာပင် အလေးအနက် ဆိုလိုက်လေသည်။

ယီယွင် ရုတ်တရက် ထရယ်ကာ..." ငါ သဘောပေါက်ပြီ။ ငါက ဂုဏ်အမှတ်တွေကို မှော်နဂါးကြေးပြားတွေနဲ့ ဘယ်လိုလဲလှယ်လို့ရလဲ "

" ဒီကိစ္စကို ငါနဲ့ လွှဲထားလိုက်တော့။ အနာဂတ်မှာ မင်း ဟုန်တောက်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာချိန်ကျရင် မှော်နဂါးကြေးပြားတွေနဲ့ အလွယ်တကူ လဲလှယ်နိုင်လိမ့်မယ်။ တကယ်တော့ ငါက မင်းအတွက် လဲလှယ်ပေးနိုင်ပါတယ်။ ငါ့ရဲ့ညီနောင်တစ်ဦးဖြစ်တဲ့ မင်းက တပ်သားသစ်တစ်ဦးဆိုတော့ အစပိုင်းမှာ လွယ်ကူမှာမဟုတ်ဘူး။ ဒီလိုလုပ်မယ်လေ ငါ့မှာ မှော်နဂါးကြေးပြားသုံးသောင်း ပါလာတယ်။ မင်း အဲ့ဒါတွေကို သုံးနှင့်ထားလိုက် " လီဟုန်က ဝဖြိုးသောလက်အား ဝှေ့ယမ်းလိုက်သည်။

ယီယွင် မေးစေ့အားပွတ်ကာ..." ဂုဏ်အမှတ် တစ်မှတ်အတွက် မှော်နဂါးကြေးပြား သုံးသောင်း ပေးမယ်လို့ မင်းက ဆိုလိုချင်တာလား "

" ဟားဟား...မင်းက ငါ့ကို သူစိမ်းလို သတ်မှတ်နေတာပဲ။ မင်း ဟုန်တောက်အဖွဲ့ထဲကို ဝင်လာချိန်ကျရင် မင်းက ညီနောင်တစ်ဦး ဖြစ်လာမှာပဲ။ ညီနောင်တွေအကြားမှာ တွန့်တိုနေစရာမလိုဘူး။ မင်းအနေနဲ့ မှော်နဂါးကြေးပြားတွေကို ယူသာယူထားလိုက်ပါ။ ဂုဏ်အမှတ်အတွက်ကတော့ ငါ လိုချင်တဲ့ ပစ္စည်းတစ်ခုအတွက် ဂုဏ်အမှတ်တွေ လိုအပ်နေလို့ပါ။ အနာဂတ်မှာ မင်း ဂုဏ်အမှတ်တွေ လိုအပ်လာရင် ငါက မင်းကို ပေးမှာပါပဲ " လီဟုန်က ယုံကြည်ချက်ရှိသော ဟန်ပန်နှင့် ဆိုလိုက်သည်။

ယီယွင်က ပြုံးနေခဲ့သော်လည်း သူ တွေးနေသည်မှာမူ " သွားသေလိုက် " ဟူ၍ ဖြစ်လေ၏။ လီဟုန်က သူ့အား အဘယ့်ကြောင့် ရုတ်တရက်ကြီး ခေါင်းဆောင်တစ်ဦး ဖြစ်လာစေလိုနေကြောင်းကို သူ သိလိုခဲ့သည်။ ယင်းအရာအားလုံးက ဂုဏ်အမှတ်အတွက် လှည့်စားနေခြင်းသာပင်။

ဂုဏ်အမှတ်တစ်မှတ်ကို မှော်နဂါးကြေးပြားသုံးသောင်းနှင့် လဲလှယ်ပေးမည့် ထိုကောင်က အတွက်အချက် ကောင်းလှချေ၏။

တိုင်အာနတ်မြို့တော်တွင် ဂုဏ်အမှတ်များကို လောင်းကြေးလုပ်ခြင်း ၊ အရောင်းအဝယ်လုပ်ခြင်းများအတွက် တားမြစ်မထားသော်လည်း မည်သူကမျှ ဂုဏ်အမှတ်များကို မှော်နဂါးကြေးပြားနှင့် လဲလှယ်ခြင်းမပြုကြပေ။ မှော်နဂါးကြေးပြား တစ်သိန်းကပင် လုံလောက်မည်မဟုတ်ပေ။

ထိုသို့ဖြစ်ရသည်မှာ ဂုဏ်အမှတ်များ ရယူထားနိုင်သူတိုင်းက မှော်နဂါးကြေးပြားများ မပြတ်လပ်ပေသောကြောင့်ပင်။ တပ်သားသစ်ဖြစ်သည့် ယီယွင်ကမူ ခြွင်းချက်အနေဖြင့် မှော်နဂါးကြေးပြားများ စုမိဆောင်းမိမရှိဘဲ ဂုဏ်အမှတ်သုံးမှတ် ရလာခဲ့လေသည်။

ယင်းကြောင့်ပင် လီဟုန်က ယီယွင်ကို မျက်စိကျနေခြင်း ဖြစ်လေသည်။ သူက ယီယွင်ကို ငပိန်းတပ်သားသစ်တစ်ဦးပမာ ဆက်ဆံနေ၏။ ခေါင်းဆောင်ဟူသည့် ဂုဏ်ပုဒ်နှင်ဆိုလျှင် ယီယွင်က သူ့နောက်သို့ ပျော်ရွှင်စွာလိုက်ပါလိမ့်မည်ဟု ထင်ထားလေ၏။

ဟုန်တောက်အဖွဲ့မှ ခေါင်းဆောင်ဘွဲ့သည် ကလေးများစွာတို့အတွက် အထင်ကြီးဖွယ်ရာ ဖြစ်လေ၏။

ယီယွင်သာ ခေါင်းညိတ်သဘောတူမိပြီး လီဟုန် လှည့်စားသည်ကို ခံခဲ့ရမည်ဆိုပါ သူ အခြေအနေကို ပြောင်းလဲရန်ကြိုးစားလျှင်ပင် တိုင်အာနတ်မြို့တော်က မည်သည့်အရာမျှ လုပ်ပေးမည်မဟုတ်ပေ။

တိုင်အာနတ်မြို့တော်က လိုလားစွာဖြင့် ကုန်သွယ်ခြင်း ( အပေးအယူလုပ်ခြင်း) ကို မူဝါဒတည်ထားသည်။ လူတစ်ဦး လှည့်စားခံရပါက ဆုံးရှုံးမှုကို ခံနိုင်ရပေမည်။

ဤသည်ကား စစ်သည်များ၏ ရက်စက်သောလောကကြီး ဖြစ်လေ၏။

တိုင်အာနတ်မြို့တော်တွင် လူတိုင်းက အရင်းအမြစ်များအတွက် ယှဥ်ပြိုင်နေကြရသည်။ သူတို့က တစ်ဦးနှင့်တစ်ဦး ယှဥ်ပြိုင်နေကြ၏။ လှည့်စားခြင်း ၊ အယုံသွင်းခြင်း ၊ နောက်ကျောအား ဓားနှင့်ထိုးခြင်းများက အမြဲတမ်းလိုပင် ရှိလေသည်။

တိုင်အာနတ်မြို့တော်ထဲတွင် ရိုးဖြောင့်သူများက ထိခိုက်ခံစားရပေလိမ့်မည်။

" ဘယ်လိုသဘောရလဲ ညီနောင်ယီယွင် " လီဟုန်က ယီယွင်ကိုကြည့်ကာ ရယ်ပြနေသော်လည်း ထိုတပ်သားသစ်က မည်သည့်အရာ တွေးနေကြောင်းကို သူ မသိပေ။

" ငါ ခေါင်းဆောင်ဖြစ်လာရင် ငါ့ရဲ့လက်အောက်မှာ လူတွေ ဘယ်လောက်ရှိမှာလဲ " ယီယွင်က မျှော်လင့်တကြီး ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ အသားတုံးကိုဖဲ့ကာ စားနေလေ၏။

" ဟားဟား...လွယ်ပါတယ် "

ယီယွင် ငါးစာဟပ်လာသည်ကို မြင်သောအခါတွင် လီဟုန်က ရယ်မောလိုက်ပြီး... " ငါ မင်းအတွက် ခန်းမတစ်ခု အထူးပြင်ဆင်ပေးထားတယ်။ မင်းကို လူတစ်ဒါဇင် ပေးထားမှာဖြစ်ပြီးတော့ သူတို့က မင်းရဲ့အမိန့်ကို နာခံလိမ့်မယ်။ ဟေ့ကောင်တွေ... အနာဂတ်မှာ မင်းတို့က ညီနောင်ယီယွ​င်ရဲ့နောက်ကို မလိုက်ချင်ကြဘူးလား "

လီဟုန်က နောက်တွင်ရှိနေသည့် သူ၏လူများကို မေးလိုက်သည်။

ထိုသူများ ရယ်မောကာ... " ဒါပေါ့... အနာဂတ်မှာ ညီနောင်ယီက ငါတို့ရဲ့ခေါင်းဆောင်ပဲ။ ငါတို့အားလုံး ညီနောင်ယီ ပြောသမျှကို နာခံမယ် "

ကျိုးခွေ့မှာ မနာလိုခြင်းအပြည့် ဖြစ်နေလေ၏။ ထိုသည်ကား အနာဂတ်တွင် ကောင်းကင်အထိ ထိုးတက်သွားမည့် ဟုန်တောက်အဖွဲ့ ဖြစ်လေသည်။ ယခုတွင် ယီယွင်ထံ၌ လူတစ်ဒါဇင် ရှိနေသည်ဖြစ်ပြီး အချို့က ဒုတိယနှစ်များ ဖြစ်ကြလေ၏။

သို့သော်...။

ယီယွင်က အဘယ့်ကြောင့် ထပ်မံကာ စားနေရလေသနည်း။ အရေးကြီးကိစ္စရပ်တစ်ခု ဆွေးနွေးနေချိန်၌ပင် ထိုကောင် အစားမပျက်ချေ။ ယင်းလုပ်ရပ်ကြောင့် သူ အမှန်တကယ်ပင် ပြောစရာမဲ့ရသည်။

" ဘယ်လိုသဘောရလဲ "

လီဟုန်က ယီယွင် စားသောက်နေသည်ကို မြင်သောအခါတွင် အနည်းငယ် မျက်မှောင်ကုတ်လိုက်၏။ ဒီကလေးက ဘယ်လိုကျေးဇူးတင်ရမယ်ဆိုတာကို မသိဘူးပဲ။ ငါ စကားပြောနေချိန်မှာတောင် အစားမပျက်ဘူး။

ယီယွင် ပြုံးကာ အစာစားနေရင်းဖြင့် ဗလုံးဗထွေးဆိုလိုက်သည်..." ခေါင်းဆောင်ဖြစ်ဖို့အတွက်က...."

" ဟုတ်ပြီ... ငါ ပြောတာကို မင်း ဘယ်လိုသဘောရလဲ " လီဟုန်သည် ယီယွင်က တကယ်ပင် ငတုံးတစ်ဦးဟု စတင်ကာယုံကြည်လာ၏။ ထိုကောင်က ကျင့်ဝတ်မရှိသည်သာမက တုန်ပြန်မှုလည်း နှေးကွေးလေသည်။

" အဲ့ဒါအတွက်က ငါ့မှာ စကားနှစ်လုံးပဲ ရှိတယ် "

" ဘာများလဲ " လီဟုန်က မေးလိုက်သည်။

ယီယွင်က အသားကို အကြိမ်အနည်းငယ်ခန့် ဝါးကာ ခက်ခဲစွာမျိုချရင်း ဆိုသည်.. " အဲ့ဒီစကားနှစ်လုံးက.... သွားသေလိုက်... အိုး တောင်းပန်တယ်ကွာ ဒါက စကားသုံးလုံးပဲ "

ယီယွင်က အသားကို ဝါးနေရင်းဖြင့် စကားပြောခဲ့လေသောကြောင့် အသားစအချို့က လီဟုန်၏မျက်နှာကို စင်ကုန်လေသည်။

လီဟုန် အေးခဲသွား၏။ တစ်စက္ကန့်အကြာတွင် သူ၏မျက်နှာ ညိုမှောင်သွားသည်။ အနည်းငယ် ဝဖြိုးသော မျက်နှာသည် အလွန်ပင် တင်းမာနေလေ၏။

လီဟုန်၏နောက်မှ ကျိုးခွေ့မှာမူ လုံးဝပင် မှင်တက်မိနေသည်။ ယီယွင်က မည်သည့်အရာကို လုပ်နေလေသနည်း။

" ကောင်လေး...မင်းက ငါ့ကို စနောက်နေတာလား "

လီဟုန် ဒေါကန်သွားလေ၏။ သူ၏ဒေါသကြောင့် စားပွဲပေါ်မှ ခွက်များနှင့်အိုးများ ကွဲကြေသွားရလေသည်။

စားဖိုဆောင်ထဲမှ လူတိုင်းအား အဖြစ်အပျက်များက ဆွဲဆောင်သွားခဲ့လေ၏။ သူတို့သည် ယီယွင်ကြောင့် အံ့ဩတကြီးဖြစ်နေလေ၏။

ယီယွင်က လက်မှ ဆီများကိုသုတ်ကာ မတုန်မလှုပ်ဖြင့် ဆိုလိုက်သည်... " မင်း မှန်တယ်။ ငါက မင်းကို စနောက်နေတာပဲ။ ဒါပေမဲ့ မင်းက ငါ့ကို စနောက်တယ် ၊ ငါက မင်းကို စနောက်တယ်။ ဒါက အပြန်အလှန်ပဲ။ အခု ငါတို့က ဘယ်သူ့အပေါ်မှာမှ အကြွေးမတင်ဘူး "

All Chapters