ငါကြောက်ပေးမယ်
Vol. 14 Ch. 204
" ကောင်လေး...မင်းက သေချင်နေတာပဲ "
ဟုန်တောက်အဖွဲ့မှ လူများ ဒေါသထွက်သွားကြသည်။ ယီယွင်က သူတို့အား မျက်နှာသာပေးခြင်း မရှိပေ။
ဟုန်တောက်အဖွဲ့က ယီယွင်ကို အသိအမှတ်ပြုကာ လာရောက်တွေ့ဆုံခြင်း ဖြစ်လေ၏။ ခရမ်းသွေးနယ်ပယ် အလယ်အဆင့် တပ်သားသစ်တစ်ဦးသာဖြစ်သည့် ယီယွင်က အဖွဲ့ခေါင်းဆောင်ကိုယ်တိုင် ရောက်လာကာ တောင်းဆိုခဲ့သည်ကိုပင် ပယ်ချခဲ့လေ၏။ ထိုကောင်က သူ့ကိုယ်သူ မည်သူဟု ထင်နေလေသနည်း။
လီဟုန်၏မျက်နှာ ကြောက်မက်ဖွယ်ရာ သုန်မှုန်နေသည်။ သူက စားပွဲပေါ်မှ သတ္တုခွက်အား တင်းကျပ်စွာ ဆုပ်ကိုင်ထားလေ၏။ သူ၏လက်ချောင်းများ အသာဖိလိုက်လေရာ ခွက်သည် တစ်စစီ ကွဲထွက်သွားလေ၏။ သူ၏လက်ချောင်းများအောက်တွင် အထူးပြုလုပ်ထားသည့် သတ္တုသည်ပင် စက္ကူပမာ အားနည်းနေလေ၏။
" မင်း ဘာပြောလိုက်တာလဲ။ ငါ မကြားလိုက်လို့ ပြန်ပြောပေးစမ်းပါ " လီဟုန်က ယီယွင်အား မေတ္တာမပျက်သည့်ပမာပင် ပြုံးပြနေသေးချေ။ သို့သော် လီဟုန်၏အမူအရာက အလွန်ပင် ဒေါသထွက်နေကြောင်းကို လူတိုင်း သိကြလေ၏။
လီဟုန်ကဲ့သို့ လက်အောက်ခံများစွာရှိသည် ဩဇာရှိသူတစ်ဦးအား တိုင်အာနတ်မြို့တော်ထဲတွင် လေးငါးနှစ်ခန့် နေထိုင်ခဲ့ကြသည့် ကျင့်ကြံသူများပင် အပြစ်ပြုဝံ့ကြမည်မဟုတ်ပေ။ လီဟုန်အား အပြစ်ပြုမိပါက ပြင်းထန်သောဂယက်များ ဖြစ်လာပေလိမ့်မည်။
" မင်း ရှင်းရှင်းလင်းလင်း မကြားလိုက်ဘူးလား။ ထပ်ပြောပေးရမလား။ ငါပြောလိုက်တာက... သွားသေလိုက် " ယီယွင်က ပီပီသသပင် ဆိုလိုက်လေသည်။ သူ့အား နှပ်ချလိုသူတစ်ဦးက ညီနောင်တစ်ဦးပမာ ဟန်ဆောင်ပြနေသည်ကို ယီယွင်က မည်သို့များ သည်းခံပါမည်နည်း။ ထိုကောင်များက ဟုန်တောက်အဖွဲ့ကို တည်ထောင်ပြီးခါစသာဖြစ်ပြီး မည်သည့်အရာများ ကြီးမြတ်နေလေသနည်း။
ဟုန်တောက်အဖွဲ့ ဒေါသထွက်မည်ကိုမူ ယီယွင်က စိုးရိမ်ခြင်းမရှိပေ။ ဟုန်တောက်အဖွဲ့က တပ်သားသစ်အများစုနှင့် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုသာ ဖြစ်လေသည်။ ထိုအဖွဲ့က အနာဂတ်တွင် ကြီးမားလာနိုင်လေသောကြောင့် လူအများက ကြောက်နေကြခြင်း ဖြစ်လေ၏။ သို့သော် ယီယွင် အနာဂတ်အင်အားကို အဘယ့်ကြောင့် ကြောက်နေရမည်နည်း။
တိုင်အာနတ်မြို့တော်တွင် ကျင့်ကြံသူများအမှ သီးသန့်တိုက်ပွဲများကို ခွင့်ပြုပေးထားသော်လည်း စည်းမျဥ်းစည်းကမ်းများ ရှိလေသည်။ ဒုတိယနှစ်များက တပ်သားသစ်များကို ကိုင်တွယ်ရန်အတွက် တားမြစ်ချက်များစွာ ရှိလေ၏။ တပ်သားသစ်များအကြား၌ သီးသန့်တိုက်ပွဲ ဖြစ်လာလျှင်ပင် ထို့အတွက် နေရာတစ်ခုရှိလေသည်။ ၎င်းအား လူသိရှင်ကြားမဟုတ်ဘဲ သီးသန့်သာ လုပ်ဆောင်ရသည်။ ဥပမာဆိုရသော် လမ်းကြားများ ၊ စားဖိုဆောင်များတွင် တိုက်ခိုက်ခွင့်မရှိပေ။
" အခု မင်း ကြားရပြီလား " ယီယွင်က အသားတစ်တုံးအား ထပ်မံကာကိုက်ရင်း ဆိုလိုက်သည်။
" ကောင်းတယ်... သိပ်ကောင်းတယ်... ငါက မင်းကို ဘာမှမလုပ်နိုင်ဘူးလို့ ထင်နေတာလား " လီဟုန်က လက်ထဲမှ သတ္တုခွက်အား တစ်စစီချေပစ်လိုက်လေ၏။
ယီယွင်က တုန်လှုပ်ခြင်းမရှိပေ။ သူက အခြေအနေကို အပြည့်အဝပင် ထိန်းချုပ်ထား၏။ သူက စားပွဲတွင်ထိုင်ကာ ဆက်လက်၍ စားသောက်နေခဲ့သည်။
စားဖိုဆောင်ထဲတွင် လီဟုန်က မည်သည့်အရာကိုမျှ မလုပ်ဝံ့ပေ။ သူတို့သာ ဤနေရာတွင် တိုက်ခိုက်ပါက စားပွဲများနှင့် ကုလားထိုင်များ ပျက်စီးသွားလိမ့်မည်။ ထိုကိစ္စအတွက် အပြစ်ပေးခံရခြင်းသည် လီဟုန် ခံစားနိုင်သည့်အရာ မဟုတ်ပေ။
လီဟုန် ဒေါသထွက်နေသော်လည်း မည်သည့်အရာမျှ မလုပ်နိုင်ပေ။ သူ အံကျိတ်ကာ ဆိုလေ၏..." ကောင်လေး... ငါ မင်းကို ဘာမှမလုပ်နိုင်ဘူးလို့ ထင်နေလို့ရတယ်။ မင်းကတော့ သိချင်မှသိမယ်။ ရက်အနည်းငယ်လောက်အကြာမှာ တပ်သားသစ်အလုပ်တွေ ပြီးသွားခဲ့ရင် မင်းတို့ တပ်သားသစ်တွေက ပြိုင်ကွင်းထဲကို မဖြစ်မနေ ဝင်ရလိမ့်မယ် "
" တပ်သားသစ်ပြိုင်ပွဲရဲ့ စည်းမျဥ်းတွေကို မင်း သိရဲ့လား။ တိုင်အာနတ်မြို့တော်က ပြီးခဲ့တဲ့ရက်တွေအတွင်းက မင်းတို့ရဲ့ မှော်နဂါးကြေးပြားဝင်ငွေနဲ့ ကျင့်ကြံမှုအဆင့် ရလဒ်တွေကို အသုံးပြုပြီးတော့ မင်းတို့တွေကို အကဲဖြတ်ပေးလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် မင်းက အကြမ်းဖျင်းလောက်ဆိုရင် မြေအဆင့်မှာ အဆင့်ချိတ်နိုင်လောက်မယ်။ မင်းရဲ့နောက်မှာရှိတဲ့ လူတွေအားလုံးက မင်းကို စိန်ခေါ်ခွင့်ရှိတယ်။ မင်းကို အနိုင်ရခဲ့ရင် မင်းရဲ့နေရာကို အစားထိုင်ဝင်ယူနိုင်တယ် "
" မှော်နဂါးကြေးပြားတွေ အများကြီးရထားတဲ့ မင်းလိုကောင်အတွက်က အဆင့် အနိမ့်ပိုင်းကိုရဖို့ ခက်ခဲတယ်။ အဲ့ဒီအချိန်ကျရင် ငါက မင်းကို ကောင်းကောင်းဂရုစိုက်ဖို့အတွက် ဟုန်တောက်အဖွဲ့ရဲ့ အဖွဲ့ဝင်သစ်တွေကို ပြောထားပေးမယ်။ မင်းကတော့ စိန်ခေါ်တာကို ငြင်းပိုင်ခွင့်မရှိဘူး "
လီဟုန် ပြက်ရယ်ပြုလိုက်သည်။ ပြိုင်ကွင်းအတွင်းမှ တိုက်ပွဲများက ပြင်းထန်လေသည်။ ကျင့်ကြံသူများအဖို့ တိုက်ပွဲအစစ်ပမာ ခံစားရပေလိမ့်မည်။
ယီယွင်သာ အကြိမ်ကြိမ် စိန်ခေါ်ခံရပါက ခြေကျိုးလက်ကျိုးအဖြစ် အဆုံးသတ်ရနိုင်၏။ ထိုသို့ဆိုလျှင် ယီယွင်အဖို့ မှော်နဂါးကြေးပြားများစွာ သုံးရပေလိမ့်မည်။ ထိုကောင် မှော်နဂါးကြေးပြားများ မလောက်ငှတော့လျှင် ချေးငှားရပေတော့မည်။ ထိုကောင် လနှင့်ချီကာ အိပ်ယာထဲတွင် လဲနေရသည်ပင် ဖြစ်သွားနိုင်လေ၏။ ယင်းပုံစံမျိုးက အလွန်ပင် အဖြစ်များလေသည်။
" အဆင့်ချိတ်တိုက်ပွဲလား "
ယီယွင် မျက်ခုံးပင့်လိုက်၏။ တိုင်အာနတ်မြို့တွင် အချိန်အချို့ နေထိုင်ခဲ့ရသည့် သူက ပြိုင်ကွင်းစည်းမျဥ်းများကို သိလေသည်။
ပြိုင်ကွင်း၏ အဆင့်သတ်မှတ်ချက်ကလည်း မြေအဆင့် ဖြစ်လေ၏။ တိုင်အာနတ်မြို့မှ ကျင့်ကြံသူတိုင်း မည်မျှပင်အားနည်းနေပါစေ မြေအဆင့်၌သာ ရှိကြသည်။ မြေအဆင့်မှ လူများက စိန်ခေါ်မှုကို ငြင်းပယ်၍မရပေ။
လူအများက အလေးအနက်မထား စိန်ခေါ်ကြခြင်းများ မဖြစ်လာစေရေးအတွက် ပြိုင်ကွင်းတိုက်ပွဲများတွင် တားမြစ်ချက်များစွာ ရှိလေ၏။ ထို့အထဲမှ တစ်ခုသည် လောင်းကြေး ဖြစ်လေ၏။
တိုက်ပွဲတိုင်းတွင် စိန်ခေါ်သူနှင့် စိန်ခေါ်ခံရသူတို့က မဖြစ်မနေပင် လောင်းကြေးထည့်ရသည်။ အဆင့်သတ်မှတ်ချက်အလိုက် အနည်းဆုံး လောင်းကြေးအကန့်အသတ် ရှိလေသည်။
အဆင့်ပိုမြင့်လျှင် လောင်းကြေးအကန့်အသတ် ပိုမြင့်လေ၏။ လူတစ်ဦးက အဆင့်များစွာပိုမြင့်သည့် လူတစ်ဦးကို စိန်ခေါ်ခဲ့ပါက မြင့်မားသောလောင်းကြေး ထည့်ရလေသည်။ ထို့ကြောင့် အခြားသူများကို စိန်ခေါ်ရသည်မှာ အကုန်အကျများလေ၏။ ယုံကြည်ချက်မရှိသူများအဖို့ အရင်းအမြစ်များ ကုန်ဆုံးရခြင်းဖြင့် အဆုံးသတ်ရပေလိမ့်မည်။
ချင်ဟောင်ထျန်းက မြေအဆင့် ထိပ်ဆုံးအဆင့်မှလူကို ဖြုတ်ချခဲ့စဥ်က ပြိုင်ကွင်းထဲတွင် လူပြည့်လျှံခဲ့သည်။ တိုင်အာနတ်မြို့မှ သောင်းချီသောလူများ လာကြည့်ခဲ့ကြ၏။ နည်းပြများနှင့် ဥပဒေထိန်းများပင် လာကြည့်ခဲ့ကြသည်။
" မင်းက ငါ့ကို တိုက်ပွဲထဲမှာ တိုက်ခိုက်ချင်တာလား " ယီယွင် နှာခေါင်းရှုံ့လိုက်၏။ သူ တိုင်အာနတ်မြို့သို့ ရောက်လာစဥ်ကတည်းက မည်မည်ရရ တိုက်ခိုက်ရခြင်း မရှိသေးပေ။ သူ နတ်အရိုင်းမြေခန်းမထဲတွင် ကျင့်ကြံခဲ့စဥ်ကလည်း ကျင့်ကြံမှုများ တိုးတက်ခဲ့လေ၏။ ခရမ်းရောင်ကောင်းကင် ယန်ဂျင်ဆင်းကို စုပ်ယူပြီးချိန်တွင် သူ၏ ရုပ်ခန္ဓာကိုယ်စွမ်းအားများ အလွန်အမင်း တိုးတက်ခဲ့သည်။
ယခုတွင် သူက တိုင်အာနတ်ကျင့်စဥ်ကို လဲလှယ်ထားသည်။ တိုင်အာနတ်ကျင့်စဥ်သည် ကျင့်စဥ်နည်းစနစ် ၊ တိုက်ခိုက်ရေးနည်းစနစ် ၊ လှုပ်ရှားမှုနည်းစနစ်တို့ ပါဝင်သည့် စွယ်စုံကျင့်စဥ် ဖြစ်လေသည်။
ဓားတစ်လက်အား ထုတ်မသုံးပါက သံချေးတက်သွားပေလိမ့်မည်။ ထိပ်တန်း ကျင့်စဥ်နည်းစနစ်တစ်ခုကို အသုံးမချပါက ကျင့်ကြံရေးဖြစ်ထွန်းမှု ကြီးစွာပင် လျော့နည်းသွားပေလိမ့်မည်။
ယီယွင်က မကြာခင်ရက်များ၌ ပြိုင်ကွင်းထဲတွင် လက်ရည်သွေးရန် စဥ်းစားထားခဲ့ပြီး ဖြစ်လေသည်။ သူ့အတွက် လေ့ကျင့်ဖော်များ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။ ထိုလေ့ကျင့်ဖော်တစ်သိုက်ကို အခကြေးငွေ ပေးရန်မလိုအပ်လေဘဲ ၎င်းတို့ကပင် သူ့အား မှော်နဂါးကြေးပြားများ ပေးလာနိုင်သည်။
" လူတစ်စုက ငါ့ကို စိန်ခေါ်မယ်ပေါ့လေ။ ဒါက ရှက်ဖို့မကောင်းဘူးလား။ ငါ ကြောက်ပေးမယ် " ယီယွင် စိတ်ပျက်လက်ပျက် ဖြစ်နေလေ၏။
" ဟားဟား... အခုကျ မင်းက ကြောက်ရကောင်းမှန်း သိလာပြီပေါ့။ နောက်ကျသွားပြီ "
လီဟုန်၏နောက်မှ လူတစ်ဦးက ပြုံးကာဆိုသည်... " အခု မင်းက အစ်ကိုလီဟုန် ကန်တော့ပြီး တောင်းပန်မယ်ဆိုရင်တောင် အသုံးမဝင်တော့ဘူး။ မင်း အရိုးကျိုးအောင် အရိုက်ခံရပြီး ရှာထားသမျှငွေတွေအားလုံးကို ဆေးကုရတာနဲ့ အဆုံးသတ်ရလိမ့်မယ် "
လီဟုန်၏နောက်မှ အခြားသူများကလည်း အားပါးတရ ရယ်လိုက်ကြသည်။
" မင်းရဲ့ ခွေးကံကောင်းမှုကြောင့် တစ်ဝက်သေနေတဲ့ ရှေးဦးဆေးတစ်ပင် ရလာနိုင်ခဲ့တာကို မင်းကိုယ်မင်း စွမ်းဆောင်ရည်ရှိတယ်လို့ ထင်နေတာလား။ တိုင်အာနတ်မြို့မှာ ခွန်အားက အရာရာပဲ။ မင်းက ဆေးပင်ခူးတာ တော်နေရင်တောင် ဘာမှစောက်ရေးမပါဘူး။ ငါတို့ ဟုန်တောက်အဖွဲ့ကို အပြစ်ပြုထားပြီးရင် တိုင်အာနတ်မြို့မှာ နောက်ခြောက်နှစ်လောက်အထိ ရှင်သန်နိုင်ဖို့ကို မစဥ်းစားနဲ့တော့ "
လီဟုန်၏လူများက ယီယွင်ကို ဖိနှိမ်ကာ အလွန်ပင် ပျော်ရွှင်နေကြလေ၏။
သို့သော် လီဟုန်ကမူ မျက်မှောင်ကုတ်နေသည်။ ဤကောင်လေးက ယုံကြည်၍မရဟု သူ ခံစားမိသည်။ ထိုကောင်က လုံးဝပင် ကြောက်ရွံ့ဟန်မရှိပေ။
" ကိစ္စတွေကို ပြောင်းလဲလို့မရတော့ဘူး။ စောင့်နေလိုက်တော့ ကောင်လေး " ထိုသို့ပြောပြီးနောက် လီဟုန်က နောက်လိုက်များကို ဦးဆောင်ကာ ထွက်သွားလေသည်။
ကျိုးခွေ့က ငူငူငိုင်ငိုင်နှင့် ကျန်ရစ်ခဲ့လေပြီး မည်သို့ပြောရမည်မှန်း မသိချေ။ မူလက သူ ထင်ထားသည်မှာ လီဟုန်က ယီယွင်ကို ဟုန်တောက်အဖွဲ့ထဲသို့ သွတ်သွင်းနေခြင်းဟူ၍ ဖြစ်သည်။ သို့သော် အဖြစ်အပျက်များက မထင်ထားသော ရလဒ်တစ်ခုပင်။
စားဖိုဆောင်ထဲမှ အခြားသူများအားလုံး အံ့အားသင့်နေကြ၏။ အများစုက တပ်သားသစ်များဖြစ်ပြီး ဟုန်တောက်အဖွဲ့ကဲ့သို့ အားကောင်းသောအဖွဲ့တစ်ခုကို ရန်စဝံ့ခြင်းမရှိပေ။ ယီယွင်အား ဟုန်တောက်အဖွဲ့က ဖိနှိမ်နေသည်ကို သူတို့ မြင်ခဲ့ရသည်။ ယီယွင်အား ဆေးဖိုးနှင့် မွဲပြာကျသည်အထိ ပြိုင်ကွင်းထဲတွင် ရိုက်နှက်ပေးမည်ဟုပင် ကတိပြုသွားသေးသည်။
အနာဂတ်တွင် ယီယွင် မည်သို့ရှင်သန်မည်နည်း။
လူအများစုက ယီယွင်အား သနားစိတ်ဖြင့် ကြည့်နေကြသည်။ လီဟုန်က ဒုတိယနှစ် တပ်သားတစ်ဦးဖြစ်ပြီး တိုင်အာနတ်မြို့တွင် နောက်ထပ်ငါးနှစ် နေရပေဦးမည်။
" ယီ...ယီ...ယီယွင်... ငါ...ငါ... ဒီလိုဖြစ်သွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး " ကျိုးခွေ့ တံတွေးတစ်လုတ် မျိုချကာ ဗလုံးဗထွေးဆိုလိုက်သည်။ သူတို့က အမြဲတမ်းလိုပင် ပြိုင်ဆိုင်နေကြသော်လည်း အသေအကျေပြိုင်ဘက်များ မဟုတ်လေသောကြောင့် ယီယွင် ကံဆိုးရမည်ကို မလိုလားပေ။
ထို့အပြင် ကျိုးခွေ့က အသက် ၁၃ နှစ်သာရှိသေးပြီး စိတ်ထားဖြူစင်သည်။ မကျေလည်မှုများ ရှိနေလျှင်ပင် ကျိုးခွေ့က အခြားသူများကို သေစေလိုခြင်းမရှိပေ။ ကျိုးခွေ့သည် လီဟုန်နှင့်အဖွဲ့ကို ခေါ်လာမိခဲ့ပြီး ယီယွင်အား အန္တရာယ်ဖြစ်စေမိခဲ့သည်ဟု ခံစားနေရလေ၏။
ယီယွင်က အလွန်ပင် သဘောထားပွင့်လင်းသည်။ သူ ပြုံးကာ စားပွဲပေါ်မှ အသားတစ်တုံးအား ယူစားရင်းဖြင့် မပီမသဆိုသည်..." အသေးအဖွဲလေးပါ။ စိတ်ထဲထားမနေနဲ့။ မင်း စားချင်သေးလား။ အသားတွေက အရသာကောင်းတယ် "
" အမ်..." ကျိုးခွေ့ ပြောစရာမဲ့သွားရ၏။ ဤအခြေအနေတွင်ပင် ယီယွင်က အသားကို စားနိုင်နေသေးချေသည်။