← Chapters

အတွင်းခံတောင် ဆုံးရှုံးစေရမယ်

Vol. 14 Ch. 205

အတွင်းခံတောင် ဆုံးရှုံးစေရမယ်

Vol. 14 Ch. 205

အဆင့်နိမ့် စားဖိုဆောင်ထဲတွင် ယီယွင်က ဟုန်တောက်အဖွဲ့အား အရှက်ခွဲခဲ့သည့် သတင်းသည် လျင်မြန်စွာပင် ပျံ့နှံ့သွားခဲ့လေ၏။

တပ်သားသစ်များအကြားတွင် ဟုန်တောက်အဖွဲ့နှင့် ယီယွင်တို့က အာရုံစိုက်ခံကြရသူများ အသီးသီးဖြစ်ကြလေ၏။ ဟုန်တောက်အဖွဲ့နှင့်ဆိုလျှင် တပ်သားသစ်များအကြား၌ မြင့်မားသော အခွင့်အထူးခံဖြစ်မည်မှာ သိသာလေသည်။ ယီယွင်ကမူ မကြာသေးမီက ရှေးဦးဆေးတစ်ပင် ခူးဆွတ်နိုင်ခဲ့ကာ ကျော်ကြားလာခဲ့သူ ဖြစ်လေ၏။ သူက တပ်သားသစ်များအကြားတွင် လွှမ်းမိုးမှုရှိသူဟု ဆိုနိုင်လေသောကြောင့် လူပေါင်းများစွာက သူ့အား အာရုံစိုက်ထားကြသည်။

ထိုသို့သော လူတစ်ဦးက ထိုသို့သော အဖွဲ့အစည်းတစ်ခုနှင့် အချင်းများကြသည်မှာ ပထမနှစ်နှင့် ဒုတိယနှစ် တပ်သားသစ်များ စောင့်ကြည့်ရန် ထိုက်တန်လေသည်။

ယီယွင် တပ်သားသစ်အလုပ် ပြီးဆုံးသွားလျှင် ဒုက္ခရောက်ဖို့ရာများသည်ကိုလည်း သူတို့ သိကြသည်။ ဟုန်တောက်အဖွဲ့က ယခုနှစ် တပ်သားသစ်များထဲတွင် ပါရမီရှိသူများစွာကို သိမ်းသွင်းထားလေ၏။

ဟုန်တောက်အဖွဲ့က လှုပ်ရှားမှုမြန်ဆန်သည်။ တစ်လအတွင်းမှာပင် တိုင်အာနတ်မြို့တော်သို့ ရောက်လာကြသည့် တပ်သားသစ်များစွာကို ဟုန်တောက်အဖွဲ့က ပစ်မှတ်ထားခဲ့ပြီး ဖြစ်လေ၏။ ဟုန်တောက်အဖွဲ့က ပစ်မှတ်ထားသည့် ပါရမီရှင်များသည် ကျုံးပြည် နယ်မြို့တော်၏ မိသားစုမျိုးနွယ်များထံမှ လာခဲ့ကြသူများ ဖြစ်လေ၏။ ၎င်းတို့က တိုင်အာနတ်မြို့တော်သို့မရောက်မီကပင် ဂုဏ်သတင်းကြီးနေခဲ့ပြီး ဖြစ်လေသည်။

၎င်းတို့တွင် မြို့တော်၏ အနိုင်ကျင့်သခင်လေးပါး ၊ တော်ဝင်မြို့တော်၏ သခင်လေးခြောက်ဦးကဲ့သို့သော အမည်များရှိကြသည်။ တိုင်အာနတ်ပြည်ထောင်တွင် မိသားစုမျိုးနွယ်များ အများဆုံးနေရာက တော်ဝင်မြို့တော်ဖြစ်သည်မှာ သံသယဖြစ်ရန်မလိုပေ။ ထိုကဲ့သို့ ဘွဲ့ထူးများ ရထားသူများက မဆိုးလှသည်မှာ သေချာလေသည်။

လီဟုန်သည်လည်း မြို့တော်ထဲရှိ မိသားစုမျိုးနွယ်တစ်ခုထံမှ လာခဲ့ခြင်းဖြစ်သည်။ သူ့တွင် ကျယ်ပြန်သော လူမှုဆက်ဆံရေး ကွန်ယက်တစ်ခုလည်းရှိပြီး အလွန်ပင် ဂုဏ်သတင်းကြီးမားသည်။ သူ့အား သခင်လေးများစွာက မျက်နှာသာပေးကြသည်။ ထိုသို့သာမဟုတ်ပါက တပ်သားသစ်များအကြားတွင် ဂုဏ်ရှိန်ထည်ဝါသော ဟုန်တောက်အဖွဲ့အား တည်ထောင်ရန် လွယ်ကူမည်မဟုတ်ပေ။

မြို့တော်မှ သခင်လေးများကို ဟုန်တောက်အဖွဲ့ထဲသို့ သွတ်သွင်းရေးအတွက် လီဟုန်က ထိုသခင်လေးများကို အကျိုးအမြတ်များစွာပေးမည်ဟု ကတိပေးထားရသည်။

ယခုတွင်မူ ယီယွင်က ဟုန်တောက်အဖွဲ့ကို အရှက်ခွဲခဲ့သည်။ ယင်းသည် အနိုင်ကျင့် သခင်လေးများကို စော်ကားခဲ့ခြင်းနှင့်လည်း မခြားပေ။

အနိုင်ကျင့် သခင်လေးများက နတ်ဒေဝါများ မဟုတ်ပေ။ မြို့တော်တွင် ရှိခဲ့စဥ်က သူတို့၏ပါရမီနှင့် မိသားစုနောက်ခံတို့ကြောင့် အထက်စီးဆန်ခဲ့ကြသည်ဟု ပြော၍ရလေသည်။ သူတို့က လွှမ်းမိုးချုပ်ကိုင်ကာ အနိုင်ကျင့်ခဲ့ကြ၏။ သာမန်လူများက သူတို့အား ဆန့်ကျင်ရဲခြင်းမရှိပေ။

ယီယွင်က လီဟုန်အား " သွားသေလိုက် " ဟု ပြောခဲ့သည်ကို ပြန်ကြားရချိန်တွင် သူတို့ ဒေါသချောင်းချောင်းထွက်ရလေ၏။

" တိမ်ရိုင်းနယ်မြေကလာတဲ့ အဲ့ဒီတောသားက သေချင်နေတာလား။ ဒီကောင်က အစ်ကိုဟုန်ကို ရန်စဝံ့တယ်ပေါ့လေ။ ငါတို့အဖွဲ့က အခြားသူတွေကို သွားမရှုပ်တာကတင် အတော်ဟုတ်နေပြီ။ ဒီကောင်က ငါတို့ကို လာရှုပ်ဝံ့နေတာလား "

" ညီလေး ၄ ပြောတာ မှန်တယ်။ ငါတို့ကပဲ အခြားသူတွေကို အနိုင်ကျင့်ခဲ့တာလေ။ ငါတို့ကို ဘယ်သူကမှ အနိုင်မကျင့်ရဲဘူး။ ဒီကလေးက အသက်မရှင်ချင်မှတော့ ငါတို့က ဖြည့်ဆည်းပေးရတာပေါ့ကွာ။ ပြိုင်ကွင်းထဲကို ဝင်တဲ့အချိန်ကျရင် ဒီကောင့်ကို ဒုက္ခိတဖြစ်အောင် လုပ်ပစ်မယ် "

မြို့တော်မှ မကောင်းသောလူများ ဒေါသထွက်နေကြ၏။ သူတို့က ယီယွင်၏မျက်နှာကို မြေပေါ်တွင် ချနင်းပစ်ရန် မစောင့်နိုင်အောင် ဖြစ်နေကြသည်။

လီဟုန်က တည်ကြည်စွာဆိုသည်..." ဒီကလေးကို လျော့မတွက်နဲ့။ ဒီကောင့်မှာ အစွမ်းအစအချို့ ရှိနေပုံပဲ။ ခူးလာခဲ့တဲ့ ရှေးဦးဆေးပင်က ကပ်ဘေးကြုံထားရတယ်ဆိုပေမဲ့ ထင်သလောက် မရိုးရှင်းဘူးလို့ ငါ သံသယဝင်မိတယ်။ ရှေးဦးဆေးပင်ကို မှော်နဂါးကြေးပြားနဲ့ လဲလှယ်ထားတဲ့ ဒီကောင့်ရဲ့ အသားတင်ကြွယ်ဝမှုက မသေးဘူး "

" ဟားဟား...မှော်နဂါးကြေးပြားလား "

မြို့တော်၏ အနိုင်ကျင့် သခင်လေးများက မျက်ဝန်းများတောက်ပသွားကာ ဆိုလေသည်..." အခု အစ်ကိုဟုန် ပြောတာတွေကို ငါ မှတ်ထားပါ့မယ်။ ပြိုင်ကွင်းမှာ လောင်းကြေးထည့်ရတယ် မဟုတ်ဘူးလား။ ငါတို့တွေ တိုင်အာနတ်မြို့ကို ရောက်လာကတည်းက ပြိုင်ကွင်းကို မသွားရသေးဘူး။ ငါတို့တွေ မှော်နဂါးကြေးပြားတွေလည်း ကျပ်တည်းနေတယ်။ အခုတော့ အိမ်တံခါးဝရှေ့ကို ဆူဖြိုးတဲ့ သိုးတစ်ကောင် ရောက်လာတာပဲ "

တပ်သားသစ်များအတွက် မှော်နဂါးကြေးပြားများ ရရှိလာရန် အလွန်ခက်ခဲလေသည်။ မြို့တော်မှ သခင်လေးများအတွက်လည်း ထိုကိစ္စက အတူတူသာဖြစ်လေ၏။

အစပိုင်းတွင် ဟုန်တောက်အဖွဲ့က သူတို့ကို အကျိုးအမြတ်အနည်းငယ် ပေးခဲ့သော်လည်း မကြာမီတွင် ကုန်ခမ်းခဲ့ရလေသည်။

ယခုတွင်မူ ပြိုင်ကွင်းထဲတွင် လောင်းကြေးလက်ခံကြောင်းကို ရုတ်တရက် သတိရသွားခဲ့ကြ၏။ ထို့အပြင် သူတို့၏ပစ်မှတ် ယီယွင်က ငွေပေါလေသည်။ ယင်းသည် မိုးကောင်းကင်က ပေးအပ်လာသည့် ကံကောင်းမှုတစ်ရပ် ဖြစ်လေ၏။

" စိတ်မပူနဲ့ အစ်ကိုဟုန်။ ဒီကောင် အတွင်းခံတောင် မကျန်တော့တဲ့အထိ ရှုံးသွားရအောင် ငါတို့ လုပ်ပေးမယ် "

" ဒီနေ့ကနေစပြီး ငါတို့တွေ မှော်နဂါးကြေးပြားတွေ စုမယ်။ အဲ့ဒီလိုမှမဟုတ်ရင်တော့လား အချိန်ကျလာရင် အဲ့ဒီကောင်ကို အပြတ်ရှင်းဖို့ မှော်နဂါးကြေးပြားတွေ မလောက်ဘဲဖြစ်နေမယ် "

အနိုင်ကျင့် သခင်လေးများက သဘောတူညီချက် လုပ်လိုက်ကြသည်။

ဟုန်တောက်အဖွဲ့ ခေါင်းဆောင်တစ်ဦးက ဆိုသည်..." စိတ်မပူပါနဲ့... မင်းတို့မှာ မှော်နဂါးကြေးပြားတွေ မရှိတော့ရင် အဖွဲ့က ထောက်ပံ့ပေးမှာပါ။ ဒီကောင် အတွင်းခံတောင်မကျန် ဆုံးရှုံးရအောင်လို့ သေချာလုပ်ရမယ် "

" ဟုတ်တယ်... မင်းတို့တွေ ကောင်းမယ်ထင်သလိုသာ လုပ်ကြ " လီဟုန်က တုန့်ဆိုင်းမှုအချို့နှင့် ခေါင်းညိတ်လိုက်သည်။

ထိုသို့ဖြင့် ဟုန်တောက်အဖွဲ့က လူသိရှင်ကြား ကြေညာခဲ့လေသည်။ သူတို့က ယီယွင်ကို ပြိုင်ကွင်းထဲတွင် နင်းချေမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် အတွင်းခံပါ မကျန်တော့အောင် လုပ်ဆောင်ကြပေမည်။

ထိုသတင်းက ပထမနှစ်နှင့် ဒုတိယနှစ် တပ်သားသစ်များအကြား ပျံ့နှံ့သွားလေသည်။ သူတို့က ယီယွင်နှင့် ပတ်သတ်မှုမရှိလေသောကြောင့် စိုးရိမ်ခြင်းမရှိကြပေ။

ယီယွင်၏ကံကောင်းမှုက လွန်လွန်းလေ၏။ တိုင်အာနတ်မြို့မှ ကျင့်ကြံသူများ တစ်ဦးနှင့်တစ်ဦး ပြိုင်ဆိုင်နေကြလေသောကြောင့် ယီယွင် မှော်နဂါးကြေးပြားများ အလွယ်ရှာနိုင်ခဲ့ချိန်တွင် သူတို့ မနာလိုဖြစ်ရသည်။ ယခုတွင်မူ ယီယွင် မြန်ဆန်စွာပင် ဒုက္ခတွေ့လာရလေသောကြောင့် လူအချို့က ကျိတ်ပျော်နေကြသည်။

ယီယွင်က မှော်နဂါးကြေးပြားများစွာ ရထားသည်ဖြစ်၍ ဆေးပင်ခူးခြင်းအား မလုပ်လောက်တော့ဟု လူအများက ထင်ထားကြသည်။ ယီယွင်အနေဖြင့် အရင်းအမြစ်များနှင့် လဲလှယ်ကာ ကြိုးစားလေ့ကျင့်နေသင့်သည်။

သို့သော် ဒုတိယမြောက်နေ့တွင်မူ ယီယွင်က ထိုကိစ္စများနှင့် မဆိုင်သည့်အလားပင် ဆေးခြင်းလွယ်ထားသည်ကို သူတို့ မြင်လိုက်ရသည်။ ယီယွင်က အေးအေးလူလူပင် ဆေးပင်ခူးလိုနေ၏။

" ယီယွင်... မင်းက ဆေးပင်ခူးနေတုန်းလား " တစ်စုံတစ်ဦးက ထိန်းမရဘဲ မေးလိုက်လေ၏။

ယီယွင်က ထိုသူကို အထူးအဆန်းကြည့်ကာ ဆိုလေသည်..." အေးလေကွာ... ငါ ဆေးပင်ခူးရမယ်လေ။ တစ်လကျန်သေးတယ်ဆိုတော့ ငါက ဆေးပင်ခူးစံချိန်ကို ချိုးဖျက်ဖို့ ပြင်ဆင်ထားတယ် "

စံချိန်ချိုးမယ်တဲ့လား။

လူအများ ကြက်သေသေသွားရ၏။

" စံချိန်ချိုး " ဟူသည့် စာသားက လူပေါင်းများစွာအတွက် အလှမ်းဝေးလွန်းလေသည်။ ဆေးပင်ခူးကဲ့သို့ အနိမ့်ဆုံးစံချိန်များသည်ပင် တုန်လှုပ်ဖွယ်ကောင်းလေသည်။

လူအများသည် ယီယွင် တည်နေရာကူးအစီအရင်ထဲသို့ ဝင်ရောက်သွားကာ အလင်းများနှင့်အတူ ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့ကြလေ၏။

" ဒီကလေးက တကယ်ပဲ စံချိန်ကို ချိုးဖျက်ချင်နေတာလား "

" ရှေးဦးဆေးတစ်ပင်က မှော်နဂါးကြေးပြားတစ်သောင်း ရခဲ့တယ်ဆိုပေမဲ့ စံချိန်ကို ချိုးဖျက်ဖို့ကတော့ ရိုးရှင်းမှာမဟုတ်ဘူး "

" ဒီကောင့်မှာ ရည်မှန်းချက်ရှိတယ်။ လူတွေက ဒီကောင့်ကို ဝိုင်းထားတာတောင် ဒီကောင်ကတော့ စံချိန်ချိုးဖို့ကို သမာဓိအပြည့်နဲ့ ကြိုးစားနေတယ်။ ဒီကောင်က တစ်လနှစ်လလောက် ဒုက္ခိတဖြစ်အောင် အရိုက်ခံရမှာကို မကြောက်ဘူးလား။ ဒါပေမဲ့ တိုင်အာနတ်မြို့ကို ရောက်လာတဲ့သူတွေက ပါရမီရှိသူတွေချည်းပဲလေ။ ဒီကောင့်ရဲ့ ကမ္ဘာငယ်ထဲမှာတော့ အကောင်လုပ်လို့ရပေမဲ့ ပြင်ပကမ္ဘာက ဘယ်လောက်ကြီးမားပြီး အခြားသူတွေက ဘယ်လောက်အထိ သန်မာသလဲဆိုတာကို ဒီကောင် မသိဘူး "

လူအများက ဆွေးနွေးပြောဆိုနေကြသည်။ ဤသူများက နေရာအနှံ့မှ မိုးကျရွှေကိုယ်များ ဖြစ်ကြလေ၏။ အတိတ်တွင် သူတို့ကိုယ်သူတို့အား အလွန်ဂုဏ်ဝင့်ခဲ့ကြသော်လည်း မကြာမီတွင် ကိုယ့်နေရာကိုယ် သိရှိခဲ့ကြရသည်။ တိုင်အာနတ်မြို့ထဲတွင် ကြောက်မက်ဖွယ်ကောင်းသူများ များစွာပင်ရှိလေ၏။

ယီယွင်က လူအများ၏ ဆွေးနွေးမှုများကို စိတ်မဝင်စားပေ။ ယခုအခါ၌ သူက ဆေးတောင်တန်း အမှတ် ၆၀ သို့ ရောက်နေလေသည်။ မိုးမြေယွမ်ချီများ အလွန်ကြွယ်ဝလှကာ ကျင့်ကြံရန် နေရာကောင်းတစ်ခု ဖြစ်လေသည်။

ယီယွင်က တောအုပ်ထဲရှိ မြေကွက်လပ်တစ်ခုတွင် ရပ်နေသည်။ သူ လက်ဝါးအရွယ်ခန့် ကျောက်စိမ်းပြားတစ်ခု ထုတ်လိုက်သည်။ ကျောက်စိမ်းပြား၏ အရှေ့ဘက်တွင် နဂါးတစ်ကောင်ပုံ ထွင်းထုထားပြီး ကျောဘက်တွင်မူ " တိုင်အာ " ဟူသည့် စကားလုံးကို ရေးထိုးထားသည်။

ထိုကျောက်စိမ်းပြားက တိုင်အာနတ်ကျင့်စဥ်၏ ပထမသုံးတွဲ ဖြစ်လေ၏။

တိုင်အာနတ်ပြည်ထောင်တွင် တိုင်အာနတ်ကျင့်စဥ်ကို တင်းကျပ်စွာ ထိန်းချုပ်ထားလေ၏။ တိုင်အာနတ်ကျင့်စဥ်အား လဲလှယ်ခဲ့သူများ တင်းကျပ်စွာပင် ကာကွယ်ထိန်းသိမ်းရသည်။ တိတ်တဆိတ် ဝေမျှပေးနေကြောင်း တွေ့ရှိသွားပါက ဝေမျှသူနှင့် တိတ်တဆိတ်သင်ယူသူ နှစ်ဦးစလုံးကို ပြင်းထန်စွာ အပြ​စ်​ပေးမည်ဖြစ်၏။

ယီယွင် စိတ်အာရုံကို ကျောက်စိမ်းပြားထဲသို့ ထိုးသွင်းလိုက်သည်။ သူ့ဆီသို့ ရှေးဟောင်းအရှိန်အဝါတစ်ခု တိုးဝင်လာကြောင်း ခံစားလိုက်ရသည်။ ယင်းသည် သူ၏ရှေ့မှောက်တွင် ထူးဆန်းသော တံခါးတစ်ချပ် ပွင့်သွားခဲ့ပြီး အဆုံးမဲ့သော ဆန်းကြယ်မှုများအား မြင်လိုက်ရသည်နှင့် ဆင်တူလေသည်။ ယင်းအရာက ဥပဒေသအမှန်တရားဖြစ်ကြောင်း ယီယွင် သိသည်။

တိုင်အာနတ်ကျင့်စဥ်ကဲ့သို့ ကျင့်စဥ်နည်းစနစ်များတွင် ဥပဒေသအမှန်တရားများ ပါရှိလေပြီး စကားလုံးများနှင့် ဖော်ညွှန်းပြနိုင်သောအရာ မဟုတ်ပေ။ ယခင်က ယီယွင် နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းကို လေ့ကျင့်ခဲ့ချိန်တွင် သိုင်းစားအုပ်ကို ရရှိခဲ့စဥ်က အလွယ်တကူပင် မိတ္တူကူးနိုင်ခဲ့သည်။

သို့သော် တိုင်အာနတ်ကျင့်စဥ်ကိုမူ မိတ္တူကူး၍ မရပေ။ ယီယွင် တိုင်အာနတ်ကျင့်စဥ်ကို လုံးဝတတ်ကျွမ်းသွားမှသာ ကျောက်စိမ်းပေလွှာပေါ်တွင် ဥပဒေသအမှန်တရားများနှင့် မှတ်တမ်းတင်မှသာ ရပေမည်။ ထို့ကြောင့် တိုင်အာနတ်ကျင့်စဥ်ကို မိတ္တူကူးလျှင် အနာဂတ်မျိုးဆက်အတွက်သာ လက်ဆင့်ကမ်းနိုင်ပေလိမ့်မည်။

လူတိုင်း၏ တိုင်အာနတ်ကျင့်စဥ်အပေါ် သိမြင်နားလည်မှုများက ကွဲပြားလေသည်။ မှတ်တမ်းတင်ထားသည့် ဥပဒေသအမှန်တရားများကလည်း အနည်းငယ်ခန် ကွဲပြားနေပေလိမ့်မည်။ ထို့ကြောင့် တိုင်အာနတ်ကျင့်စဥ်၏ ကျောက်စိမ်းပေလွှာများ အရည်အသွေးအမျိုးမျိုး ရှိကြလေသည်။

တိုင်အာနတ်ကျင့်စဥ် ကျောက်စိမ်းပြားကို တိုင်အာနတ်မြို့က အရည်အသွေးမြင့်မားစွာ ထောက်ပံ့ပေးထားခြင်းဖြစ်၍ အလွန်ဈေးကြီးနေရခြင်းပင်။ ယင်းသည် ကျင့်ကြံသူများ လေ့လာသင်ယူရန် ငှားရမ်းပေးခြင်းသာ ဖြစ်လေ၏။ အနာဂတ်တွင် ပြန်လည်ပေးအပ်ရန် လိုအပ်လေသည်။

ပျောက်ဆုံးသွားပါက ကြီးမားသော အကျိုးဆက်များ ဖြစ်လာပေလိမ့်မည်။

All Chapters