← Chapters

ထန်တောင်ကြားမှ နေအလင်းရောင်

Vol. 14 Ch. 206

ထန်တောင်ကြားမှ နေအလင်းရောင်

Vol. 14 Ch. 206

ယီယွင် တိုင်အာနတ်ကျင့်စဥ်ကို လေ့လာခွင့်မရမီကတည်းကပင် တိုင်အာနတ်ပြည်ထောင်၏ ထိပ်တန်းကျင့်စဥ်အတွက် ကြိုတင်မှန်းဆချက်များစွာ ရှိထားလေသည်။ အဆိုပါ ကျင့်စဥ်အတွဲက မည်သို့ရှိမည်ကို သူ မှန်းဆထားခဲ့သည်ဖြစ်ပြီး ယနေ့တွင်မူ ထိုကျင့်စဥ်က အမှန်တကယ်ပင် မည်သည့်အရာဖြစ်ကြောင်း သူ မြင်ရပေတော့မည်။

ယီယွင် တိုင်အာနတ်ကျင့်စဥ် ပထမအတွဲအား မြင်လိုက်ရချိန်၌ အလွန်ပင် အံ့အားသင့်သွားရသည်။

တိုင်အာနတ်ကျင့်စဥ်၏ ပထမအတွဲတွင် ပုံသေနည်း စကားလုံးအနည်းငယ်နှင့် အခြေခံနိယာမအချို့သာ ပါရှိလေသည်။ ယင်းတို့အပြင် ပုံတစ်ပုံသာ ရှိလေ၏။ ထိုပုံသည် တိုင်အာနတ်ကျင့်စဥ် ပထမအတွဲ၏ အဓိကအချက်အချာ ဖြစ်လေ၏။

စာသားများပြည့်နေသည့် ကျင့်စဥ်နည်းစနစ်တစ်ခုကို ကြိုတွေးမျှော်လင့်ထားသော ယီယွင်မှာ မှင်တက်မိနေသည်။

ကျင့်စဥ်နည်းစနစ်တစ်ခု၏ အဆင့် ပိုမြင့်လေလေ စာသားများ၏ အယူအဆများကို နားလည်ရန်အတွက် ပညာရပ်ဆန်သော စကားလုံးများ ပိုမိုလိုအပ်လေလေသာ ဖြစ်လေ၏။ ယခုတွင်မူ ကျင့်စဥ်ပထမအတွဲအတွက် ပုံတစ်ပုံသာ ဖြစ်သည်တဲ့လား။

ထိုပုံက နေမင်းပုံ ဖြစ်လေ၏။

ယီယွင် ထိုပုံအား ကြည့်လိုက်ချိန်တွင် ထူးဆန်းသော ခံစားချက်တစ်ရပ် ကြီးထွားလာရသည်။ ယင်းက နေမင်းပုံသာ ဖြစ်သော်လည်း ကောင်းကင်ထက်မှ နေမင်းပမာပင် အဆုံးမဲ့တောက်ပလှသည်ဟု သူ ခံစားရသည်။

ဒီပုံက...။

ယီယွင် အသက်ဖွဖွ ရှုလိုက်သည်။ ထိုပုံကို ဆွဲခဲ့သူတွင် ပုံမှန်မဟုတ်သော နည်းစနစ်တစ်ခု ရှိနေသည်ဟု သူ ခံစားရသည်။ ထိုသူတွင် အမြင့်ဆုံးအရည်အချင်း ပုံဆွဲစွမ်းရည် ရှိနေလေသည်။ စုတ်ချက်တိုင်းတွင် ပါဝင်နေသည့် ဖော်ပြ၍မရသော စာသားများက သူ၏သိမြင်နားလည်မှုများထဲသို့ ကျူးကျော်ဝင်ရောက်လာနေ၏။

" တိုင်အာနတ်ကျင့်စဥ်ကို ဒီလောက် ဈေးကြီးကြီးပေးပြီး ငှားရမ်းရတာကို မအံ့ဩတော့ပါဘူး။ ဒီကျောက်စိမ်းပြားက အရမ်းကို တန်ဖိုးကြီးတယ်။ ဒီနေမင်းပုံကို အခြားသူတွေ ကူးယူဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး "

" တိုင်အာနတ်မြို့တစ်ခုလုံးမှာ တိုင်အာနတ်ကျင့်စဥ် ပထမသုံးတွဲရဲ့ မိတ္တူအပွား ကျောက်စိမ်းပြားတွေက နည်းနည်းပဲရှိလောက်မယ်။ ကျောက်စိမ်းပြားတစ်ခုချင်းစီကို တိုင်အာနတ်ပြည်ထောင်မှာ နှစ်ပေါင်းသန်းချီကြာအောင် တည်ရှိလာခဲ့တဲ့ ပညာရှိတွေက ရေးဆွဲထားတာပဲ ဖြစ်ရမယ်။ ပညာရှိတွေမှာတောင် အတော်ဆုံးတွေမဟုတ်ရင် ဒါမျိုးရေးဆွဲနိုင်မှာ မဟုတ်လောက်ဘူး။ လက်ရှိ တိုင်အာနတ်မြို့ရဲ့ အကြီးအကဲတစ်ဦးတောင် ဒါမျိုးရေးဆွဲနိုင်မှာ မဟုတ်လောက်ဘူး "

" ပြီးတော့ ဒါက ပထမသုံးတွဲပဲ ရှိသေးတယ်။ တိုင်အာနတ်ကျင့်စဥ်ရဲ့ အခြားအတွဲတွေမှာလည်း မိတ္တူအပွားတွေ အနည်းလောက် ရှိရလိမ့်မယ်။ ဈေးနှုန်းကလည်း ပိုပြီးတော့ ဈေးကြီးလောက်မယ် "

ယီယွင် သဘောပေါက်သွားသည်။ တိုင်အာနတ်ပြည်ထောင်ကို တိုင်အာနတ်ကျင့်စဥ်ကို အကြောင်းပြချက်နှစ်ခုကြောင့် စည်းကမ်းတင်းကျပ်ထားခြင်း ဖြစ်နေသည်။ ပထမအချက်သည် တိုင်အာနတ်ကျင့်စဥ်က တိုင်အာနတ်ပြည်ထောင်၏ အခြေခံအုတ်မြစ် ဖြစ်လေသောကြောင့် အလွယ်တကူ ပျံ့နှံ့သွား၍မရပေ။ အကြောင်းကမူ တိုင်အာနတ်ကျင့်စဥ်ကို မှတ်တမ်းတင်ထားသည့် ကျောက်စိမ်းပြားများ နည်းပါးလွန်းလေသောကြောင့်ပင်။ ၎င်းက တန်ဖိုးကြီးမားသော အရင်းအမြစ်တစ်ခု ဖြစ်လေသောကြောင့် လူတိုင်းကို အလွယ်တကူ လေ့ကျင့်ခွင့်ပေးမည်မဟုတ်ပေ။

အတော်ဆုံးများထဲမှ အတော်ဆုံးလူများကသာ တိုင်အာနတ်ကျင့်စဥ်ကို လေ့လာခွင့်ရပေမည်။

ယီယွင် ဆက်လက်၍ ကြည့်လေသည်။ နေမင်းပုံ၏အောက်တွင် စာပိုဒ်တစ်ခု ရှိနေသည်။ ယင်းသည် တိုင်အာနတ်ကျင့်စဥ်၏ အခြေခံနိယာမများ ဖြစ်လေ၏။ ၎င်းတွင် လေးကြောင်းစပ် ၊ စာပိုဒ် ၂၇ ပိုဒ်နှင့် စကားလုံးစုစုပေါင်း ၁၀၈ လုံး ရှိလေ၏။

" ထန်တောင်ကြားမှ နေအလင်း

လောကအနှံ့ လှည့်လည်

ကမ္ဘာပေါ် လင်းရောင်ဝါဖြန့်

ထွန်းလင်း ဘုန်းကျက်သရေ

ဂုဏ်ရောင်ခမ်းနား

ဖူဆန်းမှ နေဆယ်စင်း

သန့်စင်တဲ့ ယန်သခင်က မည်သူပေနည်း...။ "

ဖူဆန်း ( ဒဏ္ဍာရီလာသစ်ပင် သို့မဟုတ် အရှေ့အရပ်မှ ဆန်းကြယ်မြေတစ်ခု) ။

ထိုစာသားများက အဓိပ္ပါယ်ရှင်းလင်းခြင်း မရှိလေဘဲ ဖတ်ကြည့်ရာတွင် ဂါထာမန္တန်တစ်ခုပမာ ဆန်းကြယ်သောခံစားချက်ကို ရလေသည်။ ၎င်းက ရွတ်ဆိုရချောမွေ့ပြီး မှတ်မိလွယ်သည်။

ယီယွင် ထိုစာသားများကို ဆယ်ခေါက်ကျော် ဖတ်ခဲ့လေသည်။ သူ ပိုဖတ်လေလေ အတွေးများ ပိုရလာလေလေပင်။ ထိုစကားလုံးများက အသက်ဝင်လာသည်ဟု သူခံစားရသည်။ စကားလုံးတိုင်းတွင် စိတ်ဝိညာဥ်အနှစ်သာရများ ပါဝင်နေ၏။ စုတ်ချက်တိုင်းက ယှဥ်ဖော်မဲ့ ထက်မြက်လှသော ဓားတစ်လက်ပမာပင်။

ယင်းစာသားများကလည်း နေမင်းပုံကဲ့သို့ပင်ဖြစ်ပြီး ရုပ်လုံးသဏ္ဌာန်ထဲတွင် တဖြည်းဖြည်းချင်း နားလည်ရန်လိုအပ်သည့် ဖော်မစွမ်းနိုင်သော စကားလုံးများ ပါဝင်နေသည်။ ပညာရည်ကောင်းသည့် သေမျိုး လက်ရေးလှရေးသူတစ်ဦးသည်ပင် ယခုကဲ့သို့ ဆွဲဆောင်မှုမျိုးကို ရေးသားနိုင်မည်မဟုတ်ပေ။

ယီယွင်က နိယာမစာသားများနှင့် နေမင်းပုံတို့ကို နားမလည်သော်လည်း နိယာမစာသားများကို ဖတ်ကြည့်ရုံနှင့်ပင် ယီယွင်၏ သွေးစီးဆင်းမှုများ မြန်ဆန်လာရသည်။ ကော​င်းမွန်နွေးထွေးသော စွမ်းအင်တစ်ရပ်က သူ၏ရိုးတွင်းခြင်ဆီထဲသို့ တိုးဝင်နေသည့်အလားပင်။

" ကောင်းလိုက်တဲ့ပုံ ၊ ကောင်းလိုက်တဲ့ စာသားနဲ့ လက်ရေးအလှ "

ယီယွင် ချီးကျူးမိသည်။ တိုင်အာနတ်ကျင့်စဥ်​က တိုင်အာနတ်ပြည်ထောင်၏ အခြေခံအုတ်မြစ် ကျင့်စဥ်တစ်ခု ဖြစ်နေသည်မှာ အံ့ဩစရာမရှိတော့ပေ။ ယခင်က ယီယွင် မြင်တွေ့ဖူးသည့် ကျင့်စဥ်နည်းစနစ်များနှင့် နှိုင်းယှဥ်မည်ဆိုပါက ပိုးစုန်းကြူးနှင့် လမင်းကြီးပမာပင် ကွာခြားသည်။

ယီယွင်က တိုင်အာနတ်ကျင့်စဥ်ကို အသာငမ်းငမ်းဖတ်ရှုနေပြီး ဂါထာမန္တန်ထဲမှ စကားလုံး ၁၀၈ လုံးကို နားလည်သဘောပေါက်ရန် ကြိုးစားနေသည်။

တိုင်အာနတ်ကျင့်စဥ်က နက်နဲကျယ်ပြန့်လေပြီး ယီယွင်မှာ ကဏ္ဍများစွာကို နားလည်နိုင်ခြင်းမရှိပေ။

မသိလိုက်စွာဖြင့်ပင် တစ်ရက်တာ ကုန်လွန်သွားခဲ့လေ၏။

နေမဝင်မီအချိန်တွင် ယီယွင် ရှည်လျားစွာ အသက်ရှုလိုက်သည်။ တစ်ရက်တာ ကုန်လွန်သည်မှာ မြန်လွန်းလှချေသည်။

" တိုင်အာနတ်ကျင့်စဥ်က အတော်ခက်တာပဲ။ ငါ့ဘာသာ နားလည်အောင်လုပ်နေရင် တစ်ဆို့နေလိမ့်မယ်။ ငါ ဆရာတစ်ယောက် လိုအပ်တယ် " ယီယွင် ရေရွတ်လိုက်သည်။

တိုင်အာနတ်မြို့တွင် အစွမ်းထက်သူများ များစွာရှိသည်။ ထိုသူများ မကြာခဏဆိုသလိုပင် သင်ကြားရေးအတန်းများ ​ဖွင့်တတ်ကြသည်။ မှော်နဂါးကြေးပြားများ လုံလောက်စွာ ပေးနိုင်လျှင် အတန်းတက်ခွင့်ရလေသည်။

အလွန်ကြွယ်ဝချမ်းသာပါက ပညာရှိတစ်ဦးအာယ ဂုဏ်အမှတ်များပေးက တစ်ဦးချင်းတွေ့ဆုံပြီး အကြံဥာဏ်တောင်းနိုင်သည်။

ဟုတ်သည်။ သာမန်လူများက ထိုမျှအထိ ကိန်းခမ်းကြီးမည်မဟုတ်ပေ။ ပညာရှိတစ်ဦးထံမှ အကြံဥာဏ်ရသည်မှာ ကောင်းမွန်သော်ငြားလည်း ဂုဏ်အမှတ် အသုံးပြုရန်အတွက်ကိုမူ လူပေါင်းများစွာအဖို့ အသေအချာပင် စဥ်းစားရပေလိမ့်မည်။

ယီယွင် တိုင်အာနတ်မြို့သို့ ပြန်ရောက်သွားချိန်တွင် မှောင်နေပြီဖြစ်ပြီး ကျွမ်းကျင်သူများ၏ သင်ကြားပို့ချမှုများလည်း မရှိတော့ပေ။

ယီယွင်က သောင်းတန်စေတီသို့သွားကာ ပုံရိပ်အစီရင်ပြားတစ်ခု ဝယ်ယူခဲ့လေ၏။ ထိုအစီရင်ပြားသည် တိုင်အာနတ်မြို့တော်တွင် ကျွမ်းကျင်သူများက လွန်ခဲ့သည့်လေးနှစ်ခန့်အတွင်း ပါရမီရှင်အနည်းငယ်ခန့်ကို တိုင်အာနတ်ကျင့်စဥ်အကြောင်း သင်ကြားပေးနေသည့် မြင်ကွင်းများကို မှတ်တမ်းတင်ထားလေသည်။

ထိုပါရမီရှင်များက တိုင်အာနတ်မြို့ထဲတွင် သာမန်လူများ မဟုတ်ကြပေ။ ထိုသူများထဲမှ တစ်ဦးသည် ကောင်းကင်အဆင့်နှင့် မြေအဆင့်တို့တွင် အဆင့် ၁ ဖြစ်သည့် ချင်ဟောင်ထျန်း ဖြစ်လေ၏။

သင်ခန်းစာပို့ချက်ချများက အသေးစိတ်ကျလေသောကြောင့် ဂန္တဝင်ဆန်လေသည်။ ကျောင်းသားများက အဆင့်မြင့်မားလေသောကြောင့် သင်ခန်းစာအကြောင်းအရာများကို ပုံရိပ်အစီရင်ပြားများစွာ ပြုလုပ်ကာ ထည့်သွင်းထားကြသည်။ ၎င်းတို့က သောင်းတန်စေတီတွင် ပုံရိပ်အစီရင်ပြားများကို ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ လုပ်ကြလေ၏။

လေးနှစ်တာအတွင်း ထိုအစီအရင်ပြားများကို ကြီးစွာပင် ရောင်းချနိုင်ခဲ့သည်။ တိုင်အာနတ်ကျင့်စဥ်ကို သင်ကြားခွင့်ရသူများအဖို့ ယင်းအရာကို လက်လွတ်ခံကြမည်မဟုတ်ပေ။

" လွန်ခဲ့တဲ့လေးနှစ်က သင်ခန်းစာတွေကို အစီရင်ပြားနဲ့ ကြည့်ရတာက ကိုယ်တိုင်သင်ကြားရတာလောက် မကောင်းပေမဲ့ အများကြီးကွာခြားမှာတော့ မဟုတ်ပါဘူး " သူ ထိုသို့တွေးကာ အစီအရင်ပြားကို လက်ထဲတွင် ကစားနေခဲ့သည်။

ယီယွင် အစီရင်ပြားထဲသို့ ယွမ်ချီများ ထိုးသွင်းလိုက်လေရာ အစီရင်ပြားထံမှ မြင်ကွင်းများကို မြင်လိုက်ရသည်။

သူ ပထမဆုံးမြင်လိုက်ရသည် ဝတ်ရုံနက်နှင့်လူတစ်ဦး ဖြစ်သည်။ ဝတ်ရုံနက်နှင့်လူ၏ မျက်နှာထက်တွက် မျဥ်းပြိုင်သဏ္ဌာန် အမာရွတ်သုံးကြောင်း ရှိနေသည်။

" ဒီလူပါ့လား "

ယီယွင် အံ့အားသင့်သွား၏။ ဝတ်ရုံနက်နှင့်လူက အခြားသူမဟုတ်လေဘဲ သူ့အား အကြီးအကဲကျန်းကဲ့နှင့် တွေ့ဆုံပေးရန် လာခေါ်ပေးခဲ့သူ ဖြစ်လေသည်။

" ဒီလူက အစွမ်းထက်တယ်။ တိုင်အာနတ်မြို့မှာ အကြီးအကဲတွေကလွဲရင် ဝတ်ရုံနက်လူရဲ့ခွန်အားက ထိပ်ဆုံးဖြစ်ဖို့များတယ် "

ယီယွင် ရေရွတ်ရင်းဖြင့် အတန်းတက်လာသည့် ကျောင်းသားများကို ကြည့်နေလေသည်။

အမျိုးသားနှင့် အမျိုးသမီး လေးယောက်ဖြစ်သည်။ အမျိုးသားတစ်ဦးက ချည်ကြမ်းအဝတ် ဝတ်ဆင်ထားသည်။ ထိုသူ၏ မျက်ခုံးများက ထက်ရှကာ မျက်ဝန်းများကမူ ကြယ်များပမာပင် တောက်ပလေသည်။ ထိုသူ၏ ကျောတွင် ဓားနှစ်လက် စလွယ်သိုင်းထားလေ၏။ သူ၏တစ်ကိုယ်လုံးက ဓားတစ်လက်ပမာ ဖြစ်နေလေပြီး ဖိနှိမ်နိုင်သော အရှိန်အဝါတစ်ရပ် ရှိနေသည်။

ချင်ဟောင်ထျန်း။

ယီယွင် မျက်ဝန်းများ တောက်ပသွားသည်။ သူက ချင်ဟောင်ထျန်းကို မမြင်ဖူးသော်လည်း ချင်ဟောင်ထျန်း၏ ကွဲပြားသောသွင်ပြင်များကို ကြားဖူးလေသည်။ သူ၏လက်နက်က ဓားတစ်စုံ ဖြစ်သည်။ တစ်ချောင်းသည် ရှည်ကာ တစ်ချောင်းကတိုပြီး နှစ်ချောင်းစလုံး အလွန်ထက်မြသည်။

ယင်းပုံရိပ်သည် လွန်ခဲ့သည့်လေးနှစ်က ချင်ဟောင်ထျန်း ဖြစ်လေပြီး အသက်ဆယ့်သုံးနှစ်သာ ရှိသေးလေသည်။

ချင်ဟောင်ထျန်းအပြင် လေးတစ်လက် လွယ်ထားသည့် လူငယ်တစ်ဦးလည်း ရှိလေသည်။ သူက အရပ်ရှည်ကာ ပိန်ပါးလေ၏။

" အဲ့ဒီတစ်ယောက်က လီရှောင်းလား "

လီရှောင်းအမည်ကို ယီယွင် လွန်ခဲ့သည့်ရက်အနည်းငယ်က ကြားဖူးသည်။ ထိုစဥ်က ယီယွင် မြားပစ်လေ့ကျင့်နေခဲ့၏။ ခရမ်းရောင်အဖြိုက်နက် ပစ်မှတ်များအားလုံးတွင် သာမန်မြားများ စိုက်ဝင်နေသည်ကို သူ မြင်တွေ့ခဲ့ရသည်။ ထိုမြားများကို လီရှောင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်လေ၏။

ယီယွင် အစီရင်ပြားကို ငှားရမ်းခဲ့စဥ်က မိတ်ဆက်စာသားကို ဖတ်ရှုခဲ့ရသည်။ ကောင်းကင်အဆင့်နှင့် မြေကြီးအဆင့်များတွင် လွှမ်းမိုးထားသော အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးတို့က အတန်းတက်ခဲ့ကြသည်ဟု ဆိုထားလေသည်။

" အမျိုးသမီးက လော့ဟော်အာပဲ ဖြစ်ရမယ် "

ယီယွင်က လူငါးဦးထဲမှ တစ်ဦးတည်းသော အမျိုးသမီးကို ​ကြည့်လိုက်သည်။

သူမက အနီရောင်ဝတ်ထားကာ မျက်နှာသည် ပန်းသွေးရောင်သမ်းနေ၏။ သူမ၏ ပါးပြင်ပေါ်တွင်မူ ပါးချိုင့်များ ရှိလေသည်။ သူမ၏မျက်ဝန်းများက သူမ ပြုံးလိုက်ချိန်တွင် လူအများကို ညှို့ယူသွားနိုင်လောက်လေ၏။

" လော့ဟော်အာ ၊ ချင်ဟောင်ထျန်း ၊ လီရှောင်းနဲ့ အခြားနှစ်ယောက်က ကောင်းကင်အဆင့်နဲ့ မြေကြီးအဆင့်တွေမှာ ဆရာကြီးတွေပဲ ဖြစ်ရမယ်။ သူတို့က တိုင်အာအမွှာညီနောင်ပဲ ဖြစ်ရမယ်။ ဘယ်သူက အကြီးဆိုတာတော့ ငါလဲ မသိဘူး "

ယီယွင်က ရေရွတ်လိုက်သည်။ လက်ရှိတွင် ဝတ်ရုံနက်လူက သင်ခန်းစာ ပို့ချပေးနေလေ၏။

သူက အသံဩကြီးကို အသုံးပြုကာ တိုင်အာနတ်ကျင့်စဥ်၏ အခြေခံနိယာမများကို ရွတ်ဆိုပြနေသည်။

" ထန်တောင်ကြားမှ နေအလင်း

လောကအနှံ့ လှည့်လည်

ကမ္ဘာပေါ် လင်းရောင်ဝါဖြန့်

ထွန်းလင်း ဘုန်းကျက်သရေ

ဂုဏ်ရောင်ခမ်းနား

ဖူဆန်းမှ နေဆယ်စင်း

သန့်စင်တဲ့ ယန်သခင်က မည်သူပေနည်း...။ "

ဝတ်ထားသောလူ၏အသံသည် ငြိမ့်ညောင်းခြင်းမရှိသော်လည်း တိုင်အာနတ်ကျင့်စဥ်၏ အခြေခံနိယာမများကို ဖတ်လိုက်သောအခါတွင် ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိနေသည်။

ယီယွင် ထိန်းမရစွာပင် အံ့အားသင့်သွားသည်။

တိုင်အာနတ်ကျင့်စဥ်တွင် ရေးထားသော အခြေခံနိယာမများက အယူဆပုံစံဖြစ်လေပြီး ယခုကဲ့သို့ပုံစံဖြင် ဖတ်နိုင်လေသလော။

ယင်းတို့မှတစ်ဆင့် ဝတ်ရုံနက်လူက တိုင်အာနတ်ကျင့်စဥ်ကို အလွန်မြင့်မားသော အဆင့်တစ်ခုအထိ သင်ယူထားခဲ့ကြောင်းကို ယီယွင် သိရှိသွားခဲ့သည်။

မသိလိုက်မသိဘာသာဖြင့်ပင် ယီယွင်က လွန်ခဲ့သော လေးနှစ်အချိန်၌ ချင်ဟောင်ထျန်း ၊ လော့ဟော်အာတို့ နံဘေးတွင်ထိုင်ကာ ဝတ်ရုံနက်လူ သင်ပေးသည်များကို နားထောင်နေရသည့်အလား ခံစားလာရသည်။

" တိုင်အာနတ်ကျင့်စဥ်ကို သင်ယူဖို့အတွက် အခက်ခဲဆုံးအပိုင်းကတော့ နေအလင်းချီကို သိပ်သည်းစေရတာပဲ။ တိုင်အာနတ်ပြည်ထောင် တည်ထောင်သူ ဧကရာဇ်က တိုင်အာနတ်ကျင့်စဥ်ကို ရှင်းပြခဲ့တဲ့အချိန်တုန်းက နေအလင်းချီကို သိပ်သည်းစေနိုင်တဲ့သူကပဲ တိုင်အာနတ်ကျင့်စဥ်ကို သင်ယူဖို့အတွက် သင့်လျော်တယ်လို့ ပြောခဲ့ဖူးတယ်။ မသိပ်သည်းနိုင်ရင်တော့ ကျင့်စဥ်နည်းစနစ်ကို ပြောင်းလိုက်တာက အကောင်းဆုံးပဲ။ တိုင်အာနတ်ကျင့်စဥ်က မင်းတို့တွေနဲ့ သင့်လျော်ချင်မှ သင့်လျော်လိမ့်မယ် "

" တိုင်အာနတ်ကျင့်စဥ်ကို လူငါးဦး လေ့ကျင့်ရင် နေအလင်းချီကို သိပ်သည်းစေနိုင်သူက တစ်ယောက်တောင် မရှိနိုင်လောက်ဘူး "

ဝတ်ရုံနက်လူ၏ စကားကြောင့် ယီယွင် တုန်လှုပ်သွားရသည်။ လူငါးယောက်လျှင် တစ်ဦးဆိုသည်က ချဲ့ကားလွန်းခြင်း မဟုတ်သော်လည်း တိုင်အာနတ်ကျင့်စဥ်ကို သင်ယူသူများက အတော်ဆုံးများထဲမှ အတော်ဆုံးများဖြစ်သည်ကို သိထားရပေမည်။ ထိုသို့သောလူများပင် ငါးယောက်အနက်မှ လေးယောက်က ကျရှုံးနိုင်ခြေရှိလေသည်။

" မင်းတို့တွေက ငါ အသိအမှတ်ပြုထားတဲ့ လူတွေပဲ။ မင်းတို့တွေက ဒုတိယနှစ် လူသစ်တွေထဲမှာ တိုင်အာနတ်ကျင့်စဥ်ကို သင်ကြားခွင့်ရတဲ့ ပထမအသုတ်လည်း ဖြစ်တယ်။ မင်းတို့အားလုံးကို ငါ ဖြစ်စေချင်တာက နေအလင်းချီ သိပ်သည်းစေနိုင်တာပဲ။ ငါ စိတ်ပျက်ရအောင် မလုပ်ကြနဲ့ "

All Chapters