နေမင်းပုံ
Vol. 14 Ch. 207
အနက်ဝတ်လူက ချင်ဟောင်ထျန်းနှင့် အခြားသူများကို စတင်ကာ သင်ကြားပေးနေသည်။ သူက လေသံပြောင်းလဲကာ ဆိုလေ၏..." နေအလင်းချီမှာ ကွဲပြားတဲ့အဆင့်တွေ ရှိတယ်။ ငါ့မှာရှိတဲ့ နေအလင်းချီက ခြေသုံးချောင်းရွှေကျီးကန်းပဲ "
ဝတ်ရုံနက်လူက စကားဆိုရင်း လက်များဆန့်လိုက်သည်။ သူ၏ခန္ဓာကိုယ် ရုတ်တရက်ပင် မီးတောက်လောင်လာသည့်ပမာ ဖျိုးဖျိုးဖျစ်ဖျစ် မြည်ဟီးလာပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်တစ်ရပ် ပေါက်ကွဲထွက်လာသည်။
လေထဲတွင် ချီတစ်ခု မြင့်တက်လာ၏။ ယခုအခါတွင် ဝတ်ရုံနက်လူက အလွန်တရာ ပူပြင်းသော နေမင်းတစ်စင်းအဖြစ် ပြောင်းလဲသွားသည့်ပမာ ဖြစ်နေလေသည်။
ယီယွင် တုန်လှုပ်သွားသည်။ ပုံရိပ်အစီရင်ပြားထံမှ ကြည့်နေရသည့်တိုင်အောင် သူ့ထံသို့ ကြီးမားလှသော ဖိအားတစ်ခု ကျဆင်းလာသည်ဟု ခံစားနေရလေသည်။ သူသာ ထိုနေရာတွင် လူကိုယ်တိုင်ရှိနေပါက ခံစားချက်သည် ပိုမို၍ပင် ပြင်းထန်ပေလိမ့်မည်။
ဝတ်ရုံနက်လူ၏ ကျောဘက်တွင် ထွက်ပေါ်နေသော နေအလင်းချီထဲတွင် ရွှေကျီးကန်းပုံရိပ်တစ်ခု ရှိနေသည်ကို ယီယွင် မြင်နေရသည်။ ရွှေကျီးကန်းတွင် ခြေသုံးချောင်းရှိပြီး တောင်ပံများဖြန့်ထားကာ မီးတောက်များ ထုတ်လွှတ်နေလေ၏။
ယီယွင် ချင်ဟောင်ထျန်းနှင့် အခြားသူများကို ကြည့်လိုက်သည်။ သူတို့အားလုံး အဝေးသို့ ဆုတ်ခွာသွားကြသည်ကို သူ မြင်လိုက်ရလေ၏။ ဝတ်ရုံနက်လူ ထုတ်လွှတ်ထားသည့် နေအလင်းချီကို သူတို့ မခံနိုင်ကြပေ။
ဝတ်ရုံနက်လူက နေအလင်းချီကို ရုတ်သိမ်းလိုက်လေ၏။ သူက နေအလင်းချီကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်သည်ဟု ပြော၍ရလေသည်။
" ကြောက်ဖို့ကောင်းလိုက်တာ " ချင်ဟောင်ထျန်း မျက်ဝန်းများ တောက်ပနေသည်။ ထိုစွမ်းအားက သဘောကျစရာပင်။
" အခုလက်ရှိမှာ မင်းတို့အားလုံးက တိုင်အာနတ်ကျင့်စဥ်ကို စပြီးကျင့်ကြံခါစပဲ ရှိသေးတယ်။ နေအလင်းချီကို သိပ်သည်းစေနိုင်ရင်တော့ အထင်ကြီးလောက်စရာပါပဲ။ မင်းတို့မှာ ပါရမီရှိရင် နေအလင်းချီကို ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းပစ်နိုင်လိမ့်မယ်။ မင်းတို့က တောင်ကြားတစ်ခု ဖန်တီးနိုင်ခဲ့တယ်ဆိုရင် အဲ့ဒါက နေအလင်းချီ ထန်တောင်ကြား ဖြစ်လာလိမ့်မယ်။ အဲ့ဒီအဆင့်ကို ရောက်ရင်တော့ မင်းတို့ရဲ့ပါရမီက အံ့ဩလောက်စရာလို့ ဆိုရလိမ့်မယ် "
ထန်တောင်ကြားအဆင့်တဲ့လား။
ယီယွင် ရေရွတ်လိုက်သည်..." ထန်တောင်ကြားမှ နေအလင်း ၊ လောကအနှံ့ လှည့်လည် "
ထန်တောင်ကြားသည် နေမင်း ထွက်ပေါ်လာသည့် ဒဏ္ဍာရီလာ နေရာတစ်ခု ဖြစ်လေသည်။ နေမင်းသည် ထန်တောင်ကြားမှ ထွက်ပေါ်လာကာ ကောင်းကင်အား ဖြတ်သန်းပြီး တစ်လောကလုံးကို လှည့်လည်လေသည်။ ထို့ကြောင့်ပင် " ထန်တောင်ကြားမှ နေအလင်း ၊ လောကအနှံ့ လှည့်လည် " ဟူသည့် စကားလုံးများ ဖြစ်လာရသည်။
ထန်တောင်ကြားသည် နေအလင်းချီ၏ အစပျိုးအဆင့် ဖြစ်လေ၏။
" အရာအားလုံးက အစပိုင်းမှာ ခက်ခဲကြတယ်။ မင်းတို့ ပထမဆုံး မှတ်မိရမဲ့အရာက နေမင်းပုံပဲ။ အခု မင်းတို့ရဲ့ဝိညာဥ်ထဲမှာ ယွမ်ချီကိုသုံးပြီး ပုံဆွဲရမယ်။ မင်းတို့တွေ နေမင်းပုံကို ဆွဲပြီးသွားလို့ အသေးငယ်ဆုံး ဆွဲဆောင်မှုပဲ ရှိနေခဲ့မယ်ဆိုရင်တောင် တိုင်အာနတ်ကျင့်စဥ် ပထမအတွဲရဲ့ အသေးစားအောင်မြင်မှုအဆင့်ကို ရောက်နေပြီးပြီ ဖြစ်နေလိမ့်မယ်။
" တိုင်အာနတ်ကျင့်စဥ်ကို ပြီးဆုံးအောင် သင်ယူဖို့ဆိုရင် ဝိညာဥ်ထဲမှာ ထာဝရတည်မြဲပြီး အရမ်းကိုအသက်ဝင်တဲ့ နေမင်းပုံတစ်ခု ရှိနေရလိမ့်မယ်။ အဲ့ဒါဟာ တိုင်အာနတ်ကျင့်စဥ်ကို သင်ယူဖို့အတွက် အခြေခံအုတ်မြစ်ပဲ "
ယွမ်ချီကို အသုံးပြုပြီး နေမင်းပုံ ဆွဲရမှာတဲ့လား။
ချင်ဟောင်ထျန်းနှင့် အခြားသူများ တွေးဆနေကြသည်။ သူတို့ အနည်းငယ်ခန့် ဆင်ခြင်သုံးသပ်ပြီးနောက်တွင် မျက်လုံးများမှိတ်ကာ တိုင်အာနတ်ကျင့်စဥ် ပထမအတွဲမှ နေမင်းပုံကို ပုံတူပွားရန် စတင်ကြိုးစားကြလေ၏။
ယီယွင် သက်ပြင်းဖွဖွ ချလိုက်သည်။ ဝတ်ရုံနက်လူ၏ စကားများကြောင့် သူသည် ချိုးဖျက်မှုတစ်ခု ရှာတွေ့ခဲ့သည့်ပမာ ခံစားနေရလေ၏။
ယွမ်ချီ ထိန်းချုပ်ခြင်း...။
ယီယွင် မျက်လုံးမှိတ်ကာ စိတ်ဝိညာဥ်စွမ်းအင်ကို ခရမ်းရောင်သလင်းကျောက်နှင့် ထိတွေ့စေလိုက်သည်။ မကြာမီတွင် သူသည် ခန္ဓာကိုယ်ထဲမှ ယွမ်ချီများကို လက်ညှိိုးတစ်ချောင်းအား ထိန်းချုပ်နေရသည့်ပမာပင် ထိန်းချုပ်လာနိုင်လေ၏။ ယီယွင်အတွက်မူ ယွမ်ချီနှင့် စွမ်းအင်များကို ထိန်းချုပ်ရသည်က အလွန်ပင် လွယ်ကူလေသည်။
" မခက်တဲ့ပုံပါပဲ " ယီယွင်က တိုင်အာနတ်ကျင့်စဥ်၏ အဆိုအတိုင်းပင် နေမင်းပုံကို စတင်ကာ ဆွဲလေသည်။
အစပိုင်းတွင် နေမင်းပုံ၏ ကောက်ကြောင်းများ။ ထို့နောက်တွင်မူ အလင်းတန်းများ ၊ မီးတောက်များ...။
ယွမ်ချီနှင့်ဆွဲနေသော ပုံရိပ်များ တစ်လွှာပြီးတစ်လွှာပင် ဖြစ်ပေါ်လာနေပြီး ၎င်းက လှပသော ရေအရောင်ကို ကိုယ်စားပြုနေသည့်ပမာ ခံစားရလေသည်။
သို့သော် ပုံရိပ်အစီရင်ပြားထဲမှ ချင်ဟောင်ထျန်း ၊ လီရှောင်း ၊ လော့ဟော်အာ ၊ တိုင်အာအမွှာသူရဲကောင်း ချန်ညီနောင်တို့မှာမူ လုံးဝကွဲပြားနေကြဟန် ထင်ရသည်။
သူတို့ အသုံးပြုနေသည့် စွမ်းအင်များက တစ်ခါတစ်ရံတွင် နည်းလွန်းနေကာ တစ်ခါတစ်ရံတွင်မူ များလွန်းနေလေ၏။
စွမ်းအင်ထိန်းချုပ်မှုကို လျစ်လျူရှုကာ လက်နှင့်ပုံဆွဲခြင်းအား တွေးကြမည်ဆိုပါစို့။ လူတစ်ဦး၏ စိတ်ထဲတွင် အတွေးတစ်ခုရှိနေသော်လည်း ဆွဲထားသည့်ပုံကမူ အတွေးနှင့် ကွဲပြားနေနိုင်သည်။ သာမန်လူများအဖို့မူ ပေတံမပါဘဲ မျဥ်းဖြောင့်တစ်ကြောင်း ဆွဲရန်ပင် ခက်ခဲနေပေလိမ့်မည်။
လက်ရှိတွင် ချင်ဟောင်ထျန်းနှင့် အခြားသူများမှာ နဖူးတွင် ချွေးများသီးနေကြပြီး မျက်မှောင်ကုတ်ထားကြလေ၏။
နေမင်းပုံ ဆွဲရသည်မှာ အလွန်ပင် ခက်ခဲလှသည်။ သူတို့ ကျရှုံးပြီးရင်း ကျရှုံးနေကာ ထပ်မံကြိုးစားနေကြ၏။
ထိုသူများ၏ စိတ်ဝိညာဥ်စွမ်းအားနှင့်ဆိုလျှင် မိုးမြေယွမ်ချီကို ထိန်းချုပ်ကာ အခြားသူတစ်ဦးကို သတ်ပစ်ရန် မခက်ခဲလှသော်လည်း မိုးမြေယွမ်ချီအား ထိန်းချုပ်ကာ ပုံဆွဲရသည်ကမူ အလွန့်ပင် ပင်ပန်းလှချေသည်။
တဒင်္ဂမျှ ဂရုစိုက်မှူကင်းမဲ့သွားသည်နှင့် သူတို့ ဖွဲ့စည်းထားသော မိုးမြေယွမ်ချီများ အလွယ်တကူပင် ပြိုကွဲသွားပေလိမ့်မည်။
ချင်ဟောင်ထျန်း ချွေးများ သုတ်လိုက်၏။ ဤအဆင့်က အလွန်ပင်ခက်ခဲကြောင်းကို သူ သိလေသည်။
တိုင်အာနတ်ကျင့်စဥ်တွင် အခက်အခဲဆုံးက ဤစာကြောင်း ဖြစ်လေ၏။ တိုင်အာနတ်ကျင့်စဥ်ထဲမှ စာသားများကို တစ်ထိုင်တည်းနားလည်နိုင်ရန်မှာ လက်တွေ့မဆန်လှပေ။ သို့သော် " စာအုပ်တစ်ကို အကြိမ်တစ်ရာဖတ်ရင် အဓိပ္ပါယ်က ပေါ်လာလိမ့်မယ် " ဟူသည့် ဆိုရိုးစကားလည်း ရှိနေချေသည်။ တတ်ကျမ်းအဆန်ဆုံး စာအုပ်များကိုပင် ကြိမ်ဖန်များစွာ ရေးခြင်းဖတ်ခြင်း ပြုလုပ်ပါက နားလည်သွားနိုင်ပေလိမ့်မည်။
တိုင်အာနတ်ကျင့်စဥ်သည်လည်း ထို့အတူသာ ဖြစ်လေသည်။ လူတစ်ဦးက ခန္ဓာကိုယ်ကို အသုံးပြုကာ နေမင်းပုံကို ကူးယူနိုင်ခဲ့မည်ဆိုပါက စကားလုံး ၁၀၈ လုံးနှင့် ဖွဲ့စည်းထားသော အခြေခံနိယာမများကိုလည်း ကူးယူနိုင်မည်ဖြစ်ပြီး တိုင်အာနတ်ကျင့်စဥ်ကို လေ့ကျင့်ရာတွင် ကြီးမားသောအဆင့်သို့ ရောက်သွားနိုင်ပေလိမ့်မည်။
အေးအေးလူလူ အရှိဆုံးသူက လော့ဟော်အာ ဖြစ်လေ၏။ ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦးဖြစ်သည့် လော့ဟော်အာ၏ စိတ်ဝိညာဥ်စွမ်းအားက ချင်ဟောင်ထျန်းနှင့် အခြားသူများထက် များစွာပို၍ သန်မာလေသည်။
သို့တိုင်အောင်ပင် လော့ဟော်အာ၏ ပါးပြင်များ အနည်းငယ် နီမြန်းနေရလေ၏။
အချိန်များ ကုန်လွန်နေလျက်ရှိပြီး ချင်ဟောင်ထျန်းနှင့် အခြားသူများမှာ ပုံဆွဲရန်အတွက် အပြင်းအထန် ကြိုးစားနေကြသည်။ သို့သော် ယီယွင်ကမူ ပုံတစ်ဝက်ခန့် ပြီးမြောက်လုနီးပါး ရှိနေလေသည်။
ယီယွင်က ယခုအထိ စွမ်းအင်ထိန်းချုပ်မှု လွတ်သွားရသည့် အခြေအနေမျိုး မဖြစ်ခဲ့ပေ။ ပုံတွင် အလွန်နည်းပါးသော အစက်အပြောက်များ ရှိနေသည်ဖြစ်ပြီး ပြီးပြည့်စုံခြင်း မရှိသေးပေ။
ဝတ်ရုံနက်လူက တစ်ကြိမ်ထပ်မံကာ စတင်ရှင်းပြလေသည်။ သူက ပုံဆွဲနည်းစနစ်ကို သင်ကြားပေးနေလေပြီး တစ်ချိန်တည်းမှာပင် တိုင်အာနတ်ကျင့်စဥ်၏ စာသားများကို ရှင်းပြနေခဲ့သည်။
" ဒီနေမင်းပုံကို မင်းတို့ရဲ့ နှလုံးသားတွေ အသုံးပြုပြီး ကြည့်ရမယ်။ ဒီလုပ်ငန်းစဥ်က အတော်ကို ငြီးငွေ့ဖို့ကောင်းတယ်ဆိုပေမဲ့ ဒါက အခြေခံအုတ်မြစ်ပဲ။ အခြေခံအုတ်မြစ် ချပြီးသွားခဲ့ရင်တော့ အနာဂတ်မှာ တိုင်အာနတ်ကျင့်စဥ်ကို ကျွမ်းကျင်သွားချိန်ကျရင် မဟာအကျိုးအမြတ်တစ်ခု ဖြစ်လာလိမ့်မယ် "
" မင်းတို့အားလုံးက အစပျိုးမှာပဲရှိနေသေးတယ်။ မင်းတို့ရဲ့ ပထမနေ့မှာ ပုံရဲ့ ၅% လောက် ပြီးစီးခဲ့မယ်ဆိုရင် တော်တယ်လို့ ပြောလို့ရတယ်။ ၁၀% ပြီးမြောက်ခဲ့မယ်ဆိုရင်တော့ မင်းတို့က ပါရမီရှင်တွေပဲ " ဝတ်ရုံနက်လူက အားပေးစကားပြောနေသည်။
ယခုအခါ၌ ယီယွင်က ၆၀% ခန့် ပြီးမြောက်နေပြီ ဖြစ်လေသည်။ သူက ဝတ်ရုံနက်လူ ပြောခဲ့သည့် ပါရမီရှင်များထက်ပင် ခြောက်ဆခန့် ပိုတော်နေလေသည်။ သို့တိုင်အောင်ပင် ယီယွင်က ပေါ့လျော့ခြင်းမရှိဘဲ ပုံဆွဲရာတွင် အပြည့်အဝ အာရုံစိုက်ထားသည်။ ၆၅% သို့ ရောက်သွားချိန်တွင် ယီယွင် အခက်ကြုံလာရလေ၏။
၎င်းက ခက်ခဲနေသည့်တိုင်အောင် ယီယွင်က စိတ်လှုပ်ရှားနေဆဲပင်။
သူ ပုံဆွဲရန်ကြိုးပမ်းနေချိန်တွင် ခန္ဓာကိုယ်ထဲမှ မိုးမြေယွမ်ချီများ လျင်မြန်စွာ လည်ပတ်နေသည်ကို ရှင်းလင်းစွာ ခံစားမိနေလေ၏။ သူ စုပ်ယူထားသည့် ယန်ဂျင်ဆင်း၏ စွမ်းအင်များက ပုံထဲသို့ အလိုအလျောက်ပင်စီးဝင်နေပြီး ပုံ၏တစ်စိတ်တစ်ဒေသ ဖြစ်လာခဲ့သည်။ ယန်ဂျင်ဆင်း၏စွမ်းအင်က သန့်စင်သောယန်ချီ ဖြစ်လေပြီး တိုင်အာနတ်ကျင့်စဥ်နှင့် ပြီးပြည့်စုံစွာ လိုက်ဖက်ညီလေသည်။
တိုင်အာနတ်ကျင့်စဥ်၏ပုံ ၇၀% ခန့်နီးပါး ပြီးမြောက်သွားခဲ့ချိန်တွင်မူ ခန္ဓာကိုယ်သည် ဆာလောင်သောအခြေအနေသို့ ရောက်ရှိနေကြောင်း ယီယွင် ခံစားလိုက်ရလေ၏။ ယီယွင် ကြာကြာမခံစားခဲ့ရပေ။ ယင်းသည် ခန္ဓာကိုယ်၏ စွမ်းအင်ဆာလောင်မှု ဖြစ်လေ၏။
ယင်းသည် သူ၏ကျင့်ကြံမှု ထပ်မံမြင့်တက်တော့မည်ဟု ဆိုလိုနေခြင်း ဖြစ်လေ၏။
" သန့်စင်တဲ့ ယန်စွမ်းအင်တွေက တိုင်အာနတ်ကျင့်စဥ်နဲ့ အလိုက်ဖက်ဆုံးပဲ။ ခရမ်းရောင်ကောင်းကင် ယန်ဂျင်းဆင်း နောက်တစ်ခုလောက်သာ ရှိခဲ့မယ်ဆိုရင်တော့လား..." ယီယွင် ရေရွတ်နေသည်။ သူက ယန်ဂျင်ဆင်းကို အပ်နှံလိုက်ပြီဖြစ်သော်လည်း နတ်အရိုင်းမြေခန်းမ ရှိနေသေးလေသောကြောင့် အဆင်ပြေလေသည်။
ယန်ဂျင်ဆင်းကို အပ်နှံပြီးနောက်တွင် မှော်နဂါးကြေးပြား ၁၀၀၀၀ နှင့် ဂုဏ်အမှတ်သုံးမှတ် ရရှိခဲ့သည်။ တိုင်အာနတ်ကျင့်စဥ်နှင့် လဲလှယ်ပြီးနောက်တွင်မူ မှော်နဂါးကြေးပြား ၁၀၀၀၀ လုံး ကုန်သွားခဲ့ပြီ ဂုဏ်အမှတ်တစ်မှတ်သာ ကျန်တော့လေသည်။
သို့သော် ယီယွင်က ယန်သွေးပန်းကို အပ်နှံထားလေသောကြောင့် မှော်နဂါးကြေးပြား ၂၀၀၀ ရထားသေးလေ၏။ ဝမ်နှင့် ကတုံးချင်တို့ထံမှ နတ်အရိုင်းမြေခန်းမထဲမှ နှစ်နာရီကျင့်ကြံခွင့် ဆုလာဘ်များကိုပါ ထပ်ပေါင်းမည်ဆိုလျှင်မူ ယီယွင်အဖို့ နတ်အရိုင်းမြေခန်းမထဲတွင် ခြောက်နာရီကျော်ခန့် နေခွင့်ရပေလိမ့်မည်။
ပုံဆွဲရာတွင် အကန့်အသတ်သို့ ရောက်သွားခဲ့ပါက နတ်အရိုင်းမြေခန်းမထဲသို့ ဝင်ရောက်ကာ သူ၏လိုအပ်ချက်များကို ဖြည့်ဆည်းမည်ဟု ယီယွင်က ဆုံးဖြတ်ထားသည်။ ထို့ကြောင့် ယီယွင်က နေမင်းပုံကို တစ်ညလုံး ရေးဆွဲခဲ့သည်။
ယခုအခါ၌ သူ၏ပုံက ၇၀% ပြီးစီးနေပေပြီ။ လက်ရှိတွင် ယီယွင် ထပ်မံကာ ပုံမဆွဲနိုင်တော့ပေ။
သူ နှစ်နာရီခန့် သမထထိုင်ကာ ပုံမှန်အခြေအနေသို့ရောက်အောင် လုပ်ဆောင်ခဲ့သည်။ ထို့နောက်တွင်မူ သူ နတ်အရိုင်းမြေခန်းမသို့ သွားခဲ့လေ၏။
နတ်အရိုင်းမြေခန်းမကို စောင့်ကြပ်သူက ယီယွင်နှင့် တိုက်ကွက်ဖလှယ်ခဲ့သည့် မုတ်ဆိတ်ဖြူအဖိုးအို ဖြစ်နေဆဲပင်။ အဖိုးအိုက အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားလေပြီး မျက်ခုံးများအကြားတွင် အနီရောင်အစက်တစ်ခု ရှိလေသည်။
" မင်း ထပ်ရောက်လာပြီပဲ " အဖိုးအိုက စစ်တုရင်ခုံရှေ့မှ ကုလားထိုင်တွင် ထိုင်နေလေသည်။ သူက တစ်ယောက်တည်း ဆော့နေလေသည်။ သူက ယီယွင်ကို မြင်သောအခါတွင် ယီယွင်နှင့် အလွန်ရင်းနှီးနေပြီး သူစိမ်းတစ်ယောက်ပမာ သတ်မှတ်မထားသည့်အလားပင် ပေါ့ပေါ့ပါးပါး နှုတ်ဆက်ခဲ့လေသည်။
" စီနီယာ... ကျွန်တော်က သန့်စင်ယန်စွမ်းအင်ရှိတဲ့ ရှေးဦးမျိုးစိတ်ရုပ်ထုကို ရွေးချယ်ချင်ပါတယ်။ အဲ့ဒီလိုဟာမျိုး ရှိလားမသိဘူး "
" သန့်စင်ယန်စွမ်းအင်လား "
အဖိုးအိုက တွေးဆနေဟန်ဖြင့် ယီယွင်အား တစ်ချက်ကြည့်လိုက်သည်။ သူက စစ်တုရင်ရုပ်တစ်ခုအား ချကာ..." ဟားဟား... ကောင်လေး ၊ မင်း ခွေးကံကောင်းဖြစ်ပြီး ရှေးဦးဆေးတစ်ပင် ခူးနိုင်ခဲ့တယ်လို့ ငါကြားထားတယ်။ ဘယ်လိုလဲ။ မင်းက တိုင်အာနတ်ကျင့်စဥ်နဲ့ လဲလှယ်လိုက်ပြီလား "
ယီယွင်က သန့်စင်သော ယန်စွမ်းအင်အား အဘယ့်ကြောင့် လိုချင်နေသည်ကို အဖိုးအိုက အလွယ်တကူပင် ခန့်မှန်းန်ိုင်ခဲ့သည်။
အာ...။
ယီယွင် နှာခေါင်းအား ပွတ်လိုက်သည်။ " ခွေးကံကောင်း " ဟူသည့် စကားသုံးလုံးကြောင့် သူ ပြောစရာမဲ့နေရ၏။ သူက ဆိုသည်..." ကျွန်တော်က ကံကောင်းခဲ့တယ်ဆိုပေမဲ့ အားထုတ်မှုအချို့တော့ လုပ်ခဲ့ရပါတယ်လေ "
ယီယွင် စကားပြောပုံကြောင့် သူ့အား ငယ်ရွယ်ကာ စိတ်မြန်လက်မြန်ရှိသူဟု အထင်ရောက်စေလေသည်။ ယင်းကြောင့်ပင် လူအများက သံသစိတ် နည်းပါးသွားကြရလေ၏။
" အလိုလေး... မင်းလို ငယ်ရွယ်သူတွေက ရည်မှန်းချက်ကြီးကြတာပါပဲလေ။ မင်း တိုင်အာနတ်ကျင့်စဥ်ကို စပြီးသင်ယူတာက စောလွန်းနေတယ်။ ဒီဟာက သင်ကြားဖို့ မလွယ်ကူဘူး။ မင်း တိုင်အာနတ်ကျင့်စဥ်ကို မဖမ်းဆုပ်မိရင်တော့ ထိုင်ငိုမနေနဲ့နော် "
အဖိုးအိုက မလျော်မကန်ရှိသော်လည်း ယီယွင်၏မေးခွန်းကိုမူ ဖြေပေးခဲ့လေသည်... " သန့်စင်ယန်စွမ်းအင်ကို ခံစားချင်တယ်ဆိုရင် ခန်းမခြောက်ထဲ ဝင်သွားလိုက်။ အဲ့ဒီမှာ မင်း လိုချင်နေတဲ့ဟာ ရှိတယ် "