နေအလင်းချီ
Vol. 14 Ch. 209
"ကျုပ်တို့ အကုန်ပေါင်မယ်" မြို့တော်၏အနိုင်ကျင့် သခင်လေးပါး သည် အလျင်အမြန်ပင်ပြောကာ သူတို့ယူလာသမျှ ပစ္စည်းအားလုံးကို စားပွဲပေါ်သို့တင်လိုက်သည်။
"ညီအစ်ကိုတို့ တောင့်ထားစမ်းပါ၊ငါတို့ရဲ့ပန်းတိုင်က ယီယွင်ပဲ မဟုတ်ဘူး။ ယီယွင် ဟာ ကျုပ်တို့ရဲ့ပထမဦးဆုံး ဖွင့်ပွဲဖြစ်လာလိမ့်မယ်။ ငါတို့ဟာ လူသစ်အဆင့်သတ်မှတ်ချက်တွေမှာ အဆင့်တက်ပြီး မြို့တော်ရဲ့အနိုင်ကျင့်တဲ့သခင်လေးပါးရဲ့ အစွမ်းကို လူတိုင်းသိစေရမယ်"
ထိုအဖွဲ့မှ ဖက်တီးက အားပေးစကား ပြောကြားနေသည်။ ထိုသူလေးဦးအဖွဲ့ထဲတွင် ဖက်တီးက အသက်အကြီးဆုံးဖြစ်ပုံရသည်။
ထိုအချိန်တွင် ဖက်တီးမျက်လုံးထောင့်မှ လီနင်အ၀တ်အစားဝတ်ဆင် ထားသည့် လူငယ်တစ်ဦးက တံခါးဘေးမှ လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူငယ်၏အကြည့်များမှာ ထူးဆန်းလှသည်။
ဖက်တီး၏စိတ်ထဲတွင် မကျေနပ်သလို ခံစားရလေသည်။ ဒီကောင်က ဘာလို့ ငါတို့ကို ကြည့်နေတာလဲ။ ဒီလို ခမ်းနားတဲ့ သခင်အုပ်စုကို ဒီကောင် တစ်ခါမှ မမြင်ဖူးဘူးလား။
"မင်း ဘာကောင်လဲ" ဖက်တီးက ယီယွင် ကို စိုက်ကြည့်ကာ မေးလိုက်လေသည်။
"ငါ အာ့..." ယီယွင် က မေးစေ့ကို ပွတ်သပ်ကာ တည်ငြိမ်စွာ ပြန်ကြည့်လျှက် "ငါ့နာမည် ယီယွင် ပါ တွေ့ရတာဝမ်းသာပါတယ်..."
မြို့တော်၏ အနိုင်ကျင့်သခင်လေးပါးသည် ယီယွင်ကို ကြောင်ကာ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေလေသည်။ သူတို့က ယီယွင် အကြောင်းပြောနေကြပြီး ယီယွင်က သူတို့နောက်တွင် မတ်တပ်ရပ်နေလေ၏။
"မင်းက ယီယွင်"
"မင်းက ငါတို့ကို ဆန့်ကျင်တဲ့ ကောင်ပဲ၊ ဟုန်တောက်အသင်း ကိုလေ” သခင်လေးပါးထဲမှ အရပ်ရှည်ရှည် လူငယ်ကပြောလိုက်လေသည်၊ တဆက်ထဲမှာပင် ထိုလူငယ်က လက်ထဲမှဓားမြှောင်တစ်ချောင်းကို ပေါ့ပါးလျင်မြန်စွာ ဆွဲထုတ်ကာ လက်ထဲတွင် ဝှေ့ယမ်းနေလေသည်။
ဓားမြှောင်ကို လေထဲသို့ ဝှေ့ယမ်းနေသောအခါ အလင်းတန်းများ လက်ခနဲ ထွက်ပေါ်လာလေသည်။ထိုဓားမြှောင်သည် သာမန်ပစ္စည်းမဟုတ်ကြောင်း အကြည့်ဖြင့်ပင် ပြောပြနိုင်လေသည်။
"ကောင်လေး၊ မင်းဒီကိုဘာအတွက်လာတာလဲ၊ လာပေါင်တာလား" ထိုလူငယ်လေးဦးမှာ ယီယွင် ထက် လူကောင်ထွားကြသည်။ သူတို့၏မျက်နှာတွင် ယီယွင်အား လှောင်ပြောင်သယောင်ရှိနေသည်။ လူသစ်အဆင့်သတ်မှတ်ချက်အတွက် လောင်းကြေးပမာဏကို ပြင်ဆင်ရန် ယီယွင် သည် ၎င်း၏ပစ္စည်းများကို အပေါင်ရန် ထိုနေရာသို့ ရောက်လာသည်ဟု ထိုလူငယ်လေးဦး တွေးထင်နေကြသည်။
ယီယွင် က ပခုံးတွန့်ကာ "ချေးမလို့ပါ" ဟုပြန်ဖြေလိုက်လေသည်။
ယီယွင် ထိုသို့ပြောနေအချိန်မှာပင် ယီယွင် က ၎င်း၏ငွေချေးယူမှု အထောက်အထားများ ကိုဖြည့်သွင်းကာ မန်နေဂျာထံသို့ ပေးလိုက်လေသည်။
စစ်သည်များ၏ အမြင်အာရုံမှာလျင်မြန်လွန်းသဖြင့် ယီယွင် ဖြည့်သွင်းနေသည့်ကို တစ်ချက်မျှကြည့်လိုက်ကာ ယီယွင်မှာ မှော်နဂါးကြေးပြား ၃၀၀၀ ချေးငှားနေတာ တွေ့လိုက်ရသည်။
ချက်ခြင်းဆိုသလိုပင် အနိုင်ကျင့် သခင်လေးပါးသည် အနည်းငယ် မှင်တက်သွားသည်။ယီယွင်က ဒီမှာ လာပေါင်တာမဟုတ်ဘူး၊ ချေးဖို့လား။
"ဟာဟား၊ စဉ်းစားကြည့်တော့လဲ၊ ဒီကောင်က တိမ်တိုက်ရိုင်းနယ်ထဲက ခွေးပေါက်စလေး ဆင်းရဲသားဆိုတော့ သူ့မှာ အပေါင်ထားဖို့ ပစ္စည်းဘယ်လိုရှိမှာလဲ"
"ချေးငွေယူတာ ကောင်းပါတယ်”
အနိုင်ကျင့် သခင်လေးပါးမှာ ယီယွင် သည် လောင်းကစားအတွက် မှော်နဂါးကြေးပြား ချေးရန် ထိုနေရာ၌သို့ ရောက်ရှိနေသည်ဟု ထင်မှတ်သွားသည်။
အတိုးနှုန်းမြင့်မားလွန်းသဖြင့် လောင်းကစားအတွက် ငွေချေးခြင်းသည် လူအများ လက်မခံနိုင်သော လုပ်ရပ်တစ်ခုဖြစ်သည်။ ဘာတစ်ခုမှမကျန် အရာအားလုံး ဆုံးရှုံးသွားနိုင်ပေသည်။
အနိုင်ကျင့် သခင်လေးပါးမှ ဖက်တီးက စိတ်လှုပ်ရှားစွာဖြင့် မေးစေ့ကို ပွတ်သပ်နေလေသည်။
တိုင်အာနတ်မြို့တော် မှာ ချေးငွေမဆပ်နိုင်ပါက လမ်းပေါ်၌ အိပ်စက်ရပေမည်။ ထို့အပြင် တိုင်အာနတ်မြို့တော်မှ စွန့်ခွာ၍ မရပဲ နှစ်ပေါင်းများစွာ လမ်းမများပေါ်မှာ နေထိုင်ကုန်ဆုံးရန်မှာ စိတ်ဝင်စားစရာ ကောင်းမည်မှာ သေချာလှသည်။
ယီယွင် က ၎င်းတို့အားရှင်းပြဖို့ စိတ်မ၀င်စားပေ။ ငွေချေးခြင်းလုပ်ငန်းစဉ်ကို ပြီးမြောက်ပြီးနောက် ယီယွင်က မှော်နဂါးကြေးပြား ၃၀၀၀ ကိုယူကာ အရိုင်းနယ်မြေနတ် ခန်းမဆီသို့ အပြေးပြန်သွားခဲ့သည်။
ကျင့်ကြံခြင်းမှာ အလွန်ငြီးငွေ့စရာကောင်းသော ကိစ္စဖြစ်သည်။ တစ်ဦးထဲအထီးကျန်မှုကို ကြံ့ကြံ့ခံရရုံသာမက အဖော်မဲ့ခြင်းလည်းကို ခံနိုင်ရည်ရှိရမည်ဖြစ်သည်။
သိုင်းပညာ ကျွမ်းကျင်သူများအတွက်မူ နှစ်ပေါင်း ၂၀ မှ ၃၀ကြာ တစ်ကိုယ်တည်းလေ့ကျင့်ခြင်း နှင့် နှစ်ပေါင်း ၄၀၀ မှ ၅၀၀အကြာ အစားအသောက် ရှောင်ကြဥ်ခြင်းသည် သာမာန်လုပ်ထုံးများပင် ဖြစ်ကြသည်။ ၎င်းတို့သည် ကောင်းကင်အဆင့် ယွမ်ချီစွမ်းအား ကို စုပ်ယူပြီး အာဟာရအတွက် ပျက်စီးခြင်း အရိုးအမတေများကို စားသုံးခြင်းအပေါ် မှီခိုအားကိုးကြသည်။
ကိုယ့်ကံကြမ္မာကို ထိန်းချုပ်နိုင်ရန်၊ အနှစ်တစ်ရာကျော်ကုန်လွန်ပြီးပါက ပုပ်ပွကာ မြေကြီးအတွင်းတွင်အဆုံးမသတ်လို့ပါက ထိုအမျှ ငြီးငွေ့မှုနဲ့ အထီးကျန်မှုကို ခံနိုင်ရည်ရှိရပေမည်။
ယီယွင် သည် သန့်စင်သော ယန် စွမ်းအင်ကို စုပ်ယူရန် ၎င်း၏ ကျင့်ကြံခြင်းခရီးကို စတင်ခဲ့ပြီး နေမင်း၏ပုံရိပ်ကို အပြီးသတ်ရေးဆွဲခဲ့သည်။
ယီယွင်မှာ ၎င်းကမ္ဘာထဲမှာ နှစ်မြောနေလေ၏။ထိုနောက် ၎င်းအခန်းထဲမှာပင် သုံးရက်ဆက်တိုက် ကျင့်ကြံနေလေသည်။ ယီယွင်မှာ အိပ်စက်ခြင်းမရှိ အနားယူခြင်းမရှိသဖြင့် ၎င်းဦးနှောက်မှာ ထုံကျဥ်လာသည်။
ယီယွင်၏ ရှေ့တွင် ကျောက်စိမ်းစာလိပ် ခုနစ်လိပ် ရှစ်လိပ်ခန့်ရှိသည်။ ထိုကျောက်စိမ်းစာလိပ်များသည် သောင်းတန်စေတီမှ ဝယ်ယူခဲ့သော ကျောက်စိမ်းစာလိပ်အလွတ်များဖြစ်လေသည်။ဤကျောက်စိမ်းစာလိပ်များထဲတွင် နေမင်း၏ပုံရိပ်ကို ရေးဆွဲရန်အတွက် ယီယွင်က ၎င်း၏ ယွမ်ချီစွမ်းအင်များကို အသုံးပြုခဲ့သည်။
ယခုအခါ ယီယွင် မျက်လုံးမှိတ်ထားလိုက်တိုင်းတွင် ၎င်း၏ရှေ့တွင် နေမင်း၏ ပုံရိပ်ပေါ်လာမည် ဖြစ်သည်။ ယီယွင်သည် ပုံရိပ်၏ အချက်အလက်တိုင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေလေသည်။
ယီယွင်မှာ ထိုပုံရိပ်ကို အဆက်မပြတ်ရေးဆွဲနေရုံသာမက ၎င်း၏စိတ်ဝိညာဉ်ထဲတွင်လည်း စွဲထင်နေလေသည်။ယီယွင်သည် ကျောက်စိမ်းစာလိပ်များတွင် အကြိမ်ရာပေါင်းများစွာ ရေးဆွဲခဲ့ဖူးပေသည်။
သို့သော် ၎င်း၏စိတ်ဝိညာဉ်အတွင်း နေမင်း၏ရုပ်ပုံသည် ၉၉%ခန့်သာ ပြီးပြည့်စုံသည်။အလုံးစုံမပြည့်စုံခင်မှာ တစ်ခုခုတော့ လွဲချော်နေခဲ့သည်။
ထိုနောက်ဆုံးသော ၁% မှာ အဆောင် လက်ဖွဲ့ တစ်စုံတစ်ရာ မရှိခြင်းကြောင့် ဆိုသည်ကို ယီယွင် သတိထားမိလိုက်သည်။
ထိုအဆောင်လက်ဖွဲ့မှာ နေမင်း၏ရုပ်ပုံတစ်ခုလုံး၏ အနှစ်သာရဖြစ်သည်။ ယီယွင်ဆွဲထားသည်မှာ မျက်စိမပါသော နဂါးနှင့်တူလှသည်။
သို့သော် အဆောင် လက်ဖွဲ့အား ကူးယူ၍ မရနိုင်ပေ။ ယီယွင် သည် ၎င်းကိုယ်ပိုင်စွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်း လွန်ကဲကာ ထိုအရာကို သုံးရက် ဆက်တိုက်လုပ်နေသော်လည်း ဘာမှထူးလာခြင်း မရှိပေ။
နံနက်ခင်းတွင် ယီယွင်၏ မျက်လုံးများမှ သွေးများထွက်လာသည်။ တံခါးကိုဖွင့်ပြီး လမ်းမပေါ်သို့ ထွက်လာခဲ့သည်။
နေမင်းကြီးသည် မှုန်ဝါးဝါးခရမ်းရောင် မီးတောက်ကဲ့သို့ အရှေ့အရပ်သို့ ထွက်လာသည်။ ယီယွင် သည် မျက်လုံးများကို မှေးလိုက်ကာ မိုးကုပ်စက်ဝိုင်းမှ ထွက်လာသော နေကို ကြည့်နေလေသည်။
"ထန်တောင်ကြားမှ နေထွက်၍ နေရာအနှံ့လှည့်ပတ်ကာ ကမ္ဘာပေါ်သို့ အလင်းရောင်ဖြန့်ကျက်၊ တောက်ပသော ဘုန်းကျက်သရေ၊ သန့်စင်သောယန်ကို အုပ်စိုးသော ဖူဆန်း မှ နေဆယ်စင်း..." ယီယွင် က 'တိုင်အာနတ်ကျင့်စဉ်' ၏ အခြေခံသဘောတရားများကို ရွတ်ဆိုခဲ့သည်။ နေက ကောင်းကင်ပေါ်မှ ဘယ်တော့အခါမှ ကြွေကျမည် မဟုတ်သလို နေ့စဉ်နဲ့အမျှ နေထွက်လာစမြဲဖြစ်သည်။ ထိုနတ်အရိုင်းတော၌ ထာဝရထွန်းလင်းနေလိမ့်ပေမည်။သို့သော် သာမန်လူသားများ၏ သက်တမ်းမှာတိုတောင်းလွန်းလှသည်။
ချမ်းသာကြွယ်ဝပြီး မောင်းမမိဿံများစွာရှိသော အာဏာရှိသူများပင် ဆယ်စုနှစ်အနည်းငယ်ကြာပြီးနောက် မြေမှုန့်အဖြစ်သို့ ပြောင်းလဲသွားကြသည်။ သမိုင်းတွင် ကိန်းဝပ်နေပြီး နောင်လာနောက်သားများ မှတ်သားမိရန်မှာ အလွန်ခက်ခဲပါသည်။
နတ်မြို့တော်၏ ပြည်ထောင်မြင်းစစ်သည် နှင့် အရာခံအမတ် တို့၏သက်တမ်း နှစ်ရာ၀န်းကျင်းခန့်သာရှိသည်။၎င်းမှာ တိုင်အာနတ်ပြည်ထောင်အတွက် အရေးမပါလှသော တည်ရှိမှုဖြစ်ကာ ကျယ်ပြောလှသော ကျတ်တီးမြေဆိုပါက ရည်ညွန်းရန်ပင်မလိုအပ်ပေ။
အားနည်းသောတည်ရှိမှုများသည် ကြီးမားကျယ်ပြန့်လှသောကမ္ဘာကြီးနှင့် အဆုံးမရှိသော အချိန်ကာလကို ရင်ဆိုင်ရသောအခါတွင် သေးငယ်သလိုခံစားရပေလိမ့်မည်။
သို့ရာတွင် ထိုသို့သေးငယ်သောခံစားချက်ဖြင့်မနေထိုင်လိုသူများမှာ အမြဲရှိနေပေလိမ့်မည်။
၎င်းတို့ ရှာဖွေကြရမည်…
အခုကနေ နောင်နှစ်ပေါင်း တစ်သောင်းဆိုရင်ကော ဘယ်လိုဖြစ်နေမလဲ။ နှစ်ပေါင်း တစ်သန်းဆိုရင်ကော၊ နှစ်ပေါင်း ဆယ်သန်းကြာရင်ကော ဒီကမ္ဘာကြီး အဆုံးသတ်သွားပြီလား…
တိုက်ကြီးတွေရဲ့ အဆုံးမှာ ဘာလဲ။ သမုဒ္ဒရာကိုဖြတ်သန်းသွားပြီးရင်ကော နောက်ထပ်ကုန်းမြေတွေ ရှိသေးလား။ ကောင်းကင်ထက်မှာကော နောက်ကောင်းကင်တွေ ထပ်ရှိနေသေးလား။
ထိုလူများဟာ သူတို့၏ ကံကြမ္မာကို ဖြည်းဖြည်းချင်း ထိန်းချုပ်ချင် ကြသည်။သဘာ၀တရားနှင့် လိုက်လျောညီထွေလျှက် တရားမျှတမှုကိုရှာဖွေခြင်းဖြင့် ၎င်းတို့သည် ကမ္ဘာကြီးနှင့် တူညီသော အဆင့်တွင် ရှိနေမည်ဖြစ်သည်။
ယီယွင်မှာ ထိုကဲ့သို့ လူမျိုးဖြစ်သည်။
ယခင်တုန်းက ယီယွင်တွင် ထိုကဲ့သို့ ဖြစ်နိုင်ချေ မရှိပေ။ယခုအခါတွင် ဘုရားသခင်က ယီယွင်အား အခွင့်အရေးပေးခဲ့သည်။ ရလဒ်အနေဖြင့် ယီယွင်မှာ ရှိသမျှအရာအားလုံးကို လေ့လာလိုက်စားချင်သည်။ သိုင်းပညာ၏ အထွတ်အထိပ်သို့ ရောက်သည်အထိ စူးစမ်းလေ့လာ လိုသည်။
လမ်းစဉ်...
အထွတ်အထိပ်...
ထာဝရတည်မြဲ...
နေနောက် လိုက်ဖူးသော ခွာဖူ ဟူသော ဒဏ္ဍာရီတစ်ပုဒ် ရှိခဲ့သည်။
ခွာဖူသည် ဤကဲ့သို့ ပြုမူလုပ်ဆောင်ရခြင်းမှာ စည်းစိမ်ဥစ္စာ၊ အာဏာ တို့အတွက် မဟုတ်ခဲ့ပေ။ သူသိလိုသည်မှာ နေလုံးသည် ညနေခင်းတွင် မည်သည့်နေရာသို့ သွားရောက်သည်နှင့် မိုးကုပ်စက်ဝိုင်း၏ အဆုံးတွင် မည်သည့်အရာများ တည်ရှိသည်ကိုသာ သိချင်၍ဖြစ်သည်
ဒဏ္ဍာရီများတွင် ခွာဖူ သည် အပူနှင့် ပင်ပန်းနွမ်းနယ်မှုကြောင့် နေကို ဘယ်သောအခါမှ အမီလိုက်နိုင်ခဲ့ခြင်း မရှိပေ။ ၎င်းသည် ရေငတ်ခြင်းကို မခံနိုင်သဖြင့် မြစ်နှစ်စင်းမှ ရေအားလုံးကို သောက်သော်လည်း ရေငတ်ကာ လမ်းမှာပင် သေဆုံးသွားခဲ့ရသည်။
ဒီဇာတ်လမ်းက ခွာဖူ၏ သေဆုံးမှုမှာ မိုက်မဲမှုကြောင့် ဖြစ်စေခဲ့သော်လည်း ၎င်း၏ စူးစမ်းရှာဖွေမှုဖြစ်သော ကမ္ဘာကြီးကို နားလည်စေရန် အနိုင်ယူရန်ကြိုးစားမှုတစ်ရပ်ပင် ဖြစ်သည်။
ထိုအချိန်တွင် ယီယွင်သည် ရုတ်တရက် ဉာဏ်အလင်းကို ခံစားလိုက်ရသည်။
မနက်ခင်း အရှေ့မှထွက်လာသော နေမင်းကြီးအား ကြည့်နေစဉ် ခရမ်းရောင် ဓာတ်ငွေ့များ တက်လာသည်ကို ယီယွင်မြင်နေရသည်။
ယီယွင်မှာ ပင်ပန်းနွမ်းနယ်နေသော်လည်း စိတ်ဝိညာဉ်စွမ်းအင်ကို ခရမ်းရောင်သလင်းကျောက်ထဲသို့ ထိုးသွင်းလိုက်သည်...
ယခုတစ်ခါတွင် 'တိုင်အာနတ်ကျင့်စဉ်'အား ကျောက်စိမ်းစာလိပ် တွင်ပုံဆွဲမနေတော့ပဲ မနက်ခင်း နေရောင်အစစ်အမှန်ကို အသုံးပြုလေတော့သည်။
သန့်စင်သော ယွမ်ချီစွမ်းအင်သည် ယီယွင်၏ခန္ဓာကိုယ်အတွင်း၌ ပျံ့နှံ့လာလေသည်။ စွမ်းအင်လိုင်း၏နောက်တွင် မျဉ်းကြောင်းသည် ရောယှက်နေသည်။ ယီယွင် က ၎င်းပိုင်ဆိုင်သော အဆောင်လက်ဖွဲ့ကို ရေးဆွဲနေလေသည်။
လူသားလမ်းစဉ်
သိုင်းပညာလမ်းစဥ်၏ အထွတ်အထိပ်
ထာဝရတည်မြဲသော သဘာဝတရား...
လူတစ်ယောက်၏ဘဝတွင် လေ့လာမှုလမ်းစဉ်၊ အိပ်မက်တွေရှိရမည်။ တကယ်လို့ အောင်မြင်ခဲ့ရင်ကော။
ယီယွင် သည် ယခင်ဘဝက ကြားဖူးခဲ့သော စကားများကို ရွတ်ဆိုနေသည်။မျက်လုံးများကိုမှိတ်ထားပြီး သူ့ခန္ဓာကိုယ်အတွင်းမှ သန့်စင်သော ယွမ်ချီ ကို ထိန်းချုပ်ထားသည်။ သူ့ခံစားချက်နှင့်သူ နောက်ဆုံး လှုပ်ရှားမှုကို လမ်းညွှန်ခဲ့သည်။ ဤနောက်ဆုံး လှုပ်ရှားမှုတွင် နေမင်း၏ နားမလည်နိုင်သော စွမ်းအားတစ်ခုရှိသည်ဟု ယီယွင်ခံစားမိသည်။ ထိုထာ၀ရ ဆန်းကြယ်မှုသည် နေမင်း၏ပုံရိပ်တွင် နက်နက်ရှိုင်းရှိုင်း အမှတ်အသားပြုလိုက်လေသည်။
ချက်ချင်းပင် ယီယွင်၏ စိတ်ထဲတွင် နေမင်း၏ ပုံရိပ်မှာ အသက်ဝင်လာသည်။
"ဘွန်း"
ယီယွင် ၏ တန်းထျန် မှ သန့်စင်သော ယန်မီးတောက် ပေါက်ကွဲသွားသည်။ ထိုသို့ ပေါက်ကွဲကာ ယီယွင်၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ပျံ့နှံ့သွားလေသည်။
ယီယွင် ရဲ့ တစ်ကိုယ်လုံး မီးဖြင့် ရေချိုးနေရသလို ခံစားနေရသည်။ ယီယွင်သည် မီးတောက်များအတွင်းမှ ပြန်လည်မွေးဖွားလာသော သွေးသက်တံ ငှက်မွေးကဲ့သို့ပင်။
ရုတ်တရက် ယီယွင် ခန္ဓာကိုယ်အတွင်းမှ ဥခွံကွဲအက်သံကိုကြားလိုက် ရသည်။
ထိုသို့ဖြင့် ခန္ဓာကိုယ်တွင်းမှ စွမ်းအင်များ မြင့်တက်လာလေသည်။ ယင်းစွမ်းအင်များစွာသည် ခရမ်းရောင် ချီစွမ်းအင် အဖြစ်သို့ ပြောင်းလဲသွားကာ အရှေ့ဘက်မှ သန်စင်သော ယွမ်ချီ စွမ်းအင်နှင့် ရောနှောသွားလေသည်။
ထိုစွမ်းအင်များမှာ ယီယွင်နှင့် တစ်သားတည်းပေါင်းစပ်သွားလေသည်။ ထိုအချိန်တွင် ယီယွင်ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များအားလုံး အသက်ဝင်လာသကဲ့လို ခံစားနေရပြီး ထွက်သက်၀င်သက်များတွင် ကောင်းကင်အဆင့် ယွမ်ချီစွမ်းအား ကို ရှုသွင်းနေလျှက်ရှိသည်။
ယီယွင် ၏ ခန္ဓာကိုယ်ကို ရွှေရောင်အရှိန်အဝါဖြင့် ဖုံးလွှမ်းထားလေသည်။ ခန္ဓာကိုယ်ထဲတွင် သတ္တုလှောင်အိမ်တစ်ခု တည်ရှိနေကာ ထိုလှောင်အိမ်ထဲတွင် သော့ခတ်ထားသော ရှေးဦးမျိုးစိတ်တစ်ခု ရှိနေသည်။ ယခုအခါတွင် ထိုလှောင်အိမ်မှာပွင့်ထွက်ကာ ရှေးဦးမျိုးစိတ်မှာလည်း နိုးထလာခဲ့သည်။
ယီယွင်၏ ခန္ဓာကိုယ်ထဲသို့ ထူးဆန်းသော စွမ်းအင်အသစ်တစ်ခု ဝင်ရောက်လာသည်။
ခရမ်းရောင် ချီစွမ်းအင် သည် ပို၍သိပ်သည်းသည်။ လေထုထဲတွင် စွမ်းအင်မှာ ရှည်လျားလာကာ ချိုင့်ဝှမ်းတစ်ခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။
ဝေဝါးနေသော ချိုင့်ဝှမ်းတွင် သစ်ပင်များနှင့် စီးဆင်းနေသော မြစ်များရှိသည်။ သို့သော် ထိုသစ်ပင်များနှင့် စီးဆင်းနေသော မြစ်များသည် သန့်စင်သော ယွမ်ချီစွမ်းအင် အတွင်းတွင် ဖျတ်ခနဲ တောက်လောင်နေသော မီးတောက်တစ်ခုသဖွယ် ဖြစ်ပေါ်နေသည်။
"နေအလင်းချီ၊ ဒါက နေအလင်းချီ" ယီယွင် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ထိုအချိန်တွင် ယီယွင်မျက်လုံးများမှာ တောက်လောင်နေသော နေတစင်းလိုပင်။
နေအလင်းချီ... ၎င်းမှာ နေမင်း၏ ပုံရိပ် ပြီးပြည့်စုံသွားသောအခါ နေအလင်းချီကို ရရှိခဲ့လေသည်။
‘တိုင်အာ နတ်ကျင့်စဉ်' ကို လေ့ကျင့်သူ ငါးဦးတွင် တစ်ဦးသာ နေအလင်းချီ အား သိပ်သည်းအောင်ပြုလုပ်နိုင်သည်ဟု ၀တ်ရုံဝတ်ထားသူက ပြောခဲ့သည်။ ယခုမူ ယီယွင် သည် နေအလင်းချီ ကို အမှန်တကယ် သိပ်သည်းအောင်ပြုလုပ်နိုင်ပြီ ဖြစ်သည်။
ထို့အပြင် ယီယွင်သည် ‘တိုင်အာ နတ်ကျင့်စဉ်' ကို တစ်လခွဲသာ လေ့ကျင့်ခဲ့သည်။
နေအလင်းချီ ပုံရိပ်သည် ထန်တောင်ကြားမှနေထွက်လာသည့်ပုံဖြစ်သည်။
ဆိုလိုသည်မှာ ယီယွင် ရဲ့ နေအလင်းချီ တွင် အဆင့်တစ်ခုရရှိခဲ့သည်။ ယင်းသည်မှာ နေအလင်းချီ ၏ ထန်တောင်ကြား အဆင့်၏အစဖြစ်သည်။