အတုခိုးတတ်သော ကီရီလန်ကို
Vol. 66 Ch. 983
“မင်း လော့စ်အိန်ဂျယ်လိစ်မှာ ဘာလို့ တိုက်တစ်လုံး ထပ်ဝယ်တာလဲ။ ဒီက မင်းသမီးတစ်ယောက်ယောက်ကို သဘောကျလို့လား” ကီရီလန်ကိုသည် မျက်ခုံးပင့်ကာ ကောက်ကျစ်သော အမူအရာဖြင့် မေးလိုက်သည်။
ဖုန်းယွီသည် မျက်လုံးလှန်လိုက်သည်။ မင်းလို လူတိုင်းက အတူတူပဲလို့ ထင်နေတာလား။ ဖုန်းယွီသည် လူပိုင်ပစ္စည်း ဖြစ်နေသည့် မိန်းမမျိုးကို လုံးဝစိတ်မဝင်စားပေ။ ထိုကဲ့သို့သော မာနပြည့်ဝမှုသည် အခြားသူများအတွက် ဆွဲဆောင်မှုရှိနိုင်သော်လည်း ဖုန်းယွီအတွက်မူ နောက်မှနောင်တရစရာသာ ရှိသည်။
“ငါ ဒီမှာ ရင်းနှီးမြှုပ်နှံမှု အနည်းငယ် လုပ်ထားတယ်။ ဒါကြောင့် နေစရာအိမ်တစ်လုံးတော့ ဝယ်ရမှာပေါ့။ ဒါပေမဲ့ ဒီက အိမ်အကူတွေက သိပ်မကောင်းဘူး” ဟင်းလင်းပြင်၊ မြက်ခင်း၊ ရေကူးကန်များကို ကောင်းစွာ ပြုပြင်မထားရုံသာမက တရုတ်စားဖိုမှူး၏ ဟင်းများသည်လည်း စားသောက်ဆိုင်အရသာမျိုးဖြစ်နေ၍ ဖုန်းယွီ မနှစ်သက်ပေ။
အိမ်တွင်ဖြစ်၍ အိမ်ချက်ဟင်းမျိုးသာ စားလိုသည်။
“မကြိုက်ရင် ပြောင်းလိုက်ပေါ့။ မဟုတ်ရင် ကိုယ့်နိုင်ငံကနေ ခေါ်လာလိုက်။ ပိုက်ဆံနည်းနည်း ပိုသုံးရုံပဲဟာ။ ငါ့အိမ်အကူတွေဆိုရင် မော်စကိုကနေ ခေါ်လာတာ”
ဖုန်းယွီ မျက်လုံးများ အရောင်တောက်သွားသည်။ ဤနည်းလမ်းကို အဘယ်ကြောင့် သူ မစဉ်းစားမိခဲ့သနည်း။
“ဒါနဲ့ မင်း လော့စ်အိန်ဂျယ်လိစ်မှာ ဘာတွေ ရင်းနှီးမြှုပ်နှံထားလဲဆိုတာ မပြောရသေးဘူး။ ရုပ်ရှင်ထုတ်လုပ်တာလား၊ ဒါမှမဟုတ် တခြားတစ်ခုခုလား” လော့စ်အိန်ဂျယ်လိစ်သည် ဟောလိဝုဒ်နှင့် ဖျော်ဖြေရေးမြို့တော်ဖြစ်သဖြင့် ဖုန်းယွီသည် ဤတွင် ရင်းနှီးမြှုပ်နှံသည်ဟု ဆိုသောအခါ ကီရီလန်ကိုသည် ရုပ်ရှင်နှင့် ရုပ်ရှင်နှင့်ဆိုင်သော လုပ်ငန်းများကိုသာ ဦးစွာတွေးလိုက်သည်။
“ရုပ်ရှင်ထုတ်လုပ်တာလား။ ဒါကတော့ အနာဂတ်မှာ စဉ်းစားကောင်းစဉ်းစားမယ်။ ဒါပေမဲ့ အခုတော့ အဲဒီအစီအစဉ် မရှိသေးဘူး။ ငါ အသင်းတစ်သင်း၊ ဘတ်စကတ်ဘောအသင်းတစ်သင်း ဝယ်လိုက်တယ်” ဖုန်းယွီသည် ခဏစဉ်းစားလိုက်သည်။ အနာဂတ်တွင် ရုပ်ရှင်တစ်ကားကို ရင်းနှီးမြှုပ်နှံကောင်း ရင်းနှီးမြှုပ်နှံမည်။ ဥပမာ- ကင်မရွန်ရုပ်ရှင်မျိုးဆိုရင် ရင်းနှီးမြှုပ်နှံဖို့ တန်သည်။ ထိုသူသည် အမြဲတမ်း အသေးစိတ်ကျသည့် ဒါရိုက်တာတစ်ဦးဖြစ်သည်။
သို့သော် ထိုသူ၏ နောက်ရုပ်ရှင်ကားကြီးသည် ၂၀၀၅ ခုနှစ်မှသာ စတင်ရိုက်ကူးမည်ဖြစ်ပြီး၊ ထိုအချိန်က နည်းပညာများကလည်း ရင့်ကျက်မှု မရှိသေးပေ။
“မင်း လော့စ်အိန်ဂျယ်လိစ် လေကာအသင်းကို ဝယ်လိုက်တာလား” ကီရီလန်ကိုသည် ချက်ချင်း ထရပ်လိုက်သည်။
ဖုန်းယွီ မေ့နေခဲ့သည်။ ကီရီလန်ကိုသည်လည်း ဘတ်စကတ်ဘောကို အလွန်နှစ်သက်ပုံရသည်။
“အာ… ငါက လော့စ်အိန်ဂျယ်လိစ် ကလစ်ပါစ်အသင်းကို ဝယ်လိုက်တာ”
“ကလစ်ပါစ်အသင်း.. ဒီနာမည်နဲ့ အသင်းရှိလို့လား” ကီရီလန်ကိုသည် အလွန်အံ့သြနေသည်။
ဖုန်းယွီ “…” ‘ဒီကောင့်ကို ငါ ဘာပြောရမလဲ၊ ကလစ်ပါစ်အသင်းက ဒီလောက်အထိ အရေးမပါဘူးလား။ ဒါဆို ပေါလ် အယ်လန်က ငါ စတားလင်းနဲ့ သဘောတူညီမှု ရခဲ့တယ်ဆိုတာ သိရင် ဗိုက်နာအောင် ရယ်နေမလား’ ဟု သူ တွေးလိုက်သည်။
“ရှိတယ်။ လေကာနဲ့ လိဂ်တစ်ခုတည်းမှာပဲ။ ငါ အသင်းနာမည်ကို လော့စ်အိန်ဂျယ်လိစ် Win and Rainအသင်းလို့ ပြောင်းဖို့ စီစဉ်ထားတယ်။ အနာဂတ်မှာ လေကာကို ကျော်လွန်ပြီး လော့စ်အိန်ဂျယ်လိစ်မှာ လူကြိုက်အများဆုံး ဘတ်စကတ်ဘောအသင်း ဖြစ်လာမှာ သေချာတယ်”
ကီရီလန်ကို မျက်လုံးများကို ကလစ်ကလစ် လုပ်လိုက်သည်။ “အသင်းဝယ်ပြီး နာမည်ပြောင်းလို့ရတာလား။ ဝါး... ငါလည်း အသင်းတစ်သင်းဝယ်ပြီး ကီရီလန်ကိုအသင်းလို့ နာမည်ပြောင်းမယ်”
ဖုန်းယွီ၏ လက်ထဲမှ လက်ဖက်ရည်ခွက်သည် တုန်သွားပြီး ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ ငါကတော့ အမှတ်တံဆိပ်ကို ကြော်ငြာချင်တာ၊ မင်းကတော့ မင်းကိုယ်မင်း ကြော်ငြာဖို့ စိတ်ကူးနေတာလား။ မင်း လိဂ်ကို ဝယ်ယူနိုင်ရင်တောင် မင်းနာမည်နဲ့ အသင်းတည်ထောင်ဖို့ ဘယ်လိုမှ သဘောတူလိမ့်မယ် မထင်ဘူး။
“ကီရီလန်ကို၊ ငါက အသင်းမှာ ထူးခြားတဲ့ သမိုင်းမှတ်တမ်း မရှိလို့ လုပ်ရတာ ပိုလွယ်တာ။ နာမည်အသစ်ပေးတာက အစအသစ်တစ်ခုကို ကိုယ်စားပြုတယ်။ ပြီးတော့ ငါ့အမှတ်တံဆိပ်ကိုပါ ကြော်ငြာလို့ရတယ်၊ စီးပွားရေး ရည်ရွယ်ချက်ရှိတယ်။ မင်းကတော့ မင်းနာမည်နဲ့ အသင်းကို နာမည်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ငါထင်တယ်”
ကီရီလန်ကိုသည် စိတ်ပျက်အားငယ်သည့် မျက်နှာဖြင့် “မဖြစ်နိုင်ဘူးလား။ ဒါဆို ငါလည်း အသင်းတစ်သင်း ဝယ်မယ်။ နာမည်မပြောင်းလဲရရင်လဲ မပြောင်းတော့ဘူး။ အင်း၊ မြို့ကြီးက အသင်းတစ်သင်းကို ဝယ်ရမယ်။ မင်းပြော၊ နယူးယောက် နစ်ခ်စ်က ဘယ်လိုလဲ။ ဒါမှမဟုတ် ဘူးလ်စ်(Bulls) အသင်းပိုင်ရှင်က ရောင်းပါ့မလား”
ဖုန်းယွီသည် ကီရီလန်ကို၏ ပုံစံကို ကြည့်လိုက်ပြီး မေးသည်။ “မင်း တကယ်ပြောတာလား၊ နောက်နေတာလား”
“ဘယ်သူက နောက်နေလို့လဲ။ နောက်မှ ငါ့ရုရှားက ကစားသမားတွေကို ဒီကို ခေါ်လာပြီး သူတို့ရဲ့ အမေရိကန် ဘတ်စကတ်ဘော လိဂ်ကို အနိုင်ယူပစ်မယ်!” ကီရီလန်ကိုသည် အားမာန်ပြင်းစွာ ပြောလိုက်သည်။
ဖုန်းယွီသည် ချွေးများပြန်သွားသည်။ ‘ဒီတစ်ယောက်က တစ်နေ့နေ့ ဘာတွေ တွေးနေပါလိမ့်။ ယခင်ဆိုဗီယက်ပြည်ထောင်စု ဘတ်စကတ်ဘော အင်အားကြီးပေမဲ့ အခု ရုရှားက လစ်သူယေးနီးယားလောက်တောင် မကောင်းတော့ဘူး။’
သို့သော် ကီရီလန်ကို၏ စကားက တကယ်ပဲ ဖြစ်နိုင်ချေရှိသည်ဟု ဖုန်းယွီ တွေးလိုက်သည်။ ပြည်တွင်းက ကစားသမားတွေကို ဒီကို ခေါ်လာပြီး ဒီက ပြိုင်ပွဲတွေရဲ့ ပြင်းထန်မှုကို ခံစားစေကာ သူတို့ရဲ့ ကစားမှုအဆင့်ကို မြှင့်တင်ရင် အနာဂတ်မှာ အတော်လေး တိုးတက်လာနိုင်တယ်။
ကီရီလန်ကိုသည် တကယ်ကို ပါရမီရှင်တစ်ဦးပဲ။
“ဘူးလ်စ်ကိုတော့ ထားလိုက်ပါတော့။ မိုက်ကယ် ဂျော်ဒန် အနားယူတော့မယ်လို့ ငါ ကြားတယ်။ ဘူးလ်စ်က နောက်ထပ် ချန်ပီယံဆုရတော့မှာ မဟုတ်ဘူး။ နယူးယောက် နစ်ခ်စ်ကတော့ ကောင်းပါတယ်။ အသင်းက ကောင်းပြီး ပရိသတ်လည်း များတယ်၊ မြို့ကလည်း ဖွံ့ဖြိုးတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ကမှ အမေရိကန် Cable Television Group က ထိန်းချုပ်ထားလို့ သူတို့ ရောင်းမှာ မဟုတ်ဘူး”
“မရောင်းဘူးလား။ နယူးယောက်ရဲ့ ဘေးနားမှာ အသင်းတစ်သင်းရှိတယ်လို့ ငါမှတ်မိတယ်။ မြစ်တစ်စင်းခြားနေတာ၊ နက်စ် (Nets) လို့ခေါ်တာလား မသိဘူး။ အဲဒီအသင်းက ဘယ်လိုလဲ။ ငါ ဝယ်လိုက်ပြီး နယူးယောက် ဘရွတ်ကလင်က ဖွံ့ဖြိုးတဲ့နေရာကို ပြောင်းမယ်”
ဖုန်းယွီ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ယခင်ဘဝတွင် နက်စ်အသင်းကို ရုရှားသူဌေးကြီးတစ်ဦးက ဝယ်ယူပြီး ဘရွတ်ကလင်သို့ ပြောင်းခဲ့သည်ဟု မှတ်မိသည်။ ဤဘဝတွင် စောစီးစွာ ဖြစ်လာတော့မှာလား။
“ဒါပေမဲ့ မင်း ဘရွတ်ကလင်ကို ပြောင်းရင် ကိုယ်ပိုင် ဘတ်စကတ်ဘောရုံတစ်ခု ရှိရမှာပဲ”
“ဟေ့… ဒါဆိုလည်း မူလနေရာမှာပဲ အရင်နေလိုက်မယ်။ ငါ အားကစားရုံအသစ် ဆောက်ပြီးမှ ပြောင်းမယ်။ အဲဒီအချိန်ကျရင် ငါ့အသင်းက အရှေ့ပိုင်း ချန်ပီယံဖြစ်ပြီး မင်းအသင်းက အနောက်ပိုင်း ချန်ပီယံ ဖြစ်လိမ့်မယ်။ ငါတို့နှစ်ယောက်ထဲက ဘယ်သူ့အသင်းက ပိုတော်လဲဆိုတာ ကြည့်ကြတာပေါ့” ကီရီလန်ကိုသည် သူ အနိုင်ရနေပြီဖြစ်သည့်အလား မျက်နှာများ ဝင်းပနေသည်။
“အာ၊ ကောင်းပါပြီ၊ ဒီလိုဖြစ်ပါစေလို့ ဆုတောင်းတယ်”
“ဒါနဲ့ မင်း ဘတ်စကတ်ဘောအသင်းဝယ်တာက နာမည်ပြောင်းပြီး Win and Rainအမှတ်တံဆိပ်ကို ကြော်ငြာဖို့ပဲလား” ကီရီလန်ကိုက စိတ်ဝင်တစား မေးသည်။
“တကယ်တော့ ငါနဲ့ ပေါလ် အယ်လန်တို့ လောင်းကြေးထပ်ထားလို့ပါ။ လောင်းကြေးက ဘာလဲဆိုတာ ငါတို့ မပြောခဲ့ပေမဲ့ ငါ အနိုင်ရရင် နောက်တွေ့ရင် သူ လုံးဝ ထောင်လွှားနေမှာ မဟုတ်တော့ဘူး”
ဒီတစ်ခါတော့ ကီရီလန်ကို မျက်မှောင်ကြုတ်လာသည်။ “မင်း လောင်းကြေးကြောင့် အသင်းဝယ်တာလား။ မင်း ဘတ်စကတ်ဘောကို အလွန်ကြိုက်တယ် မဟုတ်လား”
ထိုလေသံကို နားထောင်ပြီး ကီရီလန်ကို အတော်လေး နစ်နာနေသည်ဟု ထင်ရသည်။
“ငါ ဘတ်စကတ်ဘောကို အလွန်ကြိုက်တာ မှန်တယ်။ ဒါပေမဲ့ ဒီအချက်နှစ်ချက်က တိုက်ဆိုင်နေတာပဲ။ အယ်လန်မှာ ဘေ့စ်ဘောအသင်း၊ ရပ်ဂ်ဘီအသင်းတွေလည်း ရှိတယ်။ ငါတော့ မဝယ်ဘူး။ ဒီအသေးစိတ်အချက်တွေကို ဂရုမစိုက်ပါနဲ့”
အဓိကအကြောင်းအရင်းမှာ ဘေ့စ်ဘောနှင့် ရပ်ဂ်ဘီပွဲများကို ဖုန်းယွီ လုံးဝမကြည့်သလို ကမ္ဘာတစ်ဝန်းရှိ ဩဇာအာဏာသည် ဘတ်စကတ်ဘောထက် အများကြီး နိမ့်ကျနေသည်။
“ကောင်းပြီ၊ ငါ့လူတွေကို ဆက်သွယ်ပြီး အမြန်ဆုံး ဝယ်လိုက်မယ်။ ဒါနဲ့ မင်း မနေ့က ဆန်ဖရန်စစ္စကိုမှာ ရှိနေတယ်လို့ ဘာလို့ ပြောတာလဲ၊ အဲဒီမှာလည်း ကောင်းတဲ့စီမံကိန်းတွေ ရှိလို့လား”
ဖုန်းယွီသည် ရယ်ကာ ခေါင်းခါလိုက်သည်။ ‘ဒီကောင် ငွေကိုပဲ ကြည့်နေတာပဲ။ မင်းမှာ ပိုက်ဆံ အလုံအလောက်ရှိနေပြီ မဟုတ်လား။ မင်း ရုရှားရဲ့ အချမ်းသာဆုံး ဖြစ်နေပြီ’ ဟု သူတွေးလိုက်သည်။
“အင်း၊ နည်းနည်းလေး ရင်းနှီးမြှုပ်နှံလိုက်တာ။ ပထမအဆင့်မှာ ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံပြီး၊ လာမဲ့နှစ်မှာ ထပ်မံရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတယ်။ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၁၀၀ လောက်ပေါ့။ ဝက်ဘ်စာမျက်နှာ ရှာဖွေရေးအင်ဂျင်လုပ်ငန်း လုပ်တာ။ စကားလုံးတစ်ခု ရိုက်ထည့်လိုက်ရုံနဲ့ ဆက်စပ်တဲ့ ဝက်ဘ်စာမျက်နှာတွေ ရှာဖွေပေးတာ။ မင်း အင်တာနက်ပေါ်က အချက်အလက်တွေ ရှာဖွေရာမှာ ပိုအဆင်ပြေစေတာပေါ့” ဖုန်းယွီက ရိုးရိုးရှင်းရှင်း ရှင်းပြလိုက်သည်။ ဤလုပ်ငန်းကို ဖုန်းယွီသည် ကီရီလန်ကို ဝင်စွက်ဖက်စေလိုခြင်း မရှိပေ။
ကီရီလန်ကိုသည် ဤမျှ နည်းပါးသော ရင်းနှီးမြှုပ်နှံမှုကို ကြားသောအခါ ဝင်ရောက်စွက်ဖက်ရန် မဝံ့မရဲဖြစ်နေသည်။
“မင်းပြောတဲ့ ဒီအလုပ်က အမြတ်ရနိုင်လား”
“ရတယ်။ နောက်ပိုင်း အင်တာနက်ကြော်ငြာတွေ လုပ်ပြီး အမြတ်များများစားစား ရနိုင်တယ်။”
“အော်၊ ဒါဆို ငါလည်း ရုရှားမှာ တစ်ခု လုပ်မယ်။ မင်းပြောတဲ့ နာမည်က ဘာလဲ၊ ဝက်ဘ်စာမျက်နှာ ရှာဖွေရေးအင်ဂျင် ဟုတ်လား”
ဖုန်းယွီ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ‘ငါ့ရုရှားသူငယ်ချင်းက အရာရာကို အတုလုပ်ချင်နေပါလား’။ ယခင်ဘဝက ရုရှားသည် ရှာဖွေရေးအင်ဂျင် နည်းပညာ အဓိကပိုင်ဆိုင်သော ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော နိုင်ငံများထဲမှ တစ်ခုဖြစ်သည်။ အခြား သုံးနိုင်ငံမှာ အမေရိကန်၊ တရုတ်နှင့် တောင်ကိုရီးယားတို့ ဖြစ်သည်။ နောက်ပိုင်းတွင် ရုရှား၏ ရှာဖွေရေးအင်ဂျင်သည် ကီရီလန်ကို၏ လက်အောက်မှ ဖြစ်လာမည်လား။
ဤသို့ ဖြစ်လျှင်လည်း ကောင်းပေသည်။ အသားတုံး အိုးထဲမှာပဲ ကျန်နေမည်ဖြစ်ရာ နောင်တွင် ပို၍နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်သေးသည်။
******