← Chapters

မီးတွင်းထဲ ခုန်ချတာလား

Vol. 11 Ch. 269

မီးတွင်းထဲ ခုန်ချတာလား

Vol. 11 Ch. 269

သက်လတ်ပိုင်းအရွယ်အမျိုးသမီးသည် လူတိုင်း၏ တိုက်တွန်းမှုကို မြင်သောအခါမှ ဆက်ပြောသည်၊ "မြို့ပေါ်က လျိုမျိုးရိုး သူဌေးကြီးတစ်ယောက်က လင်းမိသားစုက ကောင်မလေးကို ဆဋ္ဌမမြောက် ကိုယ်လုပ်တော်အဖြစ် လက်ခံလိုက်တယ်တဲ့။"

"အိုး၊ ကြားရတာတော့ အဲ့ဒီလျိုသူဌေးကြီးက အသက်ခြောက်ဆယ်နီးပါး ရှိနေပြီတဲ့။ ဒီတစ်ခါ ကိုယ်လုပ်တော်ယူတာက ကံဆိုးခြင်းကို ယတြာချေဖို့တဲ့။" ဟု သက်လတ်ပိုင်းအရွယ်အမျိုးသမီးက လက်ကိုယမ်း၍ ပြောသည်။

စားပွဲပေါ်မှ လူများသည် ကြားပြီးနောက် တစ်ယောက်ချင်းစီ၏ မျက်နှာများသည် ရွံရှာသော အမူအရာများ ဖြစ်သွားကြသည်။

"လင်းမိသားစုက အိမ်ခွဲပြီးနောက် အဲ့ဒီကောင်မလေးက အဘိုးကြီးအဘွားကြီးနှစ်ယောက်နဲ့အတူ လင်းယွမ်ရှန်းအိမ်ကို သွားတာ မဟုတ်ဘူးလား။ အဲ့ဒီလင်းယွမ်ရှန်းက စာတတ်ပေတတ်တစ်ယောက်ပဲ၊ အဘိုးကြီးအဘွားကြီးနှစ်ယောက်ကို ဒီလိုကိစ္စမျိုး လုပ်ခိုင်းမှာလား။" ဟု တစ်စုံတစ်ယောက်က သံသယဖြင့် မေးသည်။

ကိုယ်ကျင့်တရားကောင်းမွန်သော မိန်းကလေးတစ်ယောက်က ဘယ်မှာ သူများအိမ်မှာ ကိုယ်လုပ်တော်အဖြစ် လက်ထပ်မှာလဲ။

အို မဟုတ်ဘူး၊ 'လက်ထပ်' ဆိုတဲ့ စကားလုံးကတောင် မသင့်တော်ဘူး၊ 'ရောင်း' ဆိုတဲ့ စကားလုံးကို သုံးသင့်သည်။

ကိုယ်လုပ်တော်တစ်ယောက်က သခင်အိမ်သို့ ရောက်သွားလျှင် အဆင့်အတန်းက အစေခံထက် အနည်းငယ်သာ မြင့်ပြီး သခင်မအဖြစ်ပင် မသတ်မှတ်ပေ။

ပြီးတော့ လင်းမိသားစုက ဒီကောင်မလေးက သေခါနီးနေတဲ့လူတစ်ယောက်အတွက် ယတြာချေဖို့ သွားရတာ။

ဒီယတြာက မအောင်မြင်ခဲ့ရင် သခင်အိမ်က စိတ်မချမ်းမသာဖြစ်ပြီး လူကိုရောင်းစားလိုက်ရင်တောင် ဘယ်မှာ တိုင်ကြားလို့ရမှာလဲ။

"ဟက်၊ ဘယ်သူသိမှာလဲ။ မင်းတို့က လင်းမိသားစု အဘိုးကြီးအဘွားကြီးနှစ်ယောက်ရဲ့ အကြံလို့ ထင်နေတာ၊ လင်းယွမ်ရှန်းက လုပ်တာတောင် ဖြစ်နိုင်တယ်။" ဟု သက်လတ်ပိုင်းအရွယ်အမျိုးသမီးက ထပ်ပြောသည်။

"အရင်က လင်းမိသားစု မခွဲသေးတော့ အိမ်စုတွေအားလုံးက လင်းယွမ်ရှန်းကို စာသင်ဖို့ ထောက်ပံ့ပေးကြတယ်။ အခု အိမ်လည်းခွဲလိုက်ပြီ၊ လင်းယွမ်ရှန်းက ပခုံးနဲ့လည်း မထမ်းနိုင်၊ လက်နဲ့လည်း မကိုင်နိုင်၊ နောက်ဆိုရင် ဘယ်ကနေ ငွေရှာပြီး ကျောင်းတက်မှာလဲ။"

"ဒီတစ်ခါ အဲ့ဒီလျိုသူဌေးကြီးက ငွေစ ၁၀၀ အပြည့်ပေးခဲ့တာ‌လေ။"

လူတိုင်း၏ မျက်နှာများသည် အံ့အားသင့်သွားကြသည်။

"ငွေစ ၁၀၀ ဟုတ်လား။" ဟု တစ်စုံတစ်ယောက်က အံ့ဩတကြီး အော်ဟစ်လိုက်သည်။

"ဟုတ်တယ်။" ဟု သက်လတ်ပိုင်းအရွယ်အမျိုးသမီးက ခေါင်းညိတ်သည်။

"ကြားရတာတော့ လင်းမိသားစုက ကောင်မလေးရဲ့ ဇာတာကို သဘောကျလို့တဲ့။ ဒါပေမဲ့ ဒီငွေစ ၁၀၀ကို ပေးတာက အဲ့ဒီကောင်မလေးနဲ့ လင်းမိသားစု အဘိုးကြီးအဘွားကြီးနှစ်ယောက်ကို ကျွန်စာချုပ်မှာ လက်မှတ်ထိုးခိုင်းခဲ့တယ်။"

လူတိုင်း၏ မျက်နှာများသည် ပြောင်းလဲသွားကြသည်။

"ရောင်းစားလိုက်တာလား။" ဟု တစ်စုံတစ်ယောက်က ချက်ချင်း ဆိုသည်။

"ကျစ်၊ တကယ်ကို လူမဆန်ဘူး။" ဟု သက်လတ်ပိုင်းအရွယ်အမျိုးသမီး ပြန်မဖြေမီမှာပင် တစ်စုံတစ်ယောက်က ဆဲဆိုလိုက်သည်။

"ဟုတ်တယ်။ ကြားရတာတော့ လင်းမိသားစု အိမ်ခွဲတုန်းက အဘိုးကြီးအဘွားကြီးနှစ်ယောက်က ပိုက်ဆံတွေကို ချန်ထားခဲ့တယ်တဲ့။ စားစရာမရှိတာလည်း မဟုတ်ဘဲနဲ့ သမီးကို မီးတွင်းထဲ တွန်းချတယ်။" ဟု တစ်စုံတစ်ယောက်က ထပ်ပြောသည်။

သက်လတ်ပိုင်းအရွယ်အမျိုးသမီးကမူ ပြုံးနေသည်။

"ဒါကိုတော့ မင်းတို့မသိလောက်သေးဘူး။"

စကားတစ်ခွန်းက လူတိုင်း၏ စိတ်ဝင်စားမှုကို ထပ်မံဆွဲဆောင်လိုက်သည်။

"ငါတို့က မီးတွင်းလို့ မြင်ပေမယ့် သူတို့ကတော့ ဒီလိုမထင်ဘူး။ လင်းမိသားစုက အဲ့ဒီသမီးက ကိုယ်တိုင်သဘောတူခဲ့တာ။"

ဤစကားထွက်လာသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။

သက်လတ်ပိုင်းအရွယ်အမျိုးသမီးက ဆက်ပြောသည်၊ "လျိုသူဌေးကြီးက ချမ်းသာတယ်၊ အိမ်က မယားကြီးလည်း သေသွားပြီ။ သူက ကတိပေးထားတယ်၊ ဒီတစ်ခါ လင်းမိသားစုက ကောင်မလေးက သူ့ကျန်းမာရေးကို ကောင်းအောင်လုပ်ပေးနိုင်ရင် သူ့ကို မယားကြီးအဖြစ် တင်မြှောက်မယ်တဲ့။"

လူတိုင်း၏ မျက်နှာများသည် ထူးဆန်းသွားကြသည်။

မယားကြီးအဖြစ် တင်မြှောက်ခံရရင်တောင် သေခါနီးနေတဲ့ အဘိုးကြီးတစ်ယောက်နဲ့ လက်ထပ်ရတာက လက်ထပ်ရတာပဲလေ။ ပြီးတော့ ယတြာချေတဲ့ကိစ္စရဲ့ရလဒ်က ဘယ်လိုဖြစ်မယ်ဆိုတာ မပြောနိုင်ဘူး။

အမျိုးသမီးသည် လူတိုင်းကို တစ်ချက်ကြည့်ပြီး ဆက်ပြောသည်၊ "မင်းတို့မသိပါဘူး။ အဲ့ဒီကောင်မလေး လင်းအိမ်၅မှာ နေရတာက လျိုအိမ်ကို သွားတာထက် အခြေအနေပိုကောင်းနေတာမဟုတ်ဘူး။"

"မင်းတို့ အပြင်မှာ မပြောကြနဲ့နော်၊ ဒါက လင်းပထမအိမ်က ကျန့်ရှီက ငါ့ကိုပြောတာ။ လင်းမိသားစု အိမ်ခွဲတာက အဲ့ဒီကောင်မလေးကြောင့်တဲ့။"

"အရင်က လင်းမိသားစု အဘိုးကြီးအဘွားကြီးနှစ်ယောက်က အဲ့ဒီကောင်မလေးကို အရမ်းမျက်နှာလိုက်တော့ အဲ့ဒီကောင်မလေးက ပျင်းရိတဲ့အကျင့် ဖြစ်သွားတယ်။

ဒါက ဘာမှမဟုတ်သေးဘူး၊ အဲ့ဒီကောင်မလေးက အိမ်မှာ ပြဿနာရှာပြီး သူ့ယောင်းမသုံးယောက်ကို အနိုင်ကျင့်တယ်။ ကျန့်ရှီက အရင်က သူ့ကြောင့် အစွပ်စွဲခံရပြီး မိဘအိမ်ပြန်ပို့ခံရလုနီးပါး ဖြစ်ခဲ့တယ်။ ဒုတိယအိမ်က တန့်ရှီက ပိုဆိုးတယ်၊ အဲ့ဒီကောင်မလေးက သူ့အားနည်းချက်ကို သိသွားတော့ ဒုတိယအိမ်က ကိုယ်ပိုင်ငွေတွေအားလုံးကို ယူသွားတယ်။

အိမ်ခွဲတုန်းက လင်းမိသားစု အဘိုးကြီးအဘွားကြီးနှစ်ယောက်က အဲ့ဒီကောင်မလေးအတွက် ဒုတိယအိမ်ကို ပိုက်ဆံတစ်ဝက်နီးပါး ပြန်လျော်ပေးခဲ့ရတယ်။"

လူတိုင်း ကြားပြီး အံ့အားသင့်သွားကြသည်။

"ဒီလိုကိစ္စတွေ ရှိနေမှတော့ အိမ်ခွဲပြီးနောက် လင်းမိသားစုမှာ ဘယ်သူက အဲ့ဒီကောင်မလေးကို လက်ခံမှာလဲ။"

***

All Chapters