← Chapters

အခန်း (၂၅၁+၂၅၂)

Vol. 11 Ch. 251+252

အခန်း (၂၅၁+၂၅၂)

Vol. 11 Ch. 251+252

အခန်း(၂၅၁) ပြန်ပေးဆွဲခံရတုန်းက အကြောက်တရားကို မှတ်မိသေးလား

အဘိုးချင်းက ပြုံးလိုက်ပြီး ပြန်ချေပလိုက်သည်။ “မင်းသားအငယ်ကောင် တရားရင်ဆိုင်ဖို့ အချိန်ကျတော့မှာမလား။ ဒါတောင် အနုပညာပြပွဲ လာတက်ရောက်နိုင်သေးတယ်။ ငါက ဘာလို့ မတက်ရောက်နိုင်ရမှာလဲ။ ချင်းမိသားစု လုပ်ငန်းတွေ ပျက်စီးသွားရင်တောင် မိသားစုဝင်တွေ အကုန်လုံးက ကြွယ်ဝပြည့်စုံနေပြီးသားပဲ မဟုတ်ဘူးလား”

“အခုထိတော့ မာချင်ယောင် ဆောင်ထားကြဦးပေါ့။ ချင်းမိသားစု တစ်စုလုံး ပြိုလဲတဲ့အခါကျမှ ဒီလိုလေသံနဲ့ ပြောနိုင်ဦးမလား ကြည့်ကြသေးတာပေါ့”။ ရှုထျန်းဖေး သရော်ကာ ပြောလိုက်ပါသည်။

“အရင်ဆုံး ငါတို့ ချင်းမိသားစုပြိုလဲအောင် ဆုတောင်းလိုက်ပါဦး။ ပြီးတော့ မင်းသားရဲ့ တရားရင်ဆိုင်မှု ရလဒ် ထွက်လာရင် ဘယ်သူငိုရမလဲဆိုတာ အဖြေပေါ်လာပါလိမ့်မယ်”။ အဘိုးချင်းက အေးအေးလူလူ ပြန်ပြောလိုက်သည်။

ရှုထျန်းဖေးက အေးစက် အရွဲ့တိုက်သော လေသံဖြင့် မေးလိုက်သည်။ “ပြောစမ်းပါဦး။ အခုလက်ရှိ စည်းစိမ်ဥစ္စာတွေ၊ ဂုဏ်ရာထူးတွေ မရှိတော့ရင် ခင်ဗျားရဲ့ သားသမီးတွေ မြေးမြစ်တွေ အခုလို အေးအေးလူလူ နေနိုင်ပါဦးမလား။ အခုလို ဘေးကင်းလုံခြုံစွာနဲ့ နေနိုင်ပါဦးမလား”။

အဘိုးချင်း ရယ်မောလိုက်သည်။ “ငွေမရှိရင် အသက်ရှင်လို့ မရတော့ဘူးလား။ စရိုက်ကောင်းပြီး လမ်းမှားမရောက်သရွေ့ ငါ့သားတွေ မြေးတွေ ဘဝပျက်စရာ အကြောင်း မရှိဘူး။ ငါဘာမှ တွေးပူနေစရာ မလိုဘူး”

“ခင်ဗျားတို့ရဲ့ သမီးလေးကကော? အခုလို အေးအေးလူလူ နေနိုင်ပါ့ဦးမလား။ အန္တရာယ်နဲ့ ကြုံလာရင် အရင်တစ်ခေါက်ကလို သေမင်းလက်ကနေ ထွက်ပြေးနိုင်ပါ့မလား”။

ထိုနောက်ဆုံးစကားက အဘိုးချင်းတို့ လင်မယား၏ အရှိုက်ကိုထိပြီး မျက်နှာများ ချက်ချင်း ခက်ထန်သွားကြသည်။

အဘိုးချင်းက သတိပေးလိုက်သည်။ “ရှုထျန်းဖေး ငါသတိပေးထားမယ်နော်။ ငါ့သမီးကို မင်းတို့ ပစ်မှတ်ထားဖို့ ကြံရဲ ကြံကြည့်! မင်းသားနှစ်ယောက်ရှိတဲ့ ထောင်ထဲ မင်းကိုပါ ထည့်ပေးလိုက်မယ်!”

“အဲ့တာတော့ ပြောဖို့ ခက်တယ်။ ခင်ဗျားက ချင်းမိသားစုရဲ့ ဒါရိုက်တာ ဖြစ်နေတုန်းပဲမို့လို့ ကျုပ်ကို ဒီလို ပြောရဲတာပါ။ ချင်းမိသားစု ပြိုလဲသွားရင် ဒီလို သတ္တိရှိဦးမှာလား။ ခင်ဗျားတို့ရဲ့ နူးနူးညံ့ညံ့ သမီးလေးကို ကာကွယ်ပေးနိုင်ပါ့မလား”

ပြောပြောဆိုဆိုနဲ့ ရှုထျန်းဖေး၏ အကြည့်က အဘိုးချင်းတို့ထံမှ စူစူလေးထံ ပြောင်းလဲသွားသည်။

သူ့နှုတ်ခမ်းတွေ ကွေးတက်သွားပြီး မျက်လုံးများမှာ ကောက်ကျစ်မှုများဖြင့် အရောင်လက်နေပါသည်။

ရှုထျန်းဖေး၏ ကောက်ကျစ်မှုကို စူစူလေး ခံစားမိသည်။ “ငါ့ဖေဖေနဲ့ မေမေ့ကို အနိုင်မကျင့်နဲ့နော်! အနိုင်ကျင့်ရင် နင့်ကို ထိုးမှာ!”

သူမ၏ ကလေးအသံလေးက လုံးဝ ကြောက်ဖို့မကောင်းပါ။

ငယ်ငယ်တုန်းက ရှုထျန်းဖေး တိုက်ပွဲအစစ်တွေနဲ့ ကြုံခဲ့ဖူးသည်။ ဘယ်လိုပဲ ကြမ်းကြမ်းကြုတ်ကြုတ် ခြိမ်းခြောက်ခံရပါစေ မကြောက်ခဲ့ပါ။ စူစူလေးလို ကလေးသေးသေးလေးရဲ့ ခြိမ်းခြောက်မှုကတော့ သူ့ကို ရယ်စေနိုင်ရုံသာ ရှိသည်။

“ချင်းစူစူတဲ့လား။ ရှုယီဟောက်ကို မှတ်မိသေးလား။ ငါ့သားလေ”။ ရှုထျန်းဖေးက ပြောလိုက်သည်။ သူ့အကြည့်များက စူးရှနေပြီး ကြောက်စရာ အရှိန်အဝါတစ်ခုကို ပေးစွမ်းနေပါသည်။

“မမှတ်မိဘူး”။ စူစူလေး အေးအေးလူလူ ပြန်ဖြေလိုက်သည်။

ရှုယီဟောက်က ဘယ်သူလဲ။ မမှတ်မိပါဘူး…။

ရှုထျန်းဖေး၏ ခြိမ်းခြောက်မှုက စူစူလေးအပေါ် သက်ရောက်မှုမရှိပါ။ သူမရဲ့ မျက်နှာပေါ်မှာ ဇဝေဇဝါဖြစ်နေမှုကလွဲပြီး တခြား ခံစားချက်မရှိပေ။

“အရင်တစ်ခေါက် နင့်ကို ပြန်ပေးဆွဲခဲ့တဲ့သူက ငါ့သားပဲ”။ ရှုထျန်းဖေးက စူစူလေး၏ မသာယာသော ပြန်ပေးဆွဲခံရတုန်းက မှတ်ဉာဏ်တွေကို ပြန်နှိုးဆွပေးဖို့ ကြိုးစားလိုက်သည်။ “ယောက်ျားကြီးတွေ ဖမ်းခေါ်သွားတာကို ခံရတဲ့ အခြေအနေကို မှတ်မိသေးလား။ သစ်သားအိမ်လေးထဲမှာ ကြိုးတုပ်ချည်နှောင်ခံရတဲ့ ခံစားချက်ကို မှတ်မိသေးလား။ ပြန်ပေးဆွဲခံရတုန်းက ခံစားခဲ့ရတဲ့ အကြောက်တရားတွေ၊ စိတ်ချောက်ချားမှုတွေကို မှတ်မိသေးလား”။

လုကျန်းယွီ၏ ခြေရာလက်ရာဖျောက်ဖျက်မှုများကြောင့် ပြန်ပေးဆွဲခံရသည့် အဖြစ်အပျက်မှာ စူစူလေး ဘယ်လို လွတ်မြောက်လာသလဲဆိုတာ အပြင်လူတွေ မသိကြသေးပါ။

ထိုအဖြစ်အပျက်ဖြစ်ပြီး ရှုယီဟောက်လည်း စိတ်ဒဏ်ရာရကာ သူ့အဖေကို စူစူလေးအကြောင်း ဘာမှ ပြန်မပြောပြခဲ့ပေ။

ထို့ကြောင့် စူစူလေး ပြန်ပေးဆွဲခံရတုန်းက အဖြစ်မှန်တွေကို ရှုထျန်းဖေး လုံးဝ မသိပါ။

ပြန်ပေးဆွဲခံရတုန်းက စူစူလေး ကြောက်လန့်တုန်လှုပ်နေလိမ့်မည်ဟုသာ သူ့အတွေ့အကြုံတွေအရ ထင်နေခြင်း ဖြစ်ပါသည်။

စူစူလေး ကြောင်တောင်တောင် ပိုဖြစ်သွားသည်။

ဒီလူယုတ်မာ မျက်နှာနဲ့ ဦးလေးကြီးက ဘာတွေလာပြောနေတာလဲ?

“ဘာပြန်ပေးဆွဲတာလဲ”။ စူစူလေး ပြန်မေးလိုက်လေသည်။

… … …

အခန်း(၂၅၂) မျက်ရည်ဗလပွနဲ့ သား

ထိုအဖြစ်အပျက်ဖြစ်ပြီးနောက် စူစူလေး ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်က အန္တရာယ်များသည့် ပြန်ပေးဆွဲမှုဖြစ်ကြောင်း စူစူလေးကို ဘယ်သူမှ ရှင်းမပြခဲ့ချေ။

အားလုံးက စူစူလေးရဲ့ အပြစ်ကင်းစင်သော နှလုံးသားလေးကို ကာကွယ်ပေးချင်ကြသည်။

ထို့ကြောင့် နောက်တစ်ခါ သူစိမ်းတွေ သူမကို ဖမ်းခေါ်သွားလျှင် ထိုသူစိမ်းတွေကို လူဆိုးဟု သတ်မှတ်ပြီး ရိုက်နှက်ပြစ်ဖို့သာ မှာခဲ့ကြပါသည်။

ရှုထျန်းဖေး စိတ်ထဲမှာ ပြင်ဆင်ထားသည့် စကားလုံးတွေအကုန် စူစူလေး၏ စကားတစ်ခွန်းကြောင့် နင်သွားရသည်။

“ပြန်ပေးဆွဲတယ်ဆိုတာ ဘာလဲ နင်မသိဘူးလား?!”။ ရှုထျန်းဖေးက မေးလိုက်သည်။

စူစူလေး ခေါင်းခါလိုက်သည်။

“အရင်တစ်ခေါက်ကလိုလေ။ နင့်ကို မျက်လုံးအုပ်ပြီး သူစိမ်းတွေ ဖမ်းခေါ်သွားတာ။ ပြီတော့ ကြိုးတုပ်ပြီး နှိပ်စက်တာကို ပြောတာ! အဲ့တာ ပြန်ပေးဆွဲတယ်လို့ခေါ်တယ်!”

“အဲ့တာဆို နင်မှားနေပြီ! ငါပြန်ပေးဆွဲ မခံရပါဘူး!”

စူစူလေးက ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။

ရှုထျန်းဖေး ကြက်သေသေသွားသည်။ ဒီကလေးမ ဘာတွေပြောနေတာလဲ။ တုံးလွန်းလို့ သူပြောတာတွေကို နားမလည်တာလား။

“နင်က ပြန်ပေးဆွဲမခံရဘူး ဟုတ်လား”

“ဟုတ်တယ်လေ။ ဘယ်သူမှ ငါ့မျက်လုံးကို လာမအုပ်ကြဘူး။ ဘယ်သူမှလည်း ငါ့ကို ကြိုးလာမတုပ်ကြဘူး”။ စူစူလေးက ရှင်းပြလိုက်၏။ “ဒါပေမယ့် ငါကတော့ သူတို့ကို သေသေချာချာ ကြိုးတုပ်ခဲ့တာ။ အဲ့တာမှ သူတို့ ထွက်ပြေးလို့ မရမှာလေ!”

စူစူလေးက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

သူက ကြိုးပြန်တုပ်တယ်? ဘာတွေလာပြောနေတာလဲ?

“နင်အဲ့လောက်တောင် တုံးတာလား။ အရင်တစ်ခေါက်က အဖမ်းခံရတာကို မမှတ်မိဘူးလား”။ ရှုထျန်းဖေးက မေးလိုက်သည်။

ဒီအသက်အရွယ်ရောက်ပြီဆိုတော့ ဒီလောက် ကြီးမားတဲ့ အဖြစ်အပျက်ကို နည်းနည်းလောက်ပဲ ဖြစ်ဖြစ် မှတ်မိနေရမှာလေ!

အဘိုးချင်းက စူစူလေးကို ရှင်းပြပေးလိုက်ပါသည်။ “သမီးလေး။ ဒီရုပ်ကြမ်းကြမ်းနဲ့ ဦးလေးကြီးက အရင်တစ်ခေါက်က သမီးကို တောထဲခေါ်သွားပြီး လမ်းပျောက်အောင်လုပ်ခဲ့တဲ့ လူဆိုးကောင်ရဲ့ အဖေပဲ”

“ဪ! ကြောက်လွန်းလို့ အော်ဟစ်နေတဲ့ အဲ့ဒီ လူဆိုးကောင်လား”

စူစူလေး နားလည်သွားပါသည်။

သူမ တစ်ခါမှ ကြိုးတုပ်မခံခဲ့ရသဖြင့် ပြန်ပေးဆွဲခံရသည့် အဖြစ်အပျက်ကို မမှတ်မိတာဖြစ်သည်။

သို့သော်လည်း အိမ်မပြန်တတ်ဘဲ လမ်းပျောက်နေသည့် အဖြစ်အပျက်ကိုတော့ မှတ်မိပါသည်။

“နင်ဘာတွေပြောနေတာလဲ”။ ရှုထျန်းဖေး ကြောင်စီစီဖြစ်သွားသည်။

“နင့်သားက ကြောက်လွန်းလို့ ငိုတောင် ငိုနေတာ!”။ စူစူလေး တိတိကျကျ ပြန်ပြောပြလိုက်သည်။

“မဟုတ်တာတွေ မပြောနဲ့! ရှုထျန်းဖေးဆိုတဲ့ ငါ့သားတွေ အကုန်လုံးက ယောက်ျားရင့်မာကြီးတွေပဲ!”

“ငိုနေတာ! အော်ဟစ်ပြီး ငိုနေတာ!”။ စူစူလေးက အတည်ပေါက် အော်ဟစ်လိုက်လေသည်။

“နင်ဘယ်သူ့ကိုပြောနေတာလဲ”။ သူ့သားက ဒီလိုကလေးမလေးတစ်ယောက်ကြောင့် ဘယ်တော့မှ ငိုမှာ မဟုတ်ပါ။

သို့သော်လည်း သူ့သားကို ထောင်ဝင်စာသွားတွေ့ခဲ့တုန်းက သူ့သားပြောသည့် စကားတွေကို ပြန်သတိရပြီး ရှုထျန်းဖေး မသေချာ မရေရာ ဖြစ်လာခဲ့သည်။

“နင့်သားကို ပြောနေတာ! အဲ့ဒီ ငတုံး လူဆိုးကောင်ကြီးကို ပြောနေတာ!”

သူမရဲ့ နူးနူးညံ့ညံ့ ‌ပျော့ပျော့ပြောင်းပြောင်း အသံလေးက သူ့ဘဝမှာ ကြုံဖူးခဲ့သမျှ လူမိုက်တွေထက် ရှုထျန်းဖေးကို ပိုပြီး ဒေါသထွက်စေပါသည်။

ရှုထျန်းဖေး ထိုအကြောင်းတွေ ဆက်မပြောတော့ဖို့ ဆုံးဖြတ်လိုက်ပြီး သရော်လိုက်သည်။ “ထားလိုက်ပါတော့။ အဲ့တာတွေက ပြီးပြီးသားတွေပဲဥစ္စာ။ အခု ချင်းမိသားစုရဲ့ စက်ရုံတွေ ဘာမှ မထုတ်လုပ်နိုင်တော့ဘူးမလား။ ကုန်ကြမ်းတွေလည်း မရတော့ဘူးဆိုတော့ တကယ် ကပ်ဆိုက်ပြီပေါ့။ အခု ငိုရမှာ နင့်အဖေနဲ့ အမေတို့ပဲ”

စူစူလေးက ခြေလှမ်းကျယ်ကျယ်တစ်လှမ်း လှမ်းလိုက်ပြီး သူမ မိဘတွေ့ရှေ့မှာ ကာရပ်ပေးလိုက်သည်။

“ငါ့ဖေဖေနဲ့ မေမေ့ကို အနိုင်မကျင့်နဲ့နော်။ ငါဒေါသထွက်မိလိမ့်မယ်!”။ စူစူလေးက ရှုထျန်းဖေးကို သတိပေးလိုက်သည်။

“သူတို့ကို အနိုင်မကျင့်ရဘူးဟုတ်လား။ သူတို့တင်မဟုတ်ဘူး နင့်ကိုကော၊ နင်တို့ တစ်မိသားစုလုံးကိုပါ အနိုင်ကျင့်မှာ”။ ရှုထျန်းဖေးက အေးစက်စွာ ပြောလိုက်သည်။

စူစူလေးက ချက်ချင်း တိုက်ခိုက်ဖို့ အသင့်ပြင်လိုက်သည်။ “နာချင်နေပြီလား။ နင့်ကိုငါ လွင့်ထွက်သွားအောင် ထိုးမယ်!”

“နင့်လိုကလေးနဲ့ ရန်ဖြစ်စရာမလိုဘူး။ နင့်မိသားစုဝင်တွေနဲ့လည်း ငါရန်ဖြစ်စရာမလိုဘူး။ နင်တို့ တစ်မိသားစုလုံးကို ဒေဝါလီခံသွားရအောင် လုပ်ပေးမယ်။ စီးပွားရေးတိုင်း မအောင်မြင်အောင် လုပ်ပေးမယ်။ နင်စားချင်တာ မစားရအောင်၊ ကစားချင်တာ မကစားရအောင်၊ နေ့တိုင်း နင့်အဖေ၊ အမေ၊ အစ်ကို၊ ယောက်မတွေအကုန် စိတ်ညစ်နေရအောင် လုပ်ပြမယ်!”။ ရှုထျန်းဖေးက ခြိမ်းခြောက်လိုက်လေသည်။

All Chapters