အခန်း (၂၅၅+၂၅၆)
Vol. 11 Ch. 255+256
အခန်း(၂၅၅) ဆရာကြီးကောရဲ့ စေတနာ
ရှုထျန်းဖေးလည်း မျက်မှောင်ကြုတ်လျက် မျက်နှာတစ်ခုလုံး မှောင်မိုက်သွားလေသည်။
ဆရာကြီးကောက စီးပွားရေးသမား မဟုတ်သော်လည်း သူ့အနုပညာစွမ်းရည် မြင့်မားမှုကြောင့် အလွန်အောင်မြင်သူ ဖြစ်သည်။
သူ သတင်းကို တွေ့ပြီးပါပြီ။ ဒီကောင်မလေးက ဆရာကြီးကောကို ကယ်တင်ခဲ့သဖြင့် ဆရာကြီးကောက သူမကို အလွန်ကျေးဇူးတင်နေသည်။
ဒါတွေကို သူထည့်စဉ်းစားထားသည်။ ဆရာကြီးကော၏ အကျင့်စရိုက်ကို သူကောင်းကောင်းသိပါသည်။ ဆရာကြီးကောက ဖြောင့်မတ်ပြီး အရာရာကို သန့်သန့်ရှင်းရှင်း နည်းလမ်းတွေနဲ့ ဆောင်ရွက်တတ်သည်။ ချင်းမိသားစုနဲ့ မိတ်ဆွေတွေဖြစ်နေရင်တောင် စူစူလေးနဲ့ အဆက်အသွယ်ကို အသုံးချပြီး အကူအညီတောင်းလျှင် ကျိန်းသေပေါက် ငြင်းဆန်လိမ့်မည်ဖြစ်သည်။
ထို့ကြောင့် ဆရာကြီးကောကို ရှုထျန်းဖေး သိပ်စိတ်မပူခဲ့ပါ။ ချင်းမိသားစုကို ဖြိုလှဲဖို့ သူ့အစီအစဉ်မှာ ဆရာကြီးကော ဝင်မရှုပ်နိုင်လောက်ဘူးဟု ထင်ထားသည်။
အနုပညာပြပွဲမစခင်ကတည်းက ဆရာကြီးကောမှာ ချင်းမိသားစုဝင်တစ်ယောက်ယောက်ကို မြင်လျှင် သူ့ကို အသိလာပေးဖို့ သူလူတွေအား ညွှန်ကြားထားပြီးသားဖြစ်သည်။
“မစ္စတာချင်းနဲ့ မစ္စချင်း။ စူစူလေး…”။ ဆရာကြီးကောက သူတို့ ၃ ယောက်ကို စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်ပါသည်။
အဘိုးချင်းနဲ့ အဘွားချင်းတို့ အရင်နှုတ်ဆက်တာဖြစ်သော်လည်း ဆရာကြီးကော၏ အကြည့်က စူစူလေးပေါ်မှာသာ ရှိနေပါသည်။
“ဦးလေး!” စူစူလေးက ပြန်နှုတ်ဆက်လိုက်သည်။
ဆရာကြီးကော မျက်နှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။
စူစူလေးရဲ့ ချစ်စရာကောင်းပြီး တောက်ပသော မျက်နှာလေးကို မြင်ရရုံနဲ့ ဆရာကြီးကော ပျော်ရွှင်ရပါသည်။
ဒီကလေးမလေးရဲ့ မျက်နှာက အလွန်ချစ်မွေးပါသည်ဟု ဆိုနိုင်သည်။ သူ့ရဲ့ ကံကောင်းစေသော ကြယ်ပွင့်လေးဟု မသတ်မှတ်ဘဲနဲ့တောင် အတော်လေး ချစ်ဖို့ကောင်းနေပါသည်။
သူ့မှာသာ ဒီလို မြေးမလေးတစ်ယောက်ရှိလျှင် ကျိန်းသေပေါက် မိုးထိရောက်အောင် အလိုလိုက်မိမည်ဖြစ်သည်။
ဆရာကြီးကောက မေးလိုက်သည်။ “စူစူလေး ဒီနေ့ပျော်ရဲ့လား။ သမီးသဘောကျတဲ့ ပန်းချီတွေဘာတွေ တွေ့လား”
စူစူလေးသာ ပန်းချီတစ်ခုခုကို သဘောကျလျှင် ချက်ချင်း အိမ်ကိုပြန်ယူသွားဖို့ လက်ဆောင်ပေးလိုက်မည်။
“ပျော်ပါတယ်”။ စူစူလေး ပြန်ပြောလိုက်သည်။
ပန်းချီကားတွေကိုတော့ လှသလား မလှဘူးလား စူစူလေး မခွဲခြားတတ်သေးပါ။
ဆရာကြီးကော၏ ပန်းချီကား အများစုက တရုတ်ရိုးရာ ရှုခင်းပန်းချီကားများ ဖြစ်သဖြင့် စူစူလေး နားလည်ဖို့ ခက်ခဲပါသည်။
“စူစူလေး ကြိုက်တဲ့ ပန်းချီကားရှိလား။ စူစူလေး ကြိုက်ရင် လက်ဆောင်ပေးလိုက်မယ်လေ”။ ဆရာကြီးကောက ပြောလိုက်ပါသည်။
စူစူလေး ခေါင်းခါလိုက်၏။ “ရပါတယ် ရပါတယ်။ သူများတွေ ကြည့်ဖို့ ထားလိုက်ပါ”
အိမ်က ရုပ်ပြစာအုပ်တွေကို သူမ ပိုသဘောကျပါသည်။
အဘိုးချင်းက ဆရာကြီးကောကို ကျေးဇူးတင်လိုက်သည်။ “အခုလို ဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးပါ ဆရာကြီးကော။ စူစူလေး အရမ်းပျော်ခဲ့ရပါတယ်”
“ခင်ဗျားတို့ပျော်ရင် ပြီးတာပါပဲ။ မစ္စတာချင်းတို့ ရောက်လာတာ ကျုပ်အတွက်လည်း ဂုဏ်ရှိပါတယ်”။ ဆရာကြီးကော ပြန်ပြောလိုက်သည်။ “မစ္စတာချင်းနဲ့ မစ္စချင်းတို့၊ ခုတလော ချင်းမိသားစုလုပ်ငန်းတွေ ပြဿနာ နည်းနည်းရှိနေတယ်လို့ ကျုပ်ကြားမိတယ်။ ကျုပ်က စီးပွားရေးလောကထဲ ခြေမချဖူးဘူး ဆိုပေမယ့် ကျုပ်မှာ စီးပွားရေးလုပ်ငန်းရှင် မိတ်ဆွေတချို့ ရှိပါတယ်။ ဆန္ဒရှိရင် သူတို့နဲ့ မိတ်ဆက်ပေးလို့ရတယ်”
ချင်းမိသားစု လက်ရှိကြုံနေရသည့် အခက်အခဲကို ဆရာကြီးကောလည်း ကြားမိပါသည်။ ထို့ကြောင့် အကူအညီပေးဖို့ အရင်ဆုံး ကမ်းလှမ်းပြီး ချင်းမိသားစုနဲ့ ဆက်ဆံရေး ပိုမိုခိုင်မာလာဖို့ မျှော်လင့်ထားပါသည်။
“ဆရာကြီးကောက သဘောကောင်းလွန်းပါတယ်။ စူစူလေးက ဆရာကြီးကောကို ကယ်တင်ခဲ့တာဆိုပေမယ့် အဲ့လောက်ထိ ပြန်လုပ်ပေးစရာ မလိုပါဘူး”။ အဘိုးချင်းက အပြုံးဖြင့် ပြောလိုက်သည်။
“မဟုတ်ဘူး မစ္စတာချင်း။ ခင်ဗျား နားလည်မှုလွဲနေပြီ။ ဒီတိုင်း ကျေးဇူးပြန်ဆပ်ရုံမဟုတ်ဘူး မိတ်ဆွေတွေ ဖြစ်ချင်လို့ပါ။ ကျေးဇူးပြုပြီး အားမနာပါနဲ့။ ပြီးတော့ ကျုပ်က ဒီတိုင်း မိတ်ဆက်ပေးမှာ။ တကယ် အဆင်ပြေမပြေက နှစ်ဦးနှစ်ဖက်စလုံးအပေါ်မှာပဲ မူတည်တယ်”။ ဆရာကြီးကောက ရှင်းပြလိုက်သည်။
အဘိုးချင်းနဲ့ အဘွားချင်းတို့ ဘယ်လိုလူတွေလဲဆိုတာ ဆရာကြီးကော ကောင်းကောင်း သိပါသည်။ ကလေးတွေကို အသုံးချပြီး အကျိုးအမြတ်ရှာဖွေဖို့ အလွန်လက်တွန့်ကြသူများ ဖြစ်၏။
ထို့ကြောင့် သူတို့စိတ်ထဲ အထင်မလွဲအောင် ဆရာကြီးကော သေချာ ရှင်းပြလိုက်သည်။
ဆရာကြီးကော၏ ရှင်းပြချက်က အဘိုးချင်းနဲ့ အဘွားချင်းတို့အတွက် လက်ခံနိုင်စရာဖြစ်သည်။
သေချာစဉ်းစားပြီးနောက် ဆရာကြီးကော၏ စေတနာကို လက်ခံပေးဖို့ အဘိုးချင်း ဆုံးဖြတ်လိုက်ပါသည်။ “ဒါဆို ဆရာကြီးကောကို အားကိုးပါတယ်”
ဆရာကြီးကော အပျော်လွန်သွားသည်။ “ဟုတ်ပြီ ဟုတ်ပြီ။ ခဏနေရင် အချိန်နဲ့နေရာ မစ္စတာချင်းဆီ ပို့ပေးလိုက်မယ်။ ဒါပေမယ့် ခင်ဗျားကို ဘယ်လိုဆက်သွယ်ရမလဲ မသိဘူး…”
ဆရာကြီးကောက အဘိုးချင်းအား မျှော်လင့်တကြီး ကြည့်လိုက်သည်…။
… … …
အခန်း(၂၅၆) စူစူလေးအပေါ် အမြင်ပြောင်းလဲခြင်း
ဒီအခွင့်အရေးကို အရယူပြီး အဘိုးချင်း၏ ဖုန်းနံပါတ်ကို ယူနိုင်လျှင် ဆရာကြီးကော အလွန်ပျော်မိလိမ့်မည်။
ချင်းမိသားစုကို ဆက်သွယ်ချင်တိုင်း ကြားလူဖြစ်သည့် ချိုင်ကျမ့်ယဲ့ဆီ သွားစရာ လိုမှာမဟုတ်တော့ပေ။
“ကျွန်တော် WeChat သုံးတယ်လေ။ WeChat မှာ Add လိုက်ပါ”။ အဘိုးချင်းက ဖုန်းထုတ်ရင်း ပြောလိုက်ပါသည်။
၁၀ နှစ်လောက် တောင်ပေါ်ဒေသမှာ သွားနေသော်လည်း အဘိုးချင်းက ဒိတ်မအောက်ဘဲ နည်းပညာကို အမှီ လိုက်နိုင်ခဲ့ပါသည်။
ဆရာကြီးကော၏ ဖုန်းနဲ့ ဆက်သွယ်ရေးတွေ အကုန်လုံးကို လက်ထောက်တစ်ယောက်က စီမံထားတာဖြစ်သည်။ ထို့ကြောင့် အဘိုးချင်း၏ စကားကိုကြားပြီး ထိုလက်ထောက်က WeChat မှာ အမြန် Add ပေးလိုက်ပါသည်။
WeChat မှာ အပြန်အလှန် Add ပြီးသွားသောအခါ ဆရာကြီးကော အလွန်စိတ်ဓာတ် တက်ကြွသွားပြီး အဘိုးချင်းတို့ လင်မယားနဲ့ စူစူလေးကို အနုပညာပြပွဲမှာ ဧည့်ခံကာ လိုက်လံပြသလိုက်သည်။
ထို့ကြောင့် ပန်းချီနဲ့အနုပညာလောကမှာ ဂုဏ်သရေအရှိဆုံး ပုဂ္ဂိုလ်ကြီးတစ်ယောက်က အဘိုးချင်းတို့ လင်မယားနဲ့ ကလေးမလေးတစ်ယောက်တို့ကို အဖော်ပြုပေးနေသည့် မြင်ကွင်းအား ပြပွဲကို တက်ရောက်လာသူအားလုံး မျက်ဝါးထင်ထင် မြင်လိုက်ကြရသည်။
ဒါ သာမန်လူမဟုတ်ပါ။ ဆရာကြီးကော ဖြစ်သည်။ ပေကျင်းမြို့ရှိ နာမည်ကျော် မိသားစုတွေကတောင် လေးစားရသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။
သူများတွေ ပြောတော့ ချင်းမိသားစုက အာဏာသိပ်မရှိတော့ဘူးဆို? နှစ်ပေါင်းများစွာ ပင်စင်ယူပြီးတော့ အဘိုးချင်းနဲ့ အဘွားချင်းတို့က အရင်လို အဆက်အသွယ်ကောင်းတွေ မရှိကြတော့ဘူးဆို?
သို့သော်လည်း အခုပြပွဲမှာ သူတို့နှစ်ယောက်က အားလုံးထက် အဆင့်အတန်း ပိုမိုမြင့်မားနေသည်ဟု ထင်ရသည်။
အထူးသဖြင့် ရှုထျန်းဖေးနဲ့ ကျန်းကျန့်မင်တို့ မျက်နှာ အလွန်အကျည်းတန်နေပါသည်။
ချင်းမိသားစုကို ချောင်ပိတ်ရိုက်နိုင်အောင် သူတို့ မနည်း ကြိုးစားခဲ့ရတာဖြစ်သည်။ သူတို့ လွတ်လမ်းပေါ်လာမှာကို လုံးဝ မမြင်ချင်ပါ။
--- --- --
အနုပညာပြပွဲမှာ ပန်းချီကားတွေကို လိုက်လံကြည့်ရှုပြီးနောက် အဘိုးချင်း၊ အဘွားချင်းနဲ့ စူစူလေးတို့ အိမ်ပြန်လာကြသည်။
ချင်းအိမ်တော်၏ ဧရာမ ဧည့်ခန်းကြီးထဲတွင် ချင်းရှင်းကျစ်နဲ့ သူ့မိန်းမ ဝမ်ချင်းတို့ ဆိုဖာပေါ်မှာ စိတ်ဓာတ်ကျစွာ ထိုင်နေကြသည်။
သူတို့ လင်မယားနှစ်ယောက် လုပ်ငန်းမိတ်ဆွေတစ်ယောက်ထံမှာ အကူအညီသွားတောင်းရင်း အငြင်းခံလိုက်ရသဖြင့် စိတ်ဓာတ်တွေ အောက်ဆုံးထိ ထိုးကျနေပါသည်။
သို့သော်လည်း အနုပညာပြပွဲမှ ပြန်လာသည့် အဘိုးချင်းတို့လင်မယားနဲ့ စူစူလေးတို့၏ ရွှင်မြူးနေမှုက သူတို့နှစ်ယောက်ရဲ့ ခံစားချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်လို့နေသည်။
သားဖြစ်သူနဲ့ ချွေးမဖြစ်သူတို့ ဘာတွေစိတ်ပူနေသလဲဆိုတာ အဘိုးချင်း ကြည့်လိုက်ရုံနဲ့ သိပါသည်။ ထို့ကြောင့် ဆရာကြီးကောထံမှ ရရှိလာသည့် ဆက်သွယ်ရေးအချက်အလက်များကို ချင်းရှင်းကျစ်အား ပေးလိုက်သည်။
“ဒီမှာ။ မနက်ဖြန် နေ့လယ် ၂ နာရီကျရင် ဒီနေရာကို သွားလိုက်။ မင်းတို့အတွက် Meeting တစ်ခု စီစဉ်ပေးထားတယ်။ အဲ့ဒီလူက ငါတို့ကို ကွန်တိန်နာတွေ၊ လမ်းကြောင်းတွေ ထောက်ပံ့ပေးနိုင်လောက်တယ်”
ချင်းရှင်းကျစ် ကြက်သေသေသွားသည်။
သူအိပ်မက်မက်နေတာများလား။
သူ့အဖေရဲ့ ဖုန်းထဲကို အမြန်ကြည့်လိုက်သည်။
ထို့နောက် သူ့အဖေကို မော့ကြည့်ကာ သေချာအောင် မေးလိုက်သည်။ “ဒီလူက ကျွန်တော်တို့ကို ကွန်တိန်နာတွေ၊ လမ်းကြောင်းတွေ ထောက်ပံ့ပေးနိုင်တယ်လို့ ပြောလိုက်တာလား။ တကယ်ကြီးလား။ ကျွန်တော် နားကြားမှားတာ မဟုတ်ပါဘူးနော်?!”
“မင်းနား ကောင်းသေးတယ်။ ဒီလူက တကယ်ကူညီပေးနိုင်တယ်။ ဒါပေမယ့် အောင်အောင်မြင်မြင် ညှိနှိုင်းနိုင်ဖို့က ငါတို့ပေါ်မှာ မူတည်တာပေါ့”။ အဘိုးချင်းက ရှင်းပြလိုက်ပါသည်။
“အဖေ!”။ ချင်းရှင်းကျစ် စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်သည်
သူ့မိန်းမ ဝမ်ချင်းလည်း အလွန်ပျော်ရွှင်သွားပါသည်။
သူမ ယောက္ခမတွေက တော်လွန်းသည်။ နှစ်ပေါင်းများစွာ ပင်စင်ယူပြီးတာတောင် အဆက်အသွယ်ကောင်းတွေ ရှိနေဆဲပင်။
“အဖေနဲ့ အမေ ကျေးဇူးအများကြီးတင်ပါတယ်!”။ ဝမ်ချင်းက ယောက္ခမတွေကို ကျေးဇူးတင်လိုက်သည်။
“ငါတို့ကို ကျေးဇူးတင်စရာမလိုပါဘူး။ အဲ့ဒါ ဆရာကြီးကောရဲ့ အဆက်အသွယ်တွေ။ ပြီးတော့ အမှန်တိုင်းပြောရရင် အားလုံးက စူစူလေး ကံကောင်းလို့ အဆင်ပြေသွားတာ”။ အဘိုးချင်းက ရှင်းပြလိုက်သည်။
စူစူလေး ကံကောင်းလို့ အဆင်ပြေသွားတာ?
စူစူလေးကို ဝမ်ချင်း အံ့အားသင့်စွာ ကြည့်လိုက်သည်။
အမှန်ပင်။ ဆရာကြီးကောကို စူစူလေး ကယ်တင်ခဲ့တာဖြစ်သဖြင့် ဆရာကြီးကောက ဒီလို ကူညီပေးခဲ့တာဖြစ်သည်။ ယောက္ခမတွေရဲ့ စကားက ချဲ့ကားပြောခြင်း မဟုတ်ပါ။
ထိုအချိန်တွင် ဝမ်ချင်း ရင်ထဲ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့၏။
ဒီရက်ပိုင်းတွေထဲ သူမ ဘယ်လောက် စိတ်ဒုက္ခရောက်ခဲ့ရသလဲ နတ်ဘုရားတွေသာ သိပါလိမ့်မည်။ မိသားစုလုပ်ငန်းက တစ်သက်တာ မကြုံဖူးသည့် အကြီးမားဆုံး ကပ်ဘေးကြီးကို ကြုံနေရသည်။ ထို့ကြောင့် သူမနဲ့ သူမယောက်ျားတို့ စားမဝင် အိပ်မပျော် ဖြစ်ခဲ့ကြရသည်။
သူမ မိဘတွေအိမ်ကို အကူအညီသွားတောင်းတာတောင် အလုပ်မဖြစ်ခဲ့ပါ။
သို့သော်လည်း စူစူလေးက သူမတို့ မိသားစုအတွက် မျှော်လင့်ချက် အလင်းတန်းများ ယူဆောင်လာပေးခဲ့သည်။
ထိုအချိန်တွင် စူစူလေးကို ကြည့်ရင်း ဝမ်ချင်း၏ ရင်ထဲ ကျေးဇူးတင် ပီတိဖြာမှုများဖြင့် ပြည့်နှက်သွားလေတော့သည်။