← Chapters

အခန်း (၂၅၇+၂၅၈)

Vol. 11 Ch. 257+258

အခန်း (၂၅၇+၂၅၈)

Vol. 11 Ch. 257+258

အခန်း(၂၅၇) ကျေးဇူးတင်စကား မပြောနိုင်ဘူး

ချင်းရှင်းကျစ်က စူစူလေးထံပြေးသွားပြီး ချက်ချင်း ပွေ့ချီကာ ပါးအိအိလေးနှစ်ဖက်ကို နမ်းပြစ်လိုက်ပါသည်။

“စူစူလေးကတော့ ငါတို့မိသားစုရဲ့ တကယ့် ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ! ဒီတစ်ခါ အစ်ကိုကြီးတို့ကို တကယ် ကယ်တင်လိုက်တာပဲ! သေချာ ကျေးဇူးတင်ရမယ်!”

“အားနာစရာမလိုဘူး အစ်ကိုကြီး! သမီးဘာလုပ်လိုက်လဲ မသိပေမယ့် သမီးကလည်း ချင်းမိသားစုဝင်ပဲ! အားလုံးကို ကူညီရမှာပေါ့!”။ စူစူလေးက သွားဖြီးကာ ပြုံးပြလိုက်သည်။

“ဟုတ်တာပေါ့ အားလုံးက ချင်းမိသားစုဝင်တွေပဲ! ဒီမိသားစု ကောင်းဖို့အတွက် အားလုံး ကြိုးစားရမှာ!”။ ချင်းရှင်းကျစ်က ပျော်ရွှင်စွာ ပြောလိုက်သည်။ “နောက်ဆို အစ်ကိုကြီး ပိုကြိုးစားရမယ်။ ငါ့ညီမလေး အေးအေးလူလူနေနိုင်တဲ့ ဘဝကို ဖန်တီးပေးဖို့ ကြိုးစားရမယ်။ ငါတို့ မိသားစုကို ငါ့ညီမလေးပဲ အပင်ပန်းခံပြီး ကူညီပေးနေရတာ အဆင်မပြေဘူး!”

စူစူလေးကတော့ သူမ ဘာကူညီပေးခဲ့မိလို့လဲ နားမလည်ပါ။

သို့သော်လည်း အစ်ကိုကြီးတစ်ယောက်အနေနဲ့ မိသားစုရဲ့ ဝန်ထုပ်ဝန်ပိုးကို မထမ်းဆောင်နိုင်ခဲ့တာ သူ့အပြစ်ဖြစ်သည်ဟု ချင်းရှင်းကျစ် ခံစားနေရသည်။

သူ့ညီမလေး တစ်ဖက်တစ်လှမ်းမှ ကူညီပေးနေရင်တောင် သူ့တာဝန်ဆိုတာ ငြင်းလို့မရပါ။

“အစ်ကိုကြီး အားတင်းထား!”။ စူစူလေးက အပြုံးဖြင့် အားပေးလိုက်သည်။

“ဟုတ်တယ်။ အစ်ကိုကြီး လုပ်နိုင်တယ်! မနက်ဖြန် အောင်မြင်အောင် သွားညှိနှိုင်းလိုက်မယ်! ကုန်ကြမ်းပြဿနာ ပြေလည်သွားအောင် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ ရအောင် ယူမယ်!”။ ချင်းရှင်းကျစ် မျှော်လင့်ချက်များဖြင့် ပြန်လည် ပြည့်ဝလာခဲ့ပါသည်။

“သမီးလည်းလိုက်မယ်! အစ်ကိုကြီးကို ကူညီပေးမယ်!”။ စူစူလေးက လက်မြှောက်လျက် ပြောလိုက်သည်။

သူမ ဘယ်လို ကူညီပေးရမလဲ မသိသော်လည်း သူမရဲ့ ခွန်အားနဲ့ဆို အစ်ကိုကြီးကို ပစ္စည်းတွေ ကူရွှေ့ပေးနိုင်သည်။

“မနက်ဖြန် ဒီတိုင်း လုပ်ငန်းအတွက် စကားပြောပြီး ညှိနှိုင်းမှာပါ။ ပျင်းစရာကောင်းလောက်တယ်။ စူစူလေး ပင်ပန်းသွားလိမ့်မယ်”။ ချင်းရှင်းကျစ်က ရှင်းပြလိုက်၏။

“သမီး မပင်ပန်းပါဘူး! အစ်ကိုကြီးနဲ့ လိုက်ချင်တယ်! ဒါမှ အစ်ကိုကြီး မပျင်းရမှာ!”။ စူစူလေးက ယုံကြည်ချက် အပြည့်ဖြင့် ရင်ဘတ်ပုတ်လျက် ပြောလိုက်သည်။

သူမ အစ်ကိုကြီးကို ကာကွယ်ပေးရမည်။

“ဟားဟားဟား ဟုတ်ပါပြီ။ ငါ့ညီမလေးက အမြဲတမ်း ကံကောင်းနေတော့ မနက်ဖြန် ခေါ်သွားရင် ပိုပြီး ကံကောင်းလောက်တယ်” ချင်းရှင်းကျစ်က ရယ်မောလျက် သဘောတူလိုက်သည်။

သူ့ညီမလေးရဲ့ တောင်းဆိုမှုကို မငြင်းဆန်ရက်ပါ။ ဘယ်လောက်ပဲ ခက်ခဲသည့် တောင်းဆိုချက်ဖြစ်နေပါစေ သူ့ညီမလေးအတွက် မထိခိုက်လျှင် အရာရာဖြည့်ဆည်းပေးမည်။

ချင်းရှင်းကျစ်က သူ့မိဘတွေရဲ့ သဘောထားကို မေးလိုက်သည်။ “အဖေနဲ့ အမေ၊ မနက်ဖြန် စူစူလေးကို ခေါ်သွားလို့ အဆင်ပြေလား”

“ခေါ်သွားတာတော့ ခေါ်သွားလို့ ရပါတယ်။ ဒါပေမယ့် သေချာ ဂရုစိုက်ရမယ်နော်!” အဘိုးချင်းက သတိပေးလိုက်သည်။

“စိတ်မပူပါနဲ့။ မနက်ဖြန် ကျောင်းပိတ်ရက်ဆိုတော့ ယုကျီးကိုပါ ခေါ်သွားလိုက်မယ်။ ဒါမှ ကျွန်တော် ပင်ပန်းရင် သူ့ကို ကလေးထိန်းခိုင်းလို့ရမှာ!”

“အေးပါ” အဘိုးချင်း သဘောတူလိုက်သည်။

ဘေးမှာ ဝမ်ချင်း မျက်လုံးတွေ ဂနာမငြိမ်ဖြစ်နေသည်။ စူစူလေးရဲ့ လုပ်ရပ်ကြောင့် သူမတို့ မိသားစု အများကြီး အဆင်ပြေသွားတာ သူမ သိပါသည်။ ထို့အတွက် စူစူလေးကို ကျေးဇူးတင်သင့်သည်။

သို့သော်လည်း… သူမ မာနကို နှိမ့်ချဖို့ အလွန်ခက်ခဲလွန်းနေသည်။

အချိန်အတော်ကြာ ပဋိပက္ခဖြစ်ပြီးနောက် နောက်ဆုံးတော့ သူမ ဘာမှ ထုတ်မပြောနိုင်ခဲ့ပါ။

--- --- ---

ချင်းမိသားစုအတွက် ဆရာကြီးကော အဆက်အသွယ်တွေ ဖန်တီးပေးလိုက်သည်ဟူသော သတင်းကို ကြားသောအခါ ရှုထျန်းဖေး ဒေါသလည်းထွက် စိတ်လည်း ရှုပ်သွားသည်။

ဒီကိစ္စ အကောင်အထည်ပေါ်သွားလို့ မဖြစ်ပါ။

ချင်းမိသားစုကို ဖြိုလဲဖို့ အခွင့်အရေးအား သူမနည်းကြိုးစားပြီး ဖန်တီးထားခဲ့ရတာဖြစ်သည်။ အမှားအယွင်း သေးသေးလေးတောင် ဖြစ်လို့မရပါ။

မနက်ဖြန် Meeting ကို ချောချောမွေ့မွေ့ အောင်မြင်သွားခွင့် ပေးလို့မဖြစ်ပါ။

ခေတ္တစဉ်းစားပြီးနောက် ရှုထျန်းဖေး သူ့လူယုံတော်တစ်ယောက်ကို ခေါ်လိုက်သည်။

“မနက်ဖြန် နေ့လယ် ၂ နာရီထိုးရင် ဒီနေရာမှာ ပြဿနာတစ်ခုဖြစ်အောင် လုပ်လိုက်။ ဆုံးရှုံးမှုတိုင်းကို ငါဖြေရှင်းပေးမယ်။ ပြီးတော့ မင်းကိုလည်း ယွမ် ၅၀,၀၀၀ ထပ်ပေးမယ်။ တကယ်လို့ မင်းအဖမ်းခံရရင် တစ်ရက်ကို ယွမ် ၁၀,၀၀၀ ပေးမယ်”

ရှုထျန်းဖေး လက်အောက်မှာ ရက်စက်ကြမ်းကြုတ်သည့် တပည့်တွေ အများကြီးရှိသည်။ ငွေအတွက်ဆို သူတို့ ဘာမဆို လုပ်ဝံ့ပါသည်။

အထိအခိုက် အပျက်အစီးများကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်လျှင် သူတို့ ဘာမဆို လုပ်နိုင်သည်။

“စိတ်ချပါ ဘော့စ်။ အောင်မြင်စေရပါမယ်”

သက်လတ်ပိုင်း စီးပွားရေးသမားတွေကြားထဲ ပြဿနာရှာရမည့် တာဝန်အသေးစားလေး ဖြစ်သည်။ လွယ်ကူလွန်းသဖြင့် ဘာမှ စိတ်ပူစရာမလိုပါ။

… … …

အခန်း(၂၅၈) စူစူလေးရဲ့ ကလေးထိန်း

မနက်အစောကြီး ချင်းယုကျီးကို သူ့အဖေ အိပ်ရာလာနှိုးသည်။ ထို့နောက် ဒီနေ့တစ်နေကုန် စူစူလေးကို ထိန်းကျောင်းဖို့ ချင်းယုကျီးအား တာဝန်ပေးလိုက်ပါသည်။

“နို့ဘူးရယ်၊ ဖျော်နည်းရယ်၊ ဓာတ်ဘူးထဲမှာ ရေနွေးရှိပြီးသားနော်။ ဖျော်စပ်ဖို့ အချိုးတွေကို စာရွက်နဲ့ရေးပြီး ဓာတ်ဘူးမှာ ကပ်ပေးထားတယ်။ မင်းဒေါ်လေးအတွက် နို့ဘူးဖျော်မပေးခင် သေချာကြည့်နော်”။ ချင်းရှင်းကျစ်က ညွှန်ကြားလိုက်သည်။

အသက် ၃ နှစ်ခွဲအရွယ်တွင် စူစူလေး ပုံမှန်အစားအသောက်များ စားရသည့်အပြင် အာဟာရဖြစ်ဖို့ နို့လည်း သောက်ရပါသေးသည်။

ကလေးအသုံးအဆောင် ပစ္စည်းအပြည့်ထည့်ထားသော လွယ်အိတ်ကို ကြည့်လျက် ချင်းယုကျီး တွေးလိုက်မိသည်။ သူ ရည်းစားတောင် မရသေးသော်လည်း ကလေးထိန်းရတော့မည်။

ထိုကလေးကလည်း တခြားသူမဟုတ်ဘဲ သူ့ဒေါ်လေးဖြစ်နေသည်။

ထိုအတွေးတွေ တွေးရင်း ချင်းယုကျီးရဲ့ လျှင်မြန်သော မျက်လုံးများက လွယ်အိတ်ထဲမှာ ကောလိပ်ဝင်ခွင့် အစမ်း စာမေးပွဲ မေးခွန်းလွှာများကို မြင်လိုက်ရသည်။ တရုတ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ တစ်ဘာသာမှ မကျန်ပါ။

“အဖေ စူစူလေးကို ထိန်းဖို့ ကျွန်တော့်ကို ခေါ်သွားတာ ဟုတ်ရဲ့လား”။ ချင်းယုကျီးက ဝမ်းနည်းမှုအပြည့်နဲ့ မေးလိုက်သည်။

“မင်းက စူစူလေးကို ထိန်းကျောင်းရမယ်။ စူစူလေးက မင်းကို ကြီးကြပ်လိမ့်မယ်”။ ချင်းရှင်းကျစ်က အားလုံး ကြိုတွေးထားပြီးသားဖြစ်သည်။

စူစူလေး ပျင်းလို့ မဖြစ်သလို ချင်းယုကျီးလည်း အလကား အချိန်ဖြုန်းလို့မရပါ။

“အဖေကတော့ တကယ့် စီးပွားရေးသမားပဲ။ ဟာကွက်ကို မရှိဘူးနော်!”။ ချင်းယုကျီးက သူ့အဖေကို ချီးကျူးလိုက်ပါသည်။

“အပိုတွေ ပြောမနေနဲ့။ ပြင်စရာရှိတာ မြန်မြန်ပြင်ပြီး မင်းဒေါ်လေးရဲ့ တံခါးရှေ့မှာ သွားစောင့်နေ။ သူနိုးတာနဲ့ သွားကြမယ်”။ ချင်းရှင်းကျစ်က ပြောလိုက်၏။

“ဟမ် သူက မနိုးသေးဘူးလား”။ စူစူလေးတောင် မနိုးသေးဘဲ သူ့ကို ဘာလို့ အစောကြီး လာနှိုးတာလဲ။

“သူက မင်းဒေါ်လေးလေ။ အဲ့တာကြောင့် မင်းက စောစောထပြီး သူ့ကို စောင့်ရမှာပေါ့။ သူက မင်းကို ပြန်စောင့်ရမှာလား”

ချင်းရှင်းကျစ်မှာ သူ့အကြောင်းပြချက်နဲ့သူ ရှိသည်။

သူထင်တာ မှန်ပါသည်။ သူ့အဖေရဲ့ မျက်လုံးထဲမှာ သူ့ရဲ့အရေးပါမှုက စူစူလေးရဲ့ လေးပုံတစ်ပုံပင် မရှိပါ။

ကိုယ့်ကံကြမ္မာကိုယ် လက်ခံလိုက်ပြီး ချင်းယုကျီး ကုတင်ပေါ်မှထကာ မျက်နှာသစ် သွားတိုက်ပြီးနောက် လွယ်အိတ်ကို ယူလျက် စူစူလေး၏ အခန်းအပြင်ဘက်မှာ စောင့်နေလိုက်ပါသည်။

ခေတ္တကြာသောအခါ စူစူလေး အခန်းတံခါး ပွင့်လာသည်။

သေသေသပ်သပ် ဝတ်စားထားသည့် စူစူလေး ချင်းယုကျီးကို မြင်သောအခါ မေးလိုက်သည်။ “တူလေး ဘာလုပ်နေတာလဲ”

အိပ်ချင်မူးတူးမျက်နှာလေးနဲ့ ကလေးမလေးရဲ့ မျက်နှာက အခွံခွာပြီးသား ဘဲဥလေးတစ်လုံးလို နူးညံ့နေပြီး ကိုက်စားချင်စရာ ကောင်းလှပါသည်။

သူမရဲ့ နက်မှောင် ချောမွတ်သော ဆံနွယ်လေးများက ပခုံးပေါ် ကျနေပြီး ခြေထောက်မှာ ပန်းရောင် ခြေညှပ်ဖိနပ်လေးကို စီးထားသည်။

ချက်ချင်းဆိုသလို ချင်းယုကျီး တွန့်ဆုတ်မှုတွေ ပျောက်ကွယ်သွားပြီး သူ့ဒေါ်လေးရဲ့ တောက်တိုမယ်ရ မိန်းမစိုးကြီး လုပ်ပေးချင်စိတ် ပေါက်သွားပါသည်။

“နင်အိပ်ရာထမယ့်အချိန်ကို စောင့်နေတာ”။ ချင်းယုကျီးက အပြုံးဖြင့် ပြန်ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် တူလေး။ လိမ္မာတယ် လိမ္မာတယ်”။ စူစူလေးက ခေါင်းငြိမ့်ကာ အသိအမှတ်ပြုလိုက်သည်။

ဒီတူလေး ခုတလော လိမ္မာနေသဖြင့် ချီးကျူးထိုက်ပါသည်။

“အင်း!”။ ချင်းယုကျီးလည်း ခေါင်းငြိမ့်လိုက်သည်။ စူစူလေးရဲ့ သကြားလုံး စားရဖို့ ခြေတစ်လှမ်း နီးကပ်လာပြီဟု ခံစားရသည်။ “သွားတိုက်ပေးရမလား။ ပြီးရင် မနက်စာ အတူတူသွားစားကြမယ်လေ”

“အွန်း!”။ စူစူလေးက စိတ်ကျေနပ်စွာဖြင့် လက်နှစ်ဖက်ကို ဆန့်တန်းကာ ချင်းယုကျီးအား ချီခွင့်ပေးလိုက်သည်။

မျက်နှာသစ်သွားတိုက်၊ မနက်စာစားပြီးနောက် ကြီးကြီးသေးသေး အိတ်တွေကိုသယ်လျက် စူစူလေးနဲ့ သူ့အဖေတို့နောက် ချင်းယုကျီး လိုက်သွားခဲ့ပါသည်။

ဒီနေ့ Meeting က ဆရာကြီးကော ဖန်တီးပေးထားသည့် ပထမဆုံး တွေ့ဆုံမှုသာဖြစ်သည်။ တရားဝင် ညှိနှိုင်းဆွေးနွေးမှု မဟုတ်သေးပါ။

ထို့ကြောင့် ချိန်းထားသည့် နေရာက ရုံးခန်းတွေ ဘာတွေ မဟုတ်ဘဲ အဆင့်မြင့် စားသောက်ဆိုင်တစ်ဆိုင်မှာ ဖြစ်သည်။

ချင်းရှင်းကျစ်က စူစူလေးနဲ့ ချင်းယုကျီးတို့အတွက် သီးသန့်စားပွဲတစ်လုံး စီစဉ်ပေးလိုက်သည်။ ထိုစားပွဲမှာ ချင်းယုကျီး စာလုပ်လို့ ရပါသည်။

ဆန္ဒပြလို့ မရတော့ဘဲ ချင်းယုကျီး လိမ်လိမ်မာမာနဲ့ စာလုပ်နေရတော့သည်။ စူစူလေးက သူ့ကို စောင့်ကြည့်နေတာကြောင့် ဖြစ်ပါသည်။

ပါးစပ်မှာ နို့ဘူးကို တေ့လျက် စူစူလေးရဲ့ မျက်လုံးများက ချင်းယုကျီးကို စူးစူးစိုက်စိုက် စောင့်ကြည့်နေပါသည်။ သူ အပျင်းမထူစေဖို့ ဖြစ်သည်။

All Chapters